ကေအိုင်အေကို ခြေရာကောက်ခြင်း (၂)

၂၀၂၄ မေ ၁၃
    ၂၀၂၀ စက်တင်ဘာမှာ လွင်ဦးစာပေက တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဘာတီးလ်လစ်တ နာရေးပြီး ဆရာနိုင်ဦးမြန်မာပြန်ခဲ့တဲ့ 'ကျောက်စိမ်းမြေ' စာအုပ်မှာလည်း KIA မှာ ဘရန်ဆိုင်းခေါင်းဆောင် ဖြစ်လာပုံကို အခုလို ဖော်ပြထားပါတယ်။
    " KIA ကို စတင်တည်ထောင်သူ ညီအစ်ကိုသုံး ဦးအနက်ဇော်ဒန်းက ၁၉၇၄ ခုနှစ် ဗကပနှင့် ဖြစ်သော တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး ဇော်ဆိုင်းနှင့် ဇော်တူးတို့ကမူ ထိုင်းနယ်စပ်အနီးမှ ကချင်ဆက်သွယ်ရေးစခန်းတွင် ၁၉၇၅ ခုနှစ်အတွင်း လုပ်ကြံခံလိုက်ရသည်။ လုပ်ကြံသူမှာ KIA တပ်မှ ဗိုလ်လေးတစ်ယောက်ဖြစ်၍ ခေါင်းဆောင်ဟောင်းတွေနှင့် သဘောထားဆန့်ကျင်ပြီး KIA ကို ပြုပြင်ပြောင်းလဲလိုသူ လူငယ်တစ်ဦးဖြစ်သည်။ သို့ရာတွင် ယခုလို လုပ်ကြံခြင်းဖြင့် သူ့ကို ရာထူးတိုးပေးမည်ဟု တွက်ချက်ထားသော်လည်း ရာထူးကားမတိုး၊ ဆုလာဘ်အဖြစ် အကွပ်မျက်ခံလိုက်ရပါ၏။ ယနေ့တွင်မူ ညီအစ်ကို သုံးယောက်ကို ကချင်သူပုန် စစ်တပ်ကို စတင်တည်ထောင်သူတွေအဖြစ် အသိအမှတ်ပြု၍ ပါ ဂျောင်တွင် ရုပ်တုထု၍ ဂုဏ်ပြုခဲ့ကြပါသော်လည်း ရဲဘော်အများစု၏ ရင်ထဲတွင်ကား နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အပိတ်လမ်းသို့ တွန်းပို့ခဲ့သော သူတို့ခေါင်းဆောင်တွေ ဆုံးရှုံးသွားသည့်အတွက် နှမြော တသ ရှိကြပုံမရပေ။' (စာ-၂၉၆)
    KIA တည်ထောင်သူ ဇော်ဆိုင်းတို့ ညီအစ်ကို လုပ်ကြံခံရပြီးနောက် ဘရန်ဆိုင်းဟာ ဥက္ကဋ္ဌအဖြစ် KIA ကို ဆက်လက်ဦးဆောင်လာခဲ့ပါတယ်။ ဘရန်ဆိုင်းရဲ့ လက်ထက်မှာ KIA ရဲ့ မူဝါဒတွေပြောင်းလဲ လာပါတယ်။ ဗကပကတစ်ဆင့် တရုတ်ဆီက လက်နက်အကူအညီ တွေရခဲ့ပြီး KIA ဟာ အင်အားတောင့် တင်းလာခဲ့ပါတယ်။ KIA ဌာနချုပ်ကိုလည်း တြိဂံဒေသမှ ပါဂျောင်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ၁၉၈၀ ဝန်းကျင်ကာလများအတွင်း ဘရန်ဆိုင်းပြောင်းလဲ တည်ဆောက်ခဲ့တဲ့ ပေါ်လစီတွေထဲမှာ...'ကချင် လက်နက်ကိုင် လမ်းစဉ်တစ်ခုလုံး၏ ရည်ရွယ်ချက်ကိုလည်း တစ်ခါက လက်ခံအားပေးခဲ့သော ခွဲထွက်ရေးလမ်းစဉ်မှ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးသို့ လမ်းကြောင်း ပြောင်းယူလာခဲ့သည်။ မျိုးဆက်သစ် ခေါင်းဆောင်တို့ကလည်း အယူအဆအတွေးအခေါ်သစ်တို့ကို အတိုင်းအတာ တစ်ခုအထိ ခွင့်ပြုခဲ့သည်'လို့ ဆိုပါတယ်။ (စာ-၂၉၆)
    'ဘရန်ဆိုင်းကား ကျွနု်ပ်တွေ့ဖူးသော တိုင်းရင်းသား သူပုန်ခေါင်းဆောင်တွေနှင့် လုံးဝမတူ၊ ပညာတတ်တစ်ယောက်ဖြစ်ပြီး အင်္ဂလိပ်စကားကို ကောင်းစွာပြောနိုင်သူ၊ နိုင်ငံရေးကိစ္စဖြစ်စေ၊ ဒေသတွင်းကိစ္စဖြစ်စေ၊ ဝေးလံ၍ ကုန်းတွင်းပိတ် ကချင်ပြည်နယ်တွင် ကျွန်ုပ်တို့ကိုယ်တိုင် မျှော်လင့်မထားသော ကိစ္စရပ်နှင့် ပတ်သက်လာလျှင် ကျယ်ကျယ်ပြန့်ပြန့် သိထားသူ'လို့သာ တီးလ်လစ်တနာက မှတ်ချက်ပြုထားပါတယ်။ မြစ်ကြီးနားမြို့ ကချင်ဘက်ပတစ် အထက်တန်းကျောင်းအုပ် ဆရာကြီးအဖြစ် လုပ်ကိုင်ခဲ့သူ ဘရန်ဆိုင်းက ဘာတီးလ် လစ်တနာကို ခုလိုပြောပြခဲ့ပါတယ်။
    'ခင်ဗျားလည်း သိပါတယ်။ ကျွန်တော်တို့က ချင်လူမျိုးတွေက ၁၉၆၁ ခုနှစ်အထိ ရန်ကုန်အစိုးရကို လက်နက်ကိုင်မဆန့်ကျင်ခဲ့ဘူး။ ဗမာပြည်လူနည်းစုတွေထဲမှာ ကျွန်တော်တို့က နောက်ဆုံးမှ လက်နက်ကိုင်တိုက် ခိုက်ခဲ့ကြတာပါ။ ၁၉၄၉ ခုနှစ်မှာ ကရင်လက်နက်ကိုင် ပုန်ကန်မှုတွေစပြီ၊ မွန်နဲ့ ကရင်နီတွေ လက်နက်ကိုင်ခဲ့တာလည်း အဲဒီ အချိန်လောက်ပဲ၊ ရှမ်းတွေက ၁၉၅၈ မှာ စတင်ခဲ့တယ်။ ကျွန်တော်တို့က လက်နက်ကိုင်တော် လှန်ရေးမလုပ်ဘဲနဲ့ ကချင်လူမျိုးတွေရဲ့ အခြေအနေကို တိုးတက်အောင်လုပ်နိုင်မယ်လို့ စဉ်းစားခဲ့ကြတယ်။ ဒါပေမဲ့ စိတ်ပျက်စရာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကချင်တွေ အသေအလဲ တိုက်ခဲ့ရပေမယ့် ဂျပန်က စစ်လျော်ကြေးပေးတဲ့အခါ ကချင်ပြည်နယ်ကို ရောက်မလာဘူး။ ဂျပန်ဂျစ်ကားတွေဆိုရင် ဗမာအစိုးရအရာရှိတွေဆီမှာပဲ။ ကချင်ပြည်နယ် တိုးတက်ဖို့ ဘာတစ်ခုမှ လုပ်မပေးဘူး ...' (စာ-၂၉၁)
    ဘရန်ဆိုင်းဟာ KIA မှာသာမက ကရင်ဗိုလ်မြ ဦးဆောင်ဖွဲ့စည်းထားတဲ့ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(NDF)မှာပါ သြဇာကြီးလာပုံကို ၂၀၁၅ ဇန်နဝါရီလထုတ် ဆရာသောင်းဝေဦးရဲ့ 'သူတို့ တိုက်ခဲ့သော KIA နှင့် တိုက်ပွဲများ}မှာလည်း ဖော်ပြထားပါတယ်။ (၁၉၉၀ ခုနှစ် တပ်မတော်အစိုးရလက်ထက် ကကလှမ်းမှ ဗိုလ်မှူးသန်းထွန်းနှင့် မြန်မာ့အသံကိုယ်စားလှယ် ဦးလှဝင်းတို့ရဲ့ အမေးအဖြေစကားဝိုင်းမှ ကောက်နုတ်တင်ပြ လိုက်ပါတယ်။)
    မဒတကို KNU ရဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့များအဖြစ် အသုံးချနိုင်အောင် ဗိုလ်မြက ဦးဆောင်ဖွဲ့ စည်းခဲ့တာဖြစ်ပေမယ့် ဘရန်ဆိုင်းဦးဆောင်တဲ့ KIA နဲ့က အားပြိုင်သလို ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
    'မဒတ NDF အဖွဲ့မှာ ပြန်ကြည့်မယ်ဆိုရင် ဗကပကို မလိုလားတဲ့ KNU ခေါင်းဆောင်တဲ့ KNPP လို့ခေါ်တဲ့ ကရင်နီအဖွဲ့၊ PNO ပအိုဝ်းအဖွဲ့၊ NMSP မွန် အဖွဲ့၊ ALP ရခိုင်အဖွဲ့၊ ဒီအဖွဲ့တွေက ဗကပကို သိပ်မလိုလားဘူး။ တစ်ဖက်မှာ ဗကပနဲ့ ပြေလည်မှုနားလည်မှုရှိတဲ့ အဖွဲ့တွေ KIA ကချင်၊ SSA ရှမ်းအဖွဲ့၊ PSLA
ပလောင်အဖွဲ့၊ LNO လားဟူအဖွဲ့၊ WNO 'ဝ'အဖွဲ့၊ CNF ချင်းအဖွဲ့ ဒီလိုအုပ်စုလေးတွေကွဲပါတယ်။ KIA ဘက်က ဗကပနဲ့ နားလည်မှုရှတဲ့အဖွဲ့၊ ဒီအုပ်စုက ပိုပြီးအားသာတာ တွေ့ရတယ်။ ဗိုလ်မြထက်ပိုပြီး ဘရန်ဆိုင်းက အားသာနေတယ်' (စာ-၁၀၃)
    'မဒတ NDF အဖွဲ့အနေနဲ့က အထူးသဖြင့်ကတော့ နိုင်ငံရေးအသွင်ဆောင်ပြီး ပြည်ပအဖွဲ့အ စည်းတွေက အကူအညီများရဖို့ ကြိုးစားတဲ့နေရာမှာ ဘရန်ဆိုင်းက ဗိုလ်မြထက်သာတဲ့ အရည်အချင်းတွေရှိတယ်။ အပြည်ပြည်ဆိုင်ရာ ဗဟုသုတ ဗိုလ်မြထက်ပိုပြီး ကြွယ်ဝတယ်။ ပြည်ပဆက်ဆံရေးတွေမှာ ပြောတာဆိုတာ ဗိုလ်မြထက် အင်မတန်မှ ခြေလှမ်းသွက်တယ်။ နိုင်ငံခြား ဆက်သွယ်ရေးလုပ်ငန်းတွေမှာ ဘရန်ဆိုင်းရဲ့ ခြေလှမ်းတွေသာလျှင် ပေါ်လွင်ခဲ့ပါတယ်။' (စာ-၁၀၂)
    '၁၉၈၅ ခုနှစ်ထဲမှာ KIA အဖွဲ့ရဲ့ မဒတကို ဦးစားပေးတဲ့ လှုပ်ရှားမှုတစ်ခုက တော်တော်လေးကို ထိရောက်ခဲ့တယ်။ အဲဒါဘာလဲဆိုတော့ မဒတအဖွဲ့မှာပါတဲ့ ကရင်အပါအဝင် ကိုယ်စားလှယ် တော်တော်များများကို KIA နယ်မြေကို ဖိတ်ခေါ်ပြီးတော့မှ ကောင်းကောင်းမွန်မွန် ပြုစုခဲ့တယ်။ KIA နယ်မြေထဲမှာ ရှိတဲ့ရွာတွေ တစ်ရွာဝင်တစ်ရွာထွက်နဲ့ ပွဲကြီးလမ်းကြီးတွေနဲ့ဆီးကြိုပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ ဒါဟာ မဒတအဖွဲ့ထဲမှာ KIA ရဲ့ တော်တော်လေး ခြေလှမ်းသွက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ KIA အဖွဲ့အစည်းအပေါ်မှာလည်း ကျန်တဲ့အဖွဲ့အစည်းတွေက တော်တော်လေးကို နှစ်နှစ်ခြိုက်ခြိုက်ဖြစ်ခဲ့တဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ လေ့လာတွေ့ရှိရပါတယ်။ NDF အဖွဲ့မှာ ရန်ပုံငွေ ထည့်တဲ့အခါမှာလည်း KIA အဖွဲ့ဟာ KNU (ကရင်)အဖွဲ့နဲ့ အပြိုင်အဆိုင် ထည့်နိုင်တဲ့အနေအထားတွေ တွေ့ရပါတယ်။ ဘာပဲပြောပြော မဒတအဖွဲ့ထဲမှာ ဘရန်ဆိုင်းဟာ ဗိုလ်မြထက်ပိုပြီးတော့ ထင်ပေါ်လာတာ တွေ့ရပါတယ်။ နောက်တစ်ခါ အုပ်စုထဲမှာ သြဇာညောင်းမှုပေါ့'
    'အဲဒီအချိန်မှာ မွန်သောင်းကျန်းသူနဲ့ KNU ကရင် သောင်းကျန်းသူတို့မတည့်ကြဘူး။ အဲဒီ ပဋိပက္ခတွေကို ဘရန်ဆိုင်းက ကြားနေဝင်ပြီးတော့ ဆရာကြီးလုပ်ပြီး ဖြေရှင်းနိုင်တယ်။ ပြေပြေလည်လည်ဖြစ်အောင် ဖြေရှင်းပေးခဲ့တဲ့ အနေအထားတွေရှိတော့ သိက္ခာတက်လာတဲ့သဘော၊ ဖျန်ဖြေပေးတဲ့လူ အနေနဲ့ နေရာယူနိုင် တဲ့သဘော ရှိပါတယ်။ အဲဒီလိုနဲ့ မဒတထဲမှာ ဘရန်ဆိုင်း ထင်ပေါ်ကျော်ကြား လာတယ်။ လူသိများလာတယ်။ ထောက်ခံမှုများလာတယ်။ ဒါပေမဲ့ ဘရန်ဆိုင်းဟာ မဒတဥက္ကဋ္ဌနေရာ ကိုတော့ သူမယူခဲ့ပါဘူး။' (စာ-၁၀၄)
    'မရန်ဘရန်ဆိုင်းဟာ ဆယ်စုနှစ်နဲ့ချီ တိုက်ပွဲ တွေတိုက်ခဲ့ပြီးနောက် 'အပစ်အခတ်ရပ်စဲရေး' ကြောင့် ကချင်လူ့အဖွဲ့အစည်းရဲ့ နေထိုင်မှုဘဝတွေ နာလန်ပြန် ထူလာလိမ့်မယ်လို့ မျှော်လင့်ခဲ့တဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ဆရာခွန်လှိုင်းမြန်မာပြန် 'ကချင်-စစ်နှင့် ငြိမ်းချမ်း ရေး(၁၉၉၄-၂၀၁၁)' စာ အုပ်မှာ ဖော်ပြထားပါတယ်။ ၂၀၁၈ အောက်တိုဘာမှာ ယဉ်မျိုးစာပေက ထုတ်ဝေခဲ့တဲ့ ဒီစာအုပ်ရဲ့ မူရင်းအင်္ဂလိပ်ဘာသာအမည်က ... ]The War and Peace in the Borderlands of Myan-mar, The Kachin Ceasefire, 1994-2011, Edited by Mandy Sadan} ဖြစ်ပါတယ်။
    '၁၉၈၇ ခုနှစ်အတွင်း KIO ဥက္ကဋ္ဌ မရန်ဘရန်ဆိုင်း ဥရောပကို အလည်အပတ်ထွက်ခဲ့ခြင်းဟာ KIO အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေး မဟာဗျူဟာကို ဘက်ပေါင်းစုံကနေ ဖော်ပြနိုင်ခဲ့ပါတယ်။ လက်နက်ကိုင် တိုက်ပွဲဖြစ်ပြီးကတည်းက KIO ခေါင်းဆောင်တစ်ယောက် ငြိမ်းချမ်းရေးမစ်ရှင်ခရီး ပထမဦးဆုံး အကြိမ်ထွက်ခဲ့တာပါ။ အဲဒီအချိန်တုန်းက NDF ဟာ လူသိများလာပြီး အင်အားလည်း တောင့်တင်းလာတာမို့ ဘရန်ဆိုင်းဟာ အားတက်နေသလို မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်လာမယ့် အရေးအခင်းတွေအတွက် ကြိုတင်မျှော်လင့်ချက်တွေလည်း ရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာ မဆလ အစိုးရဟာ နိုင်ငံရေးအရရော စီးပွားရေးအရပါ ဒေဝါလီခံနေရပြီဆိုတာ လျှို့ဝှက်ထားလို့မရအောင် ပွင့် ကျနေပါတယ်။ ဗကပကလည်း ယိမ်းယိုင်နေပါပြီ။ ဘရန်ဆိုင်းဟာ အစိုးရအပြောင်းအလဲဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်ဖို့အတွက် နိုင်ငံတကာက ကူညီပေးဖို့ မျှော်လင့်နေခဲ့ပါ တယ်။' (စာ-၆၅)
    နောက်တစ်နှစ် ၁၉၈၈ ခုနှစ်မှာ နိုင်ငံအနှံ့ ဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်လာပြီး မဆလပါတီလည်း နိဂုံး ချုပ်သွားပါတယ်။ NLD ပေါ်ပေါက်လာပြီး စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ လုပ်လာတဲ့အခါ KIO နဲ့ တိုင်းရင်းသား မဟာမိတ်တွေရော ဘာဖြစ်လို့ အလားတူ မလုပ်နိုင်ရမှာလဲလို့ ဘရန်ဆိုင်း တွေးမိလာ ပါတယ်။
    'မသေချာ မရေရာမှုတွေနဲ့ ဆက်လက်ခရီးနှင် နေချိန်မှာ KIO ရဲ့ ပေါ်လစီတွေအတွင်း မမျှော် လင့်ဘဲ တာဝန်ယူလိုက်ရတဲ့ သော့ချက်ကျတဲ့ ရေမျောကမ်းတင် ပေါ်လစီနှစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ပေါ်လစီတစ်ခု ကတော့ နဝတ အာဏာသိမ်းပြီးနောက် တိုင်းရင်းသားတွေ နေထိုင်ရာ နယ်စပ် ဒေသတွေဆီ ထွက်ပြေးခိုလှုံလာတဲ့ ကျောင်းသူကျောင်းသားတွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို လက်ခံပြီး ထောက်ပံ့ပေးထားဖို့ ဖြစ်ပါတယ်။ နောက်ထပ် ရေမျောကမ်းတင်ပေါ်လစီ တစ်ခုကတော့ ၁၉၈၈ ခုနှစ် ကသောင်းကနင်းဖြစ်မှုအတွင်း ပေါ်ထွန်းလာတဲ့ လက်နက်ကိုင်အုပ်စုတွေကို ရှေ့တန်းမှာ အကန့်အသတ်တွေနဲ့ထားဖို့ ဖြစ်ပါတယ်။ အဲဒီ ပေါ်လစီနှစ်ရပ်ကို နှလုံးသွင်းထားပြီး ဘရန်ဆိုင်းဟာ နဝတနဲ့ အဆက်အသွယ်လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပဲလို့ ပြောဆိုခဲ့ပါ တယ်။' (စာ-၆၇၊ စာ-၆၈)
    'ဘရန်ဆိုင်းဟာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ရှေ့နေလိုက် ပြောဆိုခဲ့ပေမယ့် နိုင်ငံရေးရှုမျှော်ခင်း ပုံကားချပ်ရေးဆွဲရာမှာ အတိုက်အခံ အုပ်စုတွေရဲ့ စွမ်းရည်တွေကို ပိုတွက်ခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘက်အသီးသီးကနေ ဖိအားပေးလာတဲ့ အောက်မှာ နဝတအစိုးရအဖွဲ့ အတွင်းက မျိုးဆက်သစ် တပ်မတော်ခေါင်းဆောင်တွေဟာ အငြိမ်းစားယူသွားခဲ့တဲ့ လူသန်ကြီးနေဝင်း ထက် အတိုက်အခံအုပ်စုတွေကို ပျော့ပျော့ပျောင်းပျောင်း ဆက်ဆံခဲ့ပြီး အလျင်အမြန် အကျိုးဖြစ်ထွန်း အောင် လုပ်ခဲ့ပါတယ်။'
    '၁၉၆၃-၆၄ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက် သွားပြီးကတည်းက သူပုန်ဆန့်ကျင်ရေး စစ်ပွဲတွေ ဆက်တိုက် ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၂ မှ KIO နဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၁၉၈၀-၈၁ မှာ လွတ်ငြိမ်းချမ်းသာခွင့် အကျဉ်းရုံးကြေညာပြီး ဗကပနဲ့ သီးသန့်ဆွေးနွေးခဲ့ပေမယ့် ပျက်ပြားခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၉ မှာတော့ တပ်မတော်ပေါ်လစီအရေးတကြီး ပြောင်းလဲမှုတစ်ရပ် ဖြစ်ပေါ်ခဲ့ပြီး နဝတဟာ မျှော်လင့်မထားတဲ့ အသက်ရှူမှားလောက်တဲ့ အံ့ဖွယ်လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ဗကပကနေ ပုန်ကန်ခွဲထွက်လာခဲ့တဲ့ ကိုးကန့်အဖွဲ့၊ 'ဝ'အဖွဲ့နဲ့တခြား တိုင်းရင်း သားအဖွဲ့တွေကို တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရေးလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက် တွေက ကချင်ဒေသကို အကြီးအကျယ် ရိုက်ခတ်ခဲ့ပါတယ်။ ဗကပကနေ ခွဲထွက်လာတဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲတဲ့ အုပ်စုတွေထဲမှာ တရုတ်နယ်စပ်အနီး ကန်ပိုက်တီးဒေသအတွင်းက 'တိန့်ယိင်း (ဇခုံတိန်ယိင်း)' ဦးဆောင်တဲ့ ဒီမိုကရက်တစ် တပ်မတော်သစ် - ကချင် (New Democratic Army - Kachin, NDA-K) လည်း အပါအဝင်ဖြစ်ပါတယ်။' (စာ-၆၈)
    'ဆက်လက်ပြီးတော့လည်း အစိုးရက NDF အဖွဲ့ဝင်တွေဖြစ်တဲ့ ရှမ်း၊ တအာန်း(ပလောင်)၊ ပအိုဝ်း အဖွဲ့တွေနဲ့ အပတ်အခတ်ရပ်စဲရေးလုပ်ခဲ့ပါတယ်။ အဲဒီလို အပစ်အခတ် ရပ်စဲရေးလုပ်ခဲ့တဲ့ အဖွဲ့အား လုံးဟာ လက်နက်ကိုင်တိုက်ပွဲကာလတစ်လျှောက်လုံး KIO ရဲ့ မဟာမိတ်တွေနဲ့ အိမ်နီးချင်းတွေပါ။ ၁၉၉၂ ခုနှစ်မှာ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်မှုဟာ ဗိုလ်ချုပ်မှူးကြီး စောမောင်လက်ထဲကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထဲကို ပြောင်းလဲရောက်ရှိသွားပါတယ်။ အဲဒီအပြောင်းအလဲကနေ အစိုးရရဲ့ ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းသွားပြီးတိုက်ပွဲတွေ လျော့နည်းလာခဲ့တဲ့အပြင် KIO နဲ့ အစိုးရအာဏာပိုင် တွေကြားဆက်သွယ်မှုနဲ အစည်းအဝေးတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။ အဲဒီလို အရေးကြီးတဲ့အချိန် ကျမှ ဘရန်ဆိုင်းဟာ အဖျားရောဂါဖြစ်ပွားတော့ အပြည့်အ၀ ခေါင်းဆောင်မှုမပေးနိုင်ခဲ့ပါဘူး။ KIO နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး အချိန်တိုအတွင်းမှာပဲ သူကွယ်လွန်သွားပါတယ်။ သူကွယ်လွန်တော့ အသက်(၆၃) နှစ်ပဲ ရှိပါသေးတယ်။ KIO အတွက်တော့ ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်ပါတယ်။ (စာ-၇၃)
    ဘာတီးလ်လစ်တနာရေးပြီး နိုင်ဦးမြန်မာပြန်တဲ့ 'ကျောက်စိမ်းမြေ' စာအုပ်မှာတော့ ဒီလိုဖော်ပြ ထားပါတယ်။
    'ဘရန်ဆိုင်းအနေနှင့် စစ်အစိုးရနှင့် အပြီးသတ် စေ့စပ်ဆွေးနွေးရာတွင် မပါဝင်နိုင်ခဲ့။ ၁၉၉၃ ခု စက်တင်ဘာလတွင် နှလုံးရောဂါ ဝေဒနာအကြီးအကျယ် ခံစားရသဖြင့် ကူမင်းတွင် ဆေးကုသခဲ့ပြီး တစ်နှစ်နီးပါးအကြာ ၁၉၉၄ သြဂုတ်လ ၈ ရက်တွင် ကွယ်လွန်သွားရှာသည်။' (စာ-၅၃၄)
    'ဘရန်ဆိုင်း အုတ်မြစ်ချပေးခဲ့တဲ့ KIO နဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အတိုက်အခံ အုပ်စုတွေအကြား အငြင်းပွားမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ KIO ဟာ တခြားသော့ချက်ကျတဲ့ မဟာမိတ်တွေရဲ့ ထောက်ခံမှုမရဘဲ အပစ်အခတ်ရပ်စဲ ဖို့ သဘောတူခဲ့တာပါ။ အထူးသဖြင့် NCUB နဲ့ ဆက်လက်အလုပ်လုပ်နေတဲ့ KNU (ကရင်)က မထောက်ခံ ပါဘူး။' (ခွန်လှိုှုင်း၊ မြန်မာပြန်၊ ကချင်စစ်နှင့် ငြိမ်းချမ်းရေး၊ စာ-၇၄)
    'ဘာပဲဖြစ်ဖြစ် ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ် စဲရေးလုပ်ပြီးနောက် ကချင်လူ့အဖွဲ့အစည်း တစ်ရပ်လုံးအနေနဲ့ လူမှုရေးလှုပ်ရှားမှုတွေ၊ စွမ်းအင်တွေ ပြန်လည် အသက်ဝင်လာတာကတော့ ငြင်းလို့မရပါဘူး။ KIO တာဝန်ရှိ ပုဂ္ဂိုလ်အသီးသီးဟာ မြို့တွေမှာ ရုံးခန်းတွေ ဖွင့်နိုင်ခဲ့တယ်။ အစိုးရ၊ KIO နဲ့ အရပ်ဘက် အာဏာပိုင်တွေအကြား ပွင့်လင်းလွတ်လပ်စွာ ဆက်သွယ်မှုတွေ လုပ်နိုင်လာခဲ့တယ်။ တကွဲတပြားဖြစ်နေတဲ့ လူ့အဖွဲ့အစည်းတွေကို ပြန်လည်ချိတ်ဆက်မှု စတင်နိုင်ခဲ့တယ်။ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ထောင်ချီတဲ့ မိသားစုတွေကို နေရာဟောင်းတွေဆီမှာ ပြန်လည်နေရာ ချထားပေးနိုင်ခဲ့တယ်။ နိုင်ငံတကာက ဧည့်သည်တွေကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အစိုးရ ထိန်းချုပ်နယ်မြေတွေအတွင်း တရားဝင် လည်ပတ်ခွင့်ရ စေခဲ့တယ်။ ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ပင်ခြင်းခံထားရရာက ပထမဆုံးအကြိမ် တရားဝင် လည်ပတ်ခွင့်ရရှိခြင်း ဖြစ်ပါတယ်။ ဒီအချက်တွေ ကတော့ သိသာမြင်သာတဲ့ အပြောင်းအလဲတွေပါ။' (၎င်း၊ စာ-၇၈)
    ၁၉၉၄ မှ ၂၀၁၁ ခုနှစ်အတွင်း ၁၇ နှစ်တာ ကချင်မြေရဲ့ ငြိမ်းချမ်းရေးအသီးအပွင့်တွေဟာ အခုတော့ မရှုမလှ ပျက်စီးကြွေလွင့်ခဲ့ရပါပြီ။ စစ်ပွဲတွေဟာ တစ်ကျော့ပြန်၊ နှစ်ကျော့ပြန် အဖန်ဖန်အလီလီ သံသရာ ရှည်နေဦးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး ပုစ္ဆာဆိုတာလည်း အဖြေရှာဖို့ ခက်ခဲနေဦးမှာပါပဲ။    ။ ( မြန်ဘုန်းသစ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 406

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42975

© 2022 - 2025 News. All Rights Reserved.