ပြည်တွင်း အရန်ဆန် ရှစ်သိန်းခန့် ထားရှိထားသည့်အတွက် ပြည်ပတင်ပို့မှုကြောင့် ပြည်တွင်းစားသုံးမှု မထိခိုက်နိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၃
    ပြည်ပသို့ ဆန်တန်ချိန် တစ်တန်တင်ပို့ရာတွင် အရန်ဆန်အနေဖြင့် တစ်အိတ်နှုန်းခန့် ချန်ထားသည့်အတွက် လက်ရှိအချိန်တွင် အိတ်ရေ ရှစ်သိန်းခန့် ရှိသည့်အတွက်ကြောင့် ပြည်ပတင်ပို့မှုသည်  ပြည်တွင်းစားသုံးမှုကို ထိခိုက်မှုမရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက "ပို့ကုန်အခြေပြုဆိုတာ ပို့ကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ Exporter တွေရဲ့ပါဝင်မှုနဲ့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ နိုင်ငံတော် အရန်ဆန်ကဲ့သို့ပေါ့။ ပို့ကုန်အခြေပြု အရန်ဆန်ပေါ့။ ပို့ကုန်အခြေပြုဆိုတာက ပို့ကုန် လုပ်ငန်းရှင်တွေရဲ့ ပါဝင်မှုနဲ့ ကျွန်တော်တို့ ဆောင်ရွက်တာပါ။ Export တစ်တန်ပို့တိုင်း ပို့တိုင်းမှာ ဆန်တစ်အိတ်ပေါ့။ အရပ်စကားနဲ့ ပြောရင် တစ်တန်တစ်အိတ်ပေါ့။ ကဏ္ဍမှာရှိတဲ့ Exporter တွေရဲ့ ပူးပေါင်းမှုနဲ့ ကျွန်တော်တို့ ဆောင်ရွက်ထားပါတယ်။ အဲဒီအစီအစဉ်ကတော့ ဆန်အိတ် ရှစ်သိန်းလောက် ရှိပါတယ်။
    လက်ရှိဘဏ္ဍာနှစ်အနေနဲ့ပြည်ပကို ဆန်တန်ချိန် နှစ်သန်းခွဲ တင်ပို့ဖို့လျာထားပါတယ်။ ပြည်ပကို တင်ပို့တဲ့ဆန်က ပြည်တွင်းမှာ စားသုံးမှု နည်းပါးတယ်။ မရှိသလောက်ဘဲ။ အဲဒီအတွက်ကြောင့် ပြည်ပကိုတင်ပို့တဲ့အတွက်ကြောင့် ပြည်တွင်းစားသုံးမှုတွေကို မထိခိုက်နိုင်ဘူး"ဟု ပြောကြားခဲ့ သည်။ 
    ပြည်ပသို့ ဆန်တင်ပို့ရာတွင်ကုမ္ပဏီ ၁၀၀ ခန့်မှ ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းခွဲခန့် တင်ပို့ရန် လျာထားကြောင်း၊ ထို့အပြင် ပို့ကုန်အခြေပြု အရန်ဆန်များသည် ဧည့်မထဆန်များဖြစ်ပြီး ပြည်သူများအတွက် လုံလောက်ကောင်းမွန်သည့် အခြေအနေဖြစ်ပြီး လိုအပ်ချက်ရှိပါက ပို့ကုန် အခြေပြု အရန်ဆန်အိတ်များအား ပရဟိတအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စက်ရုံအလုပ်ရုံများအား ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ဧပြီလမှ အောက်တိုဘာလကုန်အထိ ပြည်ပသို့ ဆန်၊ ဆန်ကွဲတန်ချိန် ၁ ဒသမ ၃ သန်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း သိရသည်။ သက်မှူး

Total Views ~ 102

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

37184

© 2022 - 2025 News. All Rights Reserved.