7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ၊ မွန်ပြည်သစ်ပါတီ (NMSP)၏ ဗဟိုကော်မတီဝင် နိုင်အောင်မငေးနှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၄၊ မတ် ၃၀

လောလောဆယ်မှာတော့ တင်းနေတဲ့ နှစ်ဖက်လုံးကို လျှော့ဖို့ပြောရတာ နည်းနည်းခက်မယ်။ ဒါပေမဲ့ Alliance အနေနဲ့ ကြိုးစားသွားမှာပါ . . . 

    NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့ရဲ့ မျက်နှာစုံညီ အစည်းအဝေး (7 NCA-SEAO Summit) ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မတ်လ ၁၇ ရက်မှ ၁၈ ရက်အထိ နှစ်ရက်တာ ကျင်းပခဲ့ပြီးနောက် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ 7 EAO Alliance  ဦးဆောင်အဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ EAO ခုနစ်ဖွဲ့ရဲ့ မျက်နှာစုံညီ အစည်းအဝေးကျင်းပမှုနဲ့ အခုအသစ်ဖွဲ့စည်းလိုက်တဲ့ 7 EAO Alliance ရဲ့ ဆက်လက်ဆောင်ရွက်မယ့် ရည်မှန်းချက် လုပ်ငန်းစဉ် များနဲ့ပတ်သက်ပြီး 7 EAO Alliance ရဲ့ ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ်၊ မွန်ပြည်သစ်ပါတီ (NMSP)ရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်သူ နိုင်အောင်မငေးကို ဆက်သွယ်မေးမြန်း ထားပါတယ်။
    7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ၊ မွန် ပြည်သစ်ပါတီ (NMSP)၏ ဗဟိုကော်မတီဝင် နိုင်အောင်မငေးနှင့် ဆက်သွယ်မေးမြန်းခြင်း

TREND ။        ။ NCA ရေးထိုးထားတဲ့ EAO ခုနစ် ဖွဲ့ရဲ့ မျက်နှာစုံညီ အစည်းအဝေး နှစ်ရက်တာ ကျင်းပခဲ့မှုနဲ့ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်တဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့ ဖွဲ့စည်းခဲ့စည်းခဲ့ဖြစ်ပုံတွေကို ပြောပြပါဦး။
NAMN။        ။
ကျွန်တော်တို့ ချင်းမိုင်မှာ ၁၇၊ ၁၈ လုပ်ခဲ့တဲ့ပွဲမှာကတော့ 7 NCA-S EAO Summit လုပ်တာပေါ့။ အဲဒီ Summit ကနေ  EAO Alliance ဆိုပြီး အသစ်စုဖွဲ့လိုက်တယ်။ ဒီစုဖွဲ့မှုမှာဆိုရင် အရင်နဲ့မတူတဲ့ ပုံစံတစ်မျိုးပေါ့။ PPST (ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့)ကနေ အခု 7  Alliance ပုံစံပြောင်းလိုက်တာ ပေါ့လေ။ လုပ်ငန်းဆောင်တာတွေကတော့ အရင်က ကိစ္စတွေကိုပဲ အများဆုံးကို အခြေခံထားပါတယ်။ ဖွဲ့စည်းခဲ့တဲ့အခြေအနေက ဒီလိုရှိပါတယ်။ ကျွန်တော်တို့ PPST အနေနဲ့က ၁၀ ဖွဲ့ကနေ စလာတယ်။ ၁၀ ဖွဲ့ကနေ ပြီးတော့ နောက် ခုနစ်ဖွဲ့ဖြစ်သွားတယ်။ ခုနစ်ဖွဲ့ဖြစ်ပြီးတော့ နောက်ငါးဖွဲ့ပဲကျန်တယ်။ အဲဒီလို ပေါ့ တစ်စတစ်စ အင်အားတွေ လျော့နည်းလာတာပေါ့။ NCA အကောင်အထည်ဖော်မှုဆိုင်ရာ အားမလိုအားရမှုဖြစ်မှုတွေရယ်၊ နောက်တစ်ချက်က အခြေအနေ အရပ်ရပ်တွေကြောင့်ရယ်ပေါ့။ သူ့ပြည်နယ်နဲ့ သူ့အဖွဲ့အစည်းပေါ့။ အခြေအနေအကြောင်း အရပ်ရပ်ကြောင့် အခု ငါးဖွဲ့ပဲရှိတယ်ဆိုတော့ အဲဒီငါး ဖွဲ့ကို ဒီလိုငါးဖွဲ့နဲ့ပဲဆက်သွားရင် အဆင်မပြေဘူးပေါ့။ ကျွန်တော်တို့ EAO တွေရဲ့ အားတွေကို ပြည့်ပြည့် ၀၀ အသုံးချလို့ရအောင်ဆိုပြီးတော့ ဒါကို တစ်ဆင့်ခံပြီးတော့ PPST အနေနဲ့ မဟုတ်တော့ဘဲနဲ့ ခုနစ်ဖွဲ့ က Alliance ပုံစံတစ်ခုနဲ့ ဖော်ဆောင်လိုက်တာပေါ့။ ဒါလည်း ကျွန်တော်တို့ ပထမဦးဆုံး NCA ထိုးထား တဲ့အဖွဲ့ကို ကနဦးအခြေခံတာပေါ့။ ဒါကိုလည်း ဆက်လက်ပြီးတော့ ကျွန်တော်တို့ ဆက်သွားမှာပေါ့။ ဆိုတော့ အဓိကကတော့ PPST မှာက လက်ရှိ ငါးဖွဲ့ပဲကျန်တော့တာ။ ငါးဖွဲ့တည်းနဲ့ ဆက်သွားလို့တော့ ဘယ်လို့မှအားမရှိဘူး။ ဒီပြဿနာ ဖြေရှင်းဖို့အတွက်လည်း ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်တဲ့အတွက် ကြောင့် ဒီငါးဖွဲ့ကနေ ခုနစ်ဖွဲ့ ဖြစ်အောင်လုပ်နေတာ။ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ အနေနဲ့လည်း PPST ကနေ ထွက်သွားပြီးတဲ့ အတွက်ကြောင့် PPST အနေနဲ့ဆိုရင် ပါဝင်ဖို့မလွယ်ဘူး။ နိုင်ငံရေးအဝန်းအဝိုင်းထဲမှာ၊ နိုင်ငံရေးဆွေးနွေးပွဲ အဝန်း အဝိုင်းထဲမှာ ဒီ EAO တွေနဲ့ကျတော့ ပါဝင်ဖို့မလွယ်ဘူး။ RCSS ကလည်း ကျွန်တော်တို့လိုပဲ PPST မှာ ဆက်စပ်အဖွဲ့အနေနဲ့တော့ပါတယ်။ ထဲထဲဝင်ဝင်ပါဝင်တာ မဟုတ်တဲ့အတွက်ကြောင့် ဒါကြောင့် PPST ကို နာမည်မခံဘဲနဲ့ Alliance လို့နာမည်ခံမှ RCSS လည်း ပါဝင်လို့ ရမယ်ဆိုတဲ့ သဘောအတွက်ကြောင့် ဒီအသစ်တစ်ဖန် Alliance ပုံစံပြောင်းလဲပြီးတော့ PPST ရဲ့ လုပ်ငန်း တွေ၊ PPST ကို Carry ယူပြီးတော့ ကောင်းတဲ့အချက်တွေကို ဆွဲထုတ်ပြီးတော့ နိုင်ငံရေးတစ်ဆို့မှုကို ရလဒ်အဖြေ ကောင်းရအောင် ဒီ Alliance နဲ့ ဦးဆောင်သွားမယ့်ပုံစံပါ။


TREND ။        ။ အခုဖွဲ့လိုက်တဲ့ အဖွဲ့သစ်ရဲ့ အန္တိမရည်မှန်းချက်မှာက ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်သွားရေးဆိုတဲ့အချက်လည်းပါတော့ ဒီအချက်တွေကို ဘယ်လိုလုပ်ငန်းစဉ်တွေ၊ ဘယ်လိုပုံစံ တွေနဲ့ဆက်ပြီး ဖော်ဆောင်ကြမှာလဲ။
NAMN    ။    ။
ကျွန်တော်တို့ အခုမှန်းထားတာက ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အတွက်မှာဆိုရင် ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အပြည့်အ၀ အာမခံနိုင်တဲ့ ပြည်ထောင်စုကြီးတည်ဆောက်မယ်ပေါ့။ အဲဒီတည်ဆောက်တဲ့ အခါကျရင် အခုလက်ရှိ တစ်ဆို့နေတဲ့ နိုင်ငံရေးအခြေအနေကိုပေါ့။ အားလုံးနိုင်ငံရေးကိစ္စတွေကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ဒါက ကျွန်တော်တို့ ရည်မှန်းတာပေါ့။နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်၊ ဆွေးနွေးတဲ့အခါကျ ရင်လည်း Stakeholders တွေ အားလုံးပါဝင်ရမှာပေါ့။ နောက်တစ်ခုရှိတာက အခု ဒုက္ခဖြစ်နေတဲ့ ပြည်သူတွေရဲ့ လုံခြုံရေး၊ နောက်အကူအညီပေးရေး ဆိုင်ရာတွေကိုလည်း Alliance ကနေ ဆက်လက်လုပ် ဆောင်သွားမယ်လို့ ကျွန်တော်တို့ ချမှတ်ထားပါတယ်။


TREND ။        ။ အဓိပ္ပာယ်ပြည့်ဝပြီး  နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ်လာစေဖို့နဲ့ သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စဉ်ဆက်မပြတ် ကျင်းပနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးပမ်းဆောင်ရွက်ဖို့ရှိလဲ။
NAMN    ။    ။
ကျွန်တော်တို့ ကြိုးပမ်းချက်ကတော့ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်သူများပေါ့၊ သက်ဆိုင်သူများဆိုတာက ဘက်သုံးဖက်လောက်ရှိမယ်။ဘက်သုံးဖက်ဆိုတာက ပထမဆုံး EAO တွေပေါ့၊ EAO၊ ERO တွေကို ကျွန်တော်တို့ရဲ့ သဘောထား၊ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတစ်ဆို့မှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ၊ ဒီလိုဖြေရှင်းရင် အကောင်းဆုံးရလဒ်အဖြေရ နိုင်မလားဆိုတဲ့ ဒါကျွန်တော်တို့ ပထမဦးဆုံး EAO၊ ERO တွေကို ချဉ်းကပ်မယ်။ ချဉ်းကပ်မယ့်ပုံစံက ဒီအခြေအနေမှာ ကျွန်တော်တို့ ဘယ်လိုလုပ်သင့်လဲ။ ဒီပစ် ခတ်တိုက်ခိုက်မှုကြောင့် ဒါနဲ့အဆုံးသတ်လို့ ဖြစ်နိုင်မလား၊ ဒါကို ချဉ်းကပ်မယ်။ နောက်တစ်ခုရှိ သေးတာက ပြည်တွင်း နိုင်ငံရေးပါတီတွေ CSO တွေ၊ နောက်သဘောထား ဆန္ဒဖော်ထုတ်လို့မရနိုင်တဲ့ အစုအဖွဲ့တွေကို လိုက်ပြီးတော့ ဒီကိစ္စဘယ်လိုဖြေရှင်းချင်လဲ၊ ဘယ်လို လုပ်ရင် ကောင်းမလဲဆိုတာကို ကျွန်တော်တို့ သူတို့ရဲ့ စကားသံ၊ ထုတ်ဖော်ချက်တွေပေါ့ ကျွန်တော်တို့ ဒါကိုရ ယူမယ်။ နောက်တစ်ခုရှိသေးတာက SAC ပေါ့၊ SAC ကိုလည်း ကျွန်တော်တို့ သွားပြီးတော့ ပြောမယ်။ ဒီကိစ္စကို၊ ဒီအနေအထားအရ ဘယ်လိုလုပ်ပြီးတော့ သွားမလဲ။ ဒါကိုလည်း ရှင်းပြမယ်၊ ထိတွေ့ဆက်ဆံပြီးတော့ ဘယ်အကျိုး၊ ဘယ်လိုရလဒ်ကောင်းတွေရအောင် ဘယ်လိုလုပ်မလဲဆိုတာ သွားပြီးပြောပြဖို့ အစီအစဉ်ရှိပါတယ်။ နောက်တစ်ခုရှိတာက ဒါကို ကျွန်တော်တို့ပြောပြလို့ ဝိုင်းဝန်းစာနာ မှုပေးတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ ကူညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အာဆီယံ အဖွဲ့အစည်းတွေကိုလည်း ကျွန်တော်တို့ ချဉ်းကပ်ပြီးတော့ ဒါလည်းဝိုင်းဝန်းအားပေးဖို့၊ ဝိုင်းဝန်းအကြံပြု ပေးဖို့ အကူအညီပေးဖို့ ဒါလည်း ဆက်လက်ချဉ်းကပ်သွားဖို့ ဒီလိုအစီအစဉ်တွေလည်းရှိပါတယ်။


TREND ။    ။ လက်ရှိနိုင်ငံရေးအခြေအနေမှာ Alliance ရဲ့လုပ်ငန်းစဉ်တွေ၊ အန္တိမရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ဘယ်လို စိန်ခေါ်မှုကြုံတွေ့လာနိုင်တယ်လို့ ခန့်မှန်းထားလဲ။
NAMN    ။    ။ ဟုတ်ကဲ့၊ ဒီနေ့ ဒီအချိန်အခါမှာ စစ်ဘောင်ကျယ်ပြီးတော့ နိုင်ငံရေးဘောင်ကျဉ်းနေတဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့် စိန်ခေါ်မှုအများကြီး ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့၊ အဆုံးသတ်ပွဲ မှာ Dialogue 'တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ပဲ၊ ကမ္ဘာ့အခြေအနေနဲ့ပဲကြည့်ကြည့်၊ ပြည်တွင်းအခြေ အနေနဲ့ပဲ ကြည့်ကြည့်ပေါ့။ ပြန်ကြည့်လိုက်မယ်ဆိုရင် တွေ့ဆုံဆွေးနွေးမှုနဲ့ပဲ အဆုံးသတ်လို့ရမယ်ဆို ရင် ဒါလည်းပဲ ဆက်လက်ကြိုးစားသွားမယ်။ ဒါက စိန်ခေါ်မှုအပေါ်မှာ ကျွန်တော်တို့ ထိတ်လန့် ကြောက်ရွံ့နေမယ်ဆိုရင်လည်း မဖြစ်သေးဘူးပေါ့။ ဒါကိုလည်း တစ်ဆင့်ချင်း နားလည်မှုဖြစ်အောင် တစ်ဆင့်ချင်းသွားမယ်။ ဒါမှပဲ အဘက်ဘက်က အားလုံးနားလည်မှု ပြည့်ဝလာတဲ့အခါကျရင် ဒီကိစ္စက တော့ တစ်ဆင့်ချင်းပြေလည်သွားမယ်။ အခုလောလောဆယ်ကတော့ ယုံကြည်မှုက မရှိသေးတဲ့ ကာလဆိုတော့ စိန်ခေါ်မှုတွေကတော့ ရှိလာမယ်ဆိုတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒီလမ်းကြောင်းပေါ်မှာ ဆက်သွားမယ်။ တဖြည်းဖြည်း တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်တော့ ဒီကိစ္စ ကဖြစ်လာမှာပဲလို့ ယုံကြည်ပါတယ်။


TREND ။        ။ ဒါဆိုရင် 7 EAO Alliance ဖွဲ့စည်းပြီးတဲ့နောက် ပထမဆုံး၊ အရင်ဦးဆုံးစပြီး ဆောင်ရွက်မှာက ဘယ်လိုလုပ်ငန်းစဉ်ဖြစ်မလဲ။
NAMN    ။    ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဆွေးနွေးဖို့၊ စပြီးချဉ်းကပ်ဖို့ ရည်မှန်းထားပါတယ်။ အခုက အဖြစ်နိုင်ဆုံးက သဘောထားအရ ကျွန်တော်တို့ ထိတွေ့ဆက်ဆံမှုရှိမယ့် အဖွဲ့အစည်းကို စပြီးတော့ ဆွေးနွေးသွားဖို့ရှိပါတယ်။ ဆွေးနွေးမှုအပိုင်းမှာလည်း UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ) တုန်းကချထားတဲ့ ဖက်ဒရယ်အခြေခံမူ ၂၃ ချက်အပေါ်မှာပေါ့၊ ဒါကိုလည်း အခြေခံပြီးလည်း ဆွေးနွေးကြမယ်။ ယနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေ အနေအရပ်ရပ် သုံးသပ်ချက်မှာလည်း ဆွေးနွေးကြမယ်။အဲဒီလိုမှန်းထားပါတယ်။ ကျွန်တော်တို့ လုပ်နိုင်သလောက်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ အခု အခြေအနေကတော့ ဒါတွေက စဉ်ဆက်မပြတ် လုပ်သွားမှပဲရမှာပါ။ အတတ်နိုင်ဆုံး သဘောထားပေါ့၊ ဥပမာဆိုရင် Dialogue လုပ်နေတဲ့ မြောက်ပိုင်း သုံးဖွဲ့ရှိမယ်ပေါ့။ UWSA တို့၊ မိုင်းလားတို့၊ SSPP တို့ ဒါတွေလည်း အခြား ERO တွေနဲ့စာရင် သဘောထားတော့ နည်းနည်းပျော့ပျောင်းတယ်ပေါ့။ နည်းလည်မှုပေးနိုင်တဲ့ သဘောထားရှိမယ်ပေါ့။ ဒါကိုလည်း ကျွန်တော်တို့ အစဦးဆုံးကတော့ သဘောထားပျော့ပျောင်းတဲ့ အဖွဲ့တွေကို ချဉ်းကပ်သွားဖို့ အဲဒီလိုစီစဉ်ထားပါတယ်။ အစီအစဉ်အ သေးစိတ်ကတော့ ဘာမှမပြောရသေးဘူးပေါ့။ အခု ကျွန်တော်တို့ မှန်းထားတာက ဆက်သွယ်ကြည့်မယ်၊ သူတို့လက်ခံမှုရှိလား၊ စကားပြောခွင့်ရှိလားဆိုတာ ဒါကိုပဲ  စသွားရမှာပေါ့။ နောက်တော့ ဖက်ဒရယ်အခြေခံမူတို့ အနာဂတ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်တဲ့အခါကျရင် ဘယ်လိုမျိုး စဉ်းစားရမလဲ ဒါကိုလည်း စပြီးအခြေခံပြီးတော့ ဆွေးနွေးကြမှာပေါ့။ ဒါတွေကတော့ အချိန်တွေအများကြီး ယူရဦးမယ်လို့ ထင်ပါတယ်။


TREND ။        ။ 'NCA'EAO ခုနစ်ဖွဲ့အနေနဲ့ EAO ၁၂ ဖွဲ့ လက်ခံထားတဲ့ ဖက်ဒရယ်မူကို စွဲကိုင်ပြီး ရှေ့ ခရီးကို ဆက်လက်ချီတက်မယ် ဖြစ်ပါတယ်။ မိမိတို့ခုနစ်ဖွဲ့ရဲ့ ထိန်းချုပ်တဲ့ နယ်မြေဒေသအသီးသီး တွေမှာ မိမိတို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားရမှာ ဖြစ်တယ်လို့ EAO Alliance ဦးဆောင် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က မျက်နှာစုံညီ အစည်းအဝေးပထမနေ့ အဖွင့်နှုတ်ခွန်းဆက်စကားမှာ ထည့်ပြောသွားတာတွေ့ရတယ်။ ဒါက ဘယ်လိုအခြေအနေ၊ ဘယ်လို အကောင်အထည်ဖော် လှုပ်ရှားဆောင် ရွက်မှုမျိုးကို ဆိုလိုတာလဲ။ ရှင်းပြပေးပါဦး။
NAMN    ။    ။
ဒါက ဥက္ကဋ္ဌကြီးရဲ့ မိန့်ခွန်းအပေါ်မှာ အကျယ်ချဲ့ပြီးတော့ ဥက္ကဋ္ဌကြီးဆွေးနွေးထားတာမရှိ ဘူးပေါ့။ ဒါပေမဲ့ တစ်ခုရှိတာက အခု မြောက်ပိုင်းဘက်ခြမ်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ၊ နယ်မြေ သိမ်းပိုက်မှုတွေကို အခြေခံကြည့်တဲ့အခါကျရင် ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေကို ချဲ့ထွင်တဲ့ပုံစံ၊ ကိုယ်ပိုင်ဒေသကို စီမံကွပ်ကဲတဲ့ပုံစံလို ဖြစ်နေတယ်။ အဲဒါကို ရည်ရွယ်ပြီး ပြောတယ်လို့ ကျွန်တော် ထင်တယ်။ အသေးစိတ်တော့ ဒီအစည်းအဝေးမှာတော့ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းပြောတာတော့မရှိဘူး။ အသေးစိတ်ဆွေးနွေးထားတာလည်း မရှိဘူးပေါ့။ ယနေ့ တိုက်ပွဲအခြေအနေတွေအပေါ် မူတည်ပြီးတော့ သုံးသပ်ပြီးတော့ ပြောတယ်လို့ပဲ ကျွန်တော်ထင်တယ်။ အသေးစိတ်ဆွေးနွေးထားတာ မရှိသေး ဘူးဆိုတော့ ဒါလည်း အပြန်အလှန်ဆွေးနွေးရမယ်။ နောက်တော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့အခါကျရင် ပုံစံအဟောင်းမဟုတ်ဘဲနဲ့ ပုံစံသစ်ပုံစံနဲ့ ပကတိဖြစ်ပေါ်နေတဲ့ ပုံစံအရ သွားရမှာပေါ့။


TREND ။        ။ 7 EAO Alliance ဦးဆောင်အဖွဲ့ဝင်အနေနဲ့  PNLO မှ တစ်ဦးဆိုပြီး တာဝန်ပေးထားတာ တွေ့ရပါတယ်။ မေးလိုတာက NCA လက်မှတ်ထိုးထားတဲ့ PNLO ဆိုရင် တိုက်ပွဲတွေ ပြန်လည်ဖော် ဆောင်နေတယ်လို့ နားလည်ပါတယ်။ နောက်ပြီးတော့ မွန်ပြည်သစ်ပါတီ (NMSP) မှာလည်း ခွဲထွက်အ ဖွဲ့ဆိုပြီးတော့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်လာတာတွေ့ရပါတယ်။ ဒီအခြေအနေ ဒီအနေအထား တွေက အခုအချိန်မှာမှ ဘာကြောင့်ဖြစ်လာတာလဲ သုံးသပ်ပေးပါဦး။
NAMN    ။    ။
အဲဒါလည်း PNLO ရဲ့ သူ့ရဲ့ပါတီ အခြေအနေအရ သူ့ရဲ့အဖွဲ့အစည်းအခြေအနေအရ ဖြစ်သွားတယ်ပေါ့။ အမှန်စင်စစ်ကတော့ ကျွန်တော်တို့ မှန်းထားတာက EAO ခုနစ်ဖွဲ့ပေါ့။ ဒါပေမဲ့ EAO အနေအထားအရ အခုလက်ရှိမှာ သူတို့စည်းရုံးရေးပေါ့။ ဒီနှစ်ဖွဲ့ကို တစ်ဖွဲ့တည်းဖြစ်အောင် စည်းရုံး နေတဲ့ ကာလဖြစ် တဲအတွက်ကြောင့်မို့လို့ ကျွန်တော်တို့ အခုဖွဲ့စည်းတဲ့ Alliance အပေါ်မှာ မူအားဖြင့် သဘောတူတယ်။ ဒါပေမဲ့ ဒီအထဲမှာ ထဲထဲဝင်ဝင် တင်းပြည့်ပါဝင်ဖို့အတွက် အခက်အခဲရှိတယ်ဆိုတော့ နာမည်က တိတိကျကျ မထည့်ထားဘူး၊ တာဝန်လည်း တိတိကျကျမပေးထားဘူးပေါ့။ ဒါက သူတို့ အခုစည်းရုံးရေးကာလအနေအထားအရ သုံးလတောင်းထားတယ်ပေါ့။ ဒါကြောင့်မို့လို့ သူတို့က ဒီ Alliance အပေါ်မှာမူတည်ပြီးတော့ လက်ခံတယ်။ ဒါပေမဲ့ ထဲထဲဝင်ဝင်ပါဝင်ဖို့အတွက်က သုံးလအချိန်ပေးဖို့ မေတ္တာရပ်ခံထားတယ်ပေ့ါ။ ဒါ သူတို့ရဲ့ပါတီရဲ့ သဘောထားအပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ပါတီရဲ့ ဖြစ်စဉ်ပေါ့၊ ဖြစ်စဉ်အတိအကျတော့ သေချာမသိရသေးဘူးပေါ့။ နောက်တစ်ချက်က မွန်ပြည်သစ်ပါတီ ကိစ္စပေါ့။ မွန်ပြည်သစ်ပါတီ အနေအထားအရကတော့ ဒီပုံစံပေါ့။ ကျွန်တော်တို့အဖွဲ့အစည်းမှာ ဒီလို အင်အားစုနှစ်စုရှိကြတယ်။ အင်အားစု တစ်စုကတော့ တကယ့်အပြတ်အသတ် တိုက်မယ်ပေါ့။ SAC ကို အပြတ်အသတ်တိုက်မယ်။ အင်အားစုတစ်ခုကတော့ ပါတီဥက္ကဋ္ဌဦးဆောင်တဲ့ အင်အားစု တစ်ခုကတော့ ဒီဖြစ်စဉ် ဒီအခြေအနေဒီနေရာမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ခဏရပ်တန့်ပြီး နိုင်ငံရေးဆွေးနွေးပွဲ ခဏရပ်ပြီးတော့ ဘိုင်လက်ထရယ်ဘက် ခဏသွားမယ် ဆိုပြီးတော့ သဘောထားရှိတယ်။ အဲဒီ သဘောထား အပေါ်မှာကတော့ ကျွန်တော်တို့ ၁၂ ကြိမ်မြောက်ပါတီညီလာခံမှာ ချထားတယ်။ အဲဒီဟာ ကို မကျေနပ်တဲ့အတွက်ကြောင့်၊ အဲဒါကိုလည်း မလိုက်လျောနိုင်တဲ့အတွက် ကြောင့် အဲဒီအင်အားစု ကနေပြီးတော့ ၂၀၂၄ ဖေဖော် ဝါရီလ ၁၄ ရက်မှာ ဒီကနေ ခွဲထွက်သွားတာပေါ့။ သူတို့ အားသန်တဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ အဆုံးသတ်မယ်ဆိုတဲ့  ဒီအားသန်မှုအရ ခွဲထွက်သွားတာပေါ့။ ဒီကိစ္စတွေနဲ့ ဒီ Alliance မှာ ဘာမှထိခိုက်သွားတာမရှိပါဘူး။ သူတို့လည်း ကျွန်တော်တို့ သဘာထားအပေါ်မှာ တုံ့ပြန် မှုပေါ့၊ PNLO တုံ့ပြန်မှုဘာမှပြောတာမရှိပါဘူး။ နိုင်ငံရေးသဘောထား ရပ်တည်ချက်မတူမှုအပေါ်မှာ ဘာမှသူတို့အနေနဲ့ ပြောတာတော့ အခုထက်ထိတော့ မတွေ့ ရသေးပါဘူး။ နောက်တစ်ချက်ပြော ချင်တာက တခြားအဖွဲ့အစည်းတွေအနေနဲ့တော့ မသိဘူး။ ကျွန်တော်တို့ကတော့ အဲဒီလိုပါတီမှာ တအုံနွေးနွေးဖြစ်တာကတော့ ဒီ ၂၀၂၂၊ ၂၀၂၃ ကတည်းက စနေတာပါ။ အခု ပေါ်ပေါ် တင်တင်ကွဲသွား တာကတော့ ၂၀၂၄ပေါ့။ ဖြစ်နေတာကြာပြီပေါ့။ အခုမှ ထပေါက်ကွဲလာတာ၊ အချိန်ကိုက်လေး ဖြစ်သွားတာပေါ့။


TREND ။        ။ ရှမ်းမြောက်တို့၊ ရခိုင်ဘက်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေနဲ့ လက်ရှိနိုင်ငံရေး အခြေအနေအရပ်ရပ်အပေါ် ဘယ်လိုသုံးသပ်မိလဲ။
NAMN    ။    ။ အခု ဒီနောက်ဆုံးအခြေအနေအထိပေါ့၊ SAC တက်လာပြီး နောက်ဆုံးအခြေအနေ အထိတော့ ဒါလည်း ပြည်သူတွေအတွက် အသက်အိုးအိမ်စည်း စိမ်ဆုံးရှုံးမှုတွေ၊ ကျပ်တည်းမှုတွေ ဆက်တိုက်ဖြစ်လာတာပေါ့။ ဒီကိစ္စတွေဟာ အဆုံးသတ်ပေးမယ့်ပွဲမဟုတ်ဘူး။ ကျွန်တော်တို့အချင်း ချင်း အမြင်တူစွာနဲ့ ပွင့်လင်းမြင်သာမှုနဲ့ တကယ့်စိတ်ရင်းစေတနာအပြည့်နဲ့ အတူတကွ ပြည်ထောင်စု တည်ဆောက်မှပဲ ဖြစ်နိုင်မယ်။ ဒီအတိုင်းပဲသွားနေမယ်ဆိုရင် ဘယ်လိုမှ၊ ရေကုန်ရေခန်းသွားတယ်ဆို ပေမယ့် ယနေ့နှစ် ၇၀ တော်လှန်ရေးဖြစ်စဉ် အရကတော့ ဘယ်လိုမှလည်းပြောင်းလဲမှုမရှိလာနိုင်ဘူး။ ဒီကိစ္စကို သေသေချာချာ ထဲထဲဝင်ဝင် ကျွန်တော်တို့ အချင်းချင်း ဆွေးနွေးဖို့လိုတယ်။ SAC အပါအဝင် EAO, ERO တွေအပါအဝင် ကျွန်တော်တို့ အချင်းချင်း အတူတကွ ပြည်ထောင်စုတည်ဆောက်မှပဲ နိုင်ငံတိုး တက်မှာပါ။ ဒီအတိုင်းသွားရင်တော့ ကျွန်တော်တို့နိုင်ငံ  ကျဆုံးနိုင်ငံအဖြစ်နဲ့ နောက်ဆုံးတော့ ကွဲပြဲသွား ပြီးတော့ အခြေအနေမကောင်းတဲ့ ပြည်ထောင်စုတစ်ခုလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်မိပါတယ်။


TREND ။        ။ အခုတိုက်ပွဲဖြစ်စဉ်တွေမှာ မြို့တွေ၊ နယ်မြေတိုက်ခိုက်သိမ်းပိုက်မှုတွေ၊ ကိုယ်ပိုင်အုပ်ချုပ် ရေးနယ်မြေကို ချဲ့ထွင်မှုပုံစံတွေ တွေ့နေရတော့ အုပ်ချုပ်ရေးတွေ၊ တရားဥပဒေစိုး မိုးမှု ဒီနယ်မြေဒေသတွေမှာ တကယ်လက်တွေ့ကျကျ ဖြစ်လာနိုင်ပါ့မလား၊ ဘယ်လို သုံးသပ်ချင်လဲ ။
NAMN    ။    ။
ကျွန်တော်တို့ပါတီနေနဲ့က မြို့သိမ်းက တစ်ခါမှမဖြစ်ဘူးပေါ့။ သိမ်းတော့ သိမ်းဖူးတယ်။ ဒါပေမဲ့ ရက်ပိုင်းလောက်ပဲ သိမ်းနိုင်ပြီးတော့ တကယ့်အုပ်ချုပ်ရေး သေသေချာချာ ချမှတ်ထားတာမရှိဘူးဆိုတော့ ဘယ်လိုဖြစ်လာနိုင်လဲတော့ မပြောတော့ဘူး။ တကယ်အုပ်ချုပ်ရေးပိုင်း သေချာချပြီးတော့ ဖြစ်လာနိုင်မလား။ တကယ့်လက်တွေ့ပေါ့။ တကယ်လက်တွေ့ ဖြစ်လာနိုင်မလား၊ တရား ဥပဒေစိုးမိုးဖို့ တိတိကျကျဖြစ် ပေါ်လာနိုင်မလားဆိုတာကတော့ မကြုံဖူးသေးတော့ မပြောနိုင်သေးဘူးပေါ့။ ပြောရရင်တော့ အချင်းချင်းရန် ဖြစ်နေရင်တော့ ဘယ်လိုမှကောင်း ကျိုးမရှိဘူး။ တရားဥပဒေစိုးမိုး မှုလည်းမရှိဘူး။ တိုးတက်တဲ့ အခြေအနေလည်း ဖြစ်လာမှာမဟုတ်ဘူး။ ဒီလိုသိမ်းရုံနဲ့လည်း နိုင်ငံ တကာအခြေအနေမှာပဲကြည့်ကြည့် မြို့တွေပျက်စီးသွားမယ်၊ အခုထက်ထိ ဖြေရှင်းလို့မရနိုင်သေးတဲ့ အခြေအနေတွေ အများကြီးရှိတာပေါ့။ ဒါကြောင့်မို့ ဒါကိုလည်း နှစ်ဖက်နားလည်သင့်တယ်လို့ မြင်ပါတယ်။


TREND ။        ။ အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်နစ်နာဆုံးရှုံးမှုများနေတဲ့ လက်ရှိအခြေအနေကြီးကို လူထုက အမြန်ဆုံး ပြီးဆုံးချင်ကြပါပြီ။ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး တိုင်းပြည်ငြိမ်းချမ်းသာယာဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းကျော်လွှားသင့်လဲ အကြံပြုပေးပါဦး။
NAMN    ။    ။
အကောင်းဆုံးနည်းလမ်းက Dialogue ပါ။ အဲဒီတွေ့ဆုံဆွေးနွေးရေးမှာလည်း တစ်ဖက်သတ်ကန့်သတ်ထားရင် မဖြစ်နိုင်ဘူး။ ဥပမာ-၂၀၀၈ အပေါ် ကန့်သတ်ချက်တို့၊ NCA အပေါ် ကန့်သတ်ချက်တို့ ဒါကိုပင်မထား၊ ပင်တိုင်ထား ဆွေးနွေးရင်လည်း မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီလိုကန့်သတ်ချက်တွေမထားဘဲနဲ့ ကျွန်တော်တို့အချင်းချင်း အတူတကွ လွတ်လပ်ပွင့်လင်းမြင်သာ မှုရှိရှိနဲ့ ညှိနှိုင်းပူးပေါင်းဆွေးနွေး ဖြေရှင်းသင့်တယ်။ ဒီလိုသာ ပစ်ခတ်တိုက်ခိုက်နေမယ်ဆိုရင် ယူကရိန်းမှာ ဖြစ်တဲ့ကိစ္စတွေ၊ နိုင်ငံတကာမှာ ဖြစ်တဲ့ကိစ္စတွေကို ပြန်ကြည့်လိုက်ရင် ဒီနိုင်ငံပဲကြေသွားမယ်။ ငြိမ်းချမ်းတဲ့၊ သာယာတဲ့ တိုင်းပြည်တစ်ခု မဖြစ် လာနိုင်ဘူးပေါ့။ ဒါက နှစ်ဖက်လုံးကိုပြောတာပါ။


TREND ။        ။ တွေ့ဆုံဆွေးနွေးရေး Dialogue လမ်းစကို ဘယ်လိုနည်းလမ်းတွေနဲ့ ရှာကြမလဲ။
NAMN    ။    ။ အဲဒီတော့ တစ်ဖက်နဲ့တစ်ဖက် နားလည်စ ပြုလာပြီပေါ့။ ဒီပစ်ခတ်တိုက်ခိုက်မှုရဲ့ ဆိုးကျိုးတွေပေါ့။ လက်နက်နဲ့ကြီးတွေနဲ့ ပစ်တဲ့ကိစ္စ၊ အမြောက်တွေနဲ့ ပစ်တဲ့ကိစ္စအပါအဝင် ပြည်သူတွေ ထိခိုက်နစ်နာတဲ့ကိစ္စတွေအားလုံးကို သုံးသပ်ရမယ်။ ကိုယ့်ဘာသာကိုယ်လည်းသိရမယ်။ ယနေ့ နိုင်ငံရေး အခြေအနေမှာ ဘယ်လိုတည်ဆောက်မှ တိုင်းပြည်တိုးတက်မလဲ၊ သာယာမလဲ၊ တခြားနိုင်ငံကို ရင်ပေါင်တန်းနိုင်မလဲဆိုတာ ဒါတွေကို သိမြင်လာမှ၊ မသိဘူးဆိုရင်ဒီကိစ္စက တစ်ဖက်နဲ့တစ်ဖက် ဆက်သွားဦးမှာပေါ့။ ဒါကြောင့်မို့လို့ ဒီကိစ္စက ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ကိစ္စ နိုင်ငံတကာမှာဖြစ်ပေါ်နေ တဲ့ကိစ္စတွေကို ကိုယ်တိုင်သိမြင်လာမှပဲ ဆွေးနွေးလို့ရမှာလေ။ ဒီအတိုင်းဆိုရင်တော့ အခြေအနေက ထူးလာမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒီ Alliance အနေနဲ့က ဒါကို အခြေပြုပြီးတော့ ချဉ်းကပ်သွား မယ်၊ ဆွေးနွေးသွားမယ်၊ တွေ့ဆုံသွားမယ်ပေါ့၊ အဲဒီလို အာသီသရှိပါတယ်။ ဒါတွေကြိုးပမ်းတဲ့အခါမှာ တစ်ဖက်ဖက်ရဲ့ရပ် တည်ချက်ပေါ့။ အဲဒီရပ်တည်ချက်ကို မလျှော့ဘဲ သေသေချာချာ ကိုင်ထား မယ်ဆိုရင်တော့၊ တင်းတင်းကျပ်ကျပ် ကိုင်ထားရင်လည်း ဒါက အဆိုးဆုံးစိန်ခေါ်မှုပဲ။ ဥပမာ ဆိုရင်  SAC က ၂၀၀၈ ကိုပဲ ကိုင်ထားတယ်ဆိုရင် မဖြစ်နိုင်ဘူး။ ERO တွေကလည်း ပစ်ခတ်တိုက်ခိုက်မှု နဲ့ Stakeholders အရ SAC ကို မပါဝင်စေချင်ဘူးဆို ရင်လည်းမဖြစ်နိုင်ဘူး။ ဆိုလိုချင်တာက ဒါကို နားလည်မှပဲ ဖြစ်မယ်။ နားလည်ဖို့အတွက်ကလည်း တစ်နေ့ သူတို့မြင်လာမှာပေါ့လေ။ ဒါလည်း အချိန်တစ်ခုခုတော့ ယူရမှာပေါ့။ သူတို့နားလည်တယ်။ ဒီကိစ္စက နှစ်ဖက် လုံးက လျှော့ရမယ်ဆိုရင် အဲဒီအခြေအနေတစ်ရပ် ဖြစ် ပေါ်ဖို့အတွက်က အချိန်တော့ ယူရဦးမှာပေါ့။ အခုလော လောဆယ်မှာတော့ တင်းနေတဲ့ နှစ်ဖက်လုံးကို လျှော့ဖို့ ပြောရဝာာ နည်းနည်းခက်မယ်။ ဒါပေမဲ့ EAO Alliance အနေနဲ့ ကြိုးစားသွားမှာပါ။ အခုအခြေအနေအရ လောလောလတ်လတ်ဖြစ်ဖို့ ခက်တယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်ပေါ့၊ တစ်နေ့နေ့ တစ်ချိန်ချိန်ဆိုတာက မနက်ဖြန်လည်း ဖြစ်ရင်ဖြစ်လာနိုင်တယ်။ နောက်နှစ်ဖြစ်ရင်လည်း ဖြစ် လာနိုင်တယ်။ ဒါမှမဟုတ် ဆယ်စုနှစ်ကျော်မှ ဖြစ်လာတာမျိုးလည်း ဖြစ်လာနိုင်တယ်။ ဒါကလည်း ပြောလို့ မရသေးဘူး။ ဘာလို့လဲဆိုတော့ စောစောက ကျွန်တော်ပြောသလို အချင်းချင်းနားလည်မှုနဲ့ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ဖို့အတွက် နှစ်ဖက်လုံးနားလည်ရင် ဖြစ်လာနိုင်တယ်။ ဘယ်သူက ဘာမှမလုပ်ဘူးဆို ရင်တော့လည်း ကျွန်တော်တို့က ပြောသာပြောရတယ် ဖြစ်မလာဘူးပေါ့။ ဒါပေမဲ့ ကြိုးစားကြည့်ရမှာပေါ့။
TREND ။        ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၁) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 625

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.