၂၀၂၄ ဇန်နဝါရီ ၂၁
မြန်မာနိုင်ငံသည် ရေကောင်း၊ မြေကောင်း၊ ရာသီဥတုကောင်းပြီး သယံဇာတပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ လူသားအရင်းအမြစ်အနေဖြင့် ကြည့်မည်ဆိုလျှင်လည်း ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသည့် လူမျိုးများဖြစ်ကြပါသည်။ တိုင်းပြည်ဖွံ့ဖြိုးရေး၊ ချမ်းသာကြွယ်ဝရေးအတွက် အခြေခံကောင်းများ မြောက်မြားစွာရှိသော်လည်း ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲဆင်းရဲသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ သိမ်ငယ်စွာ ရပ်တည်နေရသည်မှာ မဖြစ်သင့်သည့်ကိစ္စဟု ဆိုရပါမည်။ ထိုအရင်းအမြစ်များရှိနေလျက်နှင့် ထိုသို့ ဖြစ်နေရသည်မှာ အရင်းစစ်လျှင် ပြည်တွင်းလက်နက် ကိုင်လမ်းစဉ်နှင့် တိုက်ပွဲများကြောင့်ဖြစ်ပါသည်။
မိမိတို့ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရရှိစဉ်ကစပြီး နိုင်ငံရေးအုပ်စုအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း အယူအဆမတူ သဘောထားကွဲလွဲခဲ့ ကြပါသည်။ ထိုသဘောထား ကွဲလွဲမှုများကို စေ့စပ်ဆွေးနွေးဖြေရှင်းရေး နည်းလမ်းကို ခိုင်မာစွာသုံးစွဲခဲ့ခြင်းမရှိခဲ့ကြဘဲ လက်နက်ဖြင့် ဖြေရှင်းမှသာလိုချင်တာရမည်ဆိုသည့် စိတ်သဘောထားများကတစ်ဆင့် လက်နက်ကိုင်လမ်းစဉ် စတင်ခဲ့ခြင်းဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာရပါတီ အစိုးရကို လက်နက်ကိုင်တိုက်ခိုက်ပြီး အာဏာရရှိရေး ကြိုးပမ်းမှုအပေါ် ကာကွယ်ခဲ့ရသည်မှာ မြန်မာ့တပ်မတော်သာဖြစ်ပါသည်။ ထိုမှအစပြုပြီး ဝါဒရေးအရ လက်နက်စွဲကိုင်ထားသည့် နိုင်ငံရေးအင်အားစု (အထူးသဖြင့် ဗကပ)၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် မြန်မာ့တပ်မတော်တို့ကြားမှာ ရန်သူသဖွယ် ဖြစ်ခဲ့ရသည်မှာ စိတ်မကောင်းစရာကိစ္စဟူ၍ ဆိုရမှာ ဖြစ်ပါသည်။ အစိုးရတစ်ရပ်ပြီးတစ်ရပ် တက်လာလိုက်၊ ဆင်းသွားလိုက်သာရှိခဲ့ပြီး လက်နက်ကိုင်လမ်းစဉ်ကို ရှင်းမသွားနိုင် ခဲ့သည့်အတွက် တပ်မတော်နှင့် လက်နက်ကိုင်တွေကြားမှာ မကြာခဏတိုက်ပွဲများဖြစ်ပွားခဲ့ပြီး အမုန်းတရားသာ ပိုလာခဲ့ရသည်ကို တွေ့ခဲ့ရပါသည်။
ထိုလက်နက်ကိုင်တိုက်ပွဲများအပြင် နိုင်ငံရေး တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွားခဲ့ကြပါသည်။ ထိုနိုင်ငံရေးတိုက်ပွဲများအရ ယိုယွင်းလာသည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး ပြဿနာများတွင် တပ်မတော်က ဝင်ရောက် ထိန်းပေးခဲ့ရပြန်ပါသည်။ ပထမဆုံးနိုင်ငံရေးအာဏာ ရယူပြီး နိုင်ငံရေးစနစ်မပျက်ပြားရအောင် မဏ္ဍိုင်အဖြစ်ဆောင်ရွက်ပေးခဲ့ရသည်မှာ ၁၉၅၈ ခုနှစ်က ဖြစ်ပါသည်။ ထိန်းသိမ်းပေးမှုအတွက် တပ်မတော်အပေါ် အကောင်းမြင်ခဲ့ကြပြီး မကြာမီရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်မှာပင် မဲရအောင် စည်းကမ်းတကျ ခပ်ကြမ်းကြမ်း ကိုင်တွယ်ခဲ့သည့်တပ်မတော်ကို ဦးနုကိုယ်တိုင်ပင် အပြစ်ပြောဆို မဲဆွယ်ခဲ့တာ တွေ့ရမှာဖြစ်ပါသည်။
ပြည်တွင်းလက်နက်ကိုင်လမ်းစဉ်ကို စတင်ခဲ့သူများက ဗမာပြည်ကွန်မြုနစ်ပါတီ (ဗကပ)နှင့် KNU၊ KNDO တို့သာ ဖြစ်ကြပါသည်။ ဗကပနောက်ကို လက်ဝဲဝါဒလက်ခံသူများ လိုက်ပါသွားခဲ့ကြပြီး ဗကပက ဒေသအသီးသီးမှာ ဝါဒရေးအပါအဝင် နည်းမျိုးစုံဖြင့် အင်အားခိုင်မာအောင် စုစည်းသိမ်းသွင်းခဲ့ကြပါသည်။ KNU ၏ နယ်မြေရရှိရေး လက်နက်ကိုင်လမ်းစဉ်နောက်ကို လိုက်ပါသည့်အဖွဲ့များတွင် ပထမဆုံးအဖွဲ့သည် KNU က အသက်သွင်း မွေးမြူပေးလိုက်သည့် KIA ပဲဖြစ်ပါသည်။ ထိုမှတစ်ဆင့် ကျန်တိုင်းရင်းသားများပါ ကူးစက်ပြီး လက်နက်ကိုင်လမ်းစဉ်နောက်ကို လိုက်သွားကြသည်ကို တွေ့ရမှာဖြစ်ပါသည်။ အပ်နှင့်ထွင်းရမည့်အချိန်မှာ ကျေလည်အောင်ဆွေးနွေးပြီး မထွင်းခဲ့သည့် နိုင်ငံရေး အစိုးရများတွင် တာဝန်အများကြီးရှိပါသည်။ တပ်မတော်ကတော့ မူဝါဒအရ တိုက်ဆိုတိုက်ရမှာပဲဖြစ်ပါသည်။
ထိုလက်နက်ကိုင်အဖွဲ့များသည် စားရေးသောက်ရေးအတွက် ပြည်တွင်းမှာ ဆက်ကြေးကောက်ခံ သည့်နည်းလမ်းများ သုံးခဲ့ကြပြီး လက်နက်ခဲယမ်းရရှိရေး၊ ရန်ပုံငွေတောင့်တင်းရေးအတွက် ပြည်ပအကူအညီကို ရရှိရန်ကြိုးစားခဲ့ကြပါသည်။ ဗကပက တရုတ်ကွန်မြူနစ်ပါတီနှင့် ချိတ်ဆက်ပြီး အထောက်အပံ့ရယူ လက်ဝေခံဖြစ်ခဲ့တာတွေ့ရပါသည်။ တရုတ်ကွန်မြူနစ်ပါတီက လက်နက်ခဲယမ်း အထောက်အပံ့အပြင် ပြည်တွင်းမှာရှိသည့် တိုင်းရင်းသားအဖွဲ့များကို ဗကပလက်အောက်ခံအဖြစ် အင်အားသွတ်သွင်းပေးခဲ့သည့်အတွက် ဗကပတို့ နေ့ချင်းညချင်းအင်အားကြီး ထွားလာခဲ့သည်ကို တွေ့ရမှာ ဖြစ်ပါသည်။ ထို့အတူ KNU သည်လည်းပြည်ပအကူ အညီရရှိဖို့ လိုလာသည့်အခါမှာ နဂိုရှိရင်း စွဲဆက်ဆံရေးအရ အနောက်အုပ်စုကိုအားကိုးခဲ့ရပါသည်။ နောက်ပိုင်း မှာတော့ အမေရိကန် CIA ၏ လက်ဝေခံလုံးလုံးဖြစ်လာ ခဲ့သည်ကို ဝမ်းနည်းဖွယ် တွေ့ရမှာဖြစ်ပါသည်။
ယခုလက်ရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ အင်အားကောင်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ဗကပ လက်အောက်ကို သွတ်သွင်းပေးခဲ့သည့် တရုတ်နိုင်ငံ၏ လက်ဝေခံများသာဖြစ်သည်ဟုဆိုရပေမည်။ ၁၉၈၉ ခုနှစ်မှာ ဗကပကိုတော်လှန်ပြီး မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးရယူခဲ့ရာ တပ်မတော်အစိုးရက နယ်မြေသတ်မှတ် လက်နက်ကိုင်ခွင့်ပေးထားခဲ့ပြီး ဒေသဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်ဖို့ မှာကြားခဲ့သည့်အပြင် နိုင်ငံတော်က