၂၀၂၄ မတ် ၆
၂၀၂၄ မတ်လ ၇ ရက်ကစတင်ပြီး ကချင်ပြည်နယ်မှာ KIA(ကချင်တပ်ဖွဲ့) က ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိပါတယ်။ ကချင်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များရဲ့ နယ်မြေချဲ့ထွင် စစ်ဆင်မှုတွေဟာ ပိုမိုပြင်းထန်တဲ့ စစ်ပွဲကြီးတွေကို ဖိတ်ခေါ်သလိုဖြစ်နေပါတယ်။ တကယ်တော့ ကချင်ဒေသဟာ ဒုတိယကမ္ဘာ စစ်အတွင်းမှာကတည်းက စစ်ဘေးစစ်ဒဏ်ကို အပြင်းအထန်ခံခဲ့ရတဲ့ နေရာဖြစ်ပါတယ်။ ၂၀၁၈ အောက်တို ဘာထုတ် ဆရာခွန်လှိုင်းမြန်မာပြန် 'ကချင်-စစ်နှင့် ငြိမ်းချမ်းရေး(၁၉၉၄-၂၀၁၁)'စာအုပ်မှာ ကချင်စစ်မြေ ပြင်အကြောင်းကို အခုလို ဖော်ပြထားပါတယ်။
'၁၉၄၂ ဂျပန် ကျူးကျော်ပြီးနောက်ပိုင်း ကချင်ဒေသဟာ မဟာမိတ်တွေရဲ့ စစ်ပွဲအတွက် အရေးပါတဲ့ ယှဉ်ပြိုင်ကွင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ တကယ်တမ်းမှာလည်း အဲဒီနှစ် ဧပြီလ နောက်ဆုံးပတ်နဲ့ မေလ လဆန်းရက်တွေအတွင်း မြစ်ကြီးနား လေဆိပ်ဟာ ကမ္ဘာပေါ်မှာ အစည်ကားဆုံး လေဆိပ်တစ်ခုအဖြစ် နာမည်ကြီးခဲ့ပါတယ်။ ဒါ့အပြင် ၁၉၄၄ ခုနှစ် ဆောင်းရာသီအတွင်း အဲဒီဒေသကို ပြန်လည်သိမ်းပိုက်ပြီး နောက်မှာလည်း မြစ်ကြီးနားလေဆိပ်ဟာ နောက်တစ်ဖန် ပြန်လည် စည်ကားလာခဲ့ပါတယ်။ အဲဒီဒေသဟာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ဝင်ရိုးတန်းဆန့်ကျင်ရေး တရုတ်တပ်ဖွဲ့တွေ ပြန်လည်ဆက်သွယ်ရာမှာ မရှိမဖြစ် စင်္ကြံလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စစ်ကာလကုတ်သင်္ကေတအတွင်းမှာ CBI အဖြစ် သတ်မှတ်ခံရတဲ့ ဒေသဖြစ်ပါတယ်။ 'တရုတ်-မြန်မာ-အိန္ဒိယ ဇာတ်ခုံ' (China-Burma-India Theatre)အဖြစ် သင်္ကေတပြုခဲ့တာပါ။' (စာ-၂၉)
'ဒီဒေသဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းကနေ မြန်မာနိုင်ငံကို ဖြတ်ပြီး ယူနန်ပြည်နယ် ခွန်မင်း (ကူမင်း)၊ မြို့ဆီ ဆက်သွယ်ရာမှာ မရှိမဖြစ်ထောက်ပို့ လမ်းကြောင်းတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံရပြီး ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ တန်ပြန်ထိုးစစ်တွေ ဆင်နွှဲရာမှာ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ခြေကုပ်စခန်းအဖြစ် အသုံးပြုခြင်းကိုလည်း ခံရပါတယ်။ အဲဒီအချိန်တုန်းက ဖောက်လုပ်ခဲ့တဲ့ နာမည်ကျော် 'စတေးလ်ဝဲလ် လမ်းမကြီး (Stilwell Road) ဟာ ဒီနေ့ခေတ်မှာ 'လီဒိုလမ်းမကြီး (Ledo Road)လို့ ညွှန်းဆိုခြင်းခံရပြီး ၁၉၅၅ နောက်ပိုင်းမှာတော့ ဆိုးဆိုးရွားရွား ယိုယွင်းပျက်စီးသွား လို့ မော်တော်ကားတွေ ဖြတ်သန်းသွားလာလို့ မရတော့ပါဘူး။' (စာ-၃၀)
'စစ်ပွဲတွေ ကောင်းကောင်းဆင်နွှဲနိုင်တဲ့ ဒီဒေသရဲ့ ပထဝီနိုင်ငံရေး ထူးခြားချက်ကြောင့် ဒီဒေသကို ထိန်းချုပ်ချင်တဲ့ ပြင်ပ ဇာတ်ကောင်တွေ အများကြီးရှိခဲ့တာပါ'လို့ ဆိုပါတယ်။
ပြင်ပဇာတ်ကောင်တွေ အများကြီးထဲမှာ အသိသာ အထင်ရှားဆုံးက တရုတ်ဖြစ်နေတာ ငြင်းလို့မရပါဘူး။ မြန်မာပြည်(မြောက်ပိုင်း) ကချင်ဒေသနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံအနေနဲ့ ကချင်ဒေသကို သူ့အကျိုးစီးပွားအတွက် ကောင်းကောင်းကြီး အသုံးချလို့ရနေပါတယ်။ ဒုတိယကမ္ဘာစစ်ကာလတုန်းကတော့ ဗြိတိသျှမဟာမိတ်တွေက ကချင်ဒေသနဲ့ ကချင်တိုင်းရင်းသားတွေကို ဖွတ်ဖွတ်ညက်ညက်ကျေအောင် အသုံးချ သွားခဲ့ပါတယ်။
'၁၉၄၂ အောက်တိုဘာလကနေ ၁၉၄၄ အောက်တိုဘာလအထိ ဗြိတိသျှတပ်မှူးတွေဟာ လစဉ် ငွေဒင်္ဂါးတစ်သိန်းကို အိန္ဒိယကနေ ပူတာအိုဆီ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီငွေဒင်္ဂါးတွေဟာ ပူတာအိုမှာ အခြေပြုတဲ့ မြောက်ပိုင်းကချင် လဲဗီးတပ်တွေ (Northen Kachin (NK) Levies)လို့ခေါ်တဲ့ ဆန္ဒအလျောက်စစ်ထဲ ဝင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တွေရဲ့ အသုံးစရိတ်အဖြစ် အသုံးပြုခြင်းခံရပြီး တိုက်ခိုက်ရေးတပ်ဖွဲ့တွေက တစ်ဆင့် ဆွမ်ပရာဘွမ်ဆီ ဂျပန်တပ်တွေနဲ့ ကူမင်တန်တပ်တွေ ရန်စောင်နေကြတဲ့ တရုတ်ပြည်နယ်စွန်နယ် ဖျားဒေသဖြစ်တဲ့ အရှေ့ဘက်ဆီအထိ ပျံ့နှံ့ရောက်ရှိ သွားပါတယ်။' (စာ-၃၄)
'ဗြိတိသျှတပ်ဖွဲ့တွေဟာ သူတို့ဖွဲ့စည်းလေ့ကျင့်ပေးခဲ့တဲ့ 'မြောက်ပိုင်းကချင် လဲဗီးတပ်ဖွဲ့'တွေကို အသုံးစရိတ်အဖြစ် ငွေဒင်္ဂါးတွေ ထုတ်ပေးခဲ့ပေမယ့် အမေရိကန်တပ်ဖွဲ့တွေက သူတို့ပျိုးထောင်ခဲ့တဲ့ 'ကချင်ကွန် မင်ဒိုရိန်းဂျားတပ်ဖွဲ့(Kachin Rangers)တွေကို အသုံးစရိတ်အဖြစ် 'ဘိန်း'တွေ ထုတ်ပေးခဲ့ပါတယ်။ ဗြိတိသျှတပ်ဖွဲ့တွေကလည်း အိန္ဒိယနိုင်ငံသုံး ရူပီးငွေဒင်္ဂါးတွေ အရောက်နောက်ကျရင်တော့ အထမ်းသမားတွေ၊ လဲဗီးတပ်တွေကို ထောက်ပံ့ဖို့ ဘိန်းကို သုံးပါတယ်။ (စာ- ၃၅)
ဒီစာအုပ်ကို မန်ဒီဆက်ဒန် (Mandy Sadan)က တည်းဖြတ်ခဲ့ပြီး အခန်း ၁၃ ခန်းနဲ့ ဖွဲ့စည်းထားတယ်။ မာတင်စမစ်သ်၊ လီဂျုန်းစ်၊ ကယ်ဗင်ဝုဒ်စ်စတဲ့ လေ့လာဆန်းစစ်သူ ၁၃ ဦးက ပါဝင်ရေးသားထားတာ ဖြစ်ပါတယ်။ မူရင်းစာအုပ်အမည်က 'The war and Peace in the Borderdonds of Myanmar, The Kachin Ceasefire, 1994-2011' ဖြစ်ပါတယ်။ ၁၉၉၄-၂၀၁၁ အပစ်ရပ်ကာလတွေကို သုံးသပ်ရင်း ကချင်ဒေသစစ်တလင်းဖြစ်ခဲ့ ရပုံကို ဒုတိယကမ္ဘာစစ် နောက်ခံကားပေါ်မှာ ဖော်ပြခဲ့တာပါ။ ၁၉၉၄-၂၀၁၁ ဆိုတဲ့ ၁၇ နှစ်ကြာ ငြိမ်းချမ်းရေးကာလဟာ ကချင်ဒေသရဲ့ အတည်ငြိမ်ဆုံး၊ အအေးချမ်းဆုံး ကာလလို့တောင် ဆိုနိုင်ပါတယ်။ ဗြိတိသျှတွေ မြန်မာပြည်ကို သိမ်းပိုက်ပြီးစ ...ကိုလိုနီခေတ် ဦးကတည်းက ကချင်တိုင်းရင်းသားတွေကို ဗြိတိသျှက စစ်သားအဖြစ် စုဆောင်းခဲ့ပြီး ပထမကမ္ဘာစစ်မှာ မက်ဆိုပိုတေးမီးယား စစ်မြေပြင်အထိ ပို့ဆောင်တိုက်ခိုက်စေခဲ့တယ် မဟုတ်ပါလား။ ဒုတိယကမ္ဘာစစ်ကာလမှာလည်း ကချင်တွေဟာ လဲဗီးတပ်၊ ရိန်းဂျားတပ်တွေမှာ ပါဝင်တိုက်ခိုက်ခဲ့ရပြီး ကချင်မြေဟာ စိစိညက်ညက်ကြေအောင် စစ်ဘေးစစ်ဒဏ် ခံခဲ့ရပါတယ်။
၁၉၄၅ စစ်ကြီးပြီးသွားလို့ ဂျပန်တွေ ဆုတ်ခွာ သွားတဲ့အခါ 'ကချင်လဲဗီးတပ်တွေ၊ ကချင်ရိန်း ဂျားတပ်ဖွဲ့တွေ၊ ကချင်သေနတ်ကိုင်တပ်ရင်းတွေကို အသစ်ဖွဲ့ စည်းလိုက်တဲ့ 'ဗမာ့တပ်မတော်'ထဲ ပူးပေါင်းစေခဲ့ပါတယ်။' (စာ-၃၈)
ကချင်လဲဗီးတပ်ဖွဲ့ထဲက ထင်ရှားတဲ့ စစ်ရေးခေါင်းဆောင်တစ်ယောက်ကတော့ 'ဗိုလ်နော်ဆိုင်း' ဖြစ်ပါတယ်။ သူ့အကြောင်းကို ၂၀၂၀ စက်တင်ဘာလမှာ တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဘာတေးလ်လစ်တ နာရေးပြီး ဆရာနိုင်ဦး မြန်မာပြန်တဲ့ 'ကျောက်စိမ်းမြေ'မှာ အောက်ပါအတိုင်း ဖော်ပြ ခဲ့ပါတယ်။
'ဒုတိယကမ္ဘာစစ် ကာလအတွင်းကပင် ကချင်ပြည်နယ်ခွဲထွက်ဖို့ အားထုတ်ခဲ့သူတစ်ဦးမှာ နော်ဆိုင်း ဖြစ်သည်။ နော်ဆိုင်းတွင် ထိုစဉ်ကတည်းက ကချင်ဒေသကို နီပေါနိုင်ငံကဲ့သို့ လွတ်လပ်သော နိုင်ငံအဖြစ် ခွဲထွက်ဖို့ စိတ်ကူးရှိခဲ့သလို နီပေါလိုပင် ဖိုက်တာတပ်ဖွဲ့ဝင်တွေ ငှားရမ်း၍ ရဲရင့်သော နိုင်ငံတစ်နိုင်ငံအနေဖြင့် ပိုက်ဆံရှာဖို့လည်း စိတ်ကူးခဲ့သည်။ ကမ္ဘာစစ်ပြီးနောက် ဂျပန်တို့ကို ရေကုန်ရေခန်း တိုက်ခိုက်ခဲ့သည့်အတွက် နော်ဆိုင်းကို ဗြိတိသျှအာဏာပိုင်တို့က သူရဲကောင်းဘွဲ့တံဆိပ် ပေးအပ်ခဲ့ပြီး ကချင် Levies တပ်ဖွဲ့သည်လည်း စစ်ပြီးသည်နှင့် ပြန်လည်ဖွဲ့စည်းသော ဗမာ့တပ်မတော်တွင် ကချင်ရိုင်ဖယ်တပ်ဖွဲ့အနေဖြင့် ပါဝင်လာခဲ့ရာ ပထမဆုံး ကချင်တပ်ရင်းတွင် နော်ဆိုင်းကို တပ်ရင်းမှူးအဖြစ် ခန့် အပ်ခဲ့သည်။'
'၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရပြီး မကြာမီ ကွန်မြူနစ်တို့ တောခိုသွားကြရာ နော်ဆိုင်း၏ ကချင်ရိုင်ဖယ်တပ်က ကွန်မြူနစ်သောင်းကျန်းသူတို့ကို အစိုးရဘက်မှ လိုလိုလားလား တိုက်ခိုက်ခဲ့ပါသော်လည်း ကရင်သူပုန်တို့ကို တိုက်ခိုက်ဖို့ အမိန့်ပေးသည့်အခါတွင်မူ နာခံခြင်းမရှိတော့ဘဲ ကရင်တို့နှင့် လက်တွဲ၍ မြန်မာပြည်(မြောက်ပိုင်း)မှ အစိုးရတပ်ဖွဲ့တို့ကို အလုံးအရင်းနှင့် ပြန်လည်တိုက်ခိုက်ခဲ့လေသည်။' (စာ-၂၉၃)
ဒါပေမဲ့ နော်ဆိုင်းခမျာ ဇာတ်သိမ်းမကောင်းရှာဘူး။ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဒဏ်ကို မခံနိုင်ဘဲ တရုတ်ပြည်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။ ဗကပကိုတိုက်ခဲ့တဲ့ နော်ဆိုင်းဟာ တရုတ်ပြည်မှာ ဗကပနဲ့ ပြန်ပေါင်းထုပ်ပြီး ဗကပအဖြစ် ရှမ်းမြောက်ဒသကို ပြန်ဝင်လာခဲ့ပါတယ်။ သို့သော် သက်ဆိုးမရှည်ခဲ့ပါဘူး။ ၁၉၇၂ ခုနှစ် 'ဝ'တောင်တန်းမှာ အမဲလိုက်ရင်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ကချင်တွေကတော့ ဗကပက လုပ်ကြံသတ်ဖြတ်လိုက်တာလို့ ယူဆပါတယ်။
KIA ကချင်တပ်ဖွဲ့ရဲ့ကောက်ကြောင်း မြင်သာအောင် ၂၀၁၅ ဇန်နဝါရီမှာ ပထမအကြိမ်ပုံနှိပ် ထုတ်ဝေခဲ့တဲ့ ဆရာသောင်းဝေဦးရဲ့ 'သူတို့တိုက်ခဲ့သော KIA နှင့် တိုက်ပွဲများ' စာအုပ်ပါ အချက်အ လက်များကို ဖော်ပြပေးလိုက်ပါတယ်။
