လိုချင်တဲ့ ဖက်ဒရယ်စနစ်ကို လက်နက်နဲ့ ဖြေရှင်းတောင်းဆိုနေလို့မရဘူး ဒီလို‌ဖြေရှင်းနေတာက လူထုတွေဒုက္ခ ရောက်နေတာပဲ အဖက်တင်‌နေပါလိမ့်မယ် KKP ဥက္ကဋ္ဌ နန့်ခင်အေးဦး အားတွေ့ဆုံမေးမြန်းခြင်း

၂၀၂၄ နိုဝင်ဘာ ၁၀

    မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများနှင့် တရုတ်ပြည်ကွန်မြူနစ်ပါတီအကြား ရင်းနှီးဆက်ဆံမှု ခိုင်မာစေရန် ရည်ရွယ်ချက်ဖြင့် တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ စီစဉ်ပေးမှုအရ ကရင်ပြည်သူ့ ပါတီ(KKP)၊ အမျိုးသားဒီမိုကရေစီအင်အားစု (PDF)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီတို့မှာ ပါတီကိုယ်စားလှယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ခုနစ်ရက်တာ လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြသည်။
    အဆိုပါ တရုတ်နိုင်ငံ ခရီးစဉ်တွင် နိုင်ငံရေးပါတီများ၏ အဖွဲ့ခေါင်းဆောင်အနေဖြင့် သွားရောက်လေ့လာခဲ့သော KKP ဥက္ကဋ္ဌ နန့်ခင်အေးဦးအား တရုတ်ပြည်ခရီးစဉ် အတွေ့အကြုံများကို တွေ့ဆုံမေးမြန်းထားပါသည် ... 

TREND    ။    ။ ပြီးခဲ့တဲ့လထဲက တရုတ်ကွန်မြူနစ်ပါတီရဲ့  ဖိတ်ကြားချက်အရ သွားရောက်ခဲ့တဲ့ တရုတ်ခရီးစဉ် အတွေ့အကြုံလေး ပြောပြပါဦး။
NKAO     ။    ။
တရုတ်ခရီးစဉ်ကတော့ ပါတီအနေနဲ့သွားတာ ကျွန်မအနေနဲ့ ဒုတိယအကြိမ်ပါ။ ပထမ အကြိမ်တုန်းက ၂၀၂၃ ခုနှစ်ကပါ။ အဲဒီတုန်းက တိုင်းရင်းသားပါတီတွေချည်းပဲ။ ဒူးလေးပါတီ၊ SNDP နဲ့ PNO ပါတီတွေလည်းပါတယ်။ အဲဒီတစ်ခေါက်တုန်းက တိုင်းရင်းသားနယ်မြေတွေ၊ တိုင်းရင်းသားဒေသတွေမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ဦးစီးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဘာတွေလုပ်နေလဲ ဆိုတာကို လိုက်ပြခဲ့တာ။ တိုင်းရင်းသားတွေအတွက် စာပေယဉ်ကျေးမှုလေးတွေ ထွင်ပေးတယ်။ စာပေမရှိတဲ့ တိုင်းရင်းသားတွေကို စာပေတွေ ထွင်ပေးပြီးတော့ သူတို့တတွေရဲ့ မျက်လုံးတွေထဲမှာ ယဉ်ပါး သွားအောင် အဲဒီဒေသက ရွာတွေတစ်လျှောက်၊ နံရံတွေတစ်လျှောက်မှာ အဲဒီစာတွေ အကုန်လုံးကို လိုက်ကပ်ထားပေးတယ်။ အခုဒီတစ်ခေါက်ခရီးစဉ်ကတော့ တိုင်းရင်းသားပါတီဖြစ်တဲ့ ကရင်ပြည်သူ့ ပါတီပဲပါတယ်။ ကျန်တဲ့ပါတီက PPP ရယ်၊ NDF ရယ်ပေါ့။ ဒီပါတီသုံးခုက အကြီးအကဲတွေ၊ ကိုယ်စား လှယ်တွေပါတယ်။ အောက်တိုဘာ ၂၀ ရက်မှာ စထွက်တယ်။ အောက်တိုဘာ ၂၇ ရက်မှာ ပြန်ရောက် တယ်။ ကူမင်းကတော့ Transit ပေါ့။ကူမင်းပြီးတော့ ချုံချင့်ပေါ့။ ချုံချင့်မှာ နှစ်ရက်ကြာပြီးတော့ ဘေဂျင်းကို သူတို့ Flight နဲ့ တစ်ဆင့်သွားတယ်။ ဘေဂျင်းမှာ သုံးရက်ကြာခဲ့တယ်။ ဘေဂျင်းကနေအပြန် ကျတော့လည်း ကူမင်း၊ ကူမင်းကနေ မြန်မာနိုင်ငံပေါ့။ Flight နဲ့ နှစ်ဆင့်စီးခဲ့ရတယ်။ ဒီတစ်ခေါက်ကို သေချာ ပြင်ဆင်ထားပါတယ်။ ဧည့်ဝတ်ကျေပါတယ်။ ဒီတစ်ခေါက်နဲ့ အရင်သွားခဲ့တဲ့ တစ်ခေါက် ခြားနားချက်က ဘာလဲဆိုရင် အရင်တစ်ခေါက်က တိုင်းရင်းသားနယ်မြေ တွေကို ဦးစားပေးပြခဲ့ပေမယ့် ဒီတစ်ခေါက်ကတော့ မြို့ကြီးပြကြီးတွေပေါ့။ တရုတ်ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ် ချုပ်မှုအောက်မှာရှိတဲ့ ချုံချင်းမြို့ကြီးကို ပြပေးတယ်။ ယန်စီမြစ်ပေါ်မှာရှိတဲ့ ချုံချင်းမြို့ကြီးကို လေ့လာခဲ့ရ တယ်။ ဒီချုံချင်းမြို့ ကြီးဟာဆိုရင် ယန်စီမြစ်ကမ်းမှာရှိ နေပြီးတော့ ကုန်းတွင်းပိုင်းကျတယ်။ ကုန်းတွင်းပိုင်း ကျပေမယ့်လည်း ဒီမြစ်ကြီးကနေပြီးတော့ ဆိပ်ကမ်းမြို့ဖြစ်အောင် သူတို့ ကြိုးစားထားတာ၊ အဲဒါကို သူတို့က ပြချင်တာပေါ့။ အနောက်ဘက်ကိုရထားနဲ့ Dry Port ၊ Web Port ၊ Air Port ဆိုပြီး သုံးမျိုးရှင်းပြတယ်။ ပထမ တစ်ကြိမ်ရောက်တုန်းကလည်း သူတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မျက်ဝါးထင်ထင် တွေ့ခဲ့ရတာပေါ့။ အခု ဒုတိယအကြိမ်မှာ မြို့ကြီးပြကြီးတွေကို ပြတဲ့အခါကျတော့ ဖွံ့ဖြိုးတိုးတက်မှုတွေက ပိုပြီးတော့ အံ့သြဖွယ်ရာတွေ တွေ့ရတယ်။ သူတို့ လုပ်ကိုင်ဆောင်ရွက်နေတာတွေက တံခါးပိတ်စနစ်ကနေ တံခါး ဖွင့်စနစ် လုပ်ပြီးတဲ့နောက်ပိုင်းမှာ တော်တော်ကို ဖွံ့ဖြိုးလာတာ တွေ့ရတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်လာတာ ဘာကြောင့်လဲလို့ လေ့လာကြည့်တယ်။ သူတို့ကိုလည်း မေးမြန်းကြည့်မိတယ်။ သူတို့တော်တော်လေးကို ပေးဆပ်မှုများစွာနဲ့ ကြိုးစားခဲ့ရတာကို တွေ့ရတယ်။ ကိုယ့်တိုင်းပြည်နဲ့ယှဉ်ပြီး ပြန်ပြီးစဉ်း စားမိတဲ့အခါ တော်တော်ကို လုပ်ရမယ်လို့ ထင်တယ်။အခုဆိုရင် ကိုယ့်တိုင်းပြည်က အများကြီး နောက်ကျနေပြီ။ ဒါကြောင့် တော်တော်လုပ်ရမယ်ဆိုတဲ့ အခြေအနေမျိုးကို တွေ့ရတယ်။ တကယ်လို့ အောင်မြင်မှုတွေ ရလာတယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုကို ပြည်သူတွေပဲ ခံစားရမှာပါ။ ဒါကြောင့် ဒါတွေကို ပြည်သူလူ ထုသိအောင်၊ နိုင်ငံရေးပါတီတွေမှာ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ ဒီတစ် ခေါက်ခရီးစဉ်မှာတော့ သူတို့နိုင်ငံရဲ့ မြို့ကြီးပြကြီးတွေရဲ့ ခေတ်မီအောင် သူတို့ ဘယ်လိုလုပ်ထားသလဲဆိုတာကို  ခေါ်ပြတာ ဖြစ်တယ်။ ကျွန်မတို့အနေနဲ့လည်း တော်ဝောာ်အံ့သြမိခဲ့ပါတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း ကိုယ့်တိုင်း ပြည်အတွက်ကို ဘယ်လောက် လိုက်လုပ်နိုင်မလဲဆိုတဲ့အတွေးလည်း ဝင်လာခဲ့မိတယ်။ အခုအချိန်မှာက တိုင်းပြည်မှာက မငြိမ်းချမ်းသေးဘူး၊ အဲဒီအခြေအနေမှာ တိုင်းပြည်ငြိမ်းချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေကို တော်တော်လေးကို ကြိုးပမ်းရဦးမယ်လို့လည်း မြင်မိပါတယ်။

TREND    ။    ။ တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေဘက်က အဓိက ဘယ်အကြောင်းအရာတွေပြောလဲ၊ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးရော ဘာတွေပြောကြလဲ။
NKAO     ။    ။
သူတို့ကတော့ တရုတ်ကွန်မြူနစ် ပါတီရဲ့ နိုင်ငံခြားဝန်ကြီးဌာန ဒုတိယဝန်ကြီးအမျိုး သမီးပေါ့၊ ပထမတစ်ခေါက် တရုတ်ခရီးစဉ်တုန်းကလည်း သူနဲ့တွေ့ခဲ့ရပါတယ်။ သူတို့ဘက်က အဓိက ပြောသွားတာကတော့ ဒီလေ့လာရေးခရီးစဉ် လာရောက်တာတွေက တရုတ်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်စေဖို့ ပိုမို အထောက်အပံ့ပေးနိုင်မယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။ အဲဒါကို အဓိက ထားပုံရပါတယ်။ ဒီလေ့လာရေး ခရီးစဉ် လာရောက်သူတွေကနေတစ်ဆင့် တရုတ်-မြန်မာ ဆက်ဆံရေးတွေ ပိုကောင်းလာဖို့ သူတို့က မျှော်လင့်နေကြပါတယ်။ သူတို့ဘက်က အဓိက တောင်းဆိုတာကလည်း တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက်ကို ဒီလေ့ လာရေး ခရီးစဉ်တွေကနေတစ်ဆင့် ပိုပြီးဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ဖို့ပေါ့။ အဓိကက ကုန်သွယ်ရေးကဏ္ဍကိုလည်း ဆက်ပြီး ဖွံ့ဖြိုးစေချင်တယ်။ ဖွံ့လည်း ဖွံ့ဖြိုးနေတယ်။ ကုန်သွယ်ရေးက   ၃၂ ဒသမ ၆ လောက်အထိ လား မသိဘူး၊ ကိန်းဂဏန်းအတိအကျ မမှတ်မိတော့လို့။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးက မနှစ်ကနဲ့စာရင် ဒီနှစ်က ယွမ်ကို ထရီလီယံနဲ့ချီပြီး တိုးတက်တယ်လို့ မြို့တော်ဝန်ကိုယ်တိုင်ပြောခဲ့တာ။ မြန်မာပြည်ရဲ့ ပို့ကုန်တွေ သို လှောင်ထားတဲ့ နေရာတွေကိုလည်း လိုက်လံပြသပေးပါတယ်။ သူတို့က Dry Port ကိုလည်း ရန်ကုန်အထိ ကုန်းလမ်းက လာဖို့၊ နောက် ယိုးဒယားဘက်သွားမယ်၊ လာအိုတို့၊ အနောက်ဘက် ဗီယက်နမ်တို့၊ ဂျာမနီတို့ ကုန်သွယ်ရေး သွားဖို့ကိစ္စ၊ အင်္ဂလန်အထိလည်း ကုန်သွယ်ရေးလမ်းကြောင်း ဖောက်ထားတယ်။ အဲဒီလမ်း ကြောင်းတွေကို ရှင်းပြတယ်။ နောက်ပြီး လျှပ်စစ်(EV)မှာလည်း ဂျာမနီပညာရှင်တွေ ခေါ်ထားတယ်။ သူတို့ရဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ BRI - Belt and Road Initiative လို့ခေါ်တဲ့ ပိုးလမ်းမစီမံ ကိန်းအကြောင်းလည်း ရှင်းပြတယ်။
အဓိကကဝောာ့ စီးပွားရေးအရ မြန်မာပြည်နဲ့ ပိုပြီးတိုးတက်ချင်ကြောင်း ပြောပါတယ်။ ကျွန်မတို့ဘက်ကလည်း ပြန်ဆွေးနွေးကြပါတယ်။ လယ်ယာသုံးပစ္စည်းတွေ မြန်မာပြည်ကို ပို့ကုန်အနေနဲ့ တင်သွင်းတဲ့အခါ သူတို့ဘက်က အရည်အသွေး‌ကောင်းကောင်းတွေ ပစ္စည်းတွေ လုပ်ပေးဖို့ပေါ့။ ပြီးတော့ တရုတ် NGO တွေနဲ့ တရုတ်အစိုးရက အစိုးရအချင်းချင်း G to G လုပ်နေတာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေက လူထုကြားထဲမှာ သိပ်မပျံ့ဘူး။ အထူးသဖြင့် မြန်မာပြည်ရဲ့ NGO လောကထဲမှာ တရုတ် NGO တွေ မထိုးဖောက်နိုင်သေးဘူး။ တရုတ် NGO တွေနဲ့ မထိုးဖောက်နိုင်သေးတာ၊ လူထုမသိသေး တာကို သိအောင် သူတို့လုပ်ချင်တယ်လို့ ပြောတယ်။ ကျွန်မကတော့ အခု ဒီခရီးစဉ်အတွက် ကျေးဇူးတင်ကြောင်းနဲ့ မြန်မာပြည်တည်ငြိမ်အေးချမ်းဖို့ အမြဲတမ်းလိုလားပြီး ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင် ကြောင်း ပြောခဲ့ပါတယ်။ မြန်မာပြည်ကလည်း သူတို့ရဲ့ One China Police ကို ထောက်ခံပေးခဲ့တယ်။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူကြီးငါးချက်ကိုလည်း အတူတူချမှတ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဦးနုလက်ထက်ကတည်းက ဆွေးမျိုးပေါက်ဖော် ဆက်ဆံရေး ကောင်းမွန်ခဲ့တယ်။ ဒါကြောင့် ရှေ့ဆက်ပြီးလည်း ဒီ့ထက်ပိုပြီး ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်ဖို့ ကြိုးစားသွားရ မယ့်အကြောင်း ပြောခဲ့ပါတယ်။ မြန်မာပြည်အေးချမ်း တည်ငြိမ်ရေးအတွက် ဆက်ပြီးတော့ ကူညီပေးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ မြန်မာပြည်ငြိမ်းချမ်းဖို့ သူတို့တတ်နိုင်သလောက် ကူညီပါတယ်လို့ တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြောသွားတယ်။ ဒါပေမဲ့ မြန်မာပြည်က ကိုယ့်အရေးကိစ္စ ဖြစ်တဲ့အတွက် ကိုယ်တိုင်လည်း ကြိုးစားပါပေါ့။ အဲဒီလို ပြောသွားပါတယ်။

TREND    ။    ။ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေ နဲ့ပတ်သက်ပြီး တရုတ်ပြည်ကွန်မြူနစ် ပါတီဘက်က ဘယ်လိုမြင်ကြလဲ။
NKAO     ။    ။
မြန်မာနိုင်ငံက နိုင်ငံရေးပါတီအပေါ်သူတို့ရဲ့ သဘောထားနဲ့ပတ်သက်ပြီး ပြော တာတော့မရှိဘူး။ ဒါပေမဲ့ သူတို့လုပ်နေတာက တရုတ်ပြည်ကွန် မြူနစ်ပါတီကြီးအောက်မှာ ပါတီငယ်လေးတွေရှိတယ်။ ပါတီငယ်တွေမှာလည်း ကျွန်မတို့နိုင်ငံနဲ့ မတူတဲ့အချက်က ပါတီ‌တွေမှာ ဝန်ထမ်း တွေပါတယ်။ နောက်စက်မှုလက်မှုပညာရှင်တွေ၊ ကျန်းမာရေးဆရာဝန်တွေက တစ်ဖွဲ့၊ အလုပ်သမား၊ လယ်သမားတွေက တစ်ဖွဲ့ရှိတယ်။ အဲဒီလိုအဖွဲ့အဖွဲ့တွေက တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့ Alliance ပဲ။ Alliance တွေ ဖြစ်ပြီးတော့ အကုန်လုံးက ဗဟိုကော်မတီမှာ ပါဝင်တဲ့ တိုင်းရင်းသားပါတီတွေပေါ့။ အဲဒီပါတီ‌ တွေထဲက ဗဟိုကော်မတီမှာ ရွေးတာ။ PR လို စနစ်မျိုးပေါ့။ အဲဒီလို အရွေးချယ်ခံရတာ။ တော်တဲ့ သူတွေကိုရွေးပြီး ဗဟိုကော်မတီမှာ ထည့်တာပေါ့။ သူတို့ကလည်း မြန်မာပြည်က ပါတီတွေကို အဲဒီလိုပုံစံမျိုး ဖြစ် စေချင်ပုံရတယ်။ ဒါကျွန်မမြင်တာပါ၊ Unity ပေါ့။ စုပေါင်းပြီး ဖြစ်စေချင်တဲ့ သဘောပေါ့။ လက်ရှိအခြေ အနေအရကတော့ ကိုယ့်တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ အတွက် Unity ဖြစ်ကြဖို့တော့ လိုပါတယ်။ Unity ဖြစ်သင့်နေပါပြီ။ ပါတီတွေနဲ့ပတ်သက်ပြီး မြင်တာကတော့ အခုပါတီတွေက ကွဲနေပြီးတော့ Strong မဖြစ်ဘူး။ တကယ်လို့သာ စည်းစည်းရုံးရုံး ဖြစ်နေရင်နားလည်မှုရှိပြီး ကိုယ်ကျိုးတွေ စွန့်ကြမယ်။ အတ္တတွေစွန့်ပြီး ဒီတစ် ခုကောင်းတယ်ဆိုရင် ဝိုင်းထောက်ခံပေးတာမျိုး လုပ်ပေး ကြရမယ်။ အခုအချိန်က ငါ့ပါတီလေး၊ သူ့ပါတီလေး လုပ်နေလို့ မရတော့ပါဘူး။ တိုင်းပြည်ကို ပြန်ပြီးတည် ဆောက်ရမယ့်အချိန် ဖြစ်ပါတယ်။ အဲဒီလို မြင်ပါတယ်။ ပြီးတော့ လက်နက်ကိုင် အဖွဲ့တွေဘက်က လည်း လျှော့ပြီးတော့ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရောက်စေချင်တယ်။ ငြိမ်းချမ်းစွာ ဆွေးနွေးစေချင်ပါပြီ။
 

TREND    ။    ။ ပါတီနိုင်ငံရေး လမ်းကြောင်းအဖြစ် ထူထောင် ရပ်တည်ဆောင်ရွက်နေတဲ့ KKP ပါတီအတွက် လက်ရှိဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲ။
NKAO     ။    ။
အခက်အခဲတွေတော့ ရှိပါတယ်။ တိုင်းရင်းသား ပါတီတစ်ခုဖြစ်တဲ့အတွက် ဧရာ၀တီတိုင်းမှာ အခြေခံထားတာပေါ့။ ကျွန်မတို့ ပါတီဝင်‌တွေကလည်း အများစုက တောင်သူလယ်သမားတွေ များကြတာပေါ့။ ရိုးသားတဲ့ တောင်သူလယ်သမားတွေ ဖြစ်တယ်။ အများအားဖြင့်ကလည်း ပိုက်ဆံမရှိကြဘူး။ ပါတီမှာက ဘဏ္ဍာရေးအားဖြင့် တောင့်တင်းမှုမရှိဘူးလို့ ပြောရမှာပါ။ ဘဏ္ဍာရေးမှာ အခက်အခဲရှိတယ်။ နောက်တစ်ချက်က ပါတီတည်ထောင်တဲ့အခါမှာ ပါတီဝင်အင်အား စုဆောင်းတာကလည်း ရဖို့အင်မတန် ခက်ခဲခဲ့ပါတယ်။ အထူးသဖြင့် ကြောက်ကြတယ်ပေါ့။ အခုလို မတည်ငြိမ် တဲ့အခြေအနေမှာ ကြောက်ရွံ့မှုတွေရှိနေတာကြောင့် ပါတီဝင်ဖို့ ကြောက်ကြတာကြောင့် ပါတီဝင်အင်အားလည်း နည်းပါတယ်။ အဲဒီတော့ ပါတီဝင်အင်အားလည်း ၁၀၀၀ ကျော်ကျော်လောက်ပဲ ရခဲ့တယ်။ နဂိုတုန်းက ကျွန်မတို့ပါတီက တိုင်းနဲ့ပြည်နယ် ငါးခုမှာ ထူထောင်နိုင်ခဲ့တယ်။ ပါတီဝင် အင်အားလည်း တစ်သိန်းကျော် ရှိခဲ့တယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြန်လည် တည်ဆောက်ရတဲ့ အခါကျတော့ ကြောက်ရွံ့မှုတွေနဲ့ ပါ တီထဲကို မဝင်ရဲကြဘူး။ နောက် ငွေကြေးအခက်အခဲရှိတာ ကြောင့် မဝင်ကြတာတွေလည်း ရှိတယ်။ ဒါကြောင့် ကရင်အများစုရှိတဲ့ ဧရာဝတီတိုင်းမှာ ပြန်ပြီးတော့ ပါတီကို တည်ထောင်ခဲ့ရတာ။ အဓိကçကတော့ သူတို့ ကြောက်ရွံ့မှုပါပဲ။ စိတ်ဓာတ်တွေတော့ ရှိကြပါတယ်။ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေလို့သာ ပါတီထဲ မဝင်ရဲကြတာပါ။ ကျွန်မတို့ ကရင်တိုင်းရင်းသား‌တွေမှာ လည်း ကိုယ့်တိုင်းရင်းသားတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရတာတစ်ခု၊ ကိုယ့်တိုင်းပြည် ဖွံ့တိုးတက်အောင် လုပ်ရတာတစ်ခု နှစ်ခုရှိတယ်။ အဲဒီနှစ်ခုလုံးကို ထမ်းဆောင် ဖို့အတွက် ပါတီတည်ထောင်ထား တာလည်း ဖြစ်တယ်။အခုအချိန်အထိကတော့ ကြိုးစားပြီး လုပ်ကိုင်နေရပါတယ်။ ငွေကြေးအရရော၊ ကျန်တဲ့အခြေအနေတွေအရရော ပါတီအနေနဲ့က အားနည်းပါတယ်။ တိုင်းရင်းသား ပါတီတွေ တော်တော်များများနဲ့ ဆက်ဆံကြည့်ရသလောက်ကလည်း အဲဒီပါတီတွေ တော်တော်များများ ငွေရေး ကြေးရေး၊ ဘဏ္ဍာရေး အားနည်းကြပါတယ်။

TREND    ။    ။ ပါတီရဲ့ ထိတွေ့ဆက်ဆံမှုတွေအရ လူထုရဲ့စိတ်ခံစားမှုတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလေ့လာမိလဲ၊ သူတို့ရဲ့ဆန္ဒတွေက ဘယ်လိုအခြေအနေတွေ လိုလားကြလဲ။
NKAO     ။    ။
တွေ့ရသလောက်ကတော့ ဒီပဋိပက္ခတွေ ဖန်တီးလာလို့၊ ဖြစ်လာလို့ ငါတို့ ဒီလိုဖြစ် ကြရတယ်ဆိုပြီး စစ်ဘေးရှောင်တွေက ပြောကြတယ်။ ဒီကြားထဲ တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုသလို တောကြောင်တွေကလည်း ရှိလာတာကိုး။ ဒီအခြေအနေကြီးကို မြန်မြန် ကျော်လွှားချင်နေကြပြီ။ တော်တော်များများ စကားပြောကြတဲ့အခါ လူထုတွေက ဒီပဋိပက္ခကြီးကို မြန်မြန် ပြီးစေချင်ကြပြီ။ ပါတီတွေရော ဘာလုပ်ကြမလဲဆိုပြီး မေးကြပါတယ်။ အများစုက ဒီအခြေအနေကြီးကို မြန်မြန်ပြီးချင်ကြတော့ အဲဒီလိုတောင် အမေးခံရပါတယ်။ မြန်မြန်ပြီးအောင် တစ်ခုခုတော့ လုပ်စေချင်ပြီပေါ့။ ဒီလို အမေးခံရတော့ ကျွန်မတို့ကလည်း ရွေးကောက်ပွဲတစ်ခုခုကို အောင်အောင်မြင်မြင် ကျင်းပနိုင်ပြီးတော့ ရွေးကောက်ပွဲတစ်ရပ်ကနေ လွှတ်တော်တစ်ရပ်၊ အစိုးရပ်သစ်တစ်ရပ် ပေါ်လာပြီဆိုရင် တစ်ခုခုအဖြေ ပေါ်လာမှာပါလို့ ပြောပြပါတယ်။ ဒါကြောင့် တိုင်းပြည် တည်ငြိမ်ဖို့ ရွေးကောက်ပွဲ ဖြစ်စေချင်သလို အောင်အောင်မြင်မြင်ဖြစ်အောင် ကျင်းပနိုင်တဲ့ အခြေအနေတွေလည်း ဖြစ်ဖို့လိုပါတယ်။ အဓိကကတော့ ရွေး‌ကောက်ပွဲ ဖြစ်စေချင်တာက အဖြေတစ်ခုခုထွက်ဖို့ပါ။

TREND    ။    ။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခအခြေအနေတွေ ပြေလည်ငြိမ်းချမ်းဖို့ ဘယ်လိုနည်း လမ်းတွေနဲ့ ဖြေရှင်းသင့်ပြီလို့ မြင်လဲ။
NKAO     ။    ။
တစ်ခုခုတော့ ပြတ်ပြတ်သားသား လုပ်သင့်ပြီလို့ မြင်ပါတယ်။ တခြားနိုင်ငံတွေကို လေ့လာကြည့်တဲ့အခါမှာ ပြဿနာအရေးကိစ္စတွေကို ပြတ်ပြတ်သားသားလုပ်မှပဲ အခြေအနေတစ်ခုကို ရောက် ရှိသွားတယ်လို့ မြင်တယ်။ အခု တိုင်းပြည်မငြိမ်းချမ်းတာဟာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ တော်တော်ခက်ခဲပါတယ်။ အခု ဒီနိုင်ငံရေးပြဿနာကြီးက ကြာလေလေ ပြည်သူတွေ ထိခိုက်နစ်နာ လေပါပဲ။ အခုဆိုရင် နိုင်ငံရေး ပါတီတွေအနေနဲ့ ရွေးကောက်ပွဲဝင်ဆို ကိစ္စဖြစ်လာတော့မယ်။ အခြေ အနေမတည်ငြိမ်တော့ ကြောက်တဲ့သူက ကြောက်နေကြတာမျိုးတွေလည်း ရှိနေနိုင်တယ်။ဆို တော့ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့အတွက် တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးဖြစ်ဖို့ လိုပါတယ်။ နဂိုကတည်းက ငြိမ်းချမ်းရေးကိုပဲ လက်ကိုင်ပြုခဲ့တာမို့ တိုင်းပြည်အမြန်ဆုံး ငြိမ်းချမ်းချင်ပါတယ်။ ငြိမ်းချမ်းဖို့ဆိုတဲ့ နေရာမှာလည်း ငြိမ်းချမ်းအောင်ဘယ်လို လုပ်မလဲဆိုတဲ့ အချက်က အရေးကြီးပါတယ်။ ငြိမ်းချမ်းအောင် လုပ်တဲ့အခါမှာ Truth ဆိုတာ ပါလာတယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ယုံကြည်မှုပေါ့။ စားပွဲဝိုင်းမှာ စကားပြောကြမယ်လို့ ကမ်းလှမ်းလာရင် အဲဒီဖိတ်‌ခေါ်ကမ်းလှမ်းချက်ကို ဖော်ဆောင်နိုင်မယ့် အကူအညီတွေ လိုလာပြီလို့ ထင်တယ်။ အခုဆိုရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး စကား ပြောပြီ‌ဆိုရင် မကြိုက်တဲ့သူက များနေတယ်။ အဲဒီလို အခြေအနေဆိုတော့ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ် ရောက်လာအောင်၊ ကိုယ့်ဘက်ကို ပါလာအောင် ကြားခံလူလိုမယ်လို့မြင်တယ်။ ကြားခံဆိုတာက အခုဖြစ်နေတဲ့ ပဋိပက္ခတွေအားလုံးနဲ့ ညှိနှိုင်းနိုင်မယ့်သူ‌ပေါ့။ ဒီငြိမ်းချမ်းရေးကို စကားပြောနိုင်မယ့်သူပေါ့။ အခုဆိုရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ အစိုးရက ဖိတ်ခေါ်ကမ်းလှမ်း ထားတယ်။ ဒီလို ဖိတ်ခေါ်ကမ်းလှမ်းတာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီဖိတ်ခေါ်ကမ်းလှမ်းတာကို အကောင်အထည်ဖော်မယ့် လူလိုတယ်လို့ မြင်ပါတယ်။ နှစ်ဖက်အပြန်အလှန် ယုံကြည်မှုရှိရတဲ့ သူပေါ့။ 

TREND    ။    ။ နိုင်ငံရေးလမ်းကြောင်းကနေ ဖြေရှင်းကြဖို့ အစိုးရက ဖိတ်ခေါ်ထားတယ်။ လက်နက်ကိုင်ပဋိပက္ခ အမြန်ချုပ်ငြိမ်းဖို့ တိုင်းရင်းသားနက်ကိုင် အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။
NKAO     ။    ။
အရေးကြီးတာကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့‌တွေဘက်ကလည်း ဖက်ဒရယ် ပြည်‌ထောင်စုပဲဖြစ်ဖြစ်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်‌ထောင်စုစနစ်ပဲဖြစ်ဖြစ် လိုချင်တဲ့အချက်အလက်တွေကို စားပွဲဝိုင်းမှာ အကျေအလည် တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ တောင်းသင့်တယ်လို့ မြင်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်နဲ့ ငြိမ်းချမ်းရေးမရနိုင်သလို လက်ရှိပြဿနာတွေကို လည်း လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းလို့မရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း တစ်ခုနဲ့တစ်ခု ရပ်တည်ချက်တွေက မတူညီကြဘူး။ လက်နက်ကိုင်အချင်းချင်းလည်း ရန်ဖြစ်ကြဦးမယ်။ ပြီးတော့ လိုချင်တဲ့ ဖက်ဒရယ်စနစ်ကို လက်နက်နဲ့ဖြေရှင်းတောင်းဆိုနေလို့ မရဘူး။ ဒီလို‌ဖြေရှင်းနေတာက လူထုတွေ ဒုက္ခရောက်နေတာပဲ အဖတ်တင်‌နေပါလိမ့် မယ်။ တိုင်းပြည် ဒုကက္ခရောက်တာပဲ အဖတ်တင်တယ်။ အဲဒါကြောင့်မို့လို့ လက်နက်ကိုင် ဖြေရှင်းနည်းနဲ့ မသွားဘဲ စားပွဲဝိုင်းမှာ ဆွေးနွေးခြင်းအားဖြင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး အဖြေရှာသင့်ပါပြီ။ အခုဖြစ်ပေါ်နေတဲ့ တိုင်းပြည်မတည်ငြိမ်၊ မအေးချမ်းမှုတွေကို အဆုံးသတ် နိုင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်း တွေအနေနဲ့ စားပွဲဝိုင်းမှာ လိုချင်တဲ့ အချက်အလက်‌တွေကို ဆွေးနွေးအဖြေရှာ သင့်ပါပြီလို့ပဲ ပြောလိုပါတယ်။

TREND    ။    ။ ပြည်သူလူထုက ဒီအခြေအနေကြီးကို အမြန်ဆုံးအဆုံးသတ်စေချင်ကြတာမို့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဖြည့်စွက်ပြောပါဦး။
NKAO    ။    ။
ကျွန်မတို့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေး ရဖို့အတွက်ကတော့ တိုင်းသူပြည်သားတွေ အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း အားလုံးစုစုစည်းစည်းနဲ့ စုပေါင်းပြီးလုပ်ဆောင်ကြဖို့ အထူးလိုအပ်နေပါပြီ။ ဒီအခြေအနေကြီးကို ကျော်လွှားဖို့အတွက်ကလည်း ပြည်တွင်းမှာ စည်းလုံးညီညွတ်မှု စုစည်းအားတွေနဲ့သာ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။  တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေး၊ တိုင်းပြည်တည်ဆောက်ရေး အားလုံးစုပေါင်းပြီး ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုပါပြီလို့ပဲ ဖြည့်စွက်ပြောကြားလိုပါတယ်။
TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၂ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 53

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

31236

© 2022 - 2024 News. All Rights Reserved.