ကြောက်စရာကောင်းတဲ့ မီဒီယာလက်နက်

၂၀၂၄ ဇွန် ၃၀

    လက်ရှိကာလအပိုင်းအခြားဟာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ကမ္ဘာနဲ့တစ်ဝန်းမှာ ဖြစ်ပျက်နေတာတွေကို လူငယ်လူရွယ်တွေပါမကျန် သိနိုင်တဲ့အခြေအနေပဲ ဖြစ်ပါတယ်။ ကောင်းတာတွေလည်း ရှိသလို ဆိုတာတွေလည်းအပြည့်ပါ။ အရွယ်မတိုင်မီ မသိသင့်တာတွေသိလို့ မဖြစ်သင့်တာတွေ ဖြစ်ပျက်နေတာကလည်း ဒုနဲ့ဒေး။ ဒီလိုခေတ်စနစ် အခြေအနေမျိုးမှာ လူငယ်လူရွယ်တွေကို အဆိပ်မကျွေးဖို့လိုပါတယ်။
    အကောင်းအဆိုးဆိုတဲ့ ဓမ္မတာကို လွန်ဆန်လို့မရတာမှန်ပေမဲ့ လူ့လောက လူ့ဘောင်သာယာအောင် နောင်လာနောက်သားတွေအတွက် မျိုးစေ့ကောင်းတွေသာ ချထားပေးခဲ့ရင် ပိုကောင်းမယ်လို့ မြင်ပါတယ်။ နည်းပညာအားကိုးပြီး ငါနဲ့ငါ့အဖွဲ့အစည်း အားသာဖို့ အသုံးချတာတွေ များလာတာနဲ့အမျှ သာယာအေးချမ်းတဲ့ လူ့ဘောင်၊ အမျိုးမတူ အယူအဆမတူရင်တောင် အေးအတူပူအမျှနေထိုင်နိုင်တဲ့ လူမှုဝန်းကျင်တွေ တဖြည်းဖြည်းနဲ့ ဆိတ်သုဉ်းလာမှာ အသေအချာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်းကိုပြန်ကြည့်။ သာယာအေးချမ်းတဲ့ အခြေအနေက ပိုလာသလား၊ ဆုတ်ယုတ်တဲ့ လူမှုဆက်ဆံရေးက ပိုလာသလားဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ လူတွေရဲ့ ကိုယ်ကျိုးအတ္တနဲ့ အသုံးချမှုတွေများလာတာနဲ့အမျှ အဖတ်တင်ကျန်ခဲ့တာက အမုန်းတရားပါ။ အမှန်ကို မချဉ်းကပ်နိုင်တော့ဘဲ မှာယွင်းတဲ့အသိနဲ့ အကျိုးရှိမရှိ မချိန်ဆနိုင်တော့ဘဲ တစ်ဖက်သတ်အမြင်တွေ၊ အသိတွေ ဖြစ်လာကြပါတယ်။ နည်းပညာအားသာချက်အရ မီဒီယာကို ဝါဒဖြန့်ယန္တရားအဖြစ် အသုံးချနေကြတာလည်း တွေ့ရမှာဖြစ်ပါတယ်။ များသောအားဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ မီဒီယာအခွင့်အရေးအကြောင်းပြကြတဲ့ အနောက်အုပ်စုက ပိုအသုံးချကြတာတွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်ရဲ့ VOA နဲ့ ဗြိတိသျှရဲ့ BBC တို့ပဲဖြစ်ပါတယ်။ CNN နဲ့တချို့သတင်းဌာနတွေက သတင်းဘက်လိုက်မှု အတန်အသင့် ရှိသော်လည်း သူတို့လောက်မဆိုးပါ။ 
    သတင်းမီဒီယာကိုအသုံးချပြီး ဝါဒဖြန့်ယန္တရားကို လက်နက်သဖွယ် အသုံးချခံရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးကပါ။ အထူးသဖြင့် အနောက်အုပ်စုရဲ့ မူဝါဒအရ သူတို့အလိုကျဖြစ်စေဖို့ အသုံးချခဲ့ကြတာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ထို့အပြင် ကွန်မြူနစ်တို့ရဲ့ ဝါဒဖြန့် ယန္တရားကိုလည်း မြန်မာတွေ ခံခဲ့ရတာပါပဲ။ တရုတ်နိုင်ငံ ပီကင်းမှာ အခြေပြုထားတဲ့ အဝေးရောက် ဗမာပြည်ကွန်မြူနစ်ပါတီက ပီကင်းအသံ လွှင့်ဌာန ထူထောင်ခဲ့ပါသေးတယ်။ ၁၉၆၀ ဝန်းကျင်ခန့်က စတင်ခဲ့တာပါ။ ကွန်မြူနစ်ဝါဒရေးရာများကို ထုတ်လွှင့်ခဲ့ပြီး မြန်မာအစိုးရနဲ့ တပ်မတော်ကို အပုပ်ချ ခဲ့ကြတာပါ။ ပြည်တွင်းမှာရှိတဲ့ ဗကပ ယူဂျီတွေကို မူဝါဒပေးတာ၊ ခိုင်းစေတာတွေကိုလည်း အချင်းချင်း နားလည်စေမယ့်အသုံးအနှုန်းတွေနဲ့ ထိုအသံလွှင့်ဌာနကပဲ ထုတ်လွှင့်ပေးပါတယ်။ နေဝင်း၊ စန်းယု စစ်တပ်ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ မကြားချင်အဆုံး ပုတ်ခတ်ပြောဆိုခဲ့တာ နေ့စဉ်နဲ့အမျှပါ။ ထိုအသံလွှင့်ချက်တွေဟာ ကြာလာတာနဲ့အမျှ ပြည်သူတွေကြားမှာ ယဉ်ပါးလာခဲ့ကြတော့ အမှားကိုအမှန်ထင်၊ စေတနာကို ဝေဒနာအဖြစ်မြင်စေခဲ့တာတွေ့ရပါတယ်။ အမှားမကင်းတာတွေရှိပေမယ့် တစ်စိတ်က တစ်အိတ်ဖြစ်ရာက အကျိုးနည်းတဲ့အထိဖြစ်စေ ခဲ့ရတယ်လို့ ဆိုချင်ပါတယ်။ 
    ထိုသို့မီဒီယာထောင် အသံလွှင့်ခဲ့ကြသလို ဝန်ထမ်းအဖွဲ့အစည်းအပါအဝင် နေရာဒေသစုံမှာ လူမွေးထည့်သွင်းပြီး ကောလာဟလနဲ့ သတင်းအမှားတွေ ဖြန့်ခဲ့ကြတဲ့အတွက်လည်း ဆိုရှယ်လစ် အစိုးရအပေါ်မှာ ပြည်သူတွေအနေနဲ့ ဆတ်ဆတ်ထိမခံကြတော့တဲ့အထိ မုန်းတီးမှုတွေဖြစ်လာခဲ့တာ တွေ့ရပါတယ်။ ဆိုရှယ်လစ် အစိုးရရဲ့ မအောင်မြင်တဲ့ စီးပွားရေးစနစ်ဟာ ကျဆုံးတဲ့အထိ ဖြစ်မလာသေးဘဲ ဈေးကွက်စီးပွားရေးတစ်ပိုင်း အဆင့်ကနေ တစ်ဆင့်ခံပြန်လည်ပြင်ဆင် ဖွင့်လှစ်ပေးလိုက်မယ်ဆိုရင် အလားအလာအများကြီးရှိပေမယ့် ဆတ်ဆတ်ထိမခံတဲ့ မုန်းတီးမှုများအရ ကိုယ်ကျိုး နည်းရတဲ့အထိ ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ 
    ၁၉၈၈ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အကြီးမားဆုံးသော အပြောင်းအလဲကာလလို့ ဆိုနိုင်ပါတယ်။ ထိုအပြောင်းအလဲဖြစ်ဖို့ ကြိုးစားခဲ့တာက လက်ဝဲဗကပ။ အပြောင်းအလဲကာလကစပြီး နောက်ပိုင်းမှာ ဝါးမျိုဖို့ကြိုး စားလာခဲ့တာက အနောက်အုပ်စု။ ဆိုရှယ်လစ်ခေတ်မှာ အနောက်အုပ်စုနဲ့ အနောက်အုပ်စုမီဒီယာတွေက ဦးနေဝင်းနဲ့ ဆိုရှယ်လစ်အုပ်စုကို သိပ်အပြစ်မပြောကြပါ။ ကန့်သတ်မှုတွေရှိပေမယ့် လိုအပ်တဲ့တချို့အကူအညီတွေတော့ ပေးခဲ့ကြတာ တွေ့ရပါတယ်။ အကြောင်းရင်းကတော့ လက်ဝဲကွန်မြူနစ်ကိုတိုက်နေလို့ပါ။ သို့သော် BBC ၊ VOA တို့ကတော့ သက်ဆိုင်ရာ သူ့အစိုးရရဲ့ မူဝါဒအရ ဆိုရှယ်လစ်အစိုးရကို မျက်ခြည်မပြတ်စောင့်ကြည့် ထုတ်လွှင့်မှုတွေတော့ ရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ် ငွေစက္ကူကိစ္စ အရေးအခင်းဖြစ်တော့ နှတ်ကြောင်းပေး အသံလွှင့်ချက်တွေ ထုတ်ပြန်လာခဲ့တာ တွေ့ရပါတယ်။
    ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်တဲ့အခါမှာတော့ အနောက်အုပ်စုအလိုကျ မီဒီယာတွေက ပြုံပြီးထိုးနှက်ခဲ့ကြတာတွေ့ရပါတယ်။ မီဒီယာကို လက်နက်သဖွယ် အသုံးချခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဆိုရှယ်လစ် အစိုးရနဲ့ စနစ်ပြုတ်ကျပြီး သူတို့အလိုကျ အစိုးရနဲ့ ဒီမိုကရေစီရရှိရေး၊ လွှမ်းမိုးချုပ်ကိုင်ရေးပဲ ဖြစ်ပါတယ်။ ဆိုရှယ်လစ်ကို တိုက်ခိုက်နေကြတဲ့ လူငယ်လေးတွေနဲ့ပေါင်းပြီး လုပ်ကြံဝါဒဖြန့်တဲ့အ ထိဖြစ်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ BBC သတင်းထောက် ခရစ္စတိုဖာဂါးနက်နဲ့ တက္ကသိုလ်ကျောင်းသူ အေးငြိမ်းသူတို့ရဲ့ အင်းစိန်ထောင်အတွင်းမှာ မုဒိမ်းကျင့်ခံရတယ်ဆိုတဲ့ လုပ်ကြံဇာတ်လမ်းက အထင်အရှားပါ။ အများသိပြီးသားကိစ္စမို့ အကျယ်မချဲ့တော့ပါ။ သို့သော် ထိုကိစ္စနဲ့ပတ်သက်ပြီး နောက်ပိုင်းမှသာ လုပ်ကြံထုတ်လွှင့်ခဲ့တာဖြစ်ကြောင်းသိ သွားခဲ့ကြပေမယ့် မိန်းမပျိုတစ်ယောက်ရဲ့အသံနဲ့ ကိုယ်တိုင် မုဒိမ်းကျင့်ခံရတယ်ဆိုတဲ့ အသံလွှင့်ချက်အရ ပြည်သူတွေပေါက်ကွဲပြီး လမ်းပေါ်ကိုထွက်လာတဲ့ အရေအတွက် မနည်းအောင်ဖြစ်ခဲ့တာကတော့ ထိုအချိန်က သူတို့လိုချင်ခဲ့တဲ့ အမြတ်ပဲမဟုတ်ပါလား။ 
    ခရစ္စတိုဖာဂါးနက်ရဲ့ လုပ်ကြံဇာတ်လမ်းကို အားဖြည့်ပေးတာက သားကြီး (ခ) သာကျော်မောင်ပါ။ သူ့ညီမ ပေါက်စီ(ခ) သန္တာခိုင်ကို အင်းစိန်ထောင်အတွင်းမှာ လုံခြုံရေးအဖွဲ့တွေက ဝိုင်းပြီး မုဒိမ်းကျင့်တာ လမ်းတောင်မလျှောက်နိုင်ဘူးလို့ အင်တာဗျူးမှာဆိုပါတယ်။ အမှန်က သန္တာခိုင်ဟာ (၁၄) နှစ်သမီး ၈ တန်းကျောင်းသူပါ။ ရန်ကုန်တက္ကသိုလ် RC အမိုးပေါ် တက်ပြီးတရားဟောရာကနေ  RIT သပိတ်ကျောင်းသားအုပ်စုနဲ့ ပူးပေါင်းဖို့ လမ်းပေါ်ထွက်လာရာမှာ အဖမ်းခံရတာပါ။ အင်းစိန်ရောက်တဲ့ အခါမှာ ကလေးသာသာရှိသေးတဲ့အတွက် အမျိုသမီးထောင်မှာ လွတ်လပ်စွာထားပါတယ်။ သီးသန့်ထားတဲ့ ပြစ်ဒဏ်ကျ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတွေကချစ်လို့ အစားအသောက်ပေါပေါလောလောစားရတာ။ သူစားချင်တာကိုထောင်က တာဝန်ရှိသူတွေက ဝယ်ကျွေးတာတွေကြောင့် ပြန်ထွက်လာတဲ့အခါ ၀၀ဖြိုးဖြိုးနဲ့ ထွက်လာတာကို ထိုစဉ်က သတင်းထုတ်ပြန်ချက်တွေကို ကြည့်ရင်တွေ့ရမှာပါ။ သူ့ကိစ္စနဲ့ပတ်သက်ပြီး မဟုတ်မှန်ကြောင်းကို သူကိုယ်တိုင် သတင်းမီဒီယာတွေက မေးမြန်းရာမှာ ပြောဆိုခဲ့တာလည်း သတိရကြမှာပါ။ သူတို့နှစ်ဦးဟာ မင်းသားကြီးဦးအောင်လွင်ရဲ့ သားသမီးတွေပါ။ ဒီလုပ်ရပ်တွေဟာ ဘာသဘောလဲဆိုရင် ဖြစ်တည်လာတဲ့ အရေးအခင်းတစ်ခုကို အရှိန်မလျော့အောင် မီးထိုးပေးတဲ့ လုပ်ရပ်များပဲဖြစ်ပါတယ်။ မသိနားမလည် သွေးဆူနေတဲ့ ကလေးတွေကို မီဒီယာနဲ့အသုံးချခြင်း သက်သက်လို့ ဆိုရမှာပါ။
    ထိုအချိန် ၁၉၈၈ ခုနှစ်နောက်ပိုင်းကစပြီး အနောက်မီဒီယာအုပ်စုဟာ သူတို့အလိုကျ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းကို ရှိတာထက် ပိုသိဒ္ဓိတင်ပေးပြီး တပ်မတော်နဲ့ အမျိုးသားရေးအားသန်တဲ့ အုပ်စုတွေကိုတော့ သိက္ခာကျစေတာ၊ ပြည်သူထူထုမုန်းတီးစေတာတွေကိုသာ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ခဲ့တာ ယခုဆိုရင် နှစ်ပေါင်း ၃၀ ကျော်ရှိပါပြီ။ ၁၉၈၈ ခုနှစ် အရေးအခင်းမှာ ကလေးသာသာရှိသူတွေက လက်ရှိအသက် (၄၀) ကျော်လူလတ်ပိုင်းတွေဖြစ်နေကြပြီး ၁၉၈၈ ခုနှစ်မှာ မမွေးသေးတဲ့ သူတွေက အခုဆိုအရွယ်ရောက်သူတွေတောင် ဖြစ်နေကြပါပြီ။ သူတို့ ကျယ်ကျယ်ပြန့်ပြန့်ကြားရတဲ့သတင်းတွေက အထက်က ဝါဒဖြန့်သတင်းတွေပဲ ဖြစ်ပါလိမ့်မယ်။ ထိုသူတွေကို အမှန်အမှား မသုံးသပ်တတ်သူတွေ၊ မသိသူတွေလို့ဆိုလိုချင်တာမဟုတ်ပေမယ့် မြန်မာ့နိုင်ငံရေးနဲ့ တပ်မတော်အကြောင်း ဂဃနဏသိကြ သလားဆိုရင် အမှန်ကိုမသိကြသူတွေက ပိုများပါလိမ့်မယ်။ မကောင်းသတင်းကိုသာ သူတို့ကြားသိပြီး မကောင်းသာပြောကြပါလိမ့်မယ်။ ပထဝီနိုင်ငံရေးနဲ့ ကမ္ဘာ့နိုင်ငံရေးအကြောင်းပြောရင်လည်း အနောက် အုပ်စုကိုသာ အထင်ကြီးပြီးအနောက်အုပ်စုသာ အမှန်လို့ဆိုကြမယ့်သူက အများစုလို့တွေ့ရပါ လိမ့်မယ်။ ဒါဟာ မီဒီယာရဲ့ ဘက်လိုက်မှုဆိုး ကျိုးပါ။ 