၁၉၅၁ မှာ နော်ဆိုင်းတရုတ်ပြည်ထဲ ထွက်ပြေးခိုလှုံသွားတဲ့အချိန်မှာ နောင်အခါ ကေအိုင်အေရဲ့ ခေါင်းဆောင်ဖြစ်လာမယ့် 'ဇော်ဆိုင်း'ဟာ ညီဖြစ်သူ 'ဇော်တူး'၊ လမုန်တူးလှိုင်၊ လမာလရိန်းတို့နဲ့ ပေါင်းဖွဲ့ပြီး ၁၉၆၀ ပြည်နှစ်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization.K-10) ကို စတင်ဖွဲ့ စည်းခဲ့ပါတယ်။
'KIOမြေအောက်အဖွဲ့အစည်းတွင် ဥက္ကဋ္ဌအဖြစ် ဇော်ဆိုင်း၊ ဒု-ဥက္ကဋ္ဌအဖြစ် ဇော်တူး၊ အတွင်းရေးမှူးအဖြစ် လမာလရိန်းတို့က တာဝန်ယူခဲ့ကြသည်။ ထိုအချိန်တွင် ရှမ်းပြည်နယ်၌ နိုင်ငံရေးသမား အချို့၏ ခါးပိုက်ဆောင်အဖြစ် ဖွဲ့စည်းရန် KIO အား လက်နက်ခဲယမ်းများ ထောက်ပံ့ရာမှ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်လာပြီး အင်အားမှာ ၂၇ ယောက်ရှိခဲ့လေသည်။ KIO အဖွဲ့သည် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီ ၅ ရက်တွင် လားရှိုးမြို့ငွေတိုက်အား စတင်စီးနင်းတိုက် ခိုက်ခဲ့ခြင်း ဖြင့် လက်နက်ကိုင်လှုပ် ရှားမှု စတင်ခဲ့လေသည်။' (သောင်းဝေဦး၊ စာ-၅၁)
အဲဒီနောက် အခြားကချင်လူငယ်များလည်း တောခိုလာခဲ့ရာ အင်အားတစ်ရာအထိ စုစည်း မိလာရာ ဇော်ဆိုင်းက တပ်မဟာမှူး ဖြစ်လာပါတယ်။ ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်မှာ သိန္နီမြို့နယ်၊ လွယ်တောက်မှာ (Kachin Independence Army) KIA ကို စတင်ထူထောင် ခဲ့ကြပါတယ်။
'၁၉၆၁ ခုနှစ် သြဂုတ်လ ၂၆ ရက်တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်ခြင်း ကိုလည်းကောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်နိမိတ် စာချုပ်ချုပ်ဆိုမှုတွင် ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် ဒေသများအား တရုတ်ပြည်နယ်နိမိတ်အတွင်း ထည့်သွင်းဖော်ပြမှုအပေါ် နေရာအနှံ့ဆန္ဒပြမှုအား အခွင့်ကောင်းယူ၍ လည်းကောင်း၊ ရှမ်းပဒေသရာဇ်များမှ ဖက်ဒရယ်မူကို စတင်တောင်းဆိုလာခြင်းတို့ကြောင့် လည်းကောင်း၊ KIA တို့အနေဖြင့် တိုက်ကွက်များ ရရှိလာခဲ့ကြသည်။ လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုကို အရင်းခံ၍ လူမျိုးရေးမုန်းတီးမှု၊ ဗမာလူမျိုးကြီးဝါဒ ဆန့်ကျင်ရေး စသည်တို့ကို အကြောင်းပြကာ 'လွတ်လပ်သော ကချင်သမ္မတ နိုင်ငံထူထောင်ရန်'ဟူသော ရည်ရွယ်ချက်ဖြင့် စည်းရုံး လှုံ့ဆော်လာခဲ့ကြလေသည်။' (၎င်း၊ စာ-၅၂)
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းတယ်ဆိုတာ နိုင်ငံသားအားလုံး ဗုဒ္ဓဘာသာ ဝင်ဖြစ်ရမယ်လို့ အတင်းအကျပ် အမိန့်ထုတ်ပြန်ခြင်း မဟုတ်ပါ။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလည်း နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြပါတယ်။ သို့သော် ပွဲလန့်ဖျာခင်းလုပ်ချင်သူတွေက ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူစတဲ့ ဘာသာဝင်တွေ အကုန်လုံး ဗုဒ္ဓဘာသာထဲ ဝင်ကြရတော့မယ်။ မူလကိုးကွယ်ရာ ဘာသာတွေကို ဖျက်သိမ်းပစ်သယောင် သွေးထိုးလှုံ့ဆော် ဆူပူလာကြပါတယ်။ ခရစ်ယာန်အများစုရှိတဲ့ ကချင်ဒေသမှာ အဆိုးရွားဆုံး ဖြစ်ခဲ့ပါတယ်။
၁၉၆၇ တရုတ်-မြန်မာအဓိကရုဏ်း၊ တရုတ်ဆန့်ကျင်ရေး လှိုင်းလုံးကြီးများ ရိုက်ခတ်လာချိန်မှာ KIA ဟာ တရုတ်အကူအညီ ရယူဖို့ ကြိုးပမ်းခဲ့ပါ တယ်။
'တရုတ်နိုင်ငံမှ နိုင်ငံရေး၊ စစ်ရေး အကူအညီများ ရရှိခဲ့ပြီး စစ်ရေးလှုပ်ရှားမှုများကို တိုးတက်လုပ် ဆောင်နိုင်ခဲ့လေသည်။ KIA သည် ၁၉၆၇ နှစ်ကုန်မှစ၍ တပ်ရင်းကိုးရင်းအထိ ဖွဲ့စည်းခဲ့ပြီး ကချင် ပြည်နယ်တွင် အင်အား ၁၇၅၀၊ ရှမ်းပြည်(မြောက်ပိုင်း)တွင် အင်အား ငါးရာအထိ တိုးတက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ ထန်ပိုးစခန်းတွင် အခြေစိုက်နေသော ဇော်ဆိုင်းထံမှလည်း လက်နက်ခဲယမ်းများ ရရှိခဲ့ကြသည်။' (စာ-၅၅)
ဒါကြောင့် မြစ်ကြီးနားမြေထဲက တပ်စခန်း အချို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဗကပနဲ့လည်း နယ်မြေလုစစ်ပွဲတွေ အပြင်း အထန် ဆင်နွှဲနေခဲ့ရပါတယ်။
'KIA မှ ခွဲထွက်သွားခဲ့သော ဇေလွမ်းနှင့် စခုံတိမ့်ယိမ်းတို့သည် တရုတ်တွင် သင်တန်းဆင်းပြီး နောက် ဗကပတပ်ရင်း ၁၀၁ အဖြစ် ပြန်လည်ဝင်ရောက် လာကြရာ KIA များအနေဖြင့် ဗကပအပေါ် ပိုမို၍ မကျေနပ်စရာ ဖြစ်လာခဲ့ရသည်။ KIA သည် တရုတ် ကွန်မြူနစ်ပါတီ၏ လက်နက်ခဲယမ်းထောက်ပံ့မှုကို မှီခို နေရသောကြောင့် ဗကပအား ပြတ်ပြတ်သားသား ဆန့်ကျင်၍မရဘဲ ဖြစ်နေသည်။ ထို့ကြောင့် တပ်မတော်ထံ ချဉ်းကပ်ဆက်သွယ်မှုများ ပြုလုပ်လာကြပြန်သည်။ အစိုးရနှင့် စေ့စပ်ဆွေးနွေးရန် ပြင်ဆင်လာကြသည်။} (စာ-၆၀)
'၁၉၇၂ နှစ်ဦးတွင် ဗကပတို့က KIA နယ်မြေများကို ထိုးဖောက်စည်းရုံးလာသဖြင့် တိုက်ပွဲများ ဖြစ်ပွား လာပြန်သည်။ KIA သည် တပ်မတော်ထံသို့ ကိုယ်စားလှယ်စေလွှတ်ခြင်း၊ စာရေးသားဆက်သွယ်ခြင်းများ ပြုလုပ်လာပြန်သည်။ တစ်ချိန်တည်းမှာပင် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဗကပ များအား တိုက်ခိုက်ရင်း မကြာခဏ အပစ်အခတ်ရပ်စဲ၍ မကြာခဏပင် ဆွေးနွေးခဲ့ သည်။ တပ်မတော်အား နားလည်မှု ယူခဲ့ခြင်းမှာ စစ်ရေးအရ နှစ်ဖက်ညှပ်နေခြင်းမှ ယာယီထွက်ပေါက်ရ ရန်သာ ဖြစ်သည်။ KIA သည် ဗကပအား ဘုံရန်သူအဖြစ် သတ်မှတ်၍ တပ်မတော်နှင့် ပူးပေါင်း တိုက်ခိုက်ရန် လက်နက်ခဲယမ်းနှင့် ဆေးဝါးပစ္စည်းများ အကူအညီတောင်းခံခဲ့သည်။ ၁၉၇၂ ခုနှစ် ဇွန်လ ၁၀ ရက်တွင် အပစ်အခတ် ရပ်စဲ၍ အကန့်အသတ်ဖြင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။' (စာ-၆၁)
KIA ဟာ အပစ်အခတ်ရပ်စဲထားတာကို အခွင့်ကောင်းယူပြီး မြို့ပေါ်တက် ဆက်ကြေးကောက်၊ လူသစ်စုဆောင်း၊ နယ်မြေတိုးချဲ့တာတွေ လုပ်လာခဲ့တယ် ဆိုပါတယ်။ KIA ရဲ့ မရိုးသားမှုများကြောင့် ၁၉၇၂ မှာ တပ်မတော်က ဆက်လက်ဆွေးနွေးတာတွေ မလုပ်တော့ ဘူးလို့ ဆိုပါတယ်။ KIA? KIO ဆိုပြီး ဖွဲ့စည်းထားပေမယ့် ဇော်ဆိုင်း၊ ဇော်တူးနဲ့ ဇော်ဒန်ဆိုတဲ့ ညီအစ်ကိုသုံး ယောက်ကသာ ကြိုးကိုင် ခြယ်လှယ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဇော်ဆိုင်းက နံပါတ်တစ်ခေါင်းဆောင် ဖြစ်ပြီး ထိုင်းမှာနေ ထိုင်တယ်။ KIA တပ်တွေကို ဇော်တူးက အုပ်ချုပ်ပြီး ဇော်ဒန်က ရှေ့တန်းစစ်ဦးစီးအဖြစ်တာ ဝန်ယူထားပါတယ်။ ၁၉၇၅ ခုနှစ် ကွတ်ခိုင် အနောက်ခြမ်းမှာ ဗကပနဲ့တိုက်ပွဲဖြစ်ရာ ထိပ်တန်းခေါင်း ဆောင် ဇော်ဒန်ကျဆုံးခဲ့ပြီး သူ့နေရာကို ဇော်မိုင်က တာဝန်ယူ ခဲ့ပါတယ်။ ဇော်ဒန် ကျဆုံးသွားချိန်မှာပဲ KIA ခေါင်းဆောင်ပိုင်းထဲက အချို့ဟာ ထိုင်းနိုင်ငံသို့ ထွက်ခွာလာ ခဲ့ကြပြန်ပါတယ်။
'ထိုကဲ့သို့ KIA ခေါင်းဆောင်များ ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်းကို အောက်ခြေက ကျေနပ်ခြင်း မရှိကြပေ။ ဗကပအား ရင်ဆိုင်နေရသည့်အပြင် တပ်မတော်၏ ထိုးစစ်များကိုပါ ခုခံနေရချိန်တွင် ခေါင်းဆောင်များ ထိုင်းနိုင်ငံတွင် တိမ်းရှောင်နေရာ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာသည်။ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းတွေ့နေချိန် ၁၉၇၅ သြဂုတ်လ ၁၀ ရက်၌ ယခင် KIA တပ်ရင်း ၁၁ ၊ တပ်ရင်းမှူး ဆိုင်းတူးက ဇော်ဆိုင်း၊ ဇော်တူးနှင့် ပုံရွှေဇော်ဆိုင်းတို့အား ထိုင်းနယ်စပ် ဆက်သွယ်ရေး စခန်းဖြစ်သည့် ထန်ပိုးတွင် လုပ်ကြံသတ်ဖြတ် ပစ်လိုက်သည်။ ကေအိုင်အေ ဗဟိုဌာနချုပ်က ခေါင်း ဆောင်များသည် ကိုယ်ကျိုးရှာ အလွဲသုံးစားပြုလုပ်နေသောကြောင့် ဖယ်ရှားခဲ့ရခြင်းဖြစ်ကြောင်း တိုင်း ကော်မတီ၊ ခရိုင်ကော်မတီများသို့ ရှင်းလင်းခဲ့ကြသည်။' (စာ-၇၉)
ထိုင်းနိုင်ငံမှာ ကချင်ထိပ်သီးခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးချိန်မှာ လက်ဝဲယိမ်း ဘရန်ဆိုင်း ရဲ့ အခန်းကဏ္ဍက အရေးပါလာခဲ့ပါတယ်။ မရန်ဘရန်ဆိုင်းဟာ ဗကပနဲ့ စစ်ရေးမဟာမိတ်ဖွဲ့ဖို့ ကြိုးစားလုပ်ဆောင် ခဲ့ပါတယ်။ တရုတ်ကလည်း ဗကပကတစ်ဆင့်သာ အကူ အညီပေးမယ်လို့ ဆိုတဲ့ အတွက် ဗကပနဲ့ ပြန်ပေါင်းထုပ်ဖို့ လုပ်ခဲ့ပါတယ်။ ထိုင်းနယ်စပ်က လက်နက်တွေ ကချင်ပြည်နယ်သို့ ပို့ဆောင်ရာမှာလည်း ဗကပနယ်မြေတွေကို ဖြတ်သန်းသွားလာရမှာ ဖြစ်တဲ့အတွက် ဗကပရဲ့ ခွင့်ပြု ချက်ရဖို့ အရေးကြီးနေပါတယ်။ ကချင်ပြည်နယ်ကထွက်တဲ့ ဘိန်းနဲ့ ကျောက်စိမ်းများကို ထိုင်းနယ်စပ် မှောင်ခိုဈေးကွက်သို့ ပို့ဆောင်ရာမှာလည်း ဗကပရဲ့ ထိန်းချုပ် နယ်မြေတွေကို ဖြတ်သန်းသွား လာရမှာဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်က ဗကပနဲ့ ပြန်ပေါင်းထုပ်ဖို့ ဖန်တီးလာခဲ့ပေပြီ။ ၁၉၇၆ ခုနှစ်မှာ မရန်ဘရန်ဆိုင်းဟာ KIA ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး ဗကပနဲ့ စစ်ရေးမဟာ မိတ်ဖွဲ့ခဲ့တယ်လို့ ဆရာသောင်းဝေဦးရဲ့ 'သူတို့တိုက်ခဲ့သော KIA နှင့် တိုက်ပွဲများ'စာအုပ်မှာ ဖော်ပြထားပါတယ်။ ( မြတ်ဘုန်းသစ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )