မြန်မာနိုင်ငံဟာ တွေ့ဆုံညှိနှိုင်းပြီးတော့ Dialogue Process ကို အမြန်ဆုံးသွားရမယ့် အခြေအနေကို ရောက်နေပြီလို့ အိန္ဒိယအစိုးရဘက်က ပြောပါတယ်။
အိန္ဒိယနိုင်ငံ ICWA အဖွဲ့က ကြီးမှူးကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက်မှ ၆ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်များ (EAOs)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းရေးကော်မတီ (NSPNC)၊ နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲအခြေအနေများနှင့်ပတ်သက်၍ တက်ရောက်ခဲ့သူ နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှုမောင်ကို ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။အိန္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်လေ့လာခဲ့ရတဲ့ အခြေအနေလေး သိပါရစေ။
USM ။ ။ အဓိကကတော့ အိန္ဒိယအစိုးရရဲ့ ဖိတ်ကြားမှုပေါ့။ ကျွန်တော်တို့နိုင်ငံဘက်က စီစဉ်တာတော့ မဟုတ်ဘူး။ အိန္ဒိယအစိုးရက စီစဉ်တဲ့ လုပ်ငန်းစဉ် ဖြစ်တာပေါ့။ အဲဒီမှာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်လစ်ဇင် အကြောင်းတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို အဓိကထားပြီး လေ့လာခဲ့တာပေါ့။ သူတို့ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခြေအနေတွေက တော်တော်များများ တူညီမှုရှိနေတာ တွေ့ရတယ်။ အင်္ဂလိပ်ခေတ်ကနေ ပြောရမယ်ဆိုရင်ကို လိုနီဖြစ်တာချင်းတူတယ်။ ကိုလိုနီခေတ်မတိုင်ခင် ပြောရရင် မင်းညီမင်းသားတွေ အုပ်ချုပ်တာချင်း လည်း တူတယ်။ တကွဲတပြားစီဖြစ်နေတဲ့ တိုင်းပြည်ကို အင်္ဂလိပ် အစိုးရက ဝင်သိမ်းတယ်၊ ဝင်သိမ်းပြီးတဲ့နောက်မှာ နှစ်ပေါင်းကာလ အတိုင်းအတာတစ်ခုအထိ အုပ်ချုပ်ခဲ့တယ်။ အဲဒီအခြေအနေတစ်ခုကနေ လွတ်လပ်ရေးရတဲ့ အခြေအနေတစ်ခုအထိ ဆင့်ကဲဆင့်ကဲ အပိုင်းလိုက် အပိုင်းလိုက် ရှိလာခဲ့တဲ့ အခြေအနေတွေ၊ မြန်မာပြည်မှာလည်း ဒီလိုအခြေအနေတွေရှိခဲ့တယ်။ ရှိခဲ့တဲ့အတိုင်း အတာတွေလည်း တူတယ်။ နောက်လွတ်လပ်ရေးကာလ၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွေရဲ့ အခြေအနေတွေလည်း တော်တော်လေး တူနေတယ်။ အဲဒီတော့ အိန္ဒိယ နိုင်ငံပြည်ထောင်စုဆိုတဲ့ ပြည်ထောင်စုကို ဖွဲ့စည်းဖို့စဉ်းစားကြတဲ့ သူတို့ရဲ့ နိုင်ငံတည်ထောင်ခဲ့တဲ့ ဖြစ်စဉ်တွေရဲ့ အခြေအနေတွေကိုအများကြီး လေ့လာခဲ့တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အဲဒီလို အနေအထားတွေရှိခဲ့တယ်။ အဲဒီအဓိ ကတော့ အားလုံးတူတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လေ့လာခဲ့ရတဲ့ အဓိကထားရတဲ့ အလေးအနက်အပိုင်းက တိုင်းပြည်ကို တည်ထောင်တဲ့ အချိန်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံပြီး တည်ထောင်တဲ့အပိုင်းမှာတော့ ကျွန်တော်တို့ထက်ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းခဲ့တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က စတည်ထောင်စဉ်ကတည်းက ပြည်နယ်တွေကို စုစည်းခဲ့တယ်၊ ခွဲထွက်ချင်တဲ့ ပြည်နယ်တွေ ရှိခဲ့တယ်။ ဒါတွေကို ဘယ်လိုစည်းရုံးခဲ့တယ်၊ ဘယ်လိုစုစည်းခဲ့တယ်ဆိုတဲ့ အတွေ့အကြုံလေးတွေ ပြောပြပါတယ်။ ပြောပြပြီး သူတို့က အဲဒီလိုနည်းနဲ့ အောင်အောင်မြင်မြင် တည်ထောင်နိုင်ခဲ့ပြီးတော့ ဒီနေ့အချိန် ကမ္ဘာ့အလယ်မှာ အိန္ဒိယနိုင်ငံဆိုတာ နျူကလီးယားနိုင်ငံတစ်ခုအနေနဲ့ ရပ်တည်နိုင်တဲ့ အနေအထားကို ရောက်ခဲ့တယ်။ လွတ်လပ်ရေးရတာ ကျွန်တော်တို့နိုင်ငံထက် တစ်နှစ်ပဲ စောခဲ့ပါတယ်။ တစ်နှစ်ပဲစောခဲ့တဲ့ လွတ်လပ်ရေး ရတာချင်း အတူတူ၊ လွတ်လပ်ရေးရတဲ့ကာလလည်း တူတာချင်း အတူတူ ကျွန်တော်တို့တိုင်းပြည်က ဒီနေ့အထိ မရွေ့နိုင်သေးဘူး။ သူတို့က နျူကလီးယားအထိ ပိုင်ဆိုင်နိုင်တဲ့ အခြေအနေတစ်ခုမှာ ကျွန်တော်တို့နိုင်ငံက ဒီနေ့အထိ အခြေတကျဖြစ်တဲ့ နိုင်ငံရေးစနစ်တစ်ခုကို တည်ဆောက်ဖို့ ဘာတွေလိုသွားလဲ၊ ဘာတွေ လိုအပ်ချက်တွေ ရှိနေလဲဆိုတဲ့ အတိုင်းအတာကို သူတို့ဘက်က အတွေ့အကြုံတွေနဲ့ ကျွန်တော်တို့ဘက်ကလည်း လုပ်နိုင်ကိုင်နိုင် မယ့်အရာ၊ လုပ်သင့်လုပ်ထိုက်တဲ့အရာတွေ ဘာလုပ်ကြရင်ကောင်းမလဲဆိုတဲ့ ကိစ္စရပ်တွေကို ယှဉ်တွဲပြီးတော့၊ နှိုင်းယှဉ်ပြီးတော့ လေ့လာဆွေးနွေးခဲ့တာပါ။
TREND ။ ။ ဖွဲ့စည်းပုံနဲ့ ဖက်ဒရယ်ဆိုင်ရာ ကိစ္စရပ်တွေမှာ အဓိက ဘာတွေဆွေးနွေးခဲ့ကြလဲ။
USM ။ ။ ဖွဲ့စည်းပုံဆိုတာက အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံပေါ့။ စောစောက ကျွန်တော်ပြောတဲ့ အထဲမှာ အကြမ်းအားဖြင့် ပါသွားပြီ။ ဒီဖွဲ့စည်းပုံနဲ့ အိန္ဒိယနိုင်ငံကို ထူထောင်တဲ့အချိန်မှာ ဘယ်လို အခြေခံမူတွေကို ထားပြီးတော့ အိန္ဒိယနိုင်ငံရဲ့ Constitution လို့ခေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုရေးဆွဲကြရင် ကောင်းမလဲဆိုတဲ့ အရာတွေ၊ ဒါတွေကို သူတို့ ပြောပြတယ်၊ ဆွေးနွေးတယ်၊ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့ သိချင်တာတွေ မေးချင်တာတွေကို မေးကြတယ်၊ ဆွေးနွေးကြတယ်။ အဲဒီမှာ အဓိကကဘာလဲဆိုတော့ ကျောရိုးတွေက ပြည်ထောင်စုအုပ်ချုပ်ရေးယန္တရားပေါ့။ ဒီမိုကရေစီစနစ် အောက်မှာ ဖက်ဒရယ်မူကို အခြေခံပြီးတော့ တိုင်းပြည်ကို တည်ထောင်မယ်ဆိုတာက သူတို့ရဲ့ ဘုံတူညီချက်ဖြစ်တယ်။ အဲဒီ ဘုံတူညီချက်တစ်ခုဖြစ်တဲ့ အခြေအနေတစ်ခုမှာ ဒါဆိုရင် ကောင်းပြီ ဖက်ဒရယ်လို့ ပြောတဲ့အတွက်ကြောင့် ဖက်ဒရယ်ဆိုတာ ဘာလဲ။ ဖက်ဒရယ်ဆို တာ Decentralization (ဗဟိုချုပ်ကိုင်မှုလျှော့ချရေး)ကို ပြောတာဖြစ်တယ်။ Decentralization ဆိုတာကတော့ အာ ဏာတွေကို ခွဲဝေကျင့်သုံးပြီးတော့ ဒီတိုင်းပြည်ကို ပြည်ထောင်စုနိုင်ငံတစ်ခုအနေနဲ့ စုစည်းပြီးတော့ တိုင်းပြည်တစ်ခုကို တည်ထောင်ကြရအောင်ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်။ အဲဒီတော့ Decentralization လို့ ပြောတဲ့အတွက်ကြောင့် အာဏာခွဲဝေမှုဆိုတာ ဘာကိုပြောတာလဲဆိုရင် ပြည်ထောင်စုအာဏာနဲ့ ပြည်နယ်တွေ၊ သူတို့ဆီမှာ တော့ ပြည်နယ်နဲ့ ပြည်ထောင်စုနှစ်ခုပဲ ရှိပါတယ်။ ဆိုတော့ ပြည်နယ်တွေနဲ့ ပြည်မပေါ့။ ပြည်နယ်တွေနဲ့ ပြည်ထောင်စု အခွင့်အာဏာတွေ၊ လုပ်ပိုင်ခွင့်အာဏာတွေကို ဘယ်လိုပိုင်းခြားပြီးတော့ ဘယ်လိုခွဲခြားမလဲ၊ ဘယ်အာဏာတွေကို ဘယ်မှာ ထားမယ်ဆိုတဲ့ အတိုင်းအတာတွေကို မျှဝေပြီးတော့ ကျင့်သုံးတဲ့ စနစ်ပိုင်းဆိုင်ရာတွေကို ညှိနှိုင်းကြရတဲ့ သဘောသဘာဝပေါ့။ အဲဒီလိုမျိုး သူတို့ရဲ့ ပြည်ထောင်စု၊ သူတို့ရဲ့ အခြေခံမူဆိုတာမျိုး လေ့လာခဲ့ရပါတယ်။ လေ့လာရတဲ့အခါ သူတို့မှာ သုံးမျိုးရှိတယ်။ တစ်မျိုးကတော့ ပြည်ထောင်စုကနေ ပြဋ္ဌာန်းရမယ့် ဥပဒေ၊ ပြည်ထောင်စုရဲ့ လုပ်ပိုင်ခွင့်အာဏာ ဆိုတာရှိတယ်။
နောက် ဒုတိယတစ်မျိုးကတော့ ပြည်နယ်တွေကနေ လုပ်ပိုင်ခွင့်ရှိတဲ့ ဥပဒေပြုခွင့် အာဏာ၊ အုပ်ချုပ်ခွင့်အာဏာ အဲဒါတွေကို ခွဲဝေပေးထားတယ်။ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ဆိုတာရှိတယ်။ နောက်တတိယတစ်မျိုးကတော့ ပြည်ထောင်စုနဲ့ ပြည်နယ်နဲ့ ပေါင်းစပ်ပြီးတော့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ရတဲ့ အခွင့်အာဏာဆိုတာရှိတယ်။ အဲဒါကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ မရှိဘူး။ အနီးစပ်ဆုံးပြောရရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလို ဟာမျိုး၊ ဇယား(၃)မှာ ပြောပြထားတဲ့ ပုံစံမျိုးနဲ့ နည်းနည်း ဆင်တူယိုးမှားရှိပေမယ့် အဲဒီလိုလည်း မဟုတ်ပြန်ဘူး။ အဲဒီတော့ ပြည်ထောင်စုနဲ့ ပြည်နယ်တွေ နှစ်ခုညှိနှိုင်း ပြီးတော့ ပေါင်းစပ်ပြီးတော့ လုပ်ရတဲ့အာဏာမျိုး အဲဒီလိုမျိုး တစ်ခုရှိတယ်။ အဓိကက အဲဒါ Decentralization မှာ Power Decentralization ကို အဲဒီလို ခွဲထားတယ်။ အဲဒါက Sector အားလုံးမှာ ခွဲတာ။ Sector အားလုံးမှာ ခွဲထားတာ၊ ဥပမာ ဘတ်ဂျက်အထိ ခွဲထားတာဖြစ်တယ်။ အဲဒီလိုမျိုးပေါ့။ အဲဒါတွေက အခု ကျွန်တော်တို့ တိုင်းပြည်ကို ဖက်ဒရယ်နိုင်ငံ ထူထောင်ဖို့ပြောရင်၊ အနာဂတ်ကာလမှာ ကျွန်တော်တို့ တိုင်းပြည်ကို ပြန်ပြီးတော့ ဖက်ဒရယ်နိုင်ငံအနေနဲ့ ပြန်ပြီးတော့ တည်ထောင်မယ်ဆိုရင် ကျွန်တော်တို့ ဘာတွေဘယ်လိုယူရမလဲ၊ ဘာတွေမယူရ ဘူးလဲဆိုတဲ့ အတိုင်းအတာတွေကို လေ့လာ ဆွေးနွေးခဲ့ရတာပါ။
NTREND ။ ။ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ပတ်သက်ပြီး အိန္ဒိယဘက်က ဆွေးနွေးတာမျိုးရှိလား၊ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အခြေအနေအမှန်ကို အိန္ဒိယနိုင်ငံဘက်က သေချာနားလည်ထားပုံရလား။
USM ။ ။ သူတို့က ကျွန်တော်တို့တိုင်းပြည်မှာ အခုဖြစ်နေတဲ့ အခြေအနေတွေကို သူတို့ကောင်းကောင်း နားလည်တယ်ဗျ။ နားလည်တော့ ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲအစမှာ သူတို့ဘက်က ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ အခမ်းအနား အဖွင့်မှာပါ။ အဲဒါဘာလဲဆိုတော့ မြန်မာနိုင်ငံဟာ တွေ့ဆုံ ညှိနှိုင်းပြီးတော့ Dialogue Process ကို အမြန်ဆုံးသွားရမယ့်အခြေအနေကို ရောက်နေပြီလို့ အိန္ဒိယအစိုးရဘက်က ပြောပါတယ်။ အဲဒါကို အရေးကြီး လိုအပ်နေပြီ ဆိုတဲ့အကြောင်း အဖွင့်မှာအလေးထား ပြောသွားပါတယ်။ အဲဒါက မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကို အိန္ဒိယအစိုးရက နားလည်ထား တယ်လို့ သုံးသပ်ရပါတယ်။
TREND ။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကနေ ဒီမိုကရစီဖက်ဒရယ်စနစ် ဖော်ဆောင်ဖို့ဖြစ် နိုင်ခြေအလားအလာနဲ့ အခက်အခဲဘယ်လိုရှိနိုင်မလဲ သုံးသပ်ပေးပါဦး။
USM ။ ။ ဖက်ဒရယ်သွားမယ်ဆိုတာက အခုမှ စိတ်ကူးပေါက်ပြီး လုပ်လာတဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ဘူး။ နဂိုကတည်းက ကျွန်တော်တို့ တိုင်းပြည်မှာ လက်ရှိအခြေအနေ မရောက်ခင်ကတည်းက ဒီမိုကရေစီစနစ်ကို အခြေခံပြီးတော့ ဖက်ဒရယ်ရဲ့မူလမ်းစဉ်နဲ့ ဒီတိုင်းပြည်ကို တည်ထောင်ရအောင်၊ တည်ဆောက်ကြရ အောင်ဆိုပြီးတော့ အားကောင်းအောင် လုပ်ကြရအောင်ဆိုတာ အရင်ကတည်း တောက်လျှောက်ပြောလာခဲ့တဲ့ စကားဖြစ်တယ်။ ဒါက ဒီတိုင်းပြည်ရဲ့ မူလစီမံကိန်းဖြစ်ပါတယ်။ ဒီတိုင်းပြည်ကို ဖက်ဒရယ်ဖြစ်မှ ရမယ်ဆိုတာက အားလုံးလက်ခံထားပြီးသား ဖြစ်တယ်။ တပ်မတော်ဘက်က လက်ခံထားပြီးသား အရာဖြစ်တယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း လက်ခံ ထားပြီး သားဖြစ်တယ်။ နောက်ပြီးတော့ ဒီဘက်က မြေပေါ်နိုင်ငံရေးပါတီတွေလည်း လက်ခံထားပြီးသား။ ပြည်သူတွေ ကိုယ်တိုင်ကလည်း ဖက်ဒရယ်စနစ်ကို တည်ထောင်မှပဲ ဒီတိုင်းပြည်က တည်ငြိမ်တဲ့ အခြေအနေတစ်ခုကို ဖြစ်အောင် တည်ဆောက်နိုင်မယ်ဆိုတာ အားလုံး လက်ခံထားပြီးသားဖြစ်တယ်။ ဒါပေမဲ့ အခုဖြစ်သွားတဲ့ နိုင်ငံရေး ရွေ့သွားတဲ့အခြေအနေတစ်ခု ရှိပါတယ်။ သို့သော်လည်း အခု ဖက်ဒရယ်ကို လုပ်ကြမယ်၊ ကိုင်ကြမယ်ဆိုတာဟာ အရင်ကတည်းက ပြောကြားခဲ့တဲ့ မူလမ်းစဉ်တစ်ခု ပါပဲ။ သို့သော် ဒီအချိန်မှာ လုပ်မယ်ကိုင်မယ်ဆိုတဲ့ အခြေအ နေမှာ နည်းနည်းလေးတော့ အကျပ်အတည်းတွေ ရှိနိုင်တယ်။ အခက်အခဲတွေရှိနိုင်ပါတယ်။ နည်းနည်းအားပို စိုက်ပြီးတော့ သက်ဆိုင်တဲ့ Stakeholders တွေအားလုံး ထိတွေ့ပြီးတော့ သူတို့ရဲ့ ညှိနှိုင်းပေါင်းစပ်တဲ့ အနေအထားတွေကို အချိန်များများယူမယ်၊ ပိုပြီးတော့လည်း ထိတွေ့မှုတွေလုပ်ရမယ့် အခြေအနေတစ်ခုတော့ ဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ဒါက တစ်နေ့သောအချိန်မှာ ကျွန်တော်တို့ တိုင်းပြည်အတွက် မဖြစ်မနေတည် ဆောက်ရမယ့် လမ်းစဉ်တစ်ခုလို့ မြင်ပါတယ်။ ဒါပေမဲ့ Federalism (ဖက်ဒရယ်စနစ်)လို့ ပြောတဲ့အခါမှာ အိန္ဒိယ မိုဒယ်ကို ယူမှာလား၊ ဒါမှမဟုတ် ကနေဒါ မိုဒယ်တို့၊ တခြားနိုင်ငံက တစ်ခုခုရဲ့ မိုဒယ်ကို ယူမှာလားဆိုတဲ့ ဘယ်ဖက်ဒရယ်ရဲ့ မိုဒယ်ကို သုံးကြမလဲဆိုတာကတော့ ကျွန်တော်တို့တိုင်းပြည်က သက်ဆိုင်တဲ့ Stake holders တွေ အားလုံးအကျေအလည် Digest ဖြစ်အောင် ဆွေးနွေးကြပြီးတော့မှ ရွေးချယ်ရမယ့် လမ်းစဉ်လို့ပဲမြင်တယ်။ အခုအချိန်မှာ ဘယ်လမ်းစဉ် သွားမယ်ဆိုတာမျိုးကတော့ သွားနိုင်ကြမယ်မထင်ဘူး၊ ဆွေးနွေးစရာတွေက အများကြီး ကျန်နေဦးမှာပါ။
TREND ။ ။ ဖက်ဒရယ်သွားနိုင်ဖို့နဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နိုင်ဖို့၊ နိုင်ငံရေးနည်းလမ်းအရ ကြိုးပမ်းဆောင်ရွက်နိုင်ဖို့ဆိုရင် ဘယ်လို အစပြုမလဲ၊ စိန်ခေါ်မှုက ဘာဖြစ်မလဲ။
USM ။ ။ အခက်အခဲတွေတော့ရှိမယ်။အခက်အခဲဆိုတာက အိန္ဒိယဘက်ကတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် သူတို့ဆီမှာ ဖက်ဒရယ်စနစ်ကို သွားမယ်လို့ ပြောတဲ့အချိန်မှာ လက်မခံတဲ့ နေရာတွေရှိတယ်။ ဥပမာ ကွန်မြူနစ်တွေရှိတယ်၊ လူမျိုးရေး အခြေပြုတဲ့ Separative ၊ ဘာသာရေးကို အခြေပြုတဲ့ Separative တွေရှိတယ်။ ဘယ်လိုမှ ထိန်းလို့မရလို့ ဘင်္ဂလားဒေရှ့် ပေးလိုက်ရတာရှိတယ်၊ ပါကစ္စတန် ပေးလိုက်ရတာရှိတယ်။ အဲဒီလိုမျိုးကိစ္စတွေ အများကြီးရှိခဲ့တယ်။ အဲဒီလို အများကြီးရှိတဲ့အထဲမှာ နောက်ထပ်ကွဲချင်တဲ့အဖွဲ့တွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ အဲဒါတွေကို မကွဲအောင် ဘယ်လိုသေချာလေး ပေါင်းစပ်ညှိ နှိုင်းသလဲဆိုတာက အဓိကကတော့ တိုင်းပြည်ကို တည် ဆောက်ချင်တယ်။ ဒီတိုင်းပြည်မှာ ငါတို့ တစုတစည်းတည်း နေချင်တယ်ဆိုတဲ့စိတ်တစ်ခု ဖြစ်လာအောင်ပေါ့။ ဒါဆိုရင် ကျွန်တော်တို့က ကိုယ်ဖြစ်ချင်တဲ့ စိတ်တစ်ခုကို အရမ်းကြီးလည်း ဖိအားပေး ဆွဲဆောင်တာမျိုးလည်း မဟုတ်ဘဲ၊ အရမ်းကြီးလည်း လိုက်လျောတာမဟုတ်ဘဲနဲ့ အပြန်အလှန် တစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုကဘာလဲ၊ နောက်တစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုက ဘာလဲ၊ ကျွန်တော်တို့ စိုးရိမ်ပူပန်မှုက ဘာလဲဆိုတဲ့ အဲဒီနှစ်ကို အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းပြီးလုပ်ရမယ့် အချိန်ကာလကတော့ ရှိလာမှာဖြစ်ပါတယ်။ အဲဒီလိုရှိမှပဲ အဆင်ပြေမှာ ဖြစ်ပါတယ်။ အချိန်တစ်ခုကို ယူပြီးတော့ နည်းလမ်းအမျိုးမျိုးနဲ့ ဒီတိုင်းပြည်ရဲ့ ဖက်ဒရယ်တည်ဆောက်ရေးကိစ္စကို International ရဲ့ အခန်းကဏ္ဍပေါ့။ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ၊ အိန္ဒိယနိုင်ငံရဲ့ အခန်းကဏ္ဍ၊ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍ၊ နောက်အခြား International တွေရဲ့ အခန်းကဏ္ဍတစ်ခုကို အားလုံးပေါင်းစပ်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်မလဲဆိုတဲ့ အခြေအနေတစ်ခုကိုတော့ ပြည်တွင်းက Stakeholders အားလုံးအပါအဝင် ဒါကို သေချာဆွေးနွေးညှိနှိုင်းပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းကနေ တည်ဆောက်မယ် ဆိုရင်တော့ ကာလ အပိုင်းအခြား တစ်ခုအတွင်းမှာတော့ Strategy တစ်ခု၊ နည်းဗျူဟာတစ်ခုကတော့ ပေါ်ကောင်း ပေါ် လာနိုင်မယ်လို့ အဲဒီလိုမျိုး မျှော်လင့်ပါတယ်။ ချက်ချင်းလက်ငင်းကြီး နေ့ချင်းညချင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။
TREND ။ ။ အိန္ဒိယနိုင်ငံက ဖွဲ့စည်းပုံနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲဖိတ်ခဲ့သလို သူတို့က မြန် မာနိုင်ငံ တည်ငြိမ်တိုးတက်မှုကို လိုလားနေတာ။ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ လိုလားနေတယ်။ အလားတူ ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ မြန်မာ့အရေး ဆွေးနွေးအဖြေရှာတာတွေ လုပ်နေပါတယ်။ ဒီလို တရုတ်၊ အိန္ဒိယ၊ ထိုင်း စတဲ့နိုင်ငံတွက မြန်မာ့အရေးမှာ ပါဝင်ဆောင်ရွက်နေမှုအပေါ် ဘယ်လိုသုံးသပ်ချင်လဲ။
USM ။ ။ အမေရိကန်အပါအဝင် ဘယ်နိုင်ငံပဲဖြစ်ဖြစ် အခြားတိုင်းပြည်တစ်ခုနဲ့ ဆက်စပ်တဲ့ကိစ္စကို ကိုင်တွယ်ပြီ၊ ရပ်တည်ပြီ၊ ပြောလာပြီဆိုရင် ဒါက သေချာတယ် သူ့နိုင်ငံရဲ့ အကျိုးစီးပွားကြောင့်ပဲ။ ဘယ်တိုင်း ပြည်ပဲဖြစ်ဖြစ် ဒီအချိန်မှာ International အရေးလို့ ပြောရင် ပြင်ပနဲ့ပတ်သက်ပြီး ပြောလာပြီဆိုရင် အရမ်းသေချာတယ်။ First က ဘာလဲဆိုရင် သူ့ရဲ့ National Interests ပဲ။ သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ National Interests ပဲ။ တရုတ်က ဗမာအရေးကို ပြောဆိုလာရင်လည်း တရုတ်ရဲ့ First National Interests ပဲ။ ထိုင်း ကပြောလာတဲ့ ရပ်တည်ချက် ဘာလဲ၊ ဘာလဲဆိုတာ မည်သို့ပဲ ရပ်တည်ချက်ရှိပါစေ First ကတော့ မြန်မာနိုင်ငံမှာထားရှိတဲ့ သူ့ရဲ အကျိုးစီးပွားပဲ။ အိန္ဒိယဆိုရင်လည်း သူ့ရဲ့အကျိုးစီးပွားပဲ။ သို့သော်လည်း အဲဒီလို သူ့ရဲ့ အကျိုးစီးပွားကိစ္စရှိနေပြီး အခြားတစ်ခုကတော့ Gentlemen ကိစ္စတွေပေါ့။ နိုင်ငံကြီးဖြစ်တယ်။ ကျွန်တော်တို့ဟာ နိုင်ငံတစ်ခု အဲဒီလိုဖြစ်နေတာကို လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခုဟာ ပြိုပျက်သွားမယ့်အရာမျိုး သူတို့မမြင်ချင်ဘူး၊ မလိုလားဘူး၊ စိတ်မကောင်းစွာ ဖြစ်တယ်ဆိုတဲ့ အနေအထားတစ်ခုရှိကြမှာပါ။ အဲဒီလို ကိုယ့်တိုင်းပြည်ရဲ့ အကျိုးစီးပွားနဲ့ သူတို့ရဲ့ နိုင်ငံကြီးသားပီသမှုတစ်ခုကို ပြဖို့အတွက်ကတော့ ရှိကြမှာပါ။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံ အရေးနဲ့ပတ်သက်လာရင် စောစောကပြောတဲ့ အိန္ဒိယ၊ တရုတ်၊ ထိုင်းစတဲ့ နိုင်ငံတွေဆိုရင် ကျွန်တော်တို့နဲ့ နယ်စပ်ချင်း ထိစပ်နေတယ်။ အကျိုးစီးပွားတွေလည်း ဆက်စပ်နေတဲ့တိုင်းပြည်တွေ ဖြစ်နေတယ်။ ဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဆက်စပ်နေတဲ့တိုင်းပြည်မှာ အခုလိုပဲ မဟုတ်ဘဲနဲ့ နောင်ဘယ်အချိန်မှာပဲဖြစ်ဖြစ် တိုင်းပြည်မှာ ပြည်တွင်းမတည်ငြိမ်သက်ဖြစ်မယ်၊ ငြိမ်းချမ်းရေး မရှိဘူးဆိုရင် ဒါက ကျွန်တော်တို့ပဲ ခံစားရတာမဟုတ်ဘူး၊သူတို့အတွက်လည်း အကျိုးစီးပွားတွေ ထိခိုက်တဲ့အခြေ အနေတစ်ခုမှာ အမြန်ဆုံး သူတို့က ငြိမ်းချမ်းစေချင်တဲ့ ပုံစံတော့ရှိမယ်။ အဲဒါကြောင့်လည်း ဒီဟာတစ်ခုကို ဘယ်လမ်းစဉ်နဲ့လုပ်ရင် ကောင်းမလဲဆိုတာ သူတို့ အဖြေမတွေ့သေးတာလည်း ဖြစ်ကောင်း ဖြစ်မယ်၊ ဒါမှမဟုတ် အမြန်ဆုံးအဖြေရနိုင်ဖို့ သူတို့ မျှော်လင့်နေကြတာမျိုးလည်း ဖြစ်မယ်လို့ မြင်ပါတယ်။ အဲဒါကြောင့်လည်း မြန်မာ့နိုင်ငံရေးမှာ သူတို့ဘက်က ထိုက်သင့်တဲ့ပုံစံတစ်ခုနဲ့ ပါဝင်ဆောင် နေတာလို့ မြင်ပါတယ်။
TREND ။ ။ဒီလိုမျိုး ပါဝင်ဆောင်ရွက်နေမှုတွေက မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ပဋိပက္ခဖြေရှင်းရေးတို့အတွက် အလားအလာကောင်းတွေ ရနိုင်မလား။
USM ။ ။ အလားအလာကောင်းတွေ ရနိုင်မလားဆိုတာက အချိန်လိုပါမယ်။ အခုက တချို့ဟာတွေက ထိပ်တိုက်တွေ့ပြီး ဖြေရှင်းတဲ့ကိစ္စတွေက တော်တော်လေး အကျပ်အတည်းဖြစ်နိုင်တဲ့ အခြေအနေမျိုးမှာ Mediator ပုံစံမျိုးနဲ့ တရုတ်က ဝင်ပြီးတော့ ထိန်းညှိပေးတာမျိုး၊ Power Balance လုပ်ပေးတာမျိုးပေါ့။ ဒါဘာကြောင့်လဲဆိုရင် အကုန်လုံး ဆက်စပ်နေတဲ့ အနေအထားတွေ ရှိတဲ့အခါမှာ တရုတ်ရဲ့ Background ကနေ ပေါင်းစပ်ညှိနှိုင်းပေးတဲ့ အခြေအနေမျိုးတွေ ရှိလာနိုင်မလား၊ နောက် ထိုင်းဘက်က အခြေအနေတွေက ဘယ်လိုရှိမလဲ၊ အိန္ဒိယဘက်က အခြေအနေတွေက ဘယ်လိုရှိမလဲဆိုတဲ့ အဲဒီရဲ့ပုံစံမျိုးတွေနဲ့ သူတို့ဘက်က စဉ်းစားလာမယ်။ နောက် US ဘက်က၊ UN ဘက်က၊ အာဆီ ယံဘက်ကပေါ့။ အာဆီယံဘက်ကတော့ သိပ်အများကြီး မျှော်လင့်စရာတော့ မရှိပါဘူး၊ ထုံးစံအတိုင်းပဲပေါ့။ သို့သော် US သမ္မတ ဒေါ်နယ်ထရမ့် အနိုင်ရပြီဆိုတော့ မြန်မာနိုင်ငံအရေးအပေါ်မှာ ထရမ့်ရဲ့ ပေါ်လစီအပြောင်းအလဲ ဘယ်လိုရှိမလဲဆိုတာတွေကို ကျွန်တော်တို့ စောင့်ကြည့်ပြီးတော့ အဲဒီလို ပုံစံမျိုးလေးတစ်ခုနဲ့ အခင်းအကျင်းမျိုးလေး ဖြစ်ပေါ်လာမလားပေါ့။ ဘယ်လိုပုံစံဆိုတာ မသိရပေမယ့် မျှော်လင့်ရတာပေါ့ဗျာ။ နိုင်ငံရေး ဆိုတာကတော့ Possibility ကို မျှော်လင့်ရတဲ့ အခြေအနေတော့ ရှိနေပါတယ်။
TREND ။ ။ ဖက်ဒရယ်စနစ်ဆိုတာ တိုင်းပြည်အတွက် မဖြစ်မနေတည် ဆောက်ရမယ့် လမ်းစဉ်တစ်ခုဖြစ်တော့ ဖက်ဒရယ်နိုင်ငံကို ဘယ်လိုထူထောင်ကြမလဲ၊ ဘယ်လိုပုံစံက အဆင်ပြေနိုင်မလဲ သုံးသပ်ပေးပါဦး။
USM ။ ။ သူတို့တိုင်းပြည်ရဲ့ ဖက်ဒရယ်နိုင်ငံထူထောင်ခဲ့တဲ့ အခြေအနေတစ်ခုကို သူတို့ စတည်ထောင်တုန်းကဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ဒီနေ့ ဖြစ်ပေါ်နေတဲ့ အိန္ဒိယနိုင်ငံရဲ့ တိုးတက်မှု၊ ဖွံ့ဖြိုးမှု၊ တည်ငြိမ်အေးချမ်းမှုတွေဆိုတဲ့အရာတွေ အကုန်လုံး၊ Economic Super Power ဖြစ်ခြင်း၊ မဖြစ်ခြင်းကအပါ အကုန်လုံး ထည့်သွင်းစဉ်းစားရင်တော့ ကျွန်တော်တို့ တိုင်းပြည်မှာလည်း ဘယ်လို Federalism မျိုးကို အခြေခံပြီးတော့ ဘယ်အပိုင်းကို ထည့်သွင်းသင့်တယ်၊ ဘယ်အပိုင်းတွေကတော့ ကျွန်တော်တို့အတွက် အရေးကြီးတယ်ဆိုတာကတော့ တကယ်ကို လေ့လာခဲ့ရတယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ Federalism ကလည်း အကုန်ကောင်းတာတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာလည်း ပြဿနာ တွေက နည်းတာမဟုတ်ဘူး။ အိန္ဒိယနိုင်ငံရဲ့ Federalism က အားလုံးကောင်းတယ်၊ အကုန်လန်း တယ်ကွာဆိုပြီး အဲဒီလို ယူလိုက်လို့မရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆိုရင် နယ်စပ်ဒေသမှာရှိတဲ့ နာဂဆိုတော့ အိန္ဒိယနိုင်ငံရဲ့ အခြေအနေကို ကောင်းကောင်းသိတယ်။ သူရဲ့စနစ်မှာ ဘာတွေ အားနည်းချက်ရှိနေတယ်။ Federalism ဆိုတာ Equality (တန်းတူညီမျှရေး)ကိစ္စကိုပဲ အဓိက Focus ထားတာ ပေါ့။ Equality ကိစ္စကို Focus ထားပြီး Decentralization ကို ပြောတယ်ဆိုသော် ငြားလည်း Corruption (အကျင့် ပျက်ခြစားမှု)တွေရှိ တယ်ဗျ။ အခုလက်တွေ့မှာဖြစ်နေတဲ့ ဗျူရိုကရေစီ ယန္တရားမှာက အများကြီး Corruption တွေ ဖြစ်နေတာ။ Power Corruption ရှိတယ်၊ Resource Corruption ရှိတယ်။ Corruption က နေရာတိုင်း မှာရှိနေတဲ့ တိုင်းပြည်တစ်ခုမှာ သူက အခု အိန္ဒိယနိုင်ငံအကြောင်းတွေကို အင်တာနက်မှာ ရှာကြည့်မယ်ဆိုရင် မေးခွန်းထုတ်စရာတွေ အများကြီးရှိတယ်။ ဆိုလိုတာက အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်စနစ်က ကောင်းနေတယ်လို့၊ အကောင်းတွေချည်းပဲလို့ ပြောချင်တာမဟုတ်ဘူး။ သို့သော်ငြားလည်း ဘယ်အရာမဆို အကောင်းအဆိုးဆိုတာရှိတယ်။ အမေရိကန်ရဲ့ Federalism ကို ပြောရင် ဒီမိုကရေစနစ်ကို ပြန်ပြောရင်လည်း အမေရိကန်မှာလည်း မေးခွန်းထုတ်စရာတွေ အများကြီးရှိတာပဲ။ အရာအားလုံး ပြီးပြည့်စုံနေတဲ့ နိုင်ငံရေးစနစ်ဆိုတာ ကမ္ဘာမှာလည်း မရှိနိုင်ဘူး။ အဲဒီတော့ ဟိုဘက်ကဖြစ်နေတဲ့ အခြေအနေတစ်ခုနဲ့ ကိုယ့်တိုင်းပြည်အတွက် သင့်တော်မယ့် ပုံစံတစ်ခုကို ကျွန်တော်တို့ ဘယ်လိုပုံစံချပြီး လုပ်မလဲဆိုတာက ကျွန်တော်တို့အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ အချင်းချင်းတိုင်ပင်ဆွေးနွေးညှိနှိုင်းပြီးတော့ ဘယ်ပုံစံက ကျွန်တော်တို့အတွက် အကောင်းဆုံး ဖြစ်မလဲ၊ ကျွန်တော်တို့ တိုင်းပြည်တည်ဆောက်ရေးအတွက် ညီညွတ်ရေး၊ ကျွန်တော်တို့အတွက် တည်ငြိမ်အေး ချမ်းရေးအတွက် ဘယ်ဟာက အဆင်ပြေမလဲဆိုတာနဲ့ ဘယ်အချိန်မှာ လုပ်မယ်၊ ဘယ်သူတွေနဲ့ လုပ်မယ်ဆိုတာတွေကို ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် အိမ်စာကျေ အောင်လုပ်ပြီး ဆွေးနွေးကြ ရမယ့်လုပ်ငန်းလို့ မြင်ပါတယ်။
TREND ။ ။ အိန္ဒိယဖက်ဒရယ်လေ့လာခဲ့မှုတွေအရ မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီဖက်ဒရယ် စနစ်တည်ဆောက်ဖို့၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ဖို့ ဘယ်လိုသင်ခန်းစာ ပြောနိုင်မလဲ။
USM ။ ။ အကျိုးရှိမယ်လို့ သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဓိကက ဘဏ္ဍာခွဲဝေမှုစနစ်တွေ၊ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေကြားမှာ တိုင်းပြည်ရဲ့ဘတ်ဂျက်ကို ဘယ်လိုခွဲဝေမလဲဆိုတဲ့ ကိစ္စရပ်တွေကို သူတို့ရဲ့ သက်ဆိုင်ရာက Finance ကော်မရှင်မှာ သွားပြီး သေသေချာချာလေး လေ့လာခဲ့တယ်။ ပြီးရင် တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရပိုင်ခွင့်တွေကို ဘယ်လိုကာကွယ်ရမလဲ၊ ဘယ်လိုစောင့်ရှောက်ရမလဲဆိုတဲ့ ပြည်မအစိုးရတစ်ခုနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာတွေလည်း အဲဒီမှာ Minority (လူနည်းစု) ကော်မရှင်ဆိုတာ အစိုးရမှာ သက်သက်ရှိတယ်။ ဥပမာပြောရရင် ကျွန်တော်တို့ တိုင်းပြည်မှာ တိုင်းရင်းသားရေးရာဝန်ကြီးလိုဟာမျိုး၊ အဲဒီလိုမျိုး မတူပေမယ့် ခပ်ဆင်ဆင်ရှိတယ်။ အဲဒီလို Minority ကော်မရှင်ဆိုတာ သက်သက်ရှိတယ်။ အဲဒီလိုမျိုး Minority ဆိုင်တာတွေ အများကြီးရှိတယ်။ အဲဒီကော်မရှင်မှာလည်း သွားရောက်လေ့လာခဲ့တယ်ဆိုတော့ ကျွန်တော်တို့ သင်ခန်းစာ တော်တော်ရခဲ့တယ်။ ရခဲ့တယ်ဆိုတာက အဲဒီအတိုင်း ပြန်သုံးမှာလို့ ပြောတာမဟုတ်ပေမယ့် ကျွန်တော်တို့အတွက် စဉ်းစားဆင်ခြင်စရာ၊ ပြန်လည်သုံးသပ်စရာတွေ လုပ်ပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ကို ဖက်ဒ ရယ်ရဲ့ System တစ်ခုကို တည်ဆောက်ကြပြီ၊ ဖက်ဒရယ်ဖွဲ့စည်းပုံကို သေချာရေးဆွဲကြ တော့မယ်ဆိုရင် ကျွန်တော်တို့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေက ဒါတွေဖြစ်တယ်၊ ဒါတွေဖြစ်တယ်ဆိုတာ မျိုး အိန္ဒိယ မှာ ဒီလိုပုံစံရှိတယ်။ ထိုင်းနိုင်ငံမှာ ဒီလိုပုံစံရှိတယ်၊ US မှာ ဘယ်လို၊ ကနေဒါမှာ ဘယ်လိုဆိုတာမျိုးဆိုတဲ့ အဲဒီလိုမျိုး စဉ်းစားဆင်ခြင်စရာတွေ တော်တော်လေးရခဲ့တယ်။ ရခဲ့တဲ့အတွက်ကြောင့် ဖက်ဒရယ်ဖွဲ့စည်းပုံကို သေချာရေးဆွဲကြမယ့် အချိန်ကျရင်တော့ ဒီဟာတွေကို ထည့်ပြောပြီးတော့ ဒါက ဒီလိုဆိုရင် ကျွန်တော်တို့တိုင်းပြည်အတွက် ပိုအဆင်ပြေမယ်ဆိုတဲ့ အဲဒီလို Advisory ပေါ့။ အကြံဉာဏ်ပေးနိုင်တဲ့ အခြေအနေမျိုး Policy Input ၊ Political Input တွေတော့ Learning လုပ်ခဲ့ရတယ်ဆိုတာတော့ သေချာပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)