    ထိုသို့အနောက်မီဒီယာတွေက ဘက်လိုက်ခဲ့ကြသလို လူပါမွေးပေးခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်အရေးအခင်းအပြီး တောခိုသွားကြတဲ့ တက္ကသိုလ်ကျောင်းသား လူငယ်အတော်များများကို အနောက်အုပ်စုက သေချာရွေးချယ်ပြီး မီဒီယာသင်တန်းပေးခဲ့ကြပါတယ်။ အများစုက နော်ဝေမှာဖြစ်ပါတယ်။ သင်တန်းပေးခဲ့ကြသလို နဂိုကတည်းကပင် အနောက်အုပ်စုကိုအထင်ကြီးနေကြတဲ့ ထိုလူငယ်တွေဟာ အနောက်အုပ်စုရဲ့ မီဒီယာလက်ရုံးတွေဖြစ်လာခဲ့ကြပါတယ်။ နိုင်ငံရေးအကျိုးဆက်အရ ဖြစ်တည်လာခဲ့ကြတဲ့ထိုသူတွေဟာများသောအားဖြင့် တပ်မတော်မုန်းတီးရေးသမားတွေဆိုတာ ထူးပြီးပြောစရာလိုမယ်မထင်ပါ။ ထိုသတင်းသမားတွေ ကို အနောက်အုပ်စုမီဒီယာတွေက နေရာပေးစေခိုင်းခဲ့ ကြသလို သီးသန့်သတင်းဌာနတွေကိုလည်း စပွန်ဆာပေး ထူထောင်စေခဲ့ကြပါ တယ်။ တပ်မတော်အစိုးရလက် ထက်တစ်လျှောက်လုံး ထိုမီဒီယာအုပ်စုရဲ့ လုပ်ဆောင်ချက်ဟာ မီဒီယာအသုံးချ လှုံ့ဆော်နိုင်ငံရေးသက်သက်သာ ဖြစ်စေခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ 
    တပ်မတော်အစိုးရလက်ထက်မှာ ပြည်သူ့ဆန္ဒ အရ ပါတီစုံဒီမိုကရေစီစနစ်ကို မျိုးစေ့ချပေးခဲ့တာ၊ လွတ်လပ်ရေးရကတည်းက မရှိခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးကို တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့တာ၊ ဈေးကွက်စီးပွားရေးစနစ်ကို စတင်ပေးခဲ့တာ၊ ပြည်တွင်းလမ်းပန်းဆက်သွယ်ရေး ကွန်ရက်တွေ ချမှတ်တည်ဆောက်ပေးခဲ့တာ၊ ဒေသစုံမှာ တက္ကသိုလ်အဆင့် ပညာရေးမြှင့်တင်ပေးခဲ့တာ၊ နိုင်ငံတ ကာနဲ့ ပြင်ပပညာရေးသင်ကြားနိုင်စေဖို့ စတင်ပေးခဲ့တာ၊ စသဖြင့် တိုင်းပြည်အတွက် ကောင်းတဲ့ကိစ္စတွေအများကြီး ဆောင်ရွက်ပေးခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ သို့သော် ဘယ်မီဒီယာနဲ့ ဘယ်နိုင်ငံရေးသမားကမှ အသိအမှတ်ပြုခဲ့တာမတွေ့ရပါ။ အသိအမှတ်မပြုတဲ့အပြင် စစ်အာဏာရှင်အဖြစ်သာ ပုံဖော်ခဲ့ကြတာကိုပဲ တွေ့ရမှာဖြစ်ပါတယ်။ တပ်မတော်အစိုးရလက်ထက် အရေးအခင်းကာလမှာသာ မာရှယ်လောနဲ့ အုပ်ချုပ်ခဲ့ပေမယ့် တည်ငြိမ်လာတဲ့အခါမှာ Civil Law နဲ့သာ အုပ်ချုပ်ပါတယ်။ မည်သည့် သာမန်ပြည်သူလူထုကိုမှ ဒုက္ခမပေးခဲ့သလို ဥပဒေမဲ့ တားမြစ်ကန့်သတ်ချက်တွေလည်း မရှိခဲ့ပါ။ သို့သော် မီဒီယာမှာတော့ တပ်မတော်က စစ်အာဏာရှင်၊ ပြည်ပမှာ ပျော်ပျော်နေခဲ့ပြီး တိုင်းပြည်အတွက် ဘာဆိုဘာမှ လုပ်မပေးခဲ့ဖူးတဲ့သူက လူထုခေါင်းဆောင် ဖြစ်စေခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ နှစ်ရှည်လ များ ဒီလိုဝါဒဖြန့်တည်ဆောက်ပေးခဲ့တာကြောင့် ပြည်သူတွေအ တွက်ဆိုပြီး ကြွေးကြော်ခဲ့ကြပေမယ့် အမှန်တကယ်စစ် အာဏာရှင်စနစ်မဟုတ်တဲ့၊ မကျင့်သုံးခဲ့တဲ့ တပ်မတော်နဲ့ တိုင်းပြည်အတွက်တော့ အများကြီး နစ်နာစေခဲ့တာကို နားလည်သင့်တယ်။ မြင်သင့်တယ်။
    ၂၀၁၀ စနစ်ပြောင်း၊ အစိုးရအပြောင်းအလဲ မှာမြန်မာပြည်ကို ပြန်ရောက်လာတဲ့ ထိုနိုင်ငံရေးသမား မီဒီယာသမားများဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD နေရာရလာပြီးနောက်ပိုင်း တပ်မတော်နဲ့ ပွတ်တိုက်မှုရှိ လာတဲ့အခါမှာ အမှားအမှန်၊ ဖြစ်သင့်မသင့်ဆိုတာထက် တစ်ဖက်အဖွဲ့အစည်းအားကောင်းရေးကိုသာ အဓိကထားခဲ့ကြတာ တွေ့ရပြန်ပါတယ်။ နိုင်ငံရေးမှာပါဝင်လာနိုင်စေဖို့၊ အာဏာရရှိစေဖို့ ဒီတပ်မတော်အသိုင်းအဝိုင်း ကပဲ ဆွဲဆောင်ပါဝင်စေခဲ့တဲ့အပေါ် အာဏာရလာတဲ့အခါမှာ တပ်မတော်နဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်မယ့်အစား တပ်မတော်ကို ဘေးပို့ချင်စိတ်က များနေခဲ့ကြတာ တွေ့ရပါတယ်။ ထိုခံယူချက်နဲ့ ဆောင်ရွက်ခဲ့ရာမှာ တပ်မတော်အပြစ်အဖြစ် ပြည်သူတွေကြားမှာ ပျံ့နှံ့သွားအောင် ဒီမီဒီယာသမားတွေကပဲ ဖန်တီးပေးခဲ့တာ မဟုတ်ပါလား။ ပြည်သူတွေအပေါ်မှာ တပ်မတော်က ဘာတွေများ မတရားလုပ်ခဲ့ဖူးပါသလဲ။ လွတ်လပ် ရေးရချိန်ကစပြီး တစ်ချက်ချင်းစဉ်းစားကြည့်ကြပါ။ နိုင်ငံရေးမှာ ပါဝင်ခဲ့ရတာတွေကလည်း သူ့အကြောင်းနဲ့သူ မဖြစ်မနေပါဝင်ရတော့မယ့် အခြေအနေရောက်မှသာ ပါဝင်ခဲ့ရတယ်ဆိုတာ သမိုင်းမှတ်တမ်းတွေ ဖတ်ရှုလေ့လာကြည့်ရင်သိနိုင် ပါတယ်။ ဒီလိုကိစ္စတွေမှာ နိုင်ငံရေးနဲ့နွှယ်တဲ့ ဘယ်မီဒီယာကမှ တပ်မတော်အမှတ်ရမယ့်ကိစ္စ၊ ကောင်းတဲ့ကိစ္စတွေကိုမဖော်ကြဘူး။ အာဏာမက်လို့ အာဏာသိမ်းတဲ့ သဘောမျိုးသာ ပြည်သူ လူထုကို သိစေခဲ့တာပဲ မဟုတ်လား။
    ၂၀၁၀ နောက်ပိုင်းကစပြီး တပ်မတော်ဟာ မြန်မာ့နိုင်ငံရေးမှာ အကန့်အသတ်နဲ့သာ ပါနေတာပါ။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတွေမှာ ဥပဒေနဲ့အညီသာပါ ဝင်ခဲ့ရပေမယ့် ဘာစစ်အာဏာရှင်စနစ်မှ ဖန်တီးထား တာမရှိဘူး။ ၂၀၂၁ခုနှစ် ဖြစ်စဉ်အရလည်း  NLD က နိုင်လိုမင်းထက် မလုပ်ခဲ့ရင်၊ မသမာမှုမလုပ်ခဲ့ရင် တပ်မတော်က ဝင်ပါစရာအကြောင်း မရှိတဲ့အတွက် ဘယ်ကိစ္စ၊ ဘယ်လုပ်ရပ်ကို စစ်အာဏာရှင်စနစ်အဖြစ် သတ်မှတ်ခဲ့ရတာလဲ။ အဖြေက ရှင်းရှင်းလေး။ သူတို့စိတ်တိုင်းကျ မလုပ်ရလို့ဘဲ မဟုတ်လား။ ဒီသုံးနှစ်ကျော် ကာလအတွင်းမှာ တပ်မတော်က ဘာတွေများ ပြည်သူလူထုကိုနိုင် လိုမင်းထက် လုပ်ခဲ့ပါသလဲ။ ဘယ်နေရာကိုမှ အသားလွတ်ဗုံးမကျဲ မတိုက်ခိုက်ခဲ့ဘူး။ ဘယ်ပြည်သူတွေကိုမှ ထိခိုက်နစ်နာအောင် မလုပ်ခဲ့ဘူး။ သို့သော် ဒီမီဒီယာတွေနဲ့ ဒီနိုင်ငံရေးအသိုင်းအဝိုင်းမှာတော့ စစ်အာဏာ ရှင်စနစ်ကျင့်သုံးနေပြီး မတရားဗုံးကြဲတိုက်ခိုက်နေတယ်ဆိုပြီး ဝါဒဖြန့်စွပ်စွဲပြောဆိုနေတာပဲ မဟုတ်လား။
    ယခုနောက်ဆုံးဖြစ်သွားတဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ရဲ့ ကားအပစ်ခံရတဲ့ကိစ္စကိုကြည့်ပါ။ အဖြစ်မှန် အခြေအနေမှန်အတိုင်းထက် တမင်သက်သက် လုပ်ကြံပစ်ခတ်တယ်ဆိုတဲ့ ပုံစံနဲ့လှုံ့ဆော်ဝါဒဖြန့်နေတာတွေရမှာပဲ ဖြစ်ပါတယ်။ ဘာသဘောပါလဲ။ အဖြေကရှင်းရှင်းလေးပါ။ တပ်မတော်နဲ့ နစကကို ပြည်သူတွေမုန်းအောင်၊ တပ်မတော်ကို မနှစ်သက်တဲ့ သံဃာတွေ၊ ဆရာတော်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်ဆည်းကပ်တဲ့သံဃာတွေ ဆူပူသပိတ်မှောက်အောင်၊ ထိုသို့ဆူပူသပိတ်မှောက်တဲ့အခါ တည်ငြိမ်အေးချမ်းရေးအတွက် တားမြစ်ဖြိုခွဲတာတွေ လုပ်ရတဲ့အခါမှာ ထိခိုက်သေကျေတာတွေ ရှိလာပါက ထပ်မံလှုံ့ဆော်နိုင်အောင် လုပ်နေရုံသက်သက်ပဲလို့ ဆိုရမှာပါ။ ဘာအကျိုးတွေရှိလာမှာလဲ။ သူတို့အလိုကျ စစ်အာဏာရှင် ပြုတ်ကျရေးအကြောင်းပြ တပ်မတော်ကို ထိုးနှက်တိုက်ခိုက်ရေးမှာ ထိုးနှက်မှုတစ်ခု ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ အကျိုးက နစကလည်း ပြုတ်မကျဘူး။ တပ်မတော်လည်း ပြိုကွဲမသွားဘူး။ ပြည်သူတွေမုန်းသွားတာ၊ အပြန်အလှန် အမုန်းတရားကြီးထွားသွားတာပဲ အဖတ် တင်မယ်။ တိုင်းပြည်အတွက် အကျိုးမရှိဘူး။ ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှုပပျောက်သွားအောင် အမုန်း တရားကို ရှေ့တန်းမတင်ဖို့ သီတဂူဆရာတော်ကြီးက ဆိုဆုံးမတာကိုတောင် နားမဝင်ဘဲ ဆရာတော်ကြီးကိုပါပြောဆိုပုတ်ခတ်နေကြတာတွေကတော့ အတော်ကိုစိတ်ပျက်စရာလို့ ဆိုရမယ်။ ဝင်းနမ္မိတာရုံ ဆရာတော်ကား အပစ်ခံရတဲ့ကိစ္စ မည်သူမှားတယ်၊ မှန်တယ်မဆိုလိုဘူး။ သေချာတာကတော့ နစကရော၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကရော လုပ်ကြံဖို့ စေခိုင်းခဲ့တာမဟုတ်ဘူး ဆိုတာပဲ။ လက်တွေ့ကြုံတွေ့ရတဲ့ မြေပြင်တပ်မှူးနဲ့ တပ်မတော်သားတွေကရော တမင်သက်သက် ပစ်တာလား ဆိုတာကတော့ ကားသမားရယ်၊ ကံသုံးဆင့်ဆရာတော် ရယ်၊ မြေပြင်က တပ်မတော်သားတွေသာ အသိဆုံးဖြစ်ပါ လိမ့်မယ်။ လက်ရှိအခြေအနေကို ပြန်လည်သုံးသပ် ကြည့်ရင် တပ်မတော်သားတွေအနေနဲ့ သံဃာတော်တွေကို မုန်းစရာဘာအကြောင်းမှမရှိဘူး။ လက်ရှိအချိန်မှာ တပ်မတော်နဲ့ သံဃာ့အဖွဲ့အစည်း ပြေလည်ညီညွတ်နေတာတွေ့ရမှာဖြစ်တယ်။ ဒါ့အပြင် လက်ရှိဖြစ်ပွားသွား တဲ့ဆရာတော်ကို သူတို့ သိတောင်သိကြမှာမဟုတ်ဘူး။ တပ်မတော်မှာ ဆင့်ကဲဆင့်ကဲ ထိန်းသိမ်းတဲ့ စနစ်အရ သေနတ်ကို ပစ်ချင်တိုင်းပစ်လို့မရဘူး။ အကြောင်းမဲ့ ကျည်ဆန်တစ်တောင့်တောင် လျော့လိုမရဘူး။ ပစ်ခတ်မှု ဖြစ်စဉ်ဖြစ်ရင် ကျည်သုံးစာရင်းတင်ရတယ်။ ဒီလိုစနစ်တွေအရ အသားလွတ်ဘယ်သူ မှမပစ်ဘူး။ မည်သို့ပင်ဖြစ်ပါစေ။ မှားယွင်းပစ်ခတ်မှုဖြစ်လို့ အရပ်သားသေကျေ ဒဏ်ရာရရင် တာဝန်ရှိသူ အဆင့်ဆင့်ကတော့ ဖြစ်ရတဲ့ အကြောင်းရင်းကို စုံခုံဖွဲ့စစ်ဆေးလေ့ရှိတယ်။ သတ်မှတ် ချက်ထက် ကျော်လွန်တာရှိရင် အရေးယူခံရတာချည်းပါပဲ။ ဒီကိစ္စမှာလည်း သူ့စည်းမျဉ်းစည်းကမ်းအတိုင်း တပ်မတော်က ဆောင်ရွက်မှာသေချာတယ်။ တိုင်းပြည်ကို အမှန်တကယ်ချစ်ကြရင်ဖြင့် လိုတာထက်ပို ဖွနေကြ တာတွေကို ရပ်တန်းကရပ်သင့်နေပြီ။  မီးစတစ်ခုရရင် ဓာတ်ဆီလောင်း မီးရှို့တတ်တဲ့အကျင့်တွေ ပြင်သင့်နေပြီ။ ( ဇော်နိုင် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

Total Views ~ 334

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42994

© 2022 - 2025 News. All Rights Reserved.