TREND ။ ။ ဒေါ်စန္ဒာမင်းအနေနဲ့ NLD ပါတီမှာ ဘယ်တော့လောက်ကစပြီး တာဝန်ထမ်းဆောင်ခဲ့လဲ။ နောက်အစပိုင်းကနေ ၂၀၂၀ အထိပေါ့။ ကြားကာလတွေမှာ ပါတီနဲ့ပတ်သတ်ပြီး မူဝါဒနဲ့သဘောထား မတိုက်ဆိုင်တာတွေလည်း ကြုံခဲ့ရသလို၊ ရှိလည်းရှိခဲ့တယ်။ အဲ့ဒီလို အခြေအနေမှာ နိုင်ငံရေးကနေ အနားယူဖို့အချိန်တွေ ရှိခဲ့လားဗျ။
DSDM ။ ။ ကျွန်မက ၈၈ မှာ အရွယ်ရောက်တဲ့သူတွေဖြစ်နေပြီ။ ၈၈ ကနေ နိုင်ငံရေးမှာပါခဲ့တယ်။ အဲ့ဒီကနေ ဒေါ်အောင်ဆန်းစုကြည်ခြံထဲကို ရောက်ခဲ့တယ်။ သုံးရောင်ခြယ်အဖွဲ့အနေနဲ့ ရောက်ခဲ့တာပါ။ အဲ့ဒီတုန်းက ကျွန်မတို့ သုံးရောင်ခြယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂိတ်အပေါက်စောင့်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်လိုက်တွေပါပဲ။ နောက်ပြီး ၈၉ မှာ ဖမ်းခံရတယ်။ ထောင်ကျသွား တယ်။ ထောင်ကပြန်လွတ်လာတော့ NLD ပါတီဆိုတာကို အဲ့ဒီတုန်းက နှစ်ပိုင်းရှိတယ်။ ကျောင်းသားအဖြစ် ရပ်တည်တာရယ်။ ပါတီရဲ့လူငယ်အဖွဲ့ဝင်အဖြစ် ပါသွားတာရှိတယ်။ သုံးရောင်ခြယ်အနေနဲ့ နှစ်ပိုင်းပိုင်းပြီးတော့ တချို့က NLD လူငယ်ထဲကိုဝင်ရတယ်။ တချို့ကျတော့ သုံးရောင်ခြယ်အနေနဲ့ ကျောင်းသားဆိုဒ်ဘက်က ရပ်တည်တယ်။ ကျွန်မကတော့ သုံးရောင်ခြယ်အဖွဲ့ထဲမှာပဲ ပါခဲ့တယ်။ ပါတီဝင်မလုပ်ခဲ့ဘူး။ ဒါပေမဲ့ အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ ၈၉ ကနေ ၉၂ အထိ ထောင်သုံးနှစ်ကျခဲ့တယ်။ ထောင်ကနေလွတ်ပြီး နောင် ၁၀ နှစ်မှာ ထောင်တစ်ခါပြန်ကျတယ်ပေါ့။ ထောင်ကျပြီး ထောင်ကလွတ်တဲ့အချိန်ကျမှာ တကယ်တမ်း ပါတီဝင်အနေနဲ့ ၂၀၁၂ ခုနှစ်မှ ဖြစ်တာပါ။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် လူငယ်လေးယောက်ကို ရွေးတယ်ဆိုတာ သိရတဲ့အခါမှ ပါတီဝင်တွေအဖြစ် ပြန်လျှောက်ခိုင်းတယ်။ ပြန်လျှောက ခိုင်းတော့ အဲ့ဒီအချိန်ကျမှ ကျွန်မတို့ပါတီဝင်ဖြစ်တာပေါ့။ အရင်တုန်းက ကျွန်မက NLD လူငယ်အနေနဲ့မပါခဲ့ဘူး၊ မလုပ်ခဲ့ဘူး။ ကျွန်မထောင်ကျပြီး ပြန်လွတ်လာတဲ့အချိန်မှာ ကျွန်မဆုံးဖြတ်ချက်က ဘာလဲဆိုတော့ ပါတီဝင်လည်း လုပ်ဖို့စဉ်းစားတာမရှိဘူး။ ကျွန်မမှာစဉ်းစားထားတာဘာမှလည်းမရှိဘူး။ ဆက်လုပ်ဖို့၊ ဆက်မလုပ်ဖို့ဆိုပြီး ဆုံးဖြတ်ထားတာလည်း ဘာမှမရှိဘူး။ အဲ့ဒီတုန်းက ထောင်ကပြန်ထွက်လာတဲ့အချိန်မှာ တော် တော်လေး စိတ်ဓာတ်ကျတာလည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထောင်ကလည်း နှစ်နှစ်ဆယ်နေမှ ပြန်ကျတာဆိုတော့ အပြင်မှာ ပညာကလည်း အများကြီးသင်ယူပြီးသွားပြီ။ ဘွဲ့တွေလည်း အများကြီးရပြီးပြီ စီးပွားရေးလုပ်ငန်းတွေကိုလည်း အောင်မြင်အောင် လုပ်ဆောင်နေတဲ့ အချိန်ဖြစ်တယ်။ အဲ့ဒီတော့ ကျွန်မပြန်စဉ်းစားတာ ထောင်ကနေပြန်ထွက်ရင် ကျွန်မစီးပွားရေးပဲ ပြန်လုပ်မယ်လို့ စဉ်းစားတာ။ ဒါပေမဲ့ ကျွန်မမြောင်းမြထောင်က ပြန်ထွက်လာတဲ့နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်က တွေ့ချင်တယ်ပြောတော့ ညနေပိုင်းမှာ သွားတွေ့ခဲ့ပါတယ်။ သွားတွေတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က သမီးကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျာထားတယ်လို့ ပြောတယ်။ ကျွန်မအနေနဲ့ငြင်းရလည်း ခက်ပါတယ်။ တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းလည်းဖြစ်တယ်။ ကိုယ်ရဲ့ခေါင်းဆောင်လည်းဖြစ်တဲ့အတွက် လွန်ဆွဲပါတယ်။ ကျွန်မရဲ့ စီးပွားရေးကိုပဲ ဆက်လုပ်ရမလား။ ခေါင်းဆောင်ပေးတဲ့တာဝန်ကို ဆောင်ရွက်ရမလားပေါ့။ အိမ်ကိုလည်းတိုင်ပင်တော့ ခေါင်းဆောင်ပေးတဲ့တာဝန်ကို ဆောင်ရွက်ရမှာကို သဘောတူတာဖြစ်တော့ ကျွန်မအဲ့ဒီအချိန်မှာပဲ စပြီးတော့ ဇမ္ဗူသီရိမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ် ပြိုင်ခဲ့ပါတယ်။ ကျွန်မပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဘ၀၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဘ၀ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အနေနဲ့ ကျွန်မတို့ ၃၉ ယောက်ဝင်သွားတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ၃၉ ယောက်လုံးကို ဖိဖိစီးစီး သင်ကြားတယ်၊ ပြသတယ်။ စိတ်ဓာတ်တွေ၊ အပြုအမူတွေ၊ အပြောအဆိုတွေအားလုံးကို သင်ကြားခဲ့တယ်။ အဓိက သူကဘာကိုသင်လဲဆိုတော့ လွှတ်တော်ကိုယ် စားလှယ်အဖြစ်နဲ့ လွှတ်တော်ကို ရောက်သွားတယ်ဆို တာ တိုင်းပြည်ကို ကိုယ့်ရဲ့အရင်တုန်းက ကိုယ်ခံစားရတာတွေကို ပြန်တုံ့ပြန်ဖို့မဟုတ်ဘူးဆိုတာကို အထူးသတိ ထားရမယ်လို့ ထပ်ခါထပ်ခါမှာတယ်။ ကျွန်မတို့လွှတ်တော်ထဲကို ရောက်သွားတဲ့အခါမှာ အဲ့ဒီအချိန်မှာတော့ ကြံ့ခိုင်ရေးက လွှတ်တော်ကိုယ်စားလှယ်အများအပြား ရှိတာပေါ့။ သူတို့က ကျွန်မတို့ကို အရမ်းမာကျောပြီး ခက်ထန်လိမ့်မယ် ထင်ထားတာပေါ့နော်။ သူတို့ကို ရန်သူလိုပဲ ဆက်ဆံမယ်လို့ထင်ထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ပုဂ္ဂိုလ်ရေးရင်းနှီးမှုကနေ ယုံကြည်မှုကို တည်ဆောက်ရမယ်လို့ ထပ်ခါထပ်ခါသင်တယ်။ ဒီအတိုင်းပဲလိုက်နာတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေးအပါအ၀င် ပါတီအားလုံးက ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားအားလုံးနဲ့၊ တပ်မတော်သား ကိုယ်စား လှယ်အားလုံးနဲ့ အဆင်ပြေအောင်နေနိုင်ခဲ့တယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကောင်းမွန်တဲ့ ပြသမှုကြောင့်လို့ ယုံကြည်တဲ့အတွက် သူရဲ့ညွှန်ကြား ချက်အောက်မှာပဲ လိုက်နာဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် ကျွန်မတို့က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပုဂ္ဂိုလ်ရေးအရရင်းနှီးတယ်။
လွှတ်တော်ထဲမှာ ဘာတွေဆွေးနွေးမယ်၊ တင်ပြမယ်ဆိုတာကို သူတို့နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ အတိုင်းအတာတစ်ခုအထိ ကျွန်မတို့ရဲ့စည်းရုံးရေးတွေ အောင်မြင်ခဲ့တယ်။ သူတို့လည်း ကျွန်မတို့ကို ယုံကြည်ခဲ့တယ်။ ဒါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဘ၀ပေါ့။ နောက် ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဘ၀နဲ့ ၀င်ရောက်ယှဉ်ပြိုင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပဲ ကျွန်မရယ်၊ ကိုနိုင်ငံလင်းရယ်၊ ကိုဖြိုးမင်းသိန်းရယ် သုံးယောက်ကိုခေါ်ပြီး ပြောတယ်။ ရန်ကုန်တိုင်းဒေသကြီးကို ဆင်းရမယ်လို့ သူကိုယ်တိုင်တာဝန်ပေးလို့ ကျွန်မတို့က ရန်ကုန်တိုင်းဒေသကြီးကို ဆင်းခဲ့ရတယ်။ အဲ့ဒီအချိန်မှာ တစ်ယောက်က ၀န်ကြီးချုပ်ဖြစ်တယ်။ တစ်ယောက်က ၀န်ကြီးဖြစ်တယ်။ ကျွန်မက စီမံကိန်းကော်မတီရဲ့ဥက္ကဋ္ဌ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မက ၀န်ကြီးချုပ်ဖြစ်မှ၊ ၀န်ကြီးဖြစ်မှ အဲ့ဒီအချိန်က ခေါင်းထဲမှာ ဘာမှမရှိဘူး။ ပါတီက ပေးအပ်တဲ့တာဝန်၊ တိုင်းပြည်အတွက် ဆောင်ရွက်ရမယ့်တာဝန် ဒီနှစ်ခုကိုပဲ ခေါင်းထဲမှာရှိတယ်။ ဘယ်နေရာကပဲ ဆောင်ရွက်ရ၊ ဆောင်ရွက်ရ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး နိုင်ငံရေးအာသာဖြေတာထက်စာရင် လွှတ်တော်ထဲဝင်ပြီး စကားပြောတာသည် ပြည်သူအတွက်ပိုပြီး ထိရောက်မှုရှိတယ်လို့ ခံယူထားတယ်။ ရန်ကုန်တိုင်းလွှတ်တော်ရောက် လာတဲ့အခါမှာ အတိုက်အခံတွေ အရမ်းများရတယ်။ ပါတီမူဝါဒတွေ၊ သွေဖည် ဆောင်ရွက်တာတွေ ရှိလာကြတယ်။ လူသစ်တွေ အများကြီးဝင်လာကြတယ်။ လူသစ်တွေရဲ့ ဆောင်ရွက်မှုတွေက ပါတီကချမှတ်ထားတဲ့ မူဝါဒနဲ့ သွေဖည်နေတာ တွေ့ရတယ်။ ကျွန်မကစီးပွား ရေးကော်မတီ ဆက်ဆံမှုတွေ ပိုပြီးလုပ်ရတယ်။ အဲ့ဒီလို လုပ်တဲ့အချိန်မှာ အများအမြင်က ကျွန်မက ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ထဲမှာ ဆွေးနွေးတာက ၀န်ကြီးချုပ်ကို တိုက်ခိုက်နေတာပဲလို့ မြင်တာရှိတယ်။ အဲ့ဒါမျိုးက ကျွန်မတို့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေတာမျိုး မဟုတ်ဘူး။ ပါတီရဲ့ပေါ်လစီ တွေနဲ့ သွေဖည်နေပြီ။ ဒါဆိုရင် တစ်ချိန်မှာ ဒုက္ခရောက်တော့ မယ်ဆိုတာ အတွေအကြုံအရသိတော့ ကျွန်မက အမြဲတမ်းလွှတ်တော်ထဲမှာ ဆွေးနွေးတော့မယ်ဆိုရင် ပါတီကိုသွားပြီး ဦးဟန်သာမြင့်၊ ဦးဉာဏ်ဝင်းသူတို့ကို အမြဲတမ်းပြတယ်။ သူတို့က ခွင့်ပြုရင် ဆွေးနွေးတယ်။ ဒါကြောင့်မို့လို့ ပါတီက CEC တွေ ခွင့်ပြုချက်မရှိဘဲ ရန်ကုန်တိုင်းဒေသကြီးရဲ့လွှတ်တော်မှာ ဆွေးနွေးခဲ့တာတစ်ခုမှမရှိဘူး။ အများပြည်သူက ဒါကိုမသိဘူးပေါ့။ နောက်တော့ တစ်ချိန်မှာ YP ကိစ္စတွေ အကြီးအကျယ်ပေါ်လာတော့ ကျွန်မက အန်ကယ်ဦးဉာဏ်ဝင်းကို တင်ပြတယ်။ ဒီကိစ္စက ပြဿနာကြီးဖြစ်လာပြီ ကျွန်မအနေနဲ့ ဆွေးနွေးရတော့မယ်ဆိုတော့ ဦးဉာဏ်ဝင်းကမှာခဲ့တယ်။ သူဘာမှာခဲ့လည်းဆိုတော့ ပါတီကအခြေ အနေဆိုးနေပြီ၊ တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေပြီ တစ်နေ့ကျရင် ပျက်သွားတာမျိုး ဖြစ်နိုင်တယ်။ အဲ့ဒီ လိုဖြစ်ရင် အသစ်ကပြန်စကြပါလို့မှာခဲ့ပါတယ်။ ပြောခဲ့တဲ့အတိုင်းပဲ အခြေအနေဆိုးကို ရောက်ခဲ့ရ တယ်။ ကျွန်မက ရန်ကုန်တိုင်းမှာ စီမံကိန်းကော်မတီဥက္ကဋ္ဌဖြစ်တော့ ငွေစာရင်းတွေ၊ ရသုံးစာရင်းတွေ စစ်ဆေးရတော့ နိုင်ငံတော်နစ်နာတဲ့ကိစ္စတွေ ကျွန်မဆွေးနွေးရတယ်။ ဒီလိုတစ်နှစ်ပတ်လုံး ဆွေးနွေးရ တာတွေကို နောက်ဆုံးပိတ်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ၀န်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တာတွေ ဖြစ်လာတော့ ဒါတွေကို တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်တွေဘက်က တင်တော့မယ်ဆိုတာသိတဲ့အချိန်မှာ ပါတီကိုချက်ချင်းသွားပြောတယ်။ သူတင်ပြတာတွေဟာ ကျွန်မတို့ စီမံကိန်းကော်မတီရော၊ လွှတ်တော်ကိုယ်စားလှယ်တွေတင်ထားတဲ့ နိုင်ငံတော်နစ်နာဆုံးရှုံးမှုအချက်တွေပဲဖြစ်နေတယ်။ ဒါတွေကို လွှတ်တော်ထဲမှာ တင်ပြလိုက်ရင် ကျွန်မတို့က ငြင်းရခက်နေပြီ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဦးဖြိုးမင်းသိန်းဘက်က ရပ်တည်မှဖြစ်မယ်ဆိုပြီး ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကို ခေါ်ပြောပေးပါလို့ ပြောခဲ့တယ်။ နောက်နေ့မှာပဲ ဦးဉာဏ်ဝင်းက လွှတ်တော်ကိုယ်စားလှယ်တွေ ခေါ်ပြောပြီး ဒါကို လွှတ်တော်ထဲမှာတင်ပြလာရင် ပါတီကကန့်ကွက်ရမယ်လို့ ပြောခဲ့တယ်။ ပြောချင်တာက ကျွန်မပါတီအတွက် အများကြီးလုပ်ပေးခဲ့တယ်။ တချို့ကိစ္စတွေဆိုရင် ပြည်ထောင်စုက ဒေါ်စန္ဒာမင်း ဒီကိစ္စကို ခင်ဗျား ရန်ကုန်တိုင်းလွှတ်တော်မှာ ငြင်ပေးရလိမ့်မယ်။ ဒါမှ ပြည်ထောင်စုကိုတင်လာရင် လုပ်သာကိုင်သာရှိမယ်လို့ပြောရင် လွှတ်တော်ထဲမှာတချို့ကိစ္စတွေကို ကန့်ကွက်ခဲ့ရတယ်။ ပြောချင်တာက တောက်လျှောက်မှာ ရန်ကုန်တိုင်းကိုဆင်းတော့ ပါတီကလူကြီးတွေနဲ့ပိုပြီး နီးနီးကပ်ကပ် ရှိလာတယ်။ ဒါကြောင့်ဒီလိုမျိုးတွေ ကျွန်မတိုင်းလွှတ်တော်ကိုယ်စားလှယ်ဘ၀မှာ ထိန်းကျောင်းတဲ့အ လုပ်တွေ လုပ်ခဲ့တယ်။ ဘာလို့လည်းဆိုတော့ တစ်ချိန်မှာ ကျွန်မတို့ ဒုက္ခရောက်တော့မယ်ဆိုတာမျိုး သေသေချာချာတင်ပြတယ်။ ဒါတွေမပြုပြင်ရင် ဒုက္ခရောက်တော့မယ်ဆိုတာတင်ပြတယ်။ ဒါပေမဲ့ ထင်တဲ့အတိုင်းပဲ ၂၀၂၀ ကျတော့ ကျွန်မတို့ ဒုက္ခရောက်တဲ့ဘ၀တွေကို ဖြစ်လာကြတယ်။ ဖြစ်လာတော့ စိတ်မကောင်းဖြစ်ရတယ်။ စိတ်ဓာတ်တော့မကျပါဘူး။ နိုင်ငံရေးဆိုတာ ဒီလိုပဲရှိတယ်။ ငါတို့ပြောခဲ့ရဲ့ သားနဲ့ အချိန်မီမထိန်းနိုင်လောက်ဘူးဆိုပြီး စိတ်မကောင်းဖြစ်ရတာပါ။ ကျွန်မဘ၀မှာ အကြိမ်ကြိမ်လဲ ကျဖူးတယ်။ ပြန်ကြိုးစားတယ် ပြောချင်တာက ကျွန်မတတိယနှစ်နဲ့ ထောင်ကျတယ်။ ပြန်လွတ်တဲ့အ ချိန်မှာ ဘယ်သူမှကျောင်းပြန်မတက်ဘူး။ သူငယ်ချင်းတွေကပြောတယ်၊ ဒီလောက်အသုံးမကျတဲ့ပညာ ရေးကို မသင်ဘူးပြောတာ ကျွန်မကတော့ ဒီလောက်အသုံးမကျတဲ့ ပညာရေးကိုတောင်မတတ်ရင် ငါ့လောက်အသုံးမကျတဲ့လူမရှိဘူးဆိုပြီး ဘွဲ့ရအောင်ယူခဲ့တယ်။ ဒီဘွဲ့လေးတစ်ခုကနေ နောက်ထပ်ဘွဲ့တွေရအောင် ယူခဲ့တယ်။ အခုဆိုရင် ဘွဲ့ခြောက်ခုရထားပါတယ်။ ပြောချင်တာက အကြိမ်ကြိမ်လဲကျပြီး ခုဆိုရင် အသက် ၅၀ ကျော်ပြီ နိုင်ငံရေးဆိုတာ ဒီလိုမျိုးတွေပါလားဆိုတာ သဘော ပေါက်လာပြီး
'' နိုင်ငံရေးဟာ ဒီနေ့ဝန်ကြီးဖြစ်ပြီး နောက်နေ့ ထောင်ကျနိုင်တယ်ဆိုတာမျိုး သတ္တိရှိရှိ ရင်ဆိုင်နိုင်ရင် နိုင်ငံရေးလမ်းကြောင်းကို ဆက်လိုက်ပါ။ ၀န်ကြီးတော့ဖြစ်ချင်တယ်။ ထောင်ထဲတော့ မသွားချင်ရင်တော့ နိုင်ငံရေးလမ်းကြောင်းကို ဆက်မလိုက်ဘဲ လက်ဖက်ရည်ဆိုင်မှာ နိုင်ငံရေးအာသာ ဖြေတာ ဆက်လုပ်ပါလို့ ပြောချင်ပါတယ် . . . ''

TREND ။ ။ အလုပ်အမှုဆောင်ကော်မတီဆိုပြီး စာတစ်စောင်ထုတ်တယ်။ ဒေါ်စန္ဒာမင်းအပါအ၀င် လေးယောက်ကို ပါတီကနေ ထုတ်ပယ်တယ်ဆိုပြီး ကြေညာတယ်။ ဒီအခြေအနေဖြစ်လာတဲ့ ကြေညာချက်တွေက တရားဝင် NLD ပါတီရဲ့ သဘောထားအစစ်အမှန်ဟုတ်၊ မဟုတ် ရှင်းပြပါ။
DSDM ။ ။ ရှင်းပြရမယ်ဆိုရင် ကျွန်မတို့ ပါတီရဲ့မူဝါဒကိုရှင်းပြရမယ်။ ကျွန်မတို့ ၂၀၁၂ မှာ ပါတီ၀င် တင်းတင်းဖြစ်လာတဲ့အချိန်မှာ တစ်ဖက်မှာ ၈၈ ကလည်း ပွင့်လင်းလူ့အဖွဲ့အစည်းတို့၊ ဘာတို့ ထောင်ကြတယ်။ ကျွန်မတို့ ပါတီဝင်တဲ့အချိန်မှာ ပါတီဝင်လုပ်ရင် တခြားအဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်ပိုင်းနေရာယူသူတွေ မဖြစ်ရဘူး။ ဖြစ်ရင်ပါတီက ထုတ်ပယ်ပြီးဖြစ်မယ်ပေါ့။ ဒါမှတစ်ချိန်မှာ အကျိုးစီးပွားပွတ်တိုက်မှု ဖြစ်လာခဲ့ရင် ပြဿနာမဖြစ်နိုင်မှာ။ ဒါကြောင့် ကိုယ်ဘယ်အဖွဲ့အစည်းမှာ လုပ်မယ်ဆိုတာမျိုးကို စဉ်စားဆုံးဖြတ်ရမယ်ပေါ့။ ဒါကြောင့် ၂၀၁၂ မှာ ၈၈ကလည်း သူ့အဖွဲ့အစည်းနဲ့ သူဆောင်ရွက်ချိန်မှာ ကျွန်မတို့က ၈၈ သူငယ်ချင်းတွေ ဖြစ်နေတာတောင်၊ ရဲဘော်ရဲဘက် ဖြစ်နေတာတောင် သွားပြီးတော့ သူတို့ဆီကို အတူထိုင်စကားပြောတာတွေ၊ သူတို့ဖိတ်တဲ့ပွဲတွေတောင် မသွားရဲဘူး။ ဘာလို့လည်းဆိုတော့ ပါတီက ကန့်သတ်ထားတာလေ။ ဒါကြောင့် အထင်မှား၊ အမြင်မှားဖြစ်မှာ စိုးတာကြောင့် ၈၈ ကတည်းက လက်တွဲခဲ့တဲ့ အချင်းချင်းတောင် အတူတူမထိုင်ကြတော့ဘူး။ ပါတီစည်းမျဉ်းစည်းကမ်းမှာ၊ တခြားအဖွဲ့အစည်းတွေမှာ ထိပ်ပိုင်းခေါင်းဆောင်မဖြစ် ရဘူးဆိုတာ ကန့်သတ်ထားပြီးသားပါ။ နောက်တစ်ခုက အခြားအဖွဲ့အစည်းကို ရောက်သွားပြီဆိုတာနဲ့ ပါတီက ထုတ်ပယ်ပြီးသားဖြစ်တယ်။ နောက်တစ်ခုက ကျွန်မတို့က ၈၈ ကတည်းပါလာတော့ အတွေ့အကြုံတွေရှိကြပါတယ်။ ပြည်တွင်းက ထွက်သွားပြီဆိုရင် ကျွန်မတို့ပါတီက မှတ်ပုံတင်ထားတာက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပါတီများမှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်ထားတာဖြစ်တယ်။ နိုင်ငံခြား တစ်ရပ်ရပ်မှာ ဆောင်ရွက်နိုင်တဲ့ ပါတီမဟုတ်ဘူး။ ဒါကြောင့် ပြည်တွင်းမှာပဲ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ပြည်ပကို ထွက်သွားတဲ့လူတွေက ကိုယ့်ဘာသာ ထွက်သွားခွင့်ရှိတယ်။ ဒါကိုလည်း အပြစ်မပြောဘူး။ နိုင်ငံရေးမှာ ကိုယ်ကြိုက်တဲ့လမ်းကြောင်း ရွေးခွင့်ရှိတယ်။ ဒါမျိုးကအတွေ့ အကြုံရှိပြီးသားပါ။ ထွက်သွားတယ်ဆိုရင်တော့ ပါတီဝင်ကနေ အလိုအလျောက်ပျက်ပျယ်ပြီး သားဆိုတာ ပါတီစည်းမျဉ်းစည်းကမ်း သိတဲ့လူတိုင်းသိပါတယ်။ ဒီနေ့ဖြစ်နေတာတွေက CWC ဖွဲ့တဲ့ ကိစ္စပေါ့။ CWC ဆိုတာက ဟိုတုန်းက ၂၀၁၂ လောက် ပါတီထဲမှာ ဖွဲ့ဖို့လုပ်ခဲ့သေးတယ်။ ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘူး။ ဘာလို့လဲဆိုတာ CWC လုပ်ပိုင်ခွင့်တွေနဲ့ ပါတီအလုပ်အမှုဆောင် CEC ရဲ့ လုပ်ပိုင်ခွင့်တွေက သိပ်မကွာဘူးဖြစ်တဲ့အတွက် ဘယ်သူကလုပ်ရမှာလဲဆိုတာ ပဋိပက္ခတွေဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖျက်လိုက်တာ။ CEC နဲ့ CC ပဲ ရှိတယ်ဆို တာကို ညီလာခံဆုံးဖြတ်ချက်နဲ့ လုပ်ထားတာဖြစ်တယ်။ ပြောချင်တာက ပါတီမှာ CC ဆိုတာက ပါတီရဲ့ အာဏာပိုင်အဖွဲ့မှာ အမြင့်ဆုံးဖြစ်တယ်။ သူ့အထက်မှာ CEC ဆိုတာရှိတယ်။ ဒါပေမဲ့ CEC တွေရဲ့ ဆုံးဖြတ်ချက်က CC တွေရဲ့ သဘောတူညီချက်မရဘဲ ဆုံးဖြတ်လို့မရဘူးဆိုတာ ပါတီဝင်တိုင်း သိပါတယ်။အထူးသဖြင့်တော့ တစ်ဖက်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ CEC တွေပိုသိပါတယ်။ CEC ထဲမှာလုပ်ခဲ့တယ်ဆိုရင် CWC ကိုဖွဲ့ခွင့်ရှိလား။ ပါတီရဲ့သဘောထား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက ဘာလဲဆိုတာသူတို့ ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ၂၀၂၁ ခုနှစ်က CWC ဖွဲ့ပါတယ်ဆိုတဲ့ ကြေညာချက် (၁)နဲ့(၂) ကို ထုတ်ခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် သဘောထားနဲ့ ကွဲလွဲနေတယ်ဆိုတာသိပြီး ကြေညာချက်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်လက်ထဲကို ထည့် ပေးလိုက်ပါတယ်။ ထည့်လို့ရအောင်လည်း တရားဝင်ခွင့်တောင်း ထည့်ပေးလိုက်တာပါ။ ထည့်ပေးလိုက်တဲ့အထဲမှာ CWC ဖွဲ့တဲ့စာရွက်တင်မကပါဘူး UEC ကထုတ်တဲ့ ကြေညာချက်တွေ ပါတီကိုလာရောက် စစ်ဆေးခံဖို့ဆိုတဲ့ဥက္ကဋ္ဌကို လိပ်မူတဲ့စာရွက်တွေပါ ရောက်အောင်ပို့ပေးပါတယ်။ နေပြည်တော်ရှေ့နေ တစ်ယောက်ရဲ့ လက်ထဲကနေ တစ်ဆင့်ပေးတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည် ဖတ်တယ်။ အဲ့ဒီနေ့က သမ္မတကြီး ဦးဝင်းမြင့်ပါ ရုံးထုတ်တော့ နှစ်ယောက်လုံးဖတ်တယ်။ ဖတ်ပြီးတော့ သူဘာ ပြောလိုက်တယ်ဆိုတာ တစ်လုံးမကျန် သေချာရေးပေးဖို့ ရှေ့နေ့ကိုမှာလိုက်တော့ ရှေ့နေကနေတစ်ဆင့် ပြောလိုက်တာက ၈ ရက် ၁၁ လ ၂၀၂၁ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် သဘောထားက ဒေါ်အောင်ဆန်းစုကြည်က အပြင်ကို ထုတ်ပြန်ပါလို့မပြောဘူး။ သူရဲ့ သဘောထား ကိုပဲပြောတာက (ဒီကြေညာချက်တွေက ပါတီရဲ့စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးတဲ့။ ခုလိုလုပ်လိုက် တာဟာပြည်တွင်းမှာရှိလာတဲ့တခြားသူတွေအတွက် အန္တရာယ်ရှိလာတတ်တယ်တဲ့။ CRPH တစ်ခုတည်း နဲ့ သူတို့သွားလို့ရနေတာပဲတဲ့။ ယခု ထုတ်ပြန်ချက်ကြောင့် အချင်းချင်း စိတ်ဝမ်းကွဲတာတွေ မဖြစ်စေချင်ဘူး။ ဖြစ်လာနိုင်ပါတယ်တဲ့။ အပြင်ကလူတွေ လုပ်ချင်တိုင်းလုပ် နေတာအထဲမှာနေတဲ့ ပြဿနာဖြစ်နိုင်တယ်။ ဒီလို ကြေညာချက်တွေထုတ်လည်း မထုတ်စေချင်ဘူး။ ထုတ်လို့လည်းမရဘူး။ အရင်ပြောထားတဲ့အတိုင်းပဲ CEC တွေ အကုန်လုံးစုံညီစွာ အစည်းအဝေးလုပ်ခွင့်မရတာကြောင့် ပါတီနာမည်ကိုလည်း သုံးခွင့်မရပါဘူး။ သူတို့မှာ လုပ်ပိုင်ခွင့်မရှိပါဘူး။
ဒီလိုလုပ်လိုက်တာကို အားလုံး စိတ်ဝမ်းကွဲစေပါတယ်)လို့ ရှေ့နေကိုပြောလိုက်တယ်။ အဲ့ဒီစာကိုပဲ ဦးဝင်းမြင့်ကို ပြတဲ့အခါမှာ ဒီစာကို လုံးဝလက်မခံပါဘူး။ အဲ့ဒီလို စာတွေထုတ်နေတယ်ဆိုရင် ပါတီရုံးခန်းဖွင့်လိုက်တာနဲ့ အတွင်းကလူတွေပါ ဒုက္ခရောက်နိုင်ပါတယ်လို့ ပြောလိုက်တယ်။ ၂၀၁၂ တုန်းက ကျွန်မတို့ မေးတဲ့ကိစ္စမျိုးတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေတာမျိုးတွေရှိတယ်။ ၂၀၂၁ ဇွန်လလောက်ကဆိုရင် မေးထားတာရှိ တယ်။ ကျွန်မတို့ပါတီကို ဖျက်တော့မယ်။ တကယ်လို့သာ ပါတီကိုဖျက်ရင် ဘာဆက်လုပ်ပေး ရမလဲဆိုတော့ အန်တီကဘာမှမလုပ်နဲ့ CEC တွေအကုန်လုံး ထောင်ကျနေတယ်။ အမြဲတမ်း အန်တီမှာတာက CEC တွေ လွတ်လပ်စွာအစည်းအဝေးလုပ်ပြီးတော့ ဆုံးဖြတ်ချက်ချခွင့်မရှိသ၍ ဘာကိုမှ မလုပ်ရဘူး လို့မှာခဲ့တယ်။ ဒါကြောင့် ယနေ့ချိန်ထိ ဘာမှမလုပ်တာပါ။ ဒီနေ့အထိ ပြည်တွင်းမှာ တရားဝင် CEC ခုနစ် ယောက်ရှိတယ်။ဦးဖြိုးမင်းသိန်းပါရင်တော့ ရှစ်ယောက်ရှိတယ်။ ဒီလူတွေက ပါတီကနေ နုတ်ထွက်တာ မရှိဘူး။ ထောင်လည်းကျမနေဘူး။ ပြည်တွင်းမှာလည်းရှိတယ်။ သို့သော်လည်း ခုနစ်ယောက်လုံးက ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို မလုပ်နိုင်ဘူး။ မစုစည်းနိုင်ဘူး။ ပါတီရုံးချုပ်ကြီး ကလည်း ပိတ်ထားရတယ်။ သော့ကိုလည်း ကျွန်မပဲထိန်းသိမ်းထားရတယ်။ CEC တွေ အစည်းအဝေးမလုပ် နိုင်သလို ပါတီညီလာခံလည်း မခေါ်နိုင်တော့ ဒီလိုမျိုး အခြေအနေတွေမှာ ဘာမှဆုံးဖြတ်ခွင့်မရှိဘူး။ ခုထုတ် ပြန်တဲ့ကိစ္စတွေကို ကျွန်မက ပြန်မေးချင်တယ်။ CEC က တရားဝင်လား၊ မ၀င်လားဆိုတာ ပြောပြီးပြီ။ ထုတ် ပြန်ချက်တွေက တရားဝင်လား၊ မ၀င်လားဆိုတာ ပြည်တွင်းမှာတရားဝင် ရပ်တည်နေသေးသော CEC ခုနစ်ယောက်ကိုပဲ မေးကြည့်လိုက်ပါ။

TREND ။ ။ CWC က ကြေညာချက်ထွက်လိုက်တဲ့အတွက် ဒေါ်စန္ဒာမင်းအပါအ၀င် လေးယောက်ပေါ့။ လူတွေအများကြီးရှိတဲ့အထဲက ဒေါ်စန္ဒာမင်းတို့ လေးယောက်ကိုပဲ ပစ်မှတ်ထားထုတ်ပယ်တာတို့။ စွပ်စွဲခံရတာတွေက ဘာကြောင့်ဖြစ်လာတယ်လို့ ယူဆပါသလဲ။
DSDM ။ ။ ကျွန်မတို့ နိုင်ငံရေးအပြောင်းအလဲတွေ စဖြစ်တော့ အတွေအကြုံအရ ကိုယ်ဘယ်လို ရပ်တည်မလဲဆိုတာ ဆုံးဖြတ်ကြတယ်။ အာဏာထိန်းလိုက်တော့ ကျွန်မက လွှတ်တော်ကိုယ်စားလှယ် မဟုတ်ဘူး။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ် မဟုတ်တဲ့သူတွေလည်း ဖမ်းခံရတာပဲ။ လွှတ်တော် ကိုယ်စားလှယ်မှ ဖမ်းခံရတာမဟုတ်ဘူး။ အဲ့ဒီတော့ ဘယ်လိုရပ်တည်မလဲဆိုတာ ဆုံးဖြတ်ကြတယ်။ ကျွန်မတို့ကတော့ တစ်သက်လုံးရပ်တည်လာတာက အကြမ်းမဖက်မူနဲ့ ပါတီရဲ့မူဝါဒအတိုင်း ရပ်တည်မယ်။ ပါတီရဲ့မူဝါဒနဲ့ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒကဘာလဲ လာဖမ်းရင်အဖမ်းခံလိုက်။ ဒါက ငယ်ငယ်ကတည်းက လက်ကိုင်ထားတာပဲ တောင်းဆိုရမှာက ကိုယ်အလုပ်၊ ဖမ်းရမှာက သူတို့အလုပ်၊ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်ပဲလေ။ အာဏာထိန်းတဲ့နေ့က အထုတ်ပြင်ပြီး စောင့်နေတယ်။ လာဖမ်းရင်လိုက်သွားဖို့ အဆင်သင့်ပဲ။ သတ္တိရှိလို့ နိုင်ငံရေးလုပ်တာ၊ ထွက်ပြေးဖို့ နိုင်ငံရေးလုပ်တာ မဟုတ်ဘူး။ အသက် (၁၈) နှစ်ကတည်းကထောင်ကျတယ်။ ပြန်လွတ်တယ်။ ထောင်ကျတယ်။ ပြန်လွတ်တယ်။ တစ်ခါမှနိုင်ငံခြားကို ထွက်မပြေးဘူး။ နိုင်ငံခြားကနေ နိုင်ငံရေးလုပ်တယ်ဆိုတာလည်း အယုံအကြည်မရှိဘူး။ ဒါကြောင့် အဲ့ဒီလို အယုံအကြည်မရှိလို့ သတ္တိရှိရင် နိုင်ငံတွင်းမှာပဲနေ မယ်။ ငါရဲ့ မူဝါဒနဲ့မကိုက်ညီလို့ဖမ်းရင် ဖမ်းသွားပါစေ။ ကျွန်မထောင်ထဲမှာပဲ နေမယ်။ ဒါပေမဲ့ ကျွန်မ ရည်ရွယ်ချက်က အကြမ်းဖက်မှုတွေလုပ်ဖို့ ငယ်ငယ်ကတည်းက ဆန္ဒမရှိဘူး။ ခုလည်း ဆန္ဒမရှိဘူး။ ဘယ်ဘက်ကပဲလုပ်လုပ် ဘယ်အကြမ်းဖက်မှုကိုမှ မထောက်ခံဘူး။ အထူးသဖြင့် ပြည်သူတွေ ထိခိုက်နစ်နာဆုံးရှုံးမယ့် ကိစ္စတွေလုပ်တာကို ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ် လက်မခံပါဘူး။ ဒါ ကြောင့်မို့လို့ ကျွန်မတို့က နိုင်ငံရေးဘောင်ကို ကျယ်ပြန့်အောင်လုပ်မယ်။ အထူးသဖြင့်တော့ နိုင်ငံရေး ကို နိုင်ငံရေးနည်းနဲ့ တုံ့ပြန်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုဆုံးဖြတ်ဖို့ဆိုရင် ပလက်ဖောင်းရှိဖို့လိုတယ်။ ကျွန်မတို့ ပါတီမပြိုလဲသွားဖို့လိုတယ်။ ပါတီမပြိုလဲသွားဖို့ဆိုရင် တစ်ဖက်နိုင်ငံကို ထွက်ပြေးပြီး ပါတီကြီး တည်ထောင်မယ် ဆိုတာဖြစ်နိုင်တာမှမဟုတ်တာ။ ဒါကြောင့် ကျွန်မတို့တွေက ပါတီကိုရပ်တည်ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းသွားပြီ။ CEC တွေကို ဖမ်းသွားပြီ သူတို့ကိုပံ့ပိုးပေးမယ့်လူ တစ်ယောက်မှမရှိဘူး။ တစ်ယောက်ပြီးတစ်ယောက်ထွက်ပြေးတာ။ အကုန်လုံး ထွက်ပြေးကြတာ တစ်ယောက်မှမရှိဘူး။ ရုံးချုပ်ကြီးဆိုရင်လည်း ရုံးသွားဖွင့်တယ်။ နောက်ဆုံး လေးယောက်ပဲကျန်တယ်။ လေးယောက်မှာ နှစ်ယောက်ဖမ်းခံရတယ်။ နှစ်ယောက်ပဲကျန်တယ်။ ရုံးကြီးကို ထိန်းသိမ်းရတယ်၊ သော့ပိတ်ရတယ်။ ကျွန်မတစ်ယောက်တည်း နောက်ဆုံးလုပ်ရတာ ဖြစ်တယ်။ သတ္တိရှိရှိနဲ့ ဒီအလုပ်ကို ဆက်လုပ်ခဲ့တယ်။ ကျွန်မ ပါတီမပြိုလဲအောင်၊ ခေါင်းဆောင်တွေကို စောင့်ရှောက်ရတဲ့အလုပ်တွေကို တစ်ယောက်တည်း ကျန်ရင်လည်း တစ်ယောက်တည်း လုပ်မယ်လို့ပြောခဲ့တယ်။ ဖမ်းချင်ရင် ဖမ်းသွားလို့ ပြောပြီးသားပါ။ ကျွန်မက ပါတီမူဝါဒအောက်ကနေ လုပ်နေတာကို နစကသိအောင်လည်း ပြောသလို နိုင်ငံတကာ သံတမန် အဖွဲ့အစည်းကိုလည်း ပြောတယ်။ အဓိကဘာပြောတာလည်းဆိုရင် ကျွန်မတို့ ပြည်တွင်းမှာ NLD ပါတီမူဝါဒအတိုင်းရပ်တည်နေတဲ့ နိုင်ငံရေးသမားတွေ၊ CEC တွေ၊ ဗဟို ကော်မတီဝင်တွေ ရှိနေသေးတယ်ဆိုတာ နိုင်ငံတကာအသိုင်းအ၀ိုင်းကသိအောင် ပြောတယ်။ ပါတီရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ အစည်းရှိသေးတယ်ဆိုတာပြောတယ်။ သို့သော်လည်း ကျွန်မတို့ကို ဒေါ်အောင်ဆန်းစုကြည်မှာထားတဲ့အတိုင်း CEC တွေ မဆုံသေးဘူး။ အစည်းအဝေးဆုံးဖြတ်ချက် မချနိုင်သေးသ၍ ဘာမှထုတ်ပြန်ချက်တွေ မထုတ်ပြန်ဘူးလို့ ကျွန်မတို့က သံတမန်တွေကို ပြောတယ်။ ဒါကြောင့် ခုလို ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတာဟာ ပြည်တွင်းမှာရှိနေတဲ့ပါတီရဲ့ မူဝါဒအတိုင်း ရပ်တည်နေတဲ့ ဗဟိုကော်မတီဝင်တွေနဲ့ မသက်ဆိုင်ပါဘူးလို့ ပြောထားပါတယ်။ အဲ့ဒီလိုပြောနိုင်ဖို့၊ ပါတီခေါင်းဆောင်တွေနဲ့အဆက်အသွယ်လုပ်နိုင်ဖို့ဆိုရင် လက်ရှိအာဏာပိုင်အဖွဲ့ အစည်းဖြစ်တဲ့ နစက ကိုတော့ ဖြတ်ရတာပဲ။ သူတို့ကိုဖြတ်ပြီး တောင်းဆိုစရာရှိတာတောင်းဆိုတယ်။ မတရားဖမ်းဆီးခံရတဲ့ ဗဟိုကော်မတီဝင်တွေ ပြန်လွတ်အောင် နစကနဲ့ပြောတယ်။ ဒါမျိုးတွေကို လုပ်နိုင်တဲ့သူတွေက လက်ချိုး ရေလို့ရတယ်။ မိုးထဲရေထဲမှာ ပြဿနာဖြစ်ပြီဆိုရင် ဘယ်သူက တာဝန်ခံပြီးလုပ်မှာလဲဆိုတာပေါ် လာတာပဲ။ အဲ့ဒီလိုလုပ်နိုင်တာ ဘယ်သူတွေပဲရှိလည်းဆိုတာ ပြည်ပကို ထွက်ပြေးသွားတဲ့လူတွေ သိပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီအထဲမှာ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေကို ဒီလူတွေကို ပါတီ ဆက်လက်ရှင်သန်မှုမရှိအောင်၊ နိုင်ငံရေး ဂုဏ်သိက္ခာကျအောင် ညစ်ပတ်တဲ့နည်းတွေနဲ့ လုပ် ဆောင်တာ ပစ်မှတ်ထားပြီး ဘယ်သူ့ကို လုပ်မလဲ ဆိုတာသိပါတယ်။ ကျွန်မတို့လည်း CRPH ကလုပ်တဲ့ အိမ်ထဲမှာနေပြီး Zoom မီတင်တက်ပြီး၊ အစည်းအဝေးတွေတက်ပြီး လုပ်ပြနေလို့ရတာပဲလေ။ အဲ့ဒါတွေက တကယ်တမ်းမြေပြင်နဲ့ကွာနေတယ် မထိရောက်ဘူး။ မြေပြင်မှာ ပါတီဝင်တွေ၊ ပြည်သူတွေ ဒုက္ခရောက်နေတယ်ဆိုတာ ကျွန်မတို့က သွားလာလှုပ်ရှားနေတော့သိတယ်။ အိမ်ထဲမှာပဲနေပြီး Zoom Meeting လုပ်ပြီး နိုင်ငံရေးလုပ်နေတာက အဆင်မပြေဘူး။ ဒါကြောင့်လည်း ကျွန်မတို့ကို နည်းမျိုးစုံနဲ့ တစ်ခုပြီးတစ်ခု တိုက်ခိုက်နေတာပါ။ ဒါကို ပြည်သူတွေအနေနဲ့ ပါတီဝင်တစ်ယောက်ရဲ့ စဉ်းမျဉ်း စည်းကမ်း၊ ဗဟိုကော်မတီဝင်တစ်ယောက် လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ မသိတဲ့အတွက် ဖေ့စ်ဘုတ်ပေါ်ကဟာတွေကို ဟုတ်နိုးနိုးထင်ကြမှာပါ။ ကျွန်မတို့က အိမ်ထဲမှာနိုင်ငံ ရေးလုပ်နေတာ မဟုတ်ဘူးလေ။ ကျွန်မတို့ပါတီရဲ့ အခြေအနေက ရွေးကောက်ပွဲဝင်ဖို့မပြောနဲ့လူ ခုနစ်ယောက်စုစည်းဖို့ မလွယ်တာ ကျွန်မတို့က ဘာဖြစ်လို့ရွေးကောက်ပွဲ ၀င်ဖို့စဉ်းစားမှာလဲ။ ဒါတွေဖြစ်လာမယ်လို့ စိတ်ပူပြီးတော့ ညစ်ပတ်တဲ့စိတ်တွေနဲ့ ထင်ယောင် ထင်မှားဖြစ်စေတဲ့နည်းတွေနဲ့ ဂုဏ်သိက္ခာကျအောင် လုပ်နေတာပြည်သူတွေအနေနဲ့ ကြာလာရင်သိမှာပါ။ ကျွန်မတို့ကို NLD ပါတီက အကြမ်းဖက်တွေ ဖြစ်တယ်။ အစွန်းရောက်တွေဖြစ်တယ်လို့ ထိုးချနေတဲ့ အချိန်မှာ ကျွန်မတို့က နိုင်ငံရေးဂုဏ်သိက္ခာရှိရှိနဲ့ NLD ပါတီဟာ မူဝါဒအတိုင်း ရပ်တည်နေသူတွေရှိပါတယ်ဆိုတာမျိုးကို ရပ်တည်ပြဖို့လိုပါတယ်။

TREND ။ ။ NUG ပေါ်လာတယ်။ CRPH ပေါ်လာတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေ အများကြီးပေါ်လာတယ်။ လှူတဲ့လူတွေပေါ်လာတယ်။ အလှူတွေနဲ့ပတ်သတ်ပြီး အချင်းချင်းရန်တွေဖြစ်နေကြတာ။ ဘယ်သူက အလွဲသုံးစားတွေလုပ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ထိုးနှက်တိုက်ခိုက်လာကြတာပေါ့။ ဒါတွေကို ဟန့်တားမယ့်လူမရှိဘူး။ ဒါတွေကို ဟန့်တားဖို့ပြောနိုင်ဖို့ ဒေါ်စန္ဒာမင်းတို့အနေနဲ့ ကြိုးစားတာမျိုးရှိလား။
DSDM ။ ။ ပြောရရင် ကျွန်မတို့အထက်မှာ CEC တွေ ရှိတယ်လေ။ CEC တွေက ပါတီကနုတ်ထွက် ခြင်းလည်းမရှိဘူး။ နေရာယူထားတော့ သူတို့မှာ တာဝန်ရှိတယ်။ သူတို့ပြောဖို့ တာဝန်ရှိပါတယ်။ အပြင်က သာမန်ပြည်သူတွေက ဘယ်သူက CEC ဆိုတာမသိဘူး။ ပါတီမှာ ဘယ်သူက တာဝန်ရှိသူလဲ၊ ပါတီက ဘယ်သူက ပြောနိုင်ဆိုနိုင်တဲ့သူလဲဆိုတာ မသိကြဘူး။ အပြင်က မသိတော့ ဒီလိုအခြေအနေမှာ ထင်ယောင်ထင်မှားဖြစ်အောင် စာတွေထုတ်တယ်။ ပြန်ကြားရေးတွေအဖမ်းခံရ ချိန်မှာ NLD ရဲ့ ဖေ့စ်ဘုတ် လျှို့ဝှက်နံပါတ်တွေကို ကိုနေဘုန်းလတ်နဲ့ ကိုလွင်ကိုလတ်တို့က ယူသွားပြီးတော့ တရားမ၀င် အပြင်ဘက်ကနေထုတ်တယ်။ ဒါမျိုးတွေဟာ တရားဝင်လား၊ မ၀င်လား ဘယ်လိုနည်းနဲ့ NLD ပါတီရဲ့ ဖေ့စ်ဘုတ်ပေခ့်ကို ယူသွားတာလဲဆိုတဲ့လူတွေ၊ ထုတ်နေတဲ့လူတွေ၊ ပြည်တွင်းမှာရှိတာလား၊ ပြည်ပ မှာရှိတာလားဆိုတာကို သာမန်ပြည်သူတွေ မသိကြဘူးပေါ့နော်။ ပါတီတစ်ခုမှာ ခုလိုကြေညာချက်တွေ ထုတ်ပိုင်ခွင့်ရှိတဲ့သူ ကြေညာချက်ဟာ တရားဝင်လက်မှတ်ထိုးပြီးမှ ထုတ်ရတယ်ဆိုတာ သာမန်ပြည်သူတွေကမသိဘူး။ ဒီအခြေအနေမှာ ဟန့်တားဖို့ဆိုတာက ပြည်တွင်းမှာ တရားဝင်ရပ်တည်နေသော၊ ရာထူးမှ နုတ်ထွက်ခွင့်မရှိသေးသော CEC များက ဒါကအမေရိကားကထုတ်တာ တရားမ၀င်ဘူးလို့၊ ဖြေရှင်းဖို့မလိုဘူးလို့ ဆုံးဖြတ်ကောင်း ဆုံးဖြတ်လိမ့်မယ်။ ဒါကြောင့်လည်း ဟန့်တားမှုမရှိတာလို့ ထင်ပါတယ်။

TREND ။ ။ ခုချိန်မှာ NUG တို့၊ CRPH တို့မှာဝင်ပြီး ပြည်ပထွက်ပြေးကြသူတွေက ၂၀၁၂ လောက်မှာ NLD ကို ၀င်ရောက်တဲ့သူတွေ အများစုဖြစ်နေတာ တွေ့ရပါတယ်။ ဘာကြောင့် ဖြစ်လာတာလဲ။
DSDM ။ ။ မှန်ပါတယ်။ ခုထွက်ပြေးသွားတဲ့လူတွေရဲ့ ၇၀ ရာခိုင်နှုန်းကိုကြည့်ရင် ၂၀၁၂ လောက်ကမှ ၀င်လာကြတာဖြစ်တယ်။ ဘယ်လောက်ထိလည်းဆိုတော့ အနီးစပ်ဆုံးရွေးကောက်ပွဲမှာ ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ရွေးကောက်ပွဲကို ငါတို့ဒီလိုမျိုးဝင်မယ်ဆိုရင် ပြည်သူကို ကတိက၀တ်ပေးထားတဲ့ ရွေးကောက်ပွဲကြေညာစာတမ်းကို ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်တွေ လိုက်နာရမယ်ဆိုတာ မသိကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပါတီကနေပြီး လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ပါတီရဲ့စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေကို သင်ကြားပြသမှုရှိခဲ့ပေမယ့် မထိရောက်ခဲ့ဘူး။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်ကို အလုပ်လျှောက်လွှာလာလျှောက်သလို လျှောက်ကြတာ ပါတီကို။ ပါတီက အနိုင်ရပါတီဖြစ်မယ်။ အစိုးရဖွဲ့နိုင်တဲ့ ပါတီဖြစ်တယ်ဆိုရင် အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ်သုံးထောင်လောက် ရွေးထားတော့မှ ထောင့်ငါးရာလောက် ကျန်မှာဖြစ်တော့ ဒီလောက် အများကြီး မစိစစ်နိုင်တော့တဲ့အခါမှာ ၂၀၁၂ လောက်မှာ လွှတ်တော်ကိုယ်စားလှယ်လုပ်ချင်လို့ လွှတ်တော်ထဲကိုဝင်လာတဲ့လူတွေက ယခင်ကလို အတွေ့အကြုံမျိုးမရတော့ဘူး။ ဒါကြောင့် သူတို့တွေက ပါတီရဲ့မူဝါဒဆိုတာ အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ပြောင်းလို့ရတယ်လို့ ပြောကြတယ်။ အဲ့ဒီလို မူဝါဒမခိုင်မာရင်ပြည်သူက ဘယ်ယုံကြည်ထောက်ခံမှာလဲ။ ဒီလိုမျိုး အတွေးအခေါ်ရှိတဲ့ ကိုယ်စားလှယ်တွေက နိုင်ငံရေးကိုပေါ်ပင်လုပ်ပြီး ပါတီရဲ့ သမိုင်းကြောင်းမသိ၊ နိုင်ငံသမိုင်းလည်းမသိတော့ ပြောချင်ရာတွေ လျှောက်ပြောတော့တာပေါ့။
" တချို့သော လွှတ်တော်ကိုယ်စားလှယ်တွေက အကျင့်စာရိတ္တ အားဖြင့်ကိုမကောင်းဘူး။ အချင်းချင်း ငွေတွေအများကြီး ချေးသွားတယ်။ ထွက်ပြေးမယ့်အချိန်မှာ အချင်းချင်း ငွေတွေအများကြီးယူပြီးမှ ထွက်ပြေးသွားတဲ့ ကိုယ်စားလှယ်တွေလည်း ဟိုဘက်မှာရှိတာပဲ။ ဒါကိုလူတွေက မသိလို့ပါ။ ကိုယ်ရဲ့ဂုဏ်သိက္ခာကိုမှ မစောင့်စည်းနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအများကြီးပဲ။ တစ်သက်လုံးပါတီက အနိုင်ရတော့မယ်ထင်တဲ့ ပေါ်ပင်နိုင်ငံရေးသမားတွေက နိုင်ငံရေးလောကဒဏ်ကိုမသိတော့ ဖမ်းမယ်ဟေ့ဆိုတော့ ပြေးလိုက်ကြတာ။ ကိုယ့်ခေါင်းဆောင်ရော၊ CEC တွေရော တန်းစီထောင်ထဲဝင်နေတာ ငါတို့လည်း လိုက်ရမှာပဲဆိုတာမျိုးမရှိဘူး။ အဲ့ဒီလို ခံယူချက်ရှိတဲ့သူတွေနဲ့ ကျွန်မတို့ NLD ပါတီ ဆက်မသွားတာဘဲကောင်းပါတယ် . . . "
TREND ။ ။ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဘာများ အကြံပြုချင်တာရှိလဲ။
DSDM ။ ။ ပြောချင်တာက နှစ်ဖက်လုံးပေါ့။ တပ်မတော်သားတွေ သေတယ်ဆိုတာကလည်း ကျွန်မတို့ ပြည်သူတွေသေတာပဲ။ ကလေးတွေ၊ ကျောင်းသားတွေ၊ ၀န်ထမ်းတွေသေကြတာလည်း ကျွန်မတို့ ပြည်သူတွေ၊ နိုင်ငံသားတွေပဲ သေကြတာပဲ။ ဒါကြောင့် ဒါဟာ ကျွန်မတို့ရဲ့ ပြည်တွင်းရေးပဲဖြစ်တယ်။ ကျွန်မတို့ရဲ့ ပြည်တွင်းရေးကို အားလုံးတစုတစည်းတည်း ဆုံးဖြတ်ပြီးတော့ တိုင်ပင်ပြီးတော့ ခုလက်ရှိ အခြေအနေဆိုးကနေ လွတ်မြောက်နိုင်ဖို့ နိုင်ငံရေးဘောင်ချဲ့ပေးဖို့လိုတယ်။ နိုင်ငံရေး ဘောင်ကျော်လာမှသာ စစ်ဘောင်ကျဉ်းသွားမှာပါ။ ယနေ့ပြည်သူတွေ သေနေကြပေမယ့် နိုင်ငံရေးပါတီတွေက ပြည်သူအတွက် ဘာတစ်ခုမှ မပြောနိုင်ဘူး။ ဒါဟာ ဘာလည်းဆိုတော့ နိုင်ငံရေးဘောင် ပျောက်ကွယ်သွားတာ။ ပါတီနိုင်ငံရေးပျောက်ကွယ်တာ၊ နိုင်ငံရေးဘောင် ကျဉ်းလာတာလို့ မြင်ပါတယ်။ ဒါကြောင့် နစကလူကြီးတွေကို ပြောချင်တာက နိုင်ငံရေးဘောင်ကိုချဲ့ပေးပါ။ ပါတီနိုင်ငံရေးနဲ့ ပါတီတွေထဲက ပြည်သူတွေကို တကယ်စေတနာရှိပြီး လုပ်ပေးကိုင်ပေးနိုင်မယ့် သူတွေကို လုပ်ပိုင်ခွင့်ပေးပေးပါလို့ ပြောချင်ပါတယ်။
TREND ။ ။ ဖြည့်စွက်ပြောချင်တာလေးတွေရှိရင် ပြောပြပေးပါဦး။
DSDM ။ ။ နောက်ဆုံးအချိန်ထိ ကျွန်မသစ္စာရှိစွာနဲ့ လုပ်ပေးမယ်။ ပါတီမပျက်မချင်းပေါ့။ ပါတီပျက်သွားရင်တော့ ကျွန်မတို့က နိုင်ငံရေးလုပ်ချင်တဲ့ ဆန္ဒရှိရင် လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးပါလို့ပြောထားတယ်။ လုပ်ခွင့်ပေးပါဆိုတာ ကျွန်မတို့ကို လက်ခံတဲ့အဖွဲ့အစည်းတွေ အများကြီးရှိတာပဲ။ ဒီအဖွဲ့အစည်းတွေမှာ ၀င်လုပ်မယ်လို့ ပြောထားတယ်။ ကျွန်မတို့က NLD ကြီးပျက်သွားလို့ ပါတီ နောက်တစ်ခု လုပ်ခွင့်ပြုပါလို့ မတောင်းဆိုထားဘူး။ နိုင်ငံရေးလုပ်ချင်တဲ့ဆန္ဒရှိရင် လက်ခံတဲ့အဖွဲ့အစည်း၊ ဖိတ်ခေါ်တဲ့အဖွဲ့အစည်းမှာ သွားလုပ်မယ်။ ဒါအရင်ကတည်းက ဆုံးဖြတ်ပြီးသား။ ကျွန်မလွှတ် တော်ထဲကလုပ်မယ်။ လက်ဖက်ရည်ဆိုင်က နိုင်ငံရေးမလုပ်ဘူး။
TREND ။ ။ ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အွန်လိုင်းဝဏ္ဏ
၂၀၂၃ခုနှစ် ၊မတ်လ ၉ရက်နေ့တွင်
ထုတ်ဝေသည့် TREND ဂျာနယ် အတွဲ၂၊အမှတ်(၈)မှ ကူးယူဖော်ပြပါသည်။