၂၀၂၄ အောက်တိုဘာ ၂၅
လက်နက်ကိုင်တွေက နယ်မြေတွေ သိမ်းပြီးတော့ ပြည်ထောင်စုလုပ်မယ်ဆိုရင် စစ်ဘုရင်လွှမ်းမိုးတဲ့ ပြည်ထောင်စု ဖြစ်လာမှာပေါ့။ အဲဒါဆိုရင်မကောင်းဘူး
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ အင်အားစုတချို့ကို ဦးဆောင်ပြီး PNLO-NCA/S ဟူ၍ ဖွဲ့စည်းခဲ့သည့်အခြေအနေနှင့် NCA (၉)နှစ်ပြည့်နှင့် လက်ရှိနိုင်ငံ ရေးအခြေအနေတို့အပေါ် PNLO-NCA/S ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာကို ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးတော့ (PNLO-NCA/S) ကို ဖွဲ့စည်းခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပါဦး။
KOK ။ ။ ပြောဖို့ကတော့ သိပ်များများတော့ မရှိပါဘူး။ ကျွန်တော်တို့ NCA လမ်းကြောင်းက ကျွန်တော်တို့ လူမျိုးအတွက်၊ အဖွဲ့အစည်းအတွက် အကျိုးရှိတယ်။ ဒါကြောင့် NCA လမ်းကြောင်းကို ပစ်ပယ်သွားတဲ့အဖွဲ့ကို ဖယ်ထုတ်လိုက်တာပါ။ NCA လမ်းကြောင်းကို ပစ်ပယ်သွားတဲ့အဖွဲ့နဲ့ သီးခြားရပ်တည်ပြီးတော့ NCA လမ်းကြောင်းပေါ် ရပ်တည်နေတဲ့ PNLO အနေနဲ့ တရားဝင်မှုပြန်ယူထားတာ ဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ NCA လက်မှတ်ထိုးထားတုန်းက ဒီအဖွဲ့အစည်းအမည်နဲ့ လက်မှတ်ထိုး ထားတာကိုး။ ဒါကြောင့် NCA လမ်းကြောင်းကို ဆက်လက်လုပ်ကိုင်တဲ့အဖွဲ့ကတော့ ဒီနာမည်ပဲဖြစ်ရ မယ်ဆိုပြီးတော့ လူကြီးတွေကလည်း ပြောပါတယ်။ NCA ကို ပစ်ပယ်သွားတဲ့အဖွဲ့ကတော့ သူ့ဘာသာ တခြားကြိုက်တဲ့ အမည်မှည့်ပေါ့ဗျာ။ ကျွန်တော်တို့ကတော့ NCA ကို လက်မှတ်ထိုးတုန်းက တရားဝင်နာ မည်ကိုပဲ ဆက်လက်ကိုင်စွဲတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ NCA လုပ်ငန်းကိုပဲ ဆက်လုပ်သွားမယ်။ အဓိကကတော့ ပြည်သူလူထုတွေ တကယ်လိုအပ်နေတဲ့ အရပ်သားကာ ကွယ်ပေးမှုနဲ့ လူသားချင်းစာ နာမှု အကူအညီပေးရေးတွေကို အကောင်းဆုံးလုပ်သွားမယ်။ အဲဒီလို ရည်မှန်းချက်ထားပါတယ်။
TREND ။ ။ အဖွဲ့အမည်မှာက PNLO-NCA/S ဆိုပြီး သုံးနှုန်းထားတာကရော ဘယ်လို အဓိပ္ပာယ်မျိုးဖြစ်မလဲ ရှင်းပြပေးပါဦး။
KOK ။ ။ အဲဒါကတော့ ခွဲလိုက်တာပါ။ NCA ရေးထိုးထားတဲ့ မူလအဖွဲ့ပေါ့။ NCA ကို ပစ်ပယ် သွားပြီး ဆန့်ကျင်တဲ့အဖွဲ့က သူ့လမ်းစဉ်ကို သွားတာကိုး။ ဒါကြောင့် NCA ရပ်တည်ချက်အပေါ်မှာ အဖွဲ့ကွဲသွားတဲ့သဘောပေါ့။ ဒါကြောင့် ကျွန်တော်တို့က သီးခြားရပ်တည်ပြီးတော့ ဃြဗ လမ်းကြောင်းပေါ်မှာ စာချုပ်ရဲ့က တိကဝတ်တွေအတိုင်းပဲ ရပ်တည်သွားမယ်။ စာချုပ်ထဲမှာပါတဲ့ ကတိကဝတ်တွေ ကို လုပ်ဆောင်နိုင်မယ့်ကိစ္စတွေ အားလုံးကို လုပ်ဆောင်သွားမယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ရှင်းမယ်။ လက်နက်ကိုင်ဖြေရှင်းတာကို စာချုပ်ကလက်မခံဘူး။ နောက်ပြီးတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းတဲ့နေရာမှာလည်း ဆွေးနွေးပွဲတွေပေါ့။ နိုင်ငံရေးဆွေးနွေးပွဲတို့၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတို့ အဆင့်လိုက် အဆင့်လိုက်ပေါ့ဗျာ။အား လုံးပါဝင်ရေးကတော့ မှန်ပါတယ်။ တစ်ပြိုင် နက်တည်းတော့ အားလုံးပါဝင်နိုင်မှာ မဟုတ်ဘူး။ အာလုံးပါဝင်တဲ့ အဲဒါကို ဦးတည်သွားမယ့် ညှိနှိုင်း ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့အတွက် ကြိုးပမ်းမှာပါ။ လက်နက်ကိုင်တိုက်နေကြတာက အဖြေမ ထွက်ဘူးဆိုတာ ကျွန်တော်တို့က တွက်လို့ရပါတယ်၊ အဲဒါကြောင့်ပါ။
TREND ။ ။ PNLO မှာ နှစ်ဖွဲ့ဖြစ်နေတော့ ဒါကို လူထုအနေနဲ့ ကွဲကွဲပြားပြားဖြစ်စေဖို့ ဒီအပေါ် မှာလည်း ရှင်းပြပေးပါဦး။
KOK ။ ။ လူထုကတော့ အဓိကကတော့ ကျွန်တော်တို့ ပအိုဝ်းပြည်သူလူထုက သူတို့ကိုယ်တွေ့ပေါ့။ သူတို့ကို ဘယ်အဖွဲ့အစည်းက အထောက်အကူပေးလဲ၊ ဘယ်အဖွဲ့အစည်းက သူတို့ရဲ့စားဝတ် နေရေး၊ လုံခြုံရေး၊ သူတို့ရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတွေကို အထောက်အကူပေးလဲ လူထုက ဆုံးဖြတ်ပေးသွားမှာပါ။ ကျွန်တော်တို့ ရလလဖ (SNPLO) ဖြစ်တုန်းကလည်း ဒီလိုပဲ ကွဲဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင် ပါဖူးပါတယ်။အဲဒီမှာ ၁၀ နှစ်လောက် ပဋိပက္ခရှိပါတယ်။ သို့သော် အဲဒီတုန်းကတော့ စစ်ရေးရော၊ နိုင်ငံရေးရော ပဋိပက္ခပေါ့။ အခုကျတော့ စစ်ရေးပဋိပက္ခတော့ မရှိပါဘူး။ NCA လမ်းကြောင်းမှာ ခွင့်ပြုမထားဘူး။ နိုငံရေးအရ သဘောတရားကွဲတာတော့ ရှိတာပေါ့၊ အဲဒီလောက်ပါပဲ။ ဒီတစ်ခေါက်ကွဲတဲ့ ပုံစံကတော့။ ဒါကြောင့် NCA ကိုလည်း ပစ်ပယ်လို့မရဘူး။ NCA လက်မှတ်ထိုးတုန်းက ရထားတဲ့ အဖွဲ့အစည်းနာမည်ပေါ့။ PNLO ဆိုတဲ့အမည်က တရားဝင်မှုရှိတော့ NCA မှာ ဒီနာမည်နဲ့ တွဲနေ တဲ့အခါကျတော့ ဒါကို ဖော်ဆောင်တဲ့သဘောပါ။
အဲဒီလိုဖော်ဆောင်မှ ကျွန်တော်တို့က နံပါတ် တစ်အနေနဲ့ ကျွန်တော်တို့ ဆွေးနွေးဘက် NSPNC နဲ့ဆွေးနွေးနိုင်မယ်။ နံပါတ်နှစ်အချက်က ကျွန်တော်တို့လိုပဲ NCA ထိုးထားတဲ့ တခြားခြောက်ဖွဲ့ရှိသေးတယ်ဗျ။ အခုလက်ရှိ အလုပ်လုပ်နေတာ။ ဒါကြောင့် ဒီခြောက်ဖွဲ့နဲ့ ပေါင်းပြီးတော့ NCA-S ခုနစ်ဖွဲ့ မဟာ မိတ်မှာလည်း ပြန်ပါဖို့လိုတာကိုး။ ဒါကြောင့် ဒီနာမည်နဲ့ မဟာမိတ်အဖွဲ့မှာ တရားဝင်ပြန်ပါဖို့အတွက် ဒီနာမည်ကို ယူရတာဖြစ်ပါတယ်။ သူတို့ကတော့ နာမည်ပြောင်းမယ်လို့ မထင်ဘူး။ မူကိုတော့ လုပ်မှာပါ၊ PNLO-AD ပေါ့ဗျာ။
Anti -Dictatorship ပေါ့။ သူတို့အကြိုက် နာမည်ကိုရွေးမှာပါ။ PNLO-AD ဆိုလည်းရပါတယ်။သူတို့က Anti –Dictatorship လမ်းကြောင်းနဲ့ ကျွန်တော်တို့က NCA လမ်းကြောင်းသွားမယ်။ အဲဒီလိုမျိုး ဖြစ်သွားမယ်။ မွန်ပြည်သစ်ပါတီလည်း ကျွန်တော်သိသလောက် အဲဒီလိုပဲ ကြေညာထားတာပဲဗျ။ အခုဖြစ်နေတာ အဲဒီလမ်းကြောင်းအတိုင်းပါပဲ။ ဒါကြောင့် သူတို့အနေနဲ့ PNLO-AD ဆိုပြီး ကြေညာလာနိုင်တယ်။ မကြေညာတာတောင်မှ ကျွန်တော်တို့က ဆိုင်းဘုတ်တပ်ပေးရမှာပေါ့။ သူတို့က Anti-Dictatorship ကို ကျူးကျော်တယ်၊ ထုတ်ပြန်ကြေညာချက်မှာ ထည့်တယ်။ မူဝါဒထဲမှာ ထည့်တယ်။ ထည့်တဲ့အခါကျတော့ မွန်ပြည်သစ်လို ပြောင်ပြောင်တင်း တင်းမထည့်ဘဲနဲ့ သူတို့က Anti –Dictatorship တော့ ပါးစပ်က အော်တယ်။ နာမည်မှာတော့ မထည့်ချင်ကြ ဘူးပေါ့။ ဒါပေမဲ့ ထည့်လည်းရပါတယ်။ မူဝါဒက Anti –Dictatorship မူဝါဒဖြစ်သွားပြီပဲ။ AD ထည့်လည်းရပါတယ်။ ဒါကြောင့်သူတို့ အဲဒီလို AD ထည့်လိုက်ရင် ကျွန်တော်တို့နဲ့ ရှင်းသွားတာပေါ့။ ကျွန်တော်တို့က မူလအဖွဲ့လေ၊ အဖွဲ့က Ownership က ကျွန်တော်တို့ လည်း Ownership ဖြစ်တာပဲ။ ဆိုတော့ Anti-Dictatorship ဆုံးဖြတ်တဲ့သူတွေက Anti-Dictatorship ပေါ့။ ကျွန် တော်တို့ NCA ဆုံးဖြတ်တဲ့သူတွေကလည်း NCA ပေါ့။ Ownership ကတော့ Equally ရှိကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဖွဲ့တယ်ဆိုတာက အသစ်ဖွဲ့တယ်တို့၊ အဟောင်းဖွဲ့တယ်တို့ ဆိုတာမျိုးမဟုတ်ပါဘူး။ အဓိက ကျွန်တော်တို့ ဆက်လုပ်ရမှာက NCA ထိုးတုန်းက အားလုံး ၁၀ ဖွဲ့လေ။ အဲဒီမှာ Anti -Dictatorship ကို ထွက်သွားတာက သုံးဖွဲ့ရှိတာပေါ့။ ပြတ်ပြတ်သားသား ထွက်သွားတာက ချင်း (CNF) ရယ်၊ ABSDF ရယ်၊ KNU ရယ်ပေါ့။ သူတို့က လက်မှတ်ထိုးပြီးမှ ထွက်သွားတာပါ။ သူတို့ကတော့ အကွဲအပြဲမကျန်ပါ ဘူး။ သို့သော် မွန်ပြည်သစ်ပါတီကတော့ Anti -Dictatorship တစ်ဖွဲ့ထွက်တယ်၊ မူလအတိုင်း တစ်ဖွဲ့ကျန်တယ်။ ကျွန်တော်တို့လည်း ဒီလိုပါပဲ။ ကျွန်တော်တို့ PNLO မှာလည်း စစ်သွေးကြွတဲ့ ပုဂ္ဂိုလ်တချို့ Anti-Dictatorship မှာ တစ်ဖွဲ့ထွက်တယ်။ နောက်ကျွန်တော်တို့ဒီမှာဝောာ့ NCA လမ်းကြောင်းအတိုင်း ပြည် သူလူထု တည်ငြိမ်အေးချမ်းရေး လုပ်ပေးမယ့် အဖွဲ့တစ်ဖွဲ့ကျန်တာပေါ့။ အဲဒီသဘောပါပဲ။
TREND ။ ။ NCA ရေးထိုးခဲ့တာ ကိုးနှစ်ပြည့်မြောက်ခဲ့ပြီမို့ NCA လမ်းကြောင်းနဲ့ မြန်မာပြည်ငြိမ်းချမ်းရေး ဆက်စပ်သုံးသပ်ပေးပါဦး။
KOK ။ ။ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲမှာတော့ NCA က နှေးသွားတယ်၊ ရပ်တန့်လုနီးနီး ဖြစ်သွားခဲ့တာပေါ့။ ဘာကြောင့်လဲဆိုတော့ NCA ကနေထွက်ပေါ်တဲ့ ပြည်ထောင်စုသဘောတူညီချက်လို့ခေါ်တဲ့ Union Accord တွေကလည်းပဲ ဆက်လက်အကောင်အထည်ဖော်တာ အားနည်းသွားတယ်။ NCA ကို တိတိကျကျ အကောင်အထည်ဖော်တာလည်း တော်တော်အားနည်းသွားတယ်။ အားနည်းသွားတဲ့အတွက် NCA ကိုးနှစ်ပြည့်ချိန်မှာ NCA ဟာ အားမရစရာလို့ ပြောနိုင်ပါတယ်။ သို့သော်လည်းပဲ အဲဒီလိုအားမရတဲ့အတွက် ဒီစာချုပ်စာတမ်းက ဥပဒေစာ ချုပ်စာတမ်း ဖြစ်နေပြီဖြစ်တဲ့အတွက် အကောင်အထည်ဖော်တာ အားမရဘူး။ အောင်မြင်ဖို့ နည်းတယ်လို့ ပြောပေမယ့် အဲဒီလို ဖြစ်လို့ ဒီစာချုပ်ပျက်ပြီလို့ ပြောလို့မရဘူး။ တချို့ကလည်း ဥပဒေကြောင်းအရ တရားဝင်တယ်ဆိုတဲ့ အချက်ကို သိပ်သဘောမပေါက်တော့ ပျက်ပြီတို့၊ မရှိတော့ဘူးလို့ ပြောကြတယ်။ တကယ်တော့ NCA က မူလစာချုပ်က ဥပဒေစာတမ်းအနေနဲ့ ရှိနေပါတယ်။ သို့သော် အဲဒီဟာကို ပါဝင်လက်မှတ်ရေးထိုးတဲ့သူတွေက မလိုက်နာဘူးဆိုရင် Withdraw (ပျက်ပြယ်) လုပ်ကြတာပေါ့၊ ကိုယ့်ဘာသာ Withdraw လုပ်ကြတာ ပေါ့။ စာချုပ်က ပျက်ပြီဆိုပြီး ဘယ်သူမှ လုပ်လို့မရပါဘူး။ စာချုပ်က တရားဝင်မှုအရ ရှိနေသေးတယ်။ အဲဒါကိုတော့ ကျွန်တော်တို့က အခိုင်အမာယုံကြည်ထားတယ်။
TREND ။ ။ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ PDF အဖွဲ့တွေကို လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကိုစွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတွေကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ဖို့ ကမ်းလှမ်းဖိတ်ခေါ် ထားတာရှိပါတယ်။ ဒီအပေါ် မှတ်ချက်ပြုပေးပါဦး။
KOK ။ ။ အရင် NCA ဖိတ်ခေါ်တာနဲ့ အခုဖိတ်ခေါ်တာနဲ့က နည်းနည်းကွာတယ်လို့ မြင်တယ်။ ကျွန်တော်တို့ NCA လက်မှတ်ထိုးတုန်းကဆိုရင် ဦးသိန်းစိန်ကိုယ်တိုင် ဖိတ်ခေါ်တဲ့အထဲမှာ ငြိမ်းချမ်းရေး ဆွေး နွေးပွဲအတွက် ဖိတ်ခေါ်တယ်။ အဆင့်(၁) ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်၊ အဆင့် (၂) ပြည်ထောင်စုအဆင့် လက်မှတ်ထိုးမယ်၊ အဆင့်(၃) တစ်နိုင်ငံလုံး လက်မှတ်ထိုးမယ်ပေါ့။ အဲဒီမှာက Precondition (ကြိုတင်သတ်မှတ်ချက်)မပါဘူး။ လက်နက်ချရမယ်တို့၊ လက်နက်စွန့်ရ မယ်တို့မပါဘူး။ မပါတဲ့အခါကျတော့ ကျွန်တော်တို့အားလုံးက အပစ်အခတ်ရပ်တာပဲရှိတယ်။ လက်နက်နဲ့ပတ်သက်ပြီးတော့ ကိုယ့်နေရာနဲ့ကိုနေ၊ ထိန်းချုပ်နယ်မြေတွေမှာ နေပေါ့။ အခုနောက်ဆုံး ဖိတ်ခေါ်တာကျတော့ Precondition တွေပါတယ်။ လက်နက်ကို စွန့်လွှတ်ရမယ်။ နိုင်ငံရေး ပါတီထောင်ရ မယ်၊ ရွေးကောက်ပွဲဝင်ရမယ်ဆိုတာတွေ ပါတဲ့အခါကျတော့ အဲဒီလို့ ဝင်ဖို့အတွက် ဆွေးနွေးရမယ်၊ Precondition နဲ့ဆိုတော့ တော်တော်များများက သိပ်မကြိုက်ကြ ဘူးဖြစ်မှာပေါ့။ ဒါကြောင့် NCA ဖိတ်ခေါ်တုန်းကနဲ့ နည်းနည်းကွဲတယ်လို့ မြင်တာပါ။ NCA ကိုးနှစ်ပြည့် ကတော့ NCA လမ်းကြောင်း သူ့ပုံမှန်ရှိပေမယ့် နောက် ထပ်ဖိတ်ခေါ်မှုကတော့ အချက်အလက်တွေအရ ကြည့်ရင် နည်းနည်း လိုသေးတယ်လို့ မြင်ပါတယ်။ ဦးသိန်းစိန်နည်းကတော့ မဆိုးဘူးလို့ မှတ်ချက်ပြုချင်ပါတယ်။ ဦးသိန်းစိန် ဖိတ်ခေါ်တုန်းက ကျွန်တော်တို့က ပြင်ပမှာရှိနေပါသေးတယ်။ ကျွန်တော်တို့မှာ တပ်ပေါင်းစုရှိတယ်။ ကျွန်တော်တို့ တပ်ပေါင်းစုနာမည်ကိုက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီလို့ ခေါ်ပါတယ်။ ၁၁ ဖွဲ့ပါပါတယ်။ ဦးသိန်းစိန် ဖိတ်တုန်းက အဲဒီ ၁၁ ဖွဲ့ပါတဲ့ ဖက်ဒရယ်ကောင်စီမှာ အကြိတ်အနယ် ဆွေးနွေးတာပဲ။ ဆွေးနွေးပြီးမှ ယုံကြည်မှုရရှိတဲ့အတွက် ကျွန်တော်တို့က သွားကြတာ ကို။ အခုလည်း ဖိတ်ခေါ်တယ်ဆိုရင် ယုံကြည်မှုရရှိအောင် အရင်ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်။
TREND ။ ။ နိုင်ငံရေးဖိတ်ခေါ်ချက်အပေါ် လက်နက်ကိုင်အဖွဲ့တွေ မကြိုက်ကြဘူးဆိုတဲ့ အခြေအနေရယ်၊ နောက် တပ်မတော်ကို နိုင်ငံရေးကနေ ဆုတ်ခွာပေးဖို့ဆိုတဲ့ ပြောဆိုသံတွေနဲ့ပတ်သက်ပြီး ဘယ်လိုမှတ် ချက်ပြုလိုပါလဲ။
KOK ။ ။ အဲဒီကိစ္စကကျတော့ Precondition အနေနဲ့ကတော့ ပြောဖို့ခက်ပါတယ်။ ဒါကို နိုင်ငံရေး ဆွေးနွေးပွဲထဲမှာ မျက်နှာစုံ အာဂျင်ဒါတစ်ခုအနေနဲ့ထည့်ပြီး ဆွေးနွေးသွားရင်တော့ အလားအလာရှိပါတယ်။ အာဂျင်ဒါမှာ ဆွေးနွေးဖို့ ထည့်ပြီးဆွေးနွေးမယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒီအာဂျင်ဒါ ထည့် မယ်ဆိုတာလောက်က လုံလောက်ပါတယ်။ အဲဒါကို Precondition အနေနဲ့ ထားမယ်ဆိုရင်တော့ အခု လက်နက်ကိုင်နေတဲ့ တိုင်းရင်းသားအဖွဲ့အားလုံးကလည်း ကိုယ့်အမျိုးသား နိုင်ငံရေးမှာကို ပါနေကြတယ်ဗျာ။ ကိုယ့်အမျိုးသား နိုင်ငံရေး၊ ကိုယ့်အမျိုးသားတော်လှန်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင် အသီးသီးက နိုင်ငံရေးလုပ်နေကြတာကိုး။ ဒါကြောင့် မြန်မာပြည်နိုင်ငံရေးကနေပြီးတော့ လက်နက် ကိုင်တစ်ဖွဲ့ဖွဲ့ကို ထွက်စေချင်တယ်ဆိုရင် ကျန်တဲ့လက် နက်ကိုင်တွေကရော၊ မြန်မာပြည်နိုင်ငံရေးမှာ ကိုယ့်နေရာနဲ့ကို၊ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်နဲ့ကို လုပ်နေကျတဲ့ အခါကျတော့ အဲဒါကိုဝောာ့ အကျေအလည်ပေါ့ဗျာ၊ စုံစုံညီညီ အကျေအလည် ဆွေးနွေးမှရမယ့်ကိစ္စလို့ထင်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုမှာ အာမခံချက်က အပြန်အလှန်ပေးမှရမယ့်ကိစ္စပဲ၊ တစ်ဖက်တည်းကိုပဲ အာမခံချက်ပေးပါ၊ ဒါမှ တို့ဆွေးနွေးမယ်။ အဲဒီဆွေးနွေးတဲ့ ဘက်ကတော့ သူ့အမျိုးသားနိုင်ငံရေးမှာ သူ့လက်နက်နဲ့တူ နေတယ်ဆိုရင် အဲဒါတရားမျှတမှုမရှိဘူးလို့ မြင်တယ်။ ဒါကြောင့် အဲဒီလို နိုင်ငံရေးမှာ တိုင်းပြည်တစ်ခုရဲ့ နိုင်ငံရေး၊ ပြည်နယ်တစ်ခုချင်းရဲ့ နိုင်ငံရေးမှာ လက်နက်ကိုင် တွေပါနေတာ သုံးသပ်ဆွေးနွေးမယ်ဆို ရင်တော့ အာဂျင်ဒါအကြီးကြီးတစ်ခုဖြစ်တာပေါ့ အဲဒီလို မြင်ပါတယ်။ အခုက တိုင်းရင်းသား လက်နက်ကိုင်အားလုံးက ကိုယ့်ပြည်နယ်နိုင်ငံရေးမှာကို လုပ်ကိုင်နေကြတာလေ။ အဲဒီလိုလုပ်နေတဲ့ဟာမှာ တစ်ပြေးညီဖြစ်အောင် လက်နက်ကိုင်အဖွဲ့တွေကလည်း ကိုယ့်ပြည်နယ်နိုင်ငံရေးကို ဦးဆောင် နေကြတာဆိုတော့ အဲဒါကို သက်သက်ပေါ့။ အဓိက တိုင်းပြည်လုံခြုံရေးက ဘာလဲ၊ Security Sector Reform လိုဟာမျိုး၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တာဝန်ကဘာလဲ ဆိုတာမျိုး Security Sector Reform လုပ်လိုက်မှ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဒီမိုကရေစီနည်းကျ ပေါ်လာမှာ၊ လက်နက်ကိုင်တွေက နယ်မြေတွေ သိမ်းပြီးတော့ ပြည်ထောင်စုလုပ်မယ်ဆိုရင် စစ်ဘုရင်လွှမ်းမိုးတဲ့ ပြည်ထောင်စု ဖြစ်လာမှာပေါ့။ အဲဒီလို ဖြစ်လာရင်လည်း မကောင်းဘူးလေ။ ပြည်နယ်အလိုက်ပေါ့၊ ပြည်နယ်အလိုက်၊ အဲဒါလည်း အန္တရာယ်ရှိ တယ်လို့ ဆိုလိုတာပါ။
TREND ။ ။ နိုင်ငံရေးတွေ့ဆုဲဆွေးနွေးဖို့အကြောင်းပြောရင် မကြိုက်ကြတာမျိုးရှိတယ်။ အစိုးရက ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်တယ်ဆိုရင် အပြန်အလှန်တွေ၊ ထုတ်ပြန်တုံ့ပြန်ကြတာတွေရှိနေတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုနည်း လမ်းတွေနဲ့ လမ်းစဖော်ကြမလဲ။
KOK ။ ။ လမ်းစပေါ်ဖို့က နံပါတ်တစ်အတွက်ကတော့ အိမ်နီးချင်းနိုင်ငံကြီးတွေက ဖိအားရှိရမယ်။ နံပါတစ်နှစ်အနေနဲ့ ပြည်သူတွေအားလုံးပေါ့။ အခုကတော့ ပြည်သူတွေကတော့ သူ့ဘက်ပါတယ်၊ ငါ့ဘက်ပါတယ်ဆိုပြီး ပြောနေကြတယ်။ လက်ရှိပြည်သူတွေကို လိုက်မေးကြည့် ပြည်သူအားလုံးက ဘယ်ဘက်မှ မပါဘူးဗျ။ ပြည်သူတွေက ဘယ်လက်နက်ကိုင်ပဋိပက္ခမှာမှ မပါချင်ဘူး။ ဘယ်သူနိုင်နိုင်၊ တစ်ဖက်ကနိုင်လည်း သူတို့ မခံစားချင်တော့ဘူး။ သူတို့လိုချင်တာက တည်ငြိမ် အေးချမ်းရေးပဲ၊ စားဝတ်နေရေး ပြေလည်ရေး၊ ဘဝလုံခြုံရေး ဒါ သူတို့လိုချင်တာ။ အဲဒီ လိုချင်တာမရဘဲနဲ့ အခု ဒီပြဿနာတွေက လက်နက်ကိုင်တွေကြားမှာ ဖြစ်နေတော့ သာမန်ပြည်သူကို သွားမေးရင် ငြိမ်းချမ်းရေးလို ချင်တယ်ပဲ သူပြောမှာပဲ။ ဘယ်လက်နက်ကိုင်မှ မလိုချင်ဘူးလို့ သူတို့ ပြောကြမှာပါ။ ဒါကျွန်တော်တို့ မျက်မြင်အတွေ့အကြုံအရပေါ့။ အဲဒါကြောင့် ဟယ်ဟိုလက်နက်ကိုင်အဖွဲ့ကတို့ ပြည်သူဘက်ကရှိ တယ်ကွ၊ ဟိုတစ်ဖွဲ့ကလည်း ငါတို့ပြည်သူဘက်ကရှိတယ်ကွ ဆိုတာမျိုးက တကယ့်ပြည်သူတွေရဲ့ သဘောထားအမှန်လို့မထင်ဘူး။ အဲဒါကြောင့် ချင့်ချင့်ချိန်ချိန်နဲ့ တိုင်တိုင်ပင်ပင်လုပ်ဖို့ အချိန်တစ်ခုတော့ ပေးရမယ်။ ကွက်လပ်တစ်ခုတော့ ပေးရမယ်။ ကင်းလွတ်ခွင့်တစ်ခုတော့ ပေးရမယ်။ အဲဒီအခါကျ မှ ကျွန်တော်တို့ ဆွေးနွေးတိုင်ပင်ဖို့ အချိန်ရမှာ။ လာမယ့်ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံမှာလုပ်မယ့် မြန်မာပြည်ဆိုင်ရာ ငြိမ်းချမ်းရေးရဖို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကလည်း ဘက်ပေါင်းစုံက သဘောတူရင်တော့ အလားအလာ ကောင်းနိုင်ပါတယ်။ အဲဒီလိုပွဲမျိုးတွေအစ ပြုဖြစ်ပေါ်လာရင်တော့ ငြိမ်းချမ်း ရေးလမ်းစက ပြန်ရလာမယ်လို့ ယူဆပါတယ်။ နောက်တစ်ချက်က တွေ့ဆုံဆွေးနွေးပွဲတွေဖြစ် မြောက်ဖို့အတွက်က စကားပြောတဲ့နေရာမှာလည်း Step By Step ဗျ၊ တစ်ခါတည်းနဲ့ လူအားလုံး ပြဿနာအားလုံးဆွဲစုရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဥပမာတိုင်းရင်းသားတွေ EAO လို့ပဲခေါ်ခေါ်၊ ERO တွေလို့စ်ဆင့် ရပြီဆိုရင် အဲဒီအပေါ်မှာမှတစ်ခါ တခြားဒီမိုကရေစီ အင်အားစုပဲခေါ်ခေါ်၊ နွေးဦးပဲခေါ်ခေါ်ပေါ့ဗျာ။ ဒီအင်အားစုတွေကို ဆွဲထည့်ပေါ့။ ပဲခေါ်ခေါ် သူတို့အချင်းချင်းလေးကို ပဏာမတွေ့လိုက်၊ တိုင်းရင်းသားအချင်းချင်းက တအဲဒီအင်အားစုတွေကို ERO မှာထား၊ First Step မှာတော့ မူလအခြေခံတိုင်း ရင်းသားတွေက ရုန်းကန်လာတာ နှစ် ၇၀ ကျော်ပြီဆိုတော့ ဒီအဖွဲ့တွေကို အရင်ဦးစားပေး။အဲဒီလိုနဲ့ ညှိရင် Step By Step ညှိသွားရင်တော့ အဆင်ပြေသွားနိုင်တယ်လို့ ယူဆတယ်ပေါ့။ အချိန်တော့ နည်းနည်း လိုမှာပေါ့လေ။ အားလုံးပါဝင်ရေးဆိုပြီးတော့ All Inc-lusive ဆိုပြီးတော့ ၁၀၀ ရာခိုင်နှုန်းတော့ ဒီအရှုပ်အထွေးထဲမှာ အကုန်လုံး မပါနိုင်ကြဘူးဗျ။ အဲဒါက တိုင်းပြည်တိုင်းမှာပါပဲ။ ဒါကြောင့် ကျွန်တော်တို့က တိုင်းရင်း သားအင်အားစုတွေရဲ့ ပထမရာခိုင်နှုန်း ၅၀၊ ၆၀ ပေါ့။တိုင်းရင်းသားအင်အားစုတွေရဲ့ ရာခိုင်နှုန်းက လက်ရှိလက်နက်ကိုင် ပဋိပက္ခထဲမှာ အဓိကကျနေတာပေါ့။ သူ တို့မှာ နယ်မြေရှိတယ်။ သူတို့မှာ ပြည်နယ်ရှိတယ်။ အဲဒီပြည်နယ်၊ နယ်မြေရှိတဲ့သူတွေက အရင်စုပြီးတော့ စကားပြောလိုက်၊ အဲဒီရလဒ်အပေါ် ကြည့်ပြီးတော့ နောက်ထပ် ဒီမိုကရေစီအင်အားစုတွေ ခေါ်ပြီးတော့ ပြောလိုက်၊ အဲဒီလို အဆင့်လိုက်သွားရမယ်ထင်တယ်။အဓိကကျတော့ နှစ်ဖက်ယုံကြည်မှုပါပဲ။ ယုံကြည်မှု တည်ဆောက်နိုင်တဲ့အဆင့်မှာတော့ တွေ့ဆုံဆွေးနွေးလို့ရပြီဗျ။ ယုံကြည်မှုမရှိသေးရင်တော့ ဘာမှလုပ်လို့ မရသေးဘူး။
TREND ။ ။ ထိုင်းမှာလုပ်မယ့် မြန်မာအရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကရော ဘယ်လို အလားအလာကောင်းတွေ မျှော်လင့်နိုင်မလဲ။
KOK ။ ။ မျှော်လင့်တာမျိုးတော့ မဟုတ်ဘူး။ အဲဒီပွဲဖြစ်ဖို့၊ ဖြစ်ခွင့်ရတယ်ဆိုရင်ပဲ ရလဒ်ကောင်းပြီလို့ ယူဆတယ်။ ဆွေးနွေးပြီးတော့ ထွက်လာတာကို ခဏထားဦး။ ပွဲဖြစ်တယ်ဆိုကတည်းကိုက ဘက်စုံက သဘောထားပေါ့။ တိုင်းပြည်ကို တကယ်ချစ်တယ်၊ ပြည်သူကို တကယ်သနားတယ်ဆိုတာကို ကျွန်တော်တို့က ဆုံးဖြတ်လို့ရတယ်။ ဘက်စုံက အဲဒီပွဲကို ပြဿနာရှာရင်တော့ အဲဒီပြဿနာရှာတဲ့ ဘက်စုံက ပြည်သူလူထု မငဲ့ညှာဘူး၊ တိုင်းပြည်ကို မချစ်ဘူးလို့ ပြောလို့ရတယ်။ ဒါ ကြောင့် ထိုင်းမှာ လုပ်မယ့်ပွဲကတော့ ဆုံးဖြတ်ပေးမယ်လို့ ယူဆပါတယ်။
TREND ။ ။ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ ကြားကနေ ညှိနှိုင်းပေးမယ့် တတိယအဖွဲ့ အစည်းတွေ လိုအပ်လား၊ အဲဒီအချက်နဲ့မြန်မာအရေး မှာ အိမ်နီးနားချင်းတွေရဲ့ အခန်းကဏ္ဍဒီအပေါ် သုံးသပ်ပေးပါဦး။
KOK ။ ။ လိုအပ်တယ်။ အခု ပဋိပက္ခကြီးလာတဲ့အခါ ဘက်တိုင်းက သူ့မာန၊ ကိုယ့်မာန၊ သူနိုင်နေပြီ၊ ငါနိုင်နေပြီပေါ့ဗျာ။ အဲဒီလို ထင်ကြေးတွေရောက်တယ်။ ထင်ကြေးတွေ ရောက်တဲ့အခါကျတော့ အိမ်နီးနားချင်းနိုင်ငံတွေ၊ နောက်ပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ကို ပြည်သူတွေကိုငဲ့ညှာတဲ့ နိုင်ငံတွေနောက် ကျွန်တော်တို့ ပဋိပက္ခကြောင့် သူတို့ဆီမှာ ဂယက်ရိုက်တဲ့ တိုင်းပြည်တွေပေါ့ဗျာ။ ဥပမာ ကျွန်တော်တို့ ပဋိပက္ခတွေရှည်လေ ထိုင်းကိုရိုက်ခတ်လေ။ ဘင်္ဂလားဒေ့ရှ်ကို ရိုက်ခတ်တယ်၊ အိန္ဒိယကို ရိုက်ခတ်တယ်၊ တရုတ်ကို ရိုက်ခတ်တာပေါ့။ အဲဒီလို ရိုက်ခတ်ခြင်းခံနေရတဲ့ တိုင်းပြည်တွေကလည်း မြန်မာပြည်က စစ်ရေးပဋိပက္ခကို သက်ဆိုးမရှည်အောင် ဝိုင်းထိန်းပေးရမှာပေါ့။ အဲဒါကြောင့် ထိုင်းနိုင်ငံမှာလုပ်မယ့် ပွဲစဉ်းစားချက်က ထိုင်းက အထိအနာဆုံးပဲဗျ။ ထိုင်းမှာလုပ်နေတဲ့ပွဲတွေ ကြည့်တော့ထိုင်းက ပအိုဝ်းလူမျိုး လူငယ်လူရွယ်တွေရဲ့ Second Home လို ဖြစ်နေတယ်။ ဒုတိယတိုင်း ပြည်လို ဖြစ်နေတယ်။ ကိုယ့်နေရာမှာ မနေနိုင်ကြတော့ဘူး။ ဒီမှာလာပြီးတော့ ကိုယ့်ယဉ်ကျေးမှုကို ဖော်ထုတ်နေရတယ်။ ဘုန်းကြီးကျောင်းတွေမှာ မီးပုံးလှည့်ပွဲတွေ လုပ်နေကြတော့မြင်တော့ သြော်... ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်နယ်ထဲမှာ လုပ်ရမယ့်ကိစ္စတွေကို ထိုင်းနိုင်ငံမှာလာပြီးတော့ ကိုယ့်ယဉ် ကျေးမှုတွေကို လာဖော်နေကြရတယ်လို့ တွေးမိတယ်။ ဒါကြောင့် ဒုတိယအိမ်၊ Second Home Land လို ဖြစ်နေတယ်ဗျ။ အဲဒါတွေက အိမ်နီးနားချင်းနိုင်ငံတွေအတွက် ရေရှည်မှာ မခံနိုင်ဘူးဗျ အဲဒါကြောင့်ပါ။ ဒါကြောင့် ကျွန်တော်တို့တိုင်းပြည်ကို ဝိုင်းစဉ်းစားပေးဖို့ သူတို့မှာ လိုလာတယ်။ သူတို့စဉ်းစားချက်ကို သူတို့က ကြားဝင်ပေးတဲ့ဟာကို ကိုယ့်အချင်းချင်း ဆွေးနွေးပြီးတော့ တကယ်အ လုပ်ဖြစ်တယ်ဆိုရင် တော့၊ တကယ်အလုပ်ဖြစ်ပြီး အကောင်အထည်ဖော်ပြီဆိုရင်တော့ အိမ်နီးနားချင်း မလိုတော့ပါဘူး။ ကျွန်တော်တို့ရဲ့ ပြည်တွင်းပိုင်ပေါ့၊ အမျိုးသားပိုင် စီမံချက်အနေနဲ့လုပ်ပေါ့။ အဲဒီစီမံချက်သဘောတူညီ ချက်မထွက်ခင်ကတော့ ညှိနှိုင်းတာတွေ အခြေပြုတာအပြင်မှာ လုပ်ရင်ပိုကောင်းပါတယ်။
TREND ။ ။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ လာအိုနိုင်ငံမှာပြုလုပ်တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးကနေ နည်းလမ်းတွေ ရှာဖွေနေတယ်ဆိုပြီး သတင်းတွေအရ သိရပါတယ်။ ပြီးတော့ အဲဒီမှာ ထိုင်းနိုင်ငံက နိုင်ငံရေးအရ အဖြေရှာဖို့ နည်းလမ်းသစ်တစ်ခုကို အဆိုပြုခဲ့ကြောင်း သိရပါတယ်။ ဒီအပေါ်အမြင်လေးသိပါရစေ။
KOK ။ ။ အဲဒါကြောင့် ထိုင်းကပဲ အလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ လာအိုကတော့ အာဆီယံဥက္ကဋ္ဌ သက်တမ်းရနေလို့သာ သူတာဝန်ရှိတဲ့အလျောက် သူစုပေးတာပေါ့။ ဒါပေမဲ့ သူကိုယ်တိုင်က နိုင်ငံငယ်တယ်။ နောက်အသုံးစရိတ်နည်းတယ်။ ဒါကြောင့် သူခြေနိုင်၊ လက်နိုင်မရှိတဲ့အပေါ်မှာ ထိုင်းက ကြားဝင်ပြီးတော့ ဖြေရှင်းပေးဖို့ စုစည်းပေးမယ်ဆိုတဲ့ အဆိုပြုချက်က အားလုံးလက်ခံလိုက်တာ အဲဒါကြောင့်လို့ တွက်ပါတယ်။
TREND ။ ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး ဘာတွေကို သင်ခန်းစာယူပြီး လုပ်ဆောင့်သင့်လဲ ဖြည့်စွက်ပြောကြားပေးပါဦး။
KOK ။ ။ အဲဒါက တော်တော်ကြီးမားတဲ့ ပြဿနာပါ။ အဲဒီလို ဘာပဲချုပ်ငြိမ်း ချုပ်ငြိမ်းပေါ့ဗျာ။ တစ်ခုခု ပြီးဆုံးဖို့ဆိုရင်တော့ ဆွေးနွေးမှရမှာပါ။ဆွေး နွေးပွဲတွေကပဲ လက်နက်ကိုင်ပဋိပက္ခ ထာဝရချုပ်ငြိမ်းတာပါ။ တောင်ဗီယက်နမ်၊ မြောက်ဗီယက်နမ်မှာ မြောက်ဗီယက်နမ်ကနိုင်လို့ လက်နက်ကိုင် စစ်ရေးပဋိပက္ခချုပ်ငြိမ်းတာမဟုတ်ဘူး။ ပါရီဆွေးနွေးပွဲမှာ လေးပွင့်ဆိုင်၊ ပါရီငြိမ်းချမ်းရေးသဘောတူစာချုပ်ကြောင့်သာ အားလုံး ဗီယက်နမ် လက်နက်ကိုင်စစ်ရေးပဋိပက္ခက ချုပ်ငြိမ်းသွားတာဗျ။ အဲဒါမျိုးကို ကျွန်တော်တို့က သင်ခန်းယူသင့်တာပေါ့။ ကျွန်တော်တို့ဆီမှာလည်း ချုပ်ငြိမ်းချင်တယ်ဆိုရင် ငြိမ်းချမ်းရေး သဘောတူညီမှုတစ်ခုခုရရှိမှ ချုပ်ငြိမ်းနိုင်မှာ ဖြစ်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
( ညီသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၀) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )