၂၀၂၄ ဧပြီ ၁၅
သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကြီးကို ၁၉၈၄ ခုနှစ်တွင် မန္တလေးမြို့ကြီး၌ မြန်မာ့ယဉ်ကျေးမှုများကို အခြေခံ၍ ရိုက်ကူးခဲ့သည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးတွင် မြို့မတေးဂီတနှင့် ငွေငန်းဖြူကြီးမှာလည်း သင်္ကြန်မိုး ရုပ်ရှင်ကားကြီးတွင် ပါဝင်ခဲ့ကာ ရုပ်ရှင်ကားကြီး၏ ထူးခြားချက်တစ်ခုမှာ သီချင်း ၁၈ ပုဒ် ပါဝင်ရိုက်ကူးခဲ့ခြင်းလည်း ဖြစ်သည်။ သင်္ကြန်ကာလ ရောက်ရှိလာသည်နှင့်အမျှ ပရိသတ်များအနေဖြင့် သကြန်မိုး ရုပ်ရှင်ဇာတ်ကားကြီးကို အမှတ်တရ ရှိနေကြသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ်ဆောင်များအနေဖြင့် အကယ်ဒမီ နေအောင်၊ အကယ်ဒမီဇင်ဝိုင်း၊ အကယ်ဒမီ ဇော်ဝမ်း၊ အကယ်ဒမီခင်သန်းနု၊ အကယ်ဒမီမေသန်းနု၊ သီတာသိမ့်၊ မေရွက်ဝါ စသည်တို့မှ သရုပ်ဆောင်ထားပြီး ဒါရိုက်တာ မောင်တင်ဦး(ပါပါကြီး)မှ ရိုက်ကူးထား ခြင်းဖြစ်သည်။ ထို့ကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွင် ကာရိုက်တာနှင့် လိုက်ဖက်ညီအောင် သရုပ်ဆောင်နိုင်ခဲ့သည့် အကယ်ဒမီ နေအောင်အား သင်္ကြန်မိုးနှင့်ပတ်သက်၍ အမှတ်တရအချို့အား မေးမြန်းထားပါသည်။
TREND ။ ။ သင်္ကြန်ကာလ ရောက်ပြီဆိုတာနဲ့ သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားကြီးကို ပြန်ပြီး သတိရ ကြတယ်။ ဒီအပေါ်မှာ အမှတ်တရ စကားလေး ပြောကြားပေးပါဦး။
UNA ။ ။ အမှတ်တရစကားက ကျွန်တော်မှ မဟုတ်ဘူးလေ၊ သင်္ကြန်မိုးကတော့ လူတိုင်းကြိုက် ကြတာပဲ။ ဒါက မြန်မာ့ရုပ်ရှင် Masterpiece အနေနဲ့။ ကျွန်တော်ပါလို့ မဟုတ်ဘူးလေ ဘယ်မင်းသားပဲဖြစ်ဖြစ် ပါရင်ဖြစ်နေမှာပဲ။ ဒါကတော့ ကျွန်တော့်ဆရာ ဦးတင်ဦးရဲ့ လက်ရာပါ။ အဲ့ဒါကြောင့် Masterpiece Copy ပေါ့။ အဲ့ဒါကြောင့် သူက တောက်လျှောက်ပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေ ပါတယ်။ သီချင်းပဲ ၁၈ ပုဒ် ပါတယ်။ သီချင်း ၁၈ ပုဒ်ကိုပဲ အရင် ရိုက်ကြည့်လိုက်လေ၊ ဘယ်လောက် ကြာမလဲဆိုတာ။ နောက် Two Generation ပေါ့။။ ကျွန်တော်ငယ်၊ ကျွန်တော် ကြီး။ ကျွန်တော့်သား အဲဒီလိုမျိုးလေး လုပ်ထားတယ်။ ဒါတွေက အမှတ်တရပေါ့ဗျာ။ သင်္ကြန်မိုးလို ကားမျိုးက လည်း ဒါကျွန်တော် အသက်ရှင်နေတုန်းပြောတာပါ။ သေသွားရင်တော့ မသိဘူးပေါ့ဗျာ။ တူအောင် ရိုက်လို့မရပါဘူး။ ရိုက်ကြမှာပါ၊ ရိုက်ကြတာပဲလေ သင်္ကြန်ကားတွေ။ အဲဒီလိုနှလုံးသားထဲမှာ စွဲကျန်ရစ်ပါ့မလား။
TREND ။ ။ သင်္ကြန်မိုးမှာဆိုရင် အန်ကယ်သရုပ်ဆောင်တဲ့ ကိုငြိမ်းမောင်ဆိုတဲ့ ကာရိုက်တာလေးက အမှတ်ရစေခဲ့တယ်။ ကိုငြိမ်းမောင်နဲ့ပတ်သက်ပြီး ပြောပေးပါဦး။
UNA ။ ။ ကိုငြိမ်းမောင်ကို အမှတ်ရစေတာ ကျေးဇူးပါ။ အမှတ်တရအနေနဲ့ကတော့ ပါပါကြီးလို ဆရာမျိုးတော့ ကျွန်တော့်မှာ မရှိဘူး။ ကျွန်တော့်မှာ ဆရာဆိုလို့ ဦးတင်ဦးနဲ့ ကျန်တဲ့ မြင်ဆရာတွေ အများကြီးပဲ။ ဆရာ ဦးဝင်းဖေကိုလည်း ကျွန်တော် ကြိုက်တယ်။ ဒါရိုက်တာ ဦးဝင်းဖေပါ။ သူကလည်း ကျွန်တော့်ကို ပန်းသီတဲ့ကြိုးနဲ့ အကယ်ဒမီပေးခဲ့တာ။ ဆရာဦးဝင်းဖေရဲ့ ကျေးဇူးလည်း ကျွန်တော် မမေ့ဘူး။ ပါပါကြီးကတော့ ကျွန်တော်ရဲ့လက်ဦးဆရာကို၊ လက်ဦးဆရာလည်း ဖြစ်တယ်။ ကျွန်တော့်ကို အကယ်ဒမီများစွာ ယူပေးထားတဲ့အတွက် ဆရာ့ကျေးဇူးကို သေတဲ့အထိ မမေ့တာ။ နောင်ဘ၀ အထိမမေ့ဘူး။ ဆရာ့ကို သင်္ဂြိုဟ်တုန်းကဆိုရင် ကျွန်တော် ဟောင်ကောင်ကနေ ပြန်လာတာ။ ပြန်လာပြီး ကျွန်တော် မန္တလေးကို လေယာဉ်တွေ၊ ဘာတွေ ချိန်းပြီးတော့ ဆရာ့ဓာတ်ပုံကို ရှေ့ဆုံးကနေ ကိုင်ပြီး မီးသင်္ဂြိုဟ်စက်ထဲကို ပို့တယ်။ အားလုံးထွက် သွားပြီ။ ကျွန်တော်တစ်ယောက်တည်း မီးသင်္ဂြိုဟ် စက်ထဲမှာ ငိုပြီး ကျန်ခဲ့တာ။ ငိုတာကလည်း ကြွားတာ မဟုတ်ပါဘူး။ ရင်ထဲမှာ ခံစားရတာလေ။
TREND ။ ။ လူမှုကွန်ရက်တွေမှာ ပြောနေကြတာ သင်္ကြန်မိုးနဲ့ပတ်သက်ပြီး လူမသိသေးတဲ့ အကြောင်းအရာတွေ တချို့ရှိသေးတယ်ဆိုပြီး တက်လာတာတွေ တွေ့ရတယ်။ အဲဒီအပေါ်မှာ၊ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတာလည်း ဖြစ်တဲ့အတွက် ဘာပြောချင်လဲ။
UNA ။ ။ လူမသိသေးတဲ့အကြောင်း ဘာမှ မရှိပါဘူးဗျာ။ သင်္ကြန်မိုးဟာ ဦးခင်မောင်အေးရဲ့ ဟာကို ပြန်ပြီး ဇာတ်လမ်းဖွဲ့ပြီးတော့ မြို့မငြိမ်းကို မှီးတယ်ဆိုတာ။ ဆရာကြီးမြို့မငြိမ်းရဲ့ ဇာတ်လမ်း မဟုတ်ဘူး။ ဆရာကြီး မြို့မငြိမ်းကို မှီးရတယ်ဆိုတာ။ ဆရာကြီး မြို့မငြိမ်း ဘယ်လိုနေသလဲ။ မြို့မငြိမ်း နေရာမှာ မင်းနေရာပါရမယ်လို့ ပြောတဲ့အတွက် ဆရာကြီးမြို့မငြိမ်းရဲ့ ဓာတ်ပုံလေးတွေ ပြန်ကြည့်၊ ဆရာကြီးရဲ့ ဇနီးတို့နဲ့တွေ့ပြီးတော့ အဲဒီမှာ ကျွန်တော်က သူတို့နဲ့နေကြည့်တော့မှ ဓာတ်ပုံတွေ၊ ဘာတွေမြင်တွေ့တော့မှ ဆရာကြီးမြို့မငြိမ်းက ပိန်ပိန်ပါးလေးဆိုတော့ အဲဒီတုန်းက ကျွန်တော်ကလည်း ငယ်သေးတယ်လေ။ ကျွန်တော့်မှာ တင်းတိပ်တွေလည်း မိတ်ကပ်တွေနဲ့ လုပ်ရတယ်။ ဆရာကြီး မြို့မငြိမ်းရဲ့ အနေအထိုင်၊ အစားအသောက်တွေကို မမကြီးကိုပဲ မေးရတယ်။ ကျွန်တော်က ဆရာကြီး မြို့မငြိမ်းကို မမီတာလေ။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တငါးပါး ဂုဏ်ကျေးဇူးနဲ့ ကျွန်တော့်ကို စောင့်ရှောက်တဲ့ ကိုယ်စောင့်နတ်တွေရဲ့ ဂုဏ်ကျေးဇူးနဲ့ ကျွန်တော် (၁၂) နှစ်သားက တည်းက ဘုရား၊ တရားလုပ်လာတာ။ အခု (၇၄)ရှိနေပြီ တစ်ရက်မှ အပျက်မခံဘူး။ ထမင်းအငတ်ခံမယ်။ ရိုက်ကွင်းမှာလည်း အပျက်မခံဘူး။ သူများရိုက်ရင် ရိုက်မယ်။ ထမင်းမစားဘူး။ ထမင်းမဆာလို့ဆိုပြီး ရိုက်တာ။ သူတို့ ရိုက်မယ်ဆိုလည်း မင်းသား ထမင်းစားနေတယ်စောင့်ပေါ့။ ဒါပေမဲ့ မကောင်းဘူး။ ကြာရင်ပြောတော့မှာလေ။ ကိုယ့်ဝမ်းကိုတော့ ကိုယ်ပြည့်အောင် ဖြည့်တယ်။ အဲ့ဒီဝမ်းနဲ့ သစ္စာဆိုတဲ့အတွက် အမြဲတမ်း အောင်မြင်တယ်။ ကျွန်တော်မလုပ်နိုင်တာ မရှိဘူး။ လုပ်နိုင်တယ်။ မလုပ်သေး တာဘဲဖြစ်ရမယ်။ အဲဒါပါပဲ။ ကျွန်တော်အရမ်းကို အနုပညာနဲ့ ပတ်သက်ပြီး ရူးသွပ်တယ်၊ ဝါသနာပါတယ်။ ငယ်ငယ်က အင်္ဂလိပ်ကားတွေ ကြည့်တယ်။ ဒယ်ဒီက ဘေးကနေ ပြောပြတယ်။ ဒယ်ဒီဆုံးသွားတော့လည်း ဆက်ကြည့်တယ်။ ဒါပေမဲ့ မိန်းမရပြီးမှ မိန်းမကလုပ်ခိုင်းတာ မင်းသားသွားလုပ် ကိုကိုတဲ့။ အဲဒီချိန်တုန်း က ဦးကျော်နဲ့ ဦးညွန့်ဝင်းပဲရှိတာ။ သူတို့ထက် ကိုကိုက မိုက်တယ်ပြောလို့ သူပြောလို့ ကျွန်တော်က သွားလုပ်တာလေ။ သွားလုပ်တော့ တစ်ကားတည်းနဲ့ ရွေးပြီးတော့ မြန်မာတစ်ပြည်လုံး လူဦးရေ သုံးထောင်နဲ့ ခုနစ်ရာ့ငါးဆယ် လူရွေးတာ။ ပါရမီလမ်းထောင့်မှာရှိတဲ့ စတူဒီယိုမှာ ရွေးတာ။ နာမည်တော့ မေ့သွားပြီ။ အဲ့ဒီမှာ ဝင်ရွေးပြီးတော့ တစ်ကားရိုက် တစ်ဆုတန်းရ၊ အဲဒီတုန်းက ကျွန်တော် တစ်ယောက်ပဲရှိတယ်။ One and only Artists and Myanmar ကျွန်တော်တစ်ယောက်ပဲရှိပါတယ်။ အခု နောက်ပိုင်းမှာတော့ ပေါ်လာတာပါ။ အဲဒီတုန်းက ကျွန်တော်တစ်ယောက်ပဲရှိပါတယ်။ ဒါက ကြွား တာမဟုတ်ပါဘူး၊ ဂုဏ်ယူတာပါ။
TREND ။ ။ အခုနောက်ပိုင်း မျိုးဆက်သစ် သရုပ်ဆောင်တွေအတွက် စကားလက်ဆောင်လေး ပြောကြားပေးပါဦး။
UNA ။ ။ အခုလက်ရှိ MRTV-4 က သရုပ် ဆောင်သစ်လေးတွေ ယောက်ျား၊ မိန်းမ၊ မင်းသား၊ မင်းသမီး အသစ်လေးတွေ လုံးဝလုံး၀ ကျွန်တော်သဘောကျတယ်။ သိပ်တော်တယ်။ သိပ်ကြိုးစားကြတယ်။ သူတို့ လေးတွေနဲ့လည်း ကျွန်တော်တွေ့ချင်သေးတယ်။ ပညာပေးဖို့ မဟုတ်ဘူးနော်။ သူတို့ ဆီကတောင် ကျွန်တော် ပြန်ယူရဦးမယ်။ တော်တဲ့ကလေးတွေပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဂါရဝေါစ နိဝါတောစ အဲ့ဒါလေးတွေက အရေးကြီးပါတယ်။ ကျန်တာတော့ ဘာမှမပြောလိုပါဘူး။ အရမ်းကောင်းတယ်။ သိပ်တော်တယ်။ ဆရာကြီး ဦးဝင်းမော်ကလည်း ရွေးတဲ့နေရာမှာ သိပ်တော်ပါတယ်ဗျာ။
TREND ။ ။ ကျေးဇူးတင်ပါတယ်။
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၃) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )