၂၀၂၃ အောက်တိုဘာ ၂၃
မွန်ပြည်နယ်ရှိ ဆားလုပ်ငန်းများ တိုးတက်ရန်နှင့် ဆားလုပ်ငန်းမှ ပို့ကုန်တင်ပို့ ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိနိုင်ရေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်(UMFCCI) မှ သိရသည်။
မွန်ပြည်နယ်ရှိ ဆားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ဆားလုပ်ငန်းမှ ပို့ကုန်တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိနိုင်ရေးတို့ အပြင် ကွမ်းသီးနှင့် သစ်သီးဝလံများ တရုတ်ပြည် ဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် မွန်ပြည်နယ် ကုန်သည်စက်မှု အသင်းဥက္ကဋ္ဌနှင့် မွန်ကုန်စည်ဒိုင်၊ ကရင်ပြည်နယ်အသင်း အဖွဲ့များမှ တာဝန်ရှိသူများက ကုန်သည်စက် မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေး မှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်တို့နှင့် အောက်တိုဘာ ၁၈ ရက်က တွေ့ဆုံခဲ့ကြသည်။
ထိုတွေ့ဆုံမှုတွင် မွန်ပြည်နယ်၌ ဆားလုပ်ငန်းများ မြှင့်တင်နိုင်ရေး၊ ဆားလုပ်တောင်သူများ ရေရှည်ရပ်တည်နိုင် ရေး၊ အရည်အသွေးမြင့် ဆားကြမ်းထုတ်လုပ် နိုင်ရေး၊ ဆားလုပ်ငန်းမှ ပြည်ပသို့ တင်ပို့၍ နိုင်ငံခြားဝင်ငွေ ရရှိနိုင်ရေးတို့ကို မွန်ပြည်နယ် ကုန်သည်စက်မှုအသင်းမှ ဆွေးနွေးခဲ့ သည့်အပြင် မွန်၊ ကရင် လုပ်ငန်းကဏ္ဍအသင်းအဖွဲ့များမှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ထွက်ရှိ သော ကွမ်းသီးနှင့် သစ်သီးဝလံများ တရုတ်ပြည်ဈေးကွက်သို့ တင်ပို့နိုင်ရေး၊ ကုန်စည်စီးဆင်းမှု၊ သယ်ယူပို့ဆောင်မှုတွင် လွယ်ကူမြန်ဆန် ချောမွေ့စေရေး၊ စိုက်ပျိုးစရိတ် ချေးငွေများရရှိနိုင်ရေး အတွက် အသင်းချုပ်မှ ကူညီချိတ်ဆက်ပေးနိုင်ရန်တို့ကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
ထို့အပြင် MSME ပြပွဲများတွင် ဒေသထွက်ကုန်များကို ဝင်ရောက် ပြသနိုင်ရေး၊ ဈေးကွက်ရရှိမှု အပိုင်းတွင်လည်း ချိတ် ဆက် ဆောင်ရွက်ပေးခြင်း၊ ညီနောင်အသင်းများ သင်းဖွဲ့စည်းမျဉ်းများနှင့်အညီ ဆောင် ရွက်နိုင်ရေး၊ စိုက်ပျိုးရေးစရိတ်ချေးငွေများရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များအပြင် ပို့ကုန်များတင်ပို့ရာတွင် တရားဝင် ဘဏ်စနစ်နှင့်ဆောင်ရွက်ရန် ပို့ ကုန်တင်ပို့မည့် တစ်ဖက်နိုင်ငံ၏ နယ်စပ်ရေးရာ ဥပဒေများ၊ အသင်းချုပ်နှင့် ပြည်နယ်၊ တိုင်း CCI တို့ ချိတ်ဆက်၍ ကုန်ထုတ်လုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများအား ကောင်းစေရန် ဆောင်ရွက်သွားနိုင်ရေးတို့ကို ကုန်သည်စက်မှုအသင်းချုပ် (UMFCCI )ဘက်က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။