ထိုက်သင့်သည့်အကူ အညီများပေးခဲ့တာကိုလည်း တွေ့ရပါသည်။ နိုင်ငံရေးစနစ်တစ်ခု အကောင် အထည်ပေါ်လာလျှင် လက်နက်စွန့်ရမည်ကို ၎င်းတို့ သိရှိကြပါသည်။ လက်နက်မစွန့်လျှင်တပ်မတော်က အချိန်မရွေး ၎င်းင်းတို့ကို တိုက်ခိုက်လာလိမ့်မည်ဆိုသည့် မျှော်မှန်းချက်အရ လက်နက်စွန့်လိုစိတ်မရှိကြဘဲ လူ၊ လက်နက်အင်အားကြီးထွားအောင် ပြင်ဆင်ခဲ့ကြသည်ကိုတွေ့ရပါသည်။
ထိုသို့ပြင်ဆင်ထားရုံမက နဂိုရှိရင်းစွဲ တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရ၊ တရုတ်တပ်မတော်တို့နှင့် ပြေလည်အောင် ဆက်ဆံထားပြီး သူတို့ရပ်တည်ချက်ခိုင် မြဲစေဖို့၊ အကူအညီရရှိစေဖို့ တရုတ်နိုင်ငံ၏ လိုလားချက်ကို အကောင်အထည်ဖော်ပေးခဲ့ကြတာ၊ ဆောင်ရွက်ပေးနေတာတွေ့ရမှာ ဖြစ်ပါသည်။ ထို့အပြင် ငွေကြေးဓန အင်အားခိုင်မာစေဖို့ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရေးနှင့် ငွေရလျှင် ဥပဒေနှင့်ညီတာ၊ မညီတာထား ဘာမဆိုလုပ်မည်ဆိုသည့် သဘောထားဖြင့် လုပ်လာကြတာတွေ့ရမှာဖြစ်ပါသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်နှင့် အခြေအနေများကို ပြန်လည်သုံးသပ်ကြည့်လျှင် လက်နက်ဖြင့် နယ်မြေအင်အား တည်ဆောက်နေကြသည်ကိုတွေ့ရမှာဖြစ်ပါသည်။ ဒါသည် စစ်အာဏာရှင် စနစ်ပဲ မဟုတ်ပါလား။
ပြည်တွင်းရှိ လက်နက်ကိုင်အဖွဲ့အတော်များများ၏ အဓိက ဝင်ငွေသည် မူးယစ်ဆေးဝါ ထုတ်လုပ်ဖြန့်ချိရေးဖြစ်နေသည်ကို ဝမ်းနည်းဖွယ်တွေ့ရမှာဖြစ်ပါသည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှုသည် မြန်မာပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်ဒေသများမှာဖြစ်ပြီး ထိုမူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဓာတုပစ္စည်းများသည် မြန်မာနိုင်ငံက ထုတ်လုပ်ခြင်းမဟုတ်ဘဲ ကပ်ရက်အိမ်နီးချင်း နိုင်ငံကသာ ဝယ်ယူနိုင်သည်ကို တွေ့ရမှာဖြစ်ပါသည်။ သို့သော် ထုတ်လုပ်ပြီးမူးယစ်ဆေးဝါးများကိုတော့ အိမ်နီးချင်းနိုင်ငံက သူ့နိုင်ငံထဲအဝင်ခံပါ။ ၂၀၁၅ ခုနှစ်မှာ ကိုးကန့် MNDAA အဖွဲ့နှင့်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၏ အခြေခံသည် မူးယစ်ဆေးဝါးနှင့် လက်နက်စက်ရုံတည်ဆောက်ခြင်းဖြစ်သည်ကို သတိထားမိကြမှာဖြစ်ပါသည်။ ထိုတိုက်ထုတ်လိုက်သည့် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့် ဖြူးသည့် MNDAA သည် ယခုအခါမှာ အချိန်တိုအတွင်း လက်နက်အင်အား တောင့်တင့်ခိုင်မာစွာ တိုက်ပွဲများပြန်လည် ဖော်ဆောင်လာနိုင်ခြင်းသည် မည်သည့်အထောက် အပံ့ကြောင့် ဖြစ်မည်ဆိုတာ ရှင်းပါသည်။ မူးယစ်ဆေးဝါးနှင့် အထောက်အပံ့များအရသာဖြစ်ပါသည်။ ကျည်ဆန်တစ်တောင့်၏ တန်ဖိုးကိုတွက်ကြည့်ရုံဖြင့် ထိုတိုက်ပွဲများ၏ ကုန်ကျ စရိတ်ကို ခန့်မှန်းနိုင်မှာ ဖြစ်ပေသည်။
ထိုအခြေအနေကို တပ်မတော်မုန်းတီးရေး မြန်မာမီဒီယာများနှင့် NUG တို့လည်း မသိမရှိပါ။ သိသိချည်းနှင့် ကိုယ့်လိုလားချက်အရ တပ်မတော်ကအာဏာရှင်စနစ် တည်ဆောက်နေသည့်အတွက် တော်လှန်နေသည့် တိုင်းရင်းသားတော်လှန်ရေး တပ်များအဖြစ် သတ်မှတ်ပြောဆိုနေခြင်းများသည် တိုင်းပြည်အတွက် ရိုးသားမှုမရှိသူများ၊ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ပြီးတိုင်းပြည်ထက် ကိုယ်ကျိုး အတ္တကို ခုံမင်နေသူများဟူ၍ ဆိုချင်ပါသည်။ လက်ရှိအချိန် တိုက်ပွဲများ ဆောင်ရွက်ပြီးစီးသည့်အခါ ထိုလက်နက်ကိုင်အဖွဲ့များ၏ ဆောင်ရွက်ချက်များ ကိုကြည့်လျှင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအတွက် အထောက်အပံ့ဖြစ်မလား၊ ဆုတ်ယုတ်စေမလား ဆိုသည်ကို ရှင်းရှင်းလင်းလင်းတွေ့ရမှာ ဖြစ်ပါသည်။ ထိုလုပ်ရပ်များကို ထောက်ခံပံ့ပိုးပေးနေသည့် NUG ၏ အဓိကရည်ရွယ်ချက်က ဘာလဲဆိုတာ မေးရပေလိမ့်မည်။ ပြည်ဖျက်နေသည့်လုပ်ရပ်ဆိုတာ သတိပေးချင်ပါသည်။
လတ်တလောအခြေအနေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)မဟာမိတ်ညီနောင်သုံးဦးဖြစ်သည့် MNDAA ၊ TNLA ၊ AA တို့နှင့် ယာယီပစ်ခတ်မှုရပ်စဲရေး သဘောတူခဲ့ကြသည်ဟု သိရပါသည်။ ထိုမှတစ်ဆင့် အပစ်အခတ်ရပ်စဲရေးကို ပိုခိုင်မာအောင်ဆောင်ရွက်ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်အောင်ကြိုးစားသွားမည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရှိရပါသည်။
ထိုအပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး အဖွဲ့အစည်းအသီးသီးက ဝေဖန်ပြောဆိုမှုများပြုနေကြသည်ကိုလည်းတွေ့ရပါသည်။ NUG နှင့် တပ်မတော်မုန်း တီးရေးအဖွဲ့များကတော့ အပြုသဘောဆောင်သည့်ပြောဆိုမှုများထက် ပျက်စီးရေးကိုသာ ပြောဆိုနေကြသည်ကို ဝမ်းနည်းဖွယ်တွေ့နေရပါသည်။ ပစ်ခတ်မှုရပ်စဲရေးသည် အနိမ့်ဆုံးအကျိုးအဖြစ် သေကျေပျက်စီးမှု၊ တိုင်းပြည်အင်အား ပြုန်းတီးမှု၊ ပြည်သူပြည်သားများ ဒုက္ခဆင်းရဲခံစားနေရမှုများကို လျှော့ချနိုင်မည် မဟုတ်ပါလား။ ငြိမ်းချမ်းရေး ပိုမိုခိုင်မြဲမည်ဆိုပါက တိုင်းပြည်အတွက် ထိုအကျိုးထက်ပိုသည့် အကျိုးကို ရရှိနိုင်မည်ဆိုတာ ရှင်းပါသည်။ တိုင်းပြည်ကြွယ်၀ ချမ်းသာဖွံ့ဖြိုးတိုးတက်ရေးအတွက် ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် လက်နက် ကိုင်လမ်းစဉ် ပပျောက်ရေးသည် အဓိကဖြစ်ပါသည်။လက်နက်ကိုင်လမ်းစဉ် ပပျောက်ပြီး လက်နက်ကိုင်ထားခြင်းသည် တိုင်းပြည်အင်အားအဖြစ် ပြောင်းလဲနိုင်မည် ဆိုလျှင် အတိုင်းထက်အလွန်ပါ။
ဇော်နိုင်
( TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )