ကက်တလန် ငှက်ပျောသီးနှင့် တော်လှန်အနုပညာ

၂၀၂၄ နိုဝင်ဘာ ၂၉

    ခုတစ်ပတ် နိုင်ငံတကာသတင်းတွေမှာ ထူးထူးဆန်းဆန်း ငှက်ပျောသီးတစ်လုံးကိုရင်းပြီး ဒေါ်လာခြောက်သန်းကျော်လောက် ရသွားသည့် သတင်းက ထိပ်တန်းဖြစ်နေသည်။ နယူးယောက်မြို့ ဆော်သဘီ လေလံတိုက်တွင် လေလံတင်ခဲ့သော မော်ရီဇီယို ကက်တလန်၏ နံရံတွင် တိပ်ဖြင့်ကပ်ထားသော ငှက်ပျောသီး အနုပညာပြကွက် ဒေါ်လာ ၆ ဒသမ ၂ သန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့တာ ဖြစ်သည်။ လေလံခေါ်ဈေးနှုန်း ထက် လေးဆကျော် ပိုမိုရရှိခဲ့ပြီး တရုတ်နိုင်ငံမှ ဒစ်ဂျစ်တယ်ငွေကြေးကစားသူ ဂျက်စတင်ဆွန်းက အီတလီအနုပညာရှင်၏ Comedian အမည်ရှိ အနုပညာပြကွက်ကို အခြားပြိုင်ဘက်ခြောက်ဦးကို ကျော်လွန်ပြီး လေလံနိုင်ခဲ့တာဟုဆိုသည်။ "လာမယ့်ရက်ပိုင်းမှမာတော့ ကျွန် တော့်အနေနဲ့ ဒီထူးခြားတဲ့ အနုပညာပြကွက် တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ငှက်ပျောသီးကို စားသုံးသွားမှာ ဖြစ်ပါတယ်"ဟု မစ္စတာဆွန်းက ပြောလိုက်ကြောင်း သတင်းတွေက ဖော်ပြကြပြန်သည်။ ဒီတော့ ဝေဖန်သံတွေက ဆူညံကြပြီပေါ့။ မြန်မာငွေနဲ့ဆိုရင် အလွန်ဆုံး ငွေငါးရာ ကျပ်လောက်သာရှိသည့် ငှက်ပျောသီးကို တိပ်ဖြင့် ကပ်ထားသည်က အနုပညာဆိုရင် တစ်ဖီးလုံးကပ်လိုက်ရင် ပိုအနုပညာမြောက်ပြီး ဒေါ်လာ သန်းခြောက်ဆယ်လောက် အသာလေး ရနိုင်သည်ဟု အငေါ့တူးကြပြန် သည်။
    တချို့ကလည်း ဖန်တီးသူ မော်ရီဇီယို ကက်တလန်က တော်တော်လေး ဉာဏ်ကောင်းသည်ဟု ချီးကျူးကြသည်။ ဒါတင်မကသေး ငှက်ပျောသီးတစ်လုံးကို ဒေါ်လာခြောက်သန်း ပေးစားသည့် မစ္စတာဆွန်းကို သောက်ရူးဟု အပြစ်တင်ကြပြန်သည်။
    သမားရိုးကျ စဉ်းစားကြည့်ရင်တော့ ငှက်ပျောသီးတစ်လုံးကို နံရံမှာ တိတ်နဲ့ကပ်လိုက်တာနဲ့ အနုပညာဟု မပြောနိုင်သော်လည်း ဖန်တီးသူက ဘာကို ရည်ရွယ်တာလည်း မသိနိုင်ပေ။ ငွေပေးဝယ်သည့် ငွေကစားသူ မစ္စတာဆွန်းကလည်း ဒေါ်လာခြောက်သန်းကျော်ကို ဘယ်လိုကြောင့် ငှက် ပျောသီးတစ်လုံး ဝယ်စားရတာ လဲဆိုတာကလည်း စဉ်းစားစရာ ဖြစ်သည်။ ဒါကို မောင်ထူးမြတ်တစ်ယောက် ဆားပုလင်းနှင်းမောင် စတိုင်ဖြင့် စီးကရက်တစ်လိပ်ကို နှုတ်ခမ်းထောင့်တေ့ကာ ဟန်ပါပါဖွာရင်း "အိုင်ပီရေ ငှက်ပျောသီးအမှုက နက်နဲသွားပြီဗျာ။ အီတလီသား ကက်တလန်ဟာ အခြားကိစ္စအတွက် ငွေလိုလို့ ငှက်ပျောသီးကို ဓားစာခံလုပ်ပြီး ငွေရှင်ကြေးရှင် မစ္စတာဆွန်းက တစ်ဖက်လှည့်နဲ့ ဝိနည်းလွတ် ထောက်ပံ့တာ ဖြစ်နိုင်တယ်"ဟု အောင်မြင်ထည်ဝါလှသောအသံဖြင့် ပြောချလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဖုန်းလေးတစ်လုံးရှိရုံဖြင့် တစ်ကမ္ဘာလုံးကို ပြဿနာရှာလို့ရသည်ဟု ခံယူထားသော ထူးမြတ်တို့ လူမျိုးကတော့ ငှက်ပျောသီးအနုပညာကို ပုံစံမျိုးစုံဖြင့် ဝေဖန်ကြလေသည်။ ထူးမြတ်ကတော့ အီတလီသား ကက်တလန်ကို အင်မတန်မှ ဘိုသံပီပီသသနှင့် ဝေဖန်ရလျှင် "မောင်မင်းလူကလည်း အရမ်း'အ'ရသလားကွာ၊ ဒေါ်လာခြောက်သန်းရဖို့ ကိုယ်ပိုင် ငှက်ပျောသီးတစ်လုံးကို ဘာလို့ရောင်းလိုက်ရတာလဲ"ဟု ဝေဖန်ရမည်ဖြစ်သည်။ ကက်တလန်ဆိုတဲ့ ကောင်က တော်တော်ဉာဏ် နည်းတာကြောင့် ဖြစ်သည်။ ငွေရဖို့ အင်မတန်အာဟာရဓာတ်ပြည့်ဝသော ငှက်ပျောသီးကို ရင်းလိုက်ရတာ နှမြောဖို့ ကောင်းသည်။
    ဒီလိုကြတော့ ထူးမြတ်တို့ မီယန်မာလူမျိုးတွေက အင်မတန်မှ ဉာဏ်ကောင်းသည်။ ကိုယ်ပိုင်ပစ္စည်း ငှက်ပျောသီးမပြောနှင့် အပ်တိုတစ်ချောင်းတောင်မပါဘဲနဲ့ ဒေါ်လာသန်းချီ ရအောင်ရှာနိုင်တာကြောင့် ဖြစ်သည်။ ဒါကြောင့်လည်း ကမ္ဘာမှာ မြန်မာဟေ့လို့ ဂုဏ်ယူနိုင်တာ ဖြစ်သည်။ ဒီသတင်းကိုသာ ကမ္ဘာကျော်သတင်းဌာနကြီးတွေသာ ဖော်ပြလိုက်ရင် ကက်တလန်ရဲ့ ငှက်ပျောသီးတစ်လုံး ဒေါ်လာ ခြောက်သန်းကျော်ရအောင် ရောင်းသည့်သတင်းက မြောင်းထဲရောက်သွားနိုင်သည်။ မြန်မာ့တော်လှန်ရေး အနုပညာရှင်ကြီးတွေရဲ့ အရည်အချင်းက ချီးကျူးစရာကောင်းလှသည်။ တော်လှန်အနုပညာကိုပြဖို့ မြန်မာပြည်ကနေ အမေရိကားကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်သွားလိုက်တာ နှစ်ပိုင်း လေးအတွင်း တော်လှန်အနုပညာပြကွက်တွေပြလိုက်တာ ဒေါ်လာသန်းချီ ဖင်ခုထိုင်လိုက်နိုင်သည်။ ကက်တလန်လို ငှက်ပျောသီးတစ်လုံးမပြောနဲ့ ကိုယ်ပိုင်ပစ္စည်း ဆံချည်တစ်မျှင်ပင် မပေးရသည့် ပြကွက်များဖြစ်သည်။ အကယ်ဒမီပေးပွဲမှာ အစီအစဉ် ကြေညာသလို ကောင်းနိုးရာရာပြကွက်များ ထုတ်ပြရမည်ဆိုပါက ဟိုအန်တီကြီးရဲ့ အင်္ကျီနဲ့လုံချည်ဆိုကာ သနပ်ခါးရေမွှေးစွတ်ပြီး မေမေ့သနပ်ခါး နံ့လေးဆိုပြီး တစ်ကွက်ပြလိုက်တာမျိုး ဖြစ်သည်။
    ဒါတင်ပဲလားဆိုတော့ မဟုတ်ချေ။ မေ့မေ့ထီး၊ မေ့မေ့ဖိနပ်ဆိုပြီး ထုတ်ရောင်းလိုက်ကြပြန်သေးသည်။ ခုလည်း တော်လှန်အနုပညာရှင်ကြီးတွေ ဟိုအန်တီကြီးက နိုင်ငံခြားက တက္ကသိုလ်တစ်ခုကို လက်ဆောင်ပေး လိုက်သည်ဆိုသော ပုဝါတစ်ထည်ကို လေလံတင်နေကြ ပြန်သည်။ ကဲ ကိုယ်ပိုင်ပစ္စည်းတစ်ခုမှမပါဘဲ ဒေါ်လာသန်းချီရှာနိုင်သော တော်လှန်ပညာရှင်ကြီးတွေရဲ့ အရည်အချင်းကို ငှက်ပျောသီးတစ်လုံး အရင်းပြုတဲ့ ကက်တလန်လိုက်လို့မီမှာ မဟုတ်တာတော့သေချာသည်။ ဟိုအန်တီကြီး ကောင်းမှုအကြောင်းပြုကာ စီးပွားဖြစ်နေကြသည်။ ကိုယ့်အိတ်ထဲက တစ်ပြားမှမထုတ်ဘဲ အန်တီ ကြီးရဲ့ ထီး၊ ဖိနပ်၊ လုံချည်၊ ပုဝါတွေ ထုတ်ရောင်းလိုက်ကြတာ ဟိုကပြန်လာရင် ဝတ်စရာတောင် ရှိပါ့မလား စိတ်ပူမိသေးသည်။
    မီယန်မာပြည်ကလူအချို့က ငှက်ပျောသီးတစ်လုံးကို ဒေါ်လာခြောက်သန်း ပေးစားသည့် မစ္စတာဆွန်းကိုသာ ဝေဖန်နေကြပြီး ကိုယ့်မျက်ချေး ကိုယ်မမြင်ကြပေ။ဘာပဲဖြစ်ဖြစ် မစ္စတာဆွန်းကမှ ငှက်ပျောသီးလေးတစ်လုံးကို စားရသေးသည်။ မီယန်မာပြည်က လူတချို့ကတော့ တော်လှန်အနု ပညာရှင်ကြီးတွေရဲ့ အနုပညာပြကွက်တွေကို မစားရမသောက်ရ ထိုင်ကြည့်နေကြသည်။နွေဦးထီတွေ ထိုးကြဟေ့ဆိုပြီး ထိုးလိုက်ကြတာ သုံးနှစ်ကျော်လေးနှစ် ထီပေါက်တဲ့လူမရှိဘဲ ထိုင်ထိုးနေကြတာ မြင်ရတော့လည်း တော်လှန်အနုပညာ ပြကွက်တွေကို သဘောကျမိသေးသည်။ ဒီကြားထဲ တော်လှန်အနုပညာ ပြကွက်တွေအဖြစ် တော်လှန်အိမ်ရာတွေ၊ တော်လှန် ဘွန်းတွေ၊ တော်လှန်ကွန်ဒိုတွေဝယ်ပြီး စာရွက်လေးတွေကိုင်ကာ မစားရမသောက်ရ ဖြစ်ကျရပြန်သည်။ နောက်ပြီး တော်လှန်အနုပညာရှင်ကြီးတွေရဲ့ ဒရက်ဂွန်ဖလိုင်း ဆိုတာကြီးကလည်း ဒေါ်လာသန်းချီရလိုက်ပြန်သည်။ ဒရက်ဂွန် ကြီးက ဖလိုင်းဖို့ မပြောနှင့် ဖြူသလားမည်းသလား ဆိုတာတောင် မသိရသည့် မီယန်မာတချို့ တော်လှန်အနုပညာ၏ ရသကြီးကို တော်တော်လေးခံစား လိုက်ရပြန်သည်။ နောက်ပြီး တော်လှန်အနုပညာတစ်ရပ် ဖြစ်သည့် နွေဦးဘဏ် ပြကွက်ကြီးကလည်း အင်မတန်မှ လှပလေသည်။ ကက်တလန်၏ ငှက်ပျောသီး တိပ်ကပ်တာကမှ အလုံးအထည်ကြီး မြင်လိုက်ရသေးသည်။ နွေဦးဘဏ်ကြီးကတော့ ဘယ်နားရှိမှန်းတောင် မသိလိုက် ရသည်အထိ ပြကွက်ဆန်းလှသည်။
    တော်လှန်အနုပညာရှင်ကြီးတွေများ ဒေါ်လာ သန်းချီရဖို့ ငှက်ပျောသီးတစ်လုံးပင်မလို ပါးစပ်တစ်ပေါက် အရင်းအနှီး ပြုလိုက်ရသည်။ "ငါတို့မှာ ငါတို့ပဲရှိတယ်"၊ "ငါတို့ နိုင်တော့မှာ"၊ "အဆုံး သတ်နှစ် အဆုံးဖြတ်နှစ်"၊ "မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်"၊ "အရှုံးမပေးမချင်း ငါတို့နိုင်တယ်"၊ "လမ်းအားလုံးနေ ပြည်တော်ဆီသို့"၊ "တစ်လှိုင်းပြီး တစ်လှိုင်းလာမယ်"၊    "နောက်ဆုံး လှိုင်း အိမ်ပြန်မယ့်လှိုင်း"၊ "တွဲတိုင်းမှာ စက်ခေါင်းပါတယ်"စသဖြင့် ကြွေးကြော်သံလေးတွေ အော်ပေးလိုက်ရုံဖြင့် ဒေါ်လာတွေက ဝင်လာမစဲ တသဲသဲဖြစ် ကုန်ကြသည်။ တော်လှန်အနုပညာရှင်ကြီး တွေရဲ့ ပြကွက်တွေသာ ကက်တလန်လို လေလံတင်ခွင့်ရမယ်ဆိုရင်  တစ်ကမ္ဘာလုံး ဟင်ခနဲ ဟာခနဲ ဖြစ်ကုန်ကြမှာ အသေအချာပင် ဖြစ်သည်။ ခုဆိုရင် အမေရိကားမှာသာမက  ထိုင်းနိုင်ငံမှာလည်း တော်လှန်အနုပညာရှင်ပေါက်စလေးတွေ ပေါ်ပေါက်လာပြီဖြစ်သည် အနုပညာပြကွက်လေး တွေပြပြပြီး ဘန်ကောက်မှာ ကွန်ဒိုတွေ ဝယ်ကုန်ကြပြီ ဖြစ်သည်။ မီယန်မာ တော်လှန်အနုပညာရှင်တွေများ အင်မတန် ဉာဏ်ကောင်းလှသည်။ တော်လှန်အနုပညာ ရှင်ကြီးတို့များ ခုဆိုရင် မဲအရောင်းအဝယ်လေးနဲ့ အလုပ်ဖြစ်နေကြသည်။ တော်လှန်မစ္စတာဆွန်းတွေကတော့ တော်လှန်ငှက်ပျောသီးကို ဒေါ်လာတွေ၊ ဘတ်ငွေတွေနဲ့ ပေးဝယ်နေကြသည်။ (ထူးမြတ်)

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 386

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42985

© 2022 - 2025 News. All Rights Reserved.