စစ်ကိုခေါ် ပြီး အော်ကြသူများ ...

၂၀၂၃ နိုဝင်ဘာ ၉

    ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ်တော့ ထူးမြတ်တို့လည်း တိုက်ပွဲသတင်း နားစွင့်ရပြန်သည်။ မြန်မာလူ မျိုးဆိုတာက အင်မတန်စပ်စပ်စုစု နိုင်တာကြောင့် ကမ္ဘာမှာ မည်သည့်နိုင်ငံနှင့် မည်သည့်နိုင်ငံ စစ်ပွဲဖြစ်တာက အစ ရပ်ကွက်ထဲက ရန်ပွဲတောင်မချန် ရပ်ကြည့်တတ်ကြသည်။ ဟိုတလောက ရုရှားနဲ့ ယူကရိန်း စစ်ပွဲတောင်  ထူးမြတ်တို့တစ်တွေ ဖေ့စ်ဘုတ်ပေါ်ကနေ တိုက်ရိုက်ကြည့်ပြီး ကမ္ဘာ့စစ်ရေးကို မျက်ခြည်မပြတ် ရှိခဲ့ကြသည်။ ယခုလည်း ကိုယ့်ပြည်တွင်းမှာ ဖြစ်တယ်ဆိုတော့ တိုက်ပွဲအကြောင်း ဘာတွေဖြစ်နေပြီလဲ၊ ဘယ်ဒေသမှာ ပိုပြင်း ထန်လဲ စသဖြင့် ခေတ်နောက်မကျအောင် လေ့လာရသည်။ တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး အစိုးရက ထုတ် ပြန်တာက အကန့်အသတ်ရှိတော့ အခြားသတင်းဌာနတွေနဲ့ ဖေ့စ်ဘုတ်က စစ်ရေးစစ်ရာ ကျွမ်းကျင်သူတွေ တင်တာတွေကို လိုက်လေ့လာရသည်။
    စစ်ပွဲဆိုတာကလည်း မြန်မာနိုင်ငံမှာက မကြာခဏကြားနေရတော့ ထူးတော့မထူးဆန်းချေ။ တပ် မတော်ကလည်း အပစ်ရပ်ထားပေမယ့် သူ့ကိုလာပစ်ရင်တော့ ပြန်ပစ်မှာပဲဖြစ်သည်။ အရင်တုန်းကတော့ ကုလ သမဂ္ဂအပါအဝင် အချို့နိုင်ငံကြီးတွေ မကြာခဏ အာချောင်လေ့ရှိတာကတော့ မြန်မာပြည်ငြိမ်းချမ်းဖို့ တပ်မ တော်က အပစ်ရပ်ဖို့ လိုသည်ဟု ပြောလေ့ရှိသည်။ ယခုတော့ တပ်မတော်က ငြိမ်းချမ်းရေးရှေးရှုပြီး အပစ်ရပ်တာ အကြိမ် ၂၀ ကျော်ပြီ ဖြစ်တာကြောင့် ဘာကြောင့် မငြိမ်းချမ်းတာလဲဆိုတာကို ငပွကြီးနိုင်ငံတွေကို မေးလိုသည်။ မည်သို့ပင်ဆိုစေ စစ်ကိုခေါ်ရင် စစ်က ရောက်လာတတ်သည်။ တချို့ကတော့ စစ်ကိုသာခေါ်တာ စစ်ရောက်လာ ရင် အကျယ်ကြီး ထအော်တတ်ကြသည်။ တချို့ကလည်း စစ်တိုက်နေပါတယ်ဆိုတာကို လက်နက်ကြီး မပါကြေး၊ လေယာဉ်ပျံ မပါကြေးဆိုတာမျိုး ပြောကြသေးသည်။ စစ်တိုက်ရင် တပ်မတော်ဘက်က ဟိုလက်နက် မပါ ကြေး၊ လေယာဉ်ပျံမပါကြေးလို့ တောင်းဆိုတာ ကမ္ဘာမှာ မြန်မာတစ်နိုင်ငံတည်း ရှိမည်ဟုထင်သည်။ တချို့လက် နက်ကိုင်အဖွဲ့တွေဆိုရင် ဟိုနေရာမပစ်ကြေး၊ ဒီနေရာမ ပစ်ကြေးဆိုတာ ပါသေးသည်။
    အခုလည်း ရှမ်းမြောက်ပိုင်းကို  သုံးဖွဲ့ပေါင်းပြီး ဆော်ပလော်တီးကြတာကြောင့် တပ်မတော်ကလည်း တစ်ဖန် ပြန်ဆော်ရလေတော့သည်။ ဒီတော့ သတင်းစုံ လင်မှာဆိုသည့်အတိုင်း ဖေ့စ်ဘုတ်ကို မျက်ခြည်မပြတ် အောင် ကြည့်နေရပြီး ကိုယ့်မိတ်ဆွေတွေ နေထိုင်ရာမြို့ တွေများ ဘေးကင်းရဲ့လားဆိုပြီး သတင်းလေး ဘာလေး မေးရသေးသည်။ ဒီတော့ ဖေ့စ်ဘုတ်ကို ကြည့်ရင်း တွေ့ လိုက်ရသည်က "မေမြို့မှာ ဆော်ကုန်ပြီ"ဆိုသည့် ပို့စ် တစ်ခုကို တွေ့လိုက်ရသည်။ မေမြို့ဆိုတာက မန္တလေးနဲ့ သိပ်မနီးမဝေး၊ ရှမ်းပြည်နယ်နဲ့ကပ်လျက်က အေးချမ်း တဲ့ မြို့လေးဆိုတော့ အသိမိတ်ဆွေတစ်ယောက်ကို ဖုန်းဆက်မေးရတော့သည်။
    "ဟလို ဂျာကြီး မေမြို့မှာ ဆော်ကုန်ပြီဆို"
    အသိမိတ်ဆွေက ကာရာအိုကေဆိုင်က မန် နေဂျာဖြစ်သည်။
    "ဟုတ်တယ် မောင်ထူးမြတ်ရေ မင်းတို့မြေပြန့် ကလူတွေ သီတင်းဝါလကျွတ်တာနဲ့ မေမြို့ကို အပန်းဖြေ ခရီး ထွက်လာကြတာများ တို့မြို့သားတွေ ခြေချစရာမရှိ တော့ဘူး။ အခု ငါ့ဆိုင်မှာတောင် သီချင်းတွေလာဆိုကြ တာ ဆိုင်က ကောင်မလေးတွေ တစ်ခန်းဝင် တစ်ခန်းထွက်နဲ့ မနားရဘူး။ ဒါကြောင့် စော်ကုန်ပြီပြောတာ မင်း လာချင်ရင် စော်တော့ မရှိတော့ဘူး။ ငါနဲ့ဝင်မှဖြစ်မယ်"ဆိုတော့ ပြောလက်စဖုန်း အသာလေးချကာ မောင်ထူး မြတ်လေးတစ်ယောက် ငြိမ်လိုက်ရသည်။
    ဒါနဲ့ပဲ ပြင်ဦးလွင်က အေးဆေးပဲဆိုတော့ အခြားနေရာတွေက တိုက်ပွဲသတင်းတွေကို ပြန်ရှာဖတ်ရပြန် သည်။ ဒီတစ်ခါ ဖေ့စ်ဘုတ်သတင်းကတော့ ဟိုဘက်ရပ် ကွက်ကလူတွေ တင်ကြတာဖြစ်သည်။ ပြင်ဦးလွင်မှာ စော်ကုန်ပြီဆိုတာနဲ့ မန္တလေးကလူတွေ အထုပ်ပြင်ကုန် ကျပြီဆိုပြီး ရေးထားသည်။ မန္တလေးဆိုတာက ကိုယ့်ဆွေ ရင်းမျိုးရင်းတွေနေသလို မိတ်ဆွေရှိတာကြောင့် ဖုန်း ဆက်မေးရပြန်သည်။ "ဟုတ်တယ် မောင်ထူးမြတ်ရေ မန္တလေးကတော့ တစ်မြို့လုံးနီးပါး အထုပ်ပြင်နေကြတယ်။ ရှေ့လျှောက် တန်ဆောင်တိုင်၊ ဒီဇင်ဘာ ပိတ်ရက် ဆိုတော့ မင်းတို့ရန်ကုန်သားတွေ အညာဘက် အလည်လာကြသလို၊ ငါတို့လည်း  အောက်ဘက်ကို စုန်ဆင်းပြီး ကမ်းခြေလေး၊ ဘာလေးသွားဖို့ ပြင်နေကြတာပေါ့ဟ။ စိတ်မပူနဲ့ ငါ့လူရေ မန္တလေးကလူတွေ အထုပ်ပြင်တာ သွားတိုက်ဆေး၊ သွားတိုက်တံကအစ မကျန်စေရဘူး။ မင်းတို့ အောက်ပြည် အောက်ရွာက ဈေးကြီးလို့"ဆိုပြီး ဒရောသောပါးပြောကာ ဖုန်းချသွားလေသည်။
    ဒီတော့ ဖေ့စ်ဘုတ်မှာ အခြားထူးခြားသတင်း တွေ ရှာဖတ်ရပြန်သည်။ ဒီတစ်တစ်ခါ သတင်းကတော့ ဖေ့စ်ဘုတ်မိတ်ဆွေ နိုင်ငံ့ဝန်ထမ်းတစ်ဦး တင်ထားသည့် သတင်းဖြစ်သည်။ သတင်းက "ညနေ ၅ နာရီ သိမ်းပြီ"ဟူသော စာတိုဖြစ်သည်။ ဒီတော့ မိတ်ရင်းဆွေရင်းကို စိတ်ပူပြီ လှမ်းမေးရပြန်သည်။ "မောင်ထူးမြတ်ရေ ညနေ ၅ နာရီတော့ အပြီးသိမ်းမှာကွ။ အခုရာသီက ဆောင်းရာ သီဆိုတော့ စောစောသိမ်းမှ ဖြစ်မှာကွ၊ တို့က စည်ပင်ဝန် ထမ်းတွေဆိုတော့ အလုပ်ချိန် မရှိဘူးဟေ့၊ ပြည်သူတွေ စွန့်ပစ်တာတွေကို ညနေစောစောသိမ်းတော့ ဝန်ထမ်းတွေ စောစော နားရတာပေါ့။ ကျုပ်က မြို့နယ်တာဝန်ခံဆိုတော့ မြို့ထဲက ဖေ့စ်ဘုတ်မိတ်ဆွေတွေ အမှိုက်သိမ်း မယ့်အချိန်သိရအောင် တင်လိုက်တာဟေ့၊ ခင်ဗျားတို့ ပြောသလို သိမ်းချင်ရင် အမှိုက်သိမ်းလို့ ရအောင်ပေါ့ဗျာ" ဟုပြောကာ ဖုန်းချသွားလေတော့သည်။ ဖေ့စ်ဘုတ် သတင်းတွေများ ထူးဆန်းလှပေစွဟု မှတ်ချက်ပြုရပေ တော့သည်။
    ဖေ့စ်ဘုတ်ကိုပွတ်ရင်း ထပ်တွေ့ရသည့် သတင်းက နေပြည်တော်ကို ချီတက်လာပြီဆိုသည့် သတင်းဖြစ်သည်။ ဒီတစ်ခါတော့ ထူးမြတ်လူလည်ဖြစ် သွားပြီဖြစ်သည်။ အရင်မြို့တွေလို စိတ်မပူတော့ဘဲ အစိုးရသတင်းစာစောင် ဖတ်လိုက်တော့သည်။ မာရဝိ ဇယဘုရားကြီးကို လာရောက်ဖူးမြော်သူ တစ်သန်းပြည့် မြောက်သဖြင့် တစ်သန်းမြောက် လာရောက်ဖူးမြော်သူကို  လက်ဆောင်တွေပေးသည့် သတင်းကို ဖတ်လိုက်ရ သည်။ ဒါကြောင့်လည်း အတိတ်တဘောင်နိမိတ်ဆောင်ဆိုသလို ပြည်ပက ဆရာကြီးတွေက လမ်းအားလုံး နေပြည်တော်သို့ဆိုပြီး ပြောခဲ့တာ ဖြစ်မည်ထင်သည်။ ဘုရားကြီးကို အများပြည်သူ ဖူးမြော်ခွင့်ပေးတာ မကြာ သေးဘဲ တစ်သန်းပြည့်သွားပြီဆိုတော့ နေ့စဉ်ဘုရားဖူးက သောင်းချီရှိနေတာကြောင့်ပင် ဖြစ်သည်။ ဒါကတော့ စစ်သတင်း တွေကြားမှာ ဂျင်းထည့်မရသည့် သတင်းပင်ဖြစ်သည်။
    အညာတစ်ခွင်နဲ့ မြေပြန့်သတင်းတွေကလည်း မထူးတော့ ရှမ်းပြည်နယ်ဘက်ကို လှည့်ရပြန်သည်။ တောင်ကြီးမှာ တစ်လုံးပြီး တစ်လုံး ကွဲတယ်ဆိုတော့ တက္ကသိုလ် တူတူတက်စဉ်ကတောင်ကြီးက မိတ်ဆွေတွေ ကို လှမ်းမေးမိပြန်သည်။ "ဟုတ်တယ် သူငယ်ချင်းရေ တောင်ကြီးမှာတော့ တစ်လုံးပြီးတစ်လုံး ယမ်းစမ်းရင်းကွဲ တာဟေ့၊ မင်းကလည်း ထူးထူးဆန်းဆန်းလုပ်ပြီး မေးနေ သေးတယ်။ တန်ဆောင်တိုင် မီးပုံးပျံပွဲ မတိုင်ခင် ငါတို့ ယမ်းစမ်းသပ် နေကြပဲလေကွာ။ ဒါကြောင့် ဖေ့စ်ဘုတ် ပေါ်မှာ တစ်လုံးပြီး တစ်လုံး ကွဲနေတယ်လို့ တင်တာပေါ့ ဟ။ တန်ဆောင်တိုင် တောင်ပေါ် ပြန်လာခဲ့ဦးကွာ}}ဟု ပြောကာ ဖုန်းချသွားလေတော့သည်။
    ဒီလောက်ဆိုရင် မောင်ထူးမြတ်တစ်ယောက် ဂျင်းထည့်မခံတော့ပေ။ ငွေဆောင်တို့၊ ချောင်းသာတို့မှာ တစ်လှိုင်းပြီးတစ်လှိုင်းလာတာ လှိုင်းလုံးကြီးတွေပင်ဖြစ် သည်။ ရန်ကုန်မှာ ကြမ်းကုန်ပြီဆိုတာက ညည ဘီယာ ဆိုင်တွေ၊ ဘားတွေမှာ အဆိုတော် တရုန်းရုန်းနဲ့ ကြမ်း နေတာပင်ဖြစ်မည်။ ဒီတော့ တောထဲကသတင်းတွေ ဘက်ကို လှည့်ကြည့်မိသည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ တော်လှန်သီချင်း MTV ရိုက်ကွင်းကို ရောက်လာပြီး လူငယ်တွေနဲ့ရှိနေကြောင်း ရိုက်ထားသည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေများ ဝလို့၊ ဖီးလို့၊ ဖြူလို့၊ ဖွေးလို့ တောထဲကိုလာပြီး တော်လှန်ဒါရိုက်တာ ကြီးရိုက်သည့် MTV ကို လာသရုပ်ဆောင်ပေးရရှာသည်။ MTV ရဲ့ ရည်ရွယ်ချက်က တော့ အလှူခံတာသာဖြစ်သည်။ အလှူခံတာ လေးလောက်ကိုများ တော်လှန်ရေး ခေါင်းဆောင်ကြီး တွေကို တောထဲတကူးတကခေါ်ပြီး ရိုက်ရသလားဟု စိတ်တိုမိသေးသည်။ တော်လှန်ရေး ခေါင်း ဆောင်ကြီးတွေ အဲယားကွန်းခန်းထဲမှာနေပြီး အလှူခံနေတာကို မနာလိုမရှုဆိတ်နဲ့ တောထဲခေါ်တာ ဖြစ်မည်ထင်သည်။ ရုပ်ရှင်ရိုက်တာများ အက်ရှင်ကား တွေရိုက်သလို လူစားထိုး ရိုက်လို့ရရဲ့သားနဲ့ ဒါရိုက်တာ ကသက်သက် လူကြီးတွေကို ဒုက္ခပေးတာ ဖြစ်သည်။ အခန့်မသင့်လို့ ခေါင်းဆောင်ကြီးတွေ အိမ်ပြန်ချိန်တန်လို့ အိမ်ပြန်လမ်းကို မရောက်ဘဲ တောထဲမှာမျက်စိလည်နေမှာ စိုးရိမ်မိသည်။
ထူးမြတ်

(TREND News ဂျာနယ် အတွဲ၂၊အမှတ် (၄၂) ၌ ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။)

Total Views ~ 419

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42848

© 2022 - 2025 News. All Rights Reserved.