စစ်ကိုခေါ်နေသည့် မျက်ကန်းများအတွက် စစ်ဘေးရှောင်များ၏အသံ

၂၀၂၄ ဇူလိုင် ၆

သူတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံသည့်စာ
    ဇွန် ၃၀ ရက် မွန်းတည့် ၁၂ နာရီခန့်က မုံရွာဘက်က သတင်းများကို စတင်ကြားသိကတည်းက ဘာများဖြစ်သလဲဟု စိတ်ဝင်စားမိသည်။ အကြောင်းက PDF များရေးသားသည့်စာကို ဖတ်ကြည့်မိပြီး စိတ်ဝင်စားခြင်းဖြစ်သည်။ သူတို့ရေးသားထားသည့် စာထဲတွင် မုံ-မန်းလမ်း ပြည်သူထိခိုက်မှုရှိ။ "ပြန်လှည့်ကြပါဗျာ၊ စောင့်မနေကြပါနဲ့ အသက်ထက်ဘာမှအရေးမကြီးဘူး။ ၁၂ နာရီ ၁၅ မိနစ် June ၃၀"ဟု ရေးသားထားသည့် စာပင်ဖြစ်သည်။ ထိုစာကိုစ၍ မြင်ကတည်းက မုံရွာ-မန္တလေးလမ်းမကြီးတွင် ပြဿနာတစ်ခုခုဖြစ်ပြီဆိုသည် ကို ရိပ်စားမိလိုက်သည်။ ဘာဖြစ်သည်ကို ရေရေရာရာ မသိရသေးပေ။ ထိုစာရေးပြီး တစ်နာရီခန့်အကြာတွင် မိုးကြိုးပစ်သည်ကို ထန်းလက်နှင့်ကာသည့်စာတစ်ခု ထပ်၍ရေး သားလာလေသည်။ 'မုံ-မန်းလမ်း စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူလေးယောက်သေ၊ ဒဏ်ရာရတာလည်းရှိတယ်လို့ သတင်းကြားရ' ထပ်မံရေး သားထားသည်။ (ခရီးသည်သေဆုံးမှုအဖြစ် တစ်ဦးသေပြီး အများအပြား ဒဏ်ရာရခြင်းဖြစ်သည်) ထိုစာနှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် အကြောင်း အရာဖြစ်စဉ်ကို ဂဃနဏ မသိရသေးသော်လည်း ဖြစ်စဉ်ကြီးမားမှုအပြင် လက်နက်ကိုင် PDF များ လက်လွန်ခြေလွန်လုပ်မိကြောင်း ပေါ်လွင် သိသာစေပါသည်။
    ဦးစွာဝန်ခံသည့်စာကို သတင်းတင်ပြီးမှ လက်လွန်ခြေလွန်လုပ်မိသောအခါ လုံခြုံရေးတပ် ဖွဲ့ဝင်များကို အပြစ်ပုံချသည့်စာကို တစ်နာရီခန့်ကြာမှ ရေးသားထား လေသည်။ ထို့ကြောင့် အကြောင်းအရာ စေ့စေ့ငုငုမသိ သေးခင်အချိန်မှစပြီး သူတို့လက်ချက်မှန်း သိသာခဲ့ပါသည်။ ထိုခရီးသည်တင်ယာဉ်များ ပစ်ခတ်မှုဖြစ်ပွားအပြီး PDF လက်နက်ကိုင်များက ထပ်မံသတိပေးထားသည်မှာ 'စစ်ရေးတင်းမာနေသဖြင့် ပြည်သူများ အထိအခိုက်မရှိ စေရန် မုံရွာ-ချောင်းဦးလမ်းပိုင်းအား ဇွန် ၃၀ ရက် ၂၀၂၄ ကစပြီး ပြည်သူများ၊ ပြည်သူပိုင်ယာဉ်များ၊ ကားများ သွားလာခြင်းမပြုရန် မေတ္တာရပ်ခံအသိပေးအပ်ပါသည်'ဟု မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ပြောရဲသေးသည်ဟု ဆိုရမလိုပင် ဖြစ်သည်။ ပြည်သူများ စီးနင်းလိုက်ပါ သည့်ယာဉ်ကို သေနတ်နှင့်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟု အမည်တပ်ရဲသေး၏။


မုံရွာမှ မန္တလေးကို သွားချင်သူ
    သူငယ်ချင်းတစ်ယောက်သည် လွန်ခဲ့သည့် လများကတည်းက မန္တလေးကို အကြောင်းအရာ တစ်ခုဖြင့် ခရီးသွားလိုလှသည်။ သို့သော်လည်း မုံရွာ-မန္တလေးလမ်းကို စိတ်မချသောကြောင့် ခရီးမသွားရဲသည်မှာ အတော်ပင်ကြာနေသည်ဟု ဆိုလေသည်။ ထိုကဲ့သို့ခရီးမ သွားရဲသည့်အကြောင်း မှာလည်း လမ်းကြောတွင် လက် နက်ကိုင်ထားသည့် PDF များက မထင်လျှင်မထင်သလို  ဂိတ်ဖွင့် ဆက်ကြေးကောက် ဖမ်းဆီးမှုများရှိသော ကြောင့် ဟုဆို၏။ ယခုရက်ပိုင်း ကြားသိရသည့် သတင်းများအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မုံရွာ-မန္တလေးလမ်းပိုင်းကို  နယ်မြေရှင်းလင်းရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် သတင်းများကြားသိရကြောင်း ပြောလေသည်။ ထိုကဲ့သို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်သော ကြောင့် မုံ-မန်းလမ်းမကြီးတွင် လက်နက်ကိုင် PDF တို့ ယခင်ကဲ့သို့ ဆက်ကြေးကောက်၍မရတော့ဘဲ အနေအစားမချောင် ဖြစ်နေလေတော့သည်။ 
    "ငါ့ဆိုင်က ဝန်ထမ်းကောင်မလေးရဲ့ အမျိုး တစ်ယောက် ရန်ကုန်ကပြန်တဲ့နေ့က ပစ်ခတ်မှုမှာ ထိသွားတဲ့အထဲပါတယ်"ဟု ယမန်နေ့က ဖြစ်စဉ်ကို ပြောပြလေသည်။ ကနဦးမည်သည့်ဘက်က ပစ်သည်ကိုမသိ ရဘဲ နောက်ပိုင်းဖြစ်စဉ်ကို စိတ်ဝင်စား၍ မေးမြန်း ကြည့်ရာမှ PDF များပစ်ခတ်ကြောင်း သိရသည်ဟု ဆို လေသည်။ ဖြစ်စဉ်အသေးစိတ်ထက် သူစုံစမ်းရသလောက် ပြောပြသည်မှာ ချောင်းဦးမြို့နယ် ငါးယှန်ကျေး ရွာအနီးတွင် လမ်းကြောအခြေအနေအရ ရှေ့ဆက်မောင်းနှင် ဖြတ်သန်း၍မရချိန် လမ်းနှင့်အနီးရှိ စာသင် ကျောင်းထဲ ကားဝင်ရပ်ချိန် ပစ်ခတ်ခံရသည်ဟု ဆိုလေသည်။ ထိုနေရာဝန်းကျင်သည် PDFများကြီးစိုးသည့် နယ်မြေဖြစ်ကြောင်း ပြောပြသည်။ လက်ပံတောင်းတောင်မှ ကြေးနီသယ်ဆောင်သည့် ယာဉ်တန်းများကို လည်း မကြာခဏ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရသည့်နေရာ ဖြစ်လေသည်။ ထိုကဲ့သို့ PDF ကြီးစိုးသည့်နယ်မြေကို ဖြတ်ကျော်၍ မန္တလေး ကိုသွားရမည်မှာ မည်သို့မျှ အဆင်မပြေသောကြောင့် မန္တလေးကိုသွားချင်သည့်ဆန္ဒ မျိုသိပ်ထား ရကြောင်း ဆိုလေသည်။ ယခုဖြစ်စဉ်မှာ ရန်ကုန်-မုံရွာပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် EXPRESS ရှစ်စီး ပစ်ခတ်ခံရခြင်းဖြစ်ပြီး ထိုပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး သံဃာတော်တစ်ပါးနှင့် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်ဟု သိရသည်။ အချို့ဒဏ်ရာရရှိသူ များထဲတွင် ပြင်းထန်သူများလည်း ပါဝင်သည်ဟုသိရသည်။
    ထိုဖြစ်စဉ်နှင့်ပတ်သက်၍ "ဒီအကြောင်းအရာက လူသေတာရယ်၊ ဒဏ်ရာရတာရယ်များလို့ လူသိများသွားတာ။ ပုံမှန်သွားလာနေတဲ့ကားတွေဆို မိုင်းထိလို့ မိုင်းစမှန်တဲ့သူ၊ သေနတ်နဲ့ပစ်လို့ သေနတ်မမှန်၊ မိုင်းမမှန်ပေမယ့် မှန်စထိလို့ ဒဏ်ရာရတဲ့ဖြစ်စဉ်တွေက အ များကြီး။ ဒါကြောင့် အဲဒီလမ်းကြောင်း မသွားရဲတာ"ဟုဆိုလေသည်။ ယခု ဖြစ်စဉ်ဖြစ်ပွားသည့် အကြောင်း အရာမဖြစ်ခင် ယခင်ရက်ကလည်း ထိုချောင်းဦးဘက် PDF များကြီးစိုးရာ ကျေးရွာတစ်ရွာရှိ လျှပ်စစ်တာဝါ တိုင်တစ်တိုင် မိုင်းထောင်ဖောက်ခွဲ ချိုးဖျက်ခံရသောကြောင့် မုံရွာတွင် လျှပ်စစ်မီးမရသည်မှာ နှစ်ရက် ကျော်ပြီ ဟုဆိုလေသည်။ PDF ကြီးစိုးသည့်ကျေးရွာဖြစ်သောကြောင့် လျှပ်စစ်ဝန် ထမ်းများသည်လည်း သွားရောက်၍ မပြင်ဆင်ဝံ့သည် လားမသိဟု ဆိုလေသည်။ ထိုသူငယ် ချင်းမှာ မန္တလေးကို လည်းမ သွားရဲသကဲ့သို့ EV ဆိုင် ကယ်ကြီးဝယ်ထားပြီး မီးစက်မောင်းကာ အားသွင်းနေရကြောင်း သူသိသမျှ ရင်ဖွင့်လေသည်။


ဂီတနတ်နေကိုင်းပါမချန်
    လက်ရှိမြန်မာနိုင်ငံတွင် လေးဖြူ၊ ဇော်ဝင်းထွဋ် တို့ဆိုသည်မှာ မြန်မာနိုင်ငံဂီတလောက၏ နတ်နေကိုင်းများအဖြစ် ဂီတလောကတွင် အလိုအလျောက် သတ်မှတ်ပြီးသားဖြစ်သည်။ ဂီတသမားတိုင်းက လေးစားချစ် ခင်ကြသကဲ့သို့ ပရိသတ်များကလည်း လေးစားချစ်ခင်မှု ထု နှင့်ထည်နှင့် ရှိကြသူများဆိုသည်မှာ မည်သူမျှငြင်းမရသည့် အချက်ဖြစ်သည်။ ကျွန်တော့်တစ်သက်နှင့်တစ်ကိုယ် ထိုပုဂ္ဂိုလ်နှစ်ဦးကို ဆဲဆိုတိုက်ခိုက်သည့်ပုဂ္ဂိုလ် မတွေ့ဖူးသလောက်ရှားသည်။ မကြာသေးမီက လေးဖြူနှင့်  အငဲတို့နှစ်ဦးသီဆိုသည့် ပွဲတစ်ခုတွင် လေးဖြူတို့ ယခုကဲ့သို့ ပရိသတ်ကို ပြန်လည်ဖျော် ဖြေခြင်းအတွက် ကြိုဆိုကြောင်း များစွာမှတ်ချက်ပြုကြလေသည်။ ထိုကဲ့သို့ ကြိုဆိုကြသူများအကြား တွင် တစ်ဦးတည်းသာ ဆဲဆိုသည်ကိုတွေ့ရပြီး ထိုဆဲဆိုသူကို ကိုလေးခေါ်လေးဖြူ ပရိသတ်များက၊ လူအချို့ကသာပြန်လည်ဆဲကြ၏။ ယခု ထိုကဲ့သို့မဟုတ်။ ကိုလေးက ဇူလိုင်၂ ရက်တွင် VIP Bar Naypyitaw တွင် ဖျော်ဖြေမည်ဖြစ်ရာ ဆဲကြကုန်၏။ ဂီတနတ်နေကိုင်းပါမချန် ဆဲနေကြပါလားဟု အတွေး ပေါက်မိ၏။ အကြောင်းက နေပြည်တော်တွင် ဖျော်ဖြေ သောကြောင့်ဟု ဆိုကြလေသည်။ သူတို့ပဲ လမ်းများအားလုံး နေပြည်တော်ဟု ကြွေးကြော်နေကြပြီး နေပြည်တော်တွင် သီချင်းဆိုသူကိုတော့ ဆဲသည်တဲ့။ 'အံ့သြပါရဲ့ခင်ဗျ'ဟု တောကကိုရင်လေသံဖြင့်ပင် ပြောလိုက်ချင်ပါ၏။ ကြွေးကြော်ကြ သည်မှာလည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ထိုလူ့အခွင့်အရေးထဲတွင် နေပြည်တော် တွင် သီချင်းဆိုခြင်းက ပြစ်မှုမြောက်နေသလားဟု နီနီ တို့ကို မေးချင်ပါ၏။


အမှန်ကိုမမြင်သည့် မျက်ကန်းများအတွက်စာ
    ခေါင်းစဉ်ငယ်က အနည်းငယ် ကြမ်းရှနေသည်ဟု ခံစားရလားဗျ။ ကျွန်တော်ရေးတာမဟုတ်ဟု ကြိုတင်၍ ပြောပါရစေ။ စစ်ဘေးရှောင်နေရသည့်၊ စစ်အတွင်းကို ကျရောက်နေသည့် စစ်ဒုက္ခကို ထဲထဲဝင်ဝင် ခံစားနေရသူတစ်ဦး ရေးထားသည့်စာဖြစ်သောကြောင့် ထိုကဲ့သို့ ကြမ်းရှခြင်းကို နားလည်ခွင့်လွှတ်နိုင်ပါသည်။ထို့ကြောင့် သူတို့ခံစားချက်ကိုပြင်းရှရှရေးခြင်းကို နားလည်းနိုင်ပါစေဟုဦး စွာပြောလိုပါသည်။ "မြို့သိမ်းလိုက် ပြီဆိုပြီး အောင်ပွဲခံဂုဏ်ယူနေတယ်။ သိမ်းလိုက်ပြီဆိုတဲ့ မြို့ပေါ်မှာ နေထိုင်ကြတဲ့ပြည်သူတွေရဲ့ဘဝကို သေမင်းနှုတ်ခမ်းဆီ တွန်းပို့လိုက်သလိုပဲ။ ဆက်သွယ်ရေးလိုင်း တွေပြတ်မယ်၊ လျှပ်စစ်မီးပြတ်မယ်၊ လုပ်ငန်းတွေရပ်တန့်သွားမယ်၊ အစာဆန်ရေရှားပါးမယ်၊ အမည်းရောင်နယ် မြေဖြစ်သွားတဲ့အတွက် အချိန်မရွေး တိုက်ခိုက်တာကိုခံ ရနိုင်တယ်။ စစ်ဘေးရှောင်စခန်းတွေကို ရောက်သွားတဲ့ လူတွေက အိုးအိမ်မြေပိုင်ဆိုင်မှုရှိပါရဲ့နဲ့ သူများပေးမှ၊ လှူမှစားရတဲ့ သူတောင်း စားဘဝမျိုးကို ရောက်သွားကြတယ်၊ ရှင်လျက်နဲ့သေတယ်ဆိုတာ ပြည်သူတွေပဲ။ ဒီတော့ မြို့သိမ်း လို့ဂုဏ်ယူနေကြတာ အနိုင်မဟုတ်ပါဘူး။ကိုယ့်လူမျိုးသိန်းပေါင်းများစွာရဲ့ဘဝတွေကို စတေးထားရတာ အရှုံးပဲ။ စစ်မှန်တဲ့အနိုင်ရလဒ်ကိုယူနိုင်ဖို့ ငြိမ်းချမ်းရေးလမ်းစဉ်ကို အမြန်ရွေးနိုင်ကြပါစေ။ အမှန်ကို မမြင်တဲ့မျက်ကန်းတွေရေ"ဟု စစ်၏ဒဏ်ကို ခံစားရသူတစ်ဦးက ရေးထားလေသည်။
    ကျွန်တော်တို့က စာနာတတ်ပါ၏။ ထို့ကြောင့် စစ်ကိုခေါ်နေသူများ၊ စစ်ကိုလိုလားနေသူများကို သေသေချာချာ မြင်တတ်အောင်ကြည့်ဖို့ရန် လိုပါသည်။ ထိုသူမျိုးများက မည်သည့်နေရာက စစ်ကိုခေါ်၍ စစ်ကိုလိုလားနေကြသနည်း။ ရှင်းရှင်းလေးကို မမြင်နိုင်ကြသေးသည့် ကန်းနေသည့်သူ များနှင့် တူသည့်သူများဟု ပြောရမည်ဖြစ်သည်။ ထိုစစ်ကိုခေါ်နေသူ၊ စစ်ကိုလိုလားနေ သူများသည် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသူများသာဖြစ်ပြီး တိုင်းပြည်နှင့်လူမျိုး ပျက်စီးရာပျက်စီးကြောင်းကို နည်းမျိုးစုံ မြှောက်ပင့်သွေးထိုးနေသူများဖြစ်သည်ကို မြင်အောင်ကြည့်လျှင် သိပါသည်။ ထိုသူတို့စကား ကို ယုံမှား၍ ဘဝပျက်ကြသူများ ထုနှင့်ထည်နှင့်ရှိသည်ကို ယခုထိ သဘောမပေါက်သည်မှာ အံ့ဖွယ်ဟု ဆိုချင်၏။ ဒေါက်တာထွန်းလွင် စကားပြောရလျှင် 'ဘေးအိမ်က ကလေးအရိုက်ခံရရင် ကိုယ်အဲဒီလို မရိုက်ခံရအောင် သင်ခန်းစာယူတတ်ရမယ်'ဆိုသည်မှာ ရှေ့တွင်ဒုက္ခ ရောက်နေသည့် သာဓကများစွာ ရှိနေပါလျက် သူတို့ကဲ့သို့ ဒုက္ခမျိုးခံချင်လျှင် ဆက်၍မိုက်ကြဟုသာ ဆိုယုံ ပင်ဖြစ်သည်။
    မြို့သိမ်းခြင်းနှင့်ပတ်သက်၍ စစ်ရှောင်နောက် တစ်ဦးရေးသည့် စာလေးကိုလည်း မျှဝေလိုပါ သည်။ "ဟိုမြို့သိမ်းလိုက်၊ ဒီမြို့သိမ်းလိုက် အသံကြားရင် ပျော်နေတဲ့လူတွေ ဟိုမြို့လာသိမ်းပါ၊ ဒီမြို့လာသိမ်းပါခေါ် နေတဲ့လူတွေနဲ့ တပ်မတော်မရှိမှ  တိုင်းပြည်အေးချမ်းမယ်ပြော တဲ့လူတွေ ဘယ်အဖွဲ့ပဲနိုင်နိုင် တပ်မတော်ရှုံးရင်ရပြီဆိုတဲ့လူတွေကို တစ်ခုလောက် ပြောချင်ပါတယ်။ ရှင်တို့မိသားစုတွေခေါပြီး လွတ်မြောက်နယ်မြေဆိုလား၊ စစ်တပ်ကင်းစင်နယ်မြေဆိုလား အဲဒီနေရာကို တစ်နှစ်လောက် အရင်သွားနေကြည့်ပါလား။ ရှင်တို့လည်း ရှင် တို့လေးစားတဲ့လူတွေနဲ့အတူနေရမယ်၊ ကျွန်မတို့မြို့ရွာတွေလည်းမပျက်စီးတော့ဘူး"ဟု  အကြံပြုထားလေသည်။ ထိုစာကြောင်းလေးကို သူငယ်ချင်းဖြစ်သူအား ပြကြည့် ရာ "ဒီအကြံမဆိုးဘူးကွ၊ ငါလည်း ငါ့အိမ်ကမိန်းမကို အဲဒီနေရာပို့မယ်၊ နေမလားမေးကြည်ဦးမယ်"ဟု သူ၏မိန်းမကို ပြောစရာစကားရသွားသဖြင့် ဝမ်းသာအားရ ပြန်၍သွားလေသည်။ ဒီကောင်နောက်နေ့ သူတို့လင်မယား နောင်ဂျိန်ချသံကြားလျှင် ကျွန်တော်နှင့်မဆိုင် စစ်ဘေးရှောင်တစ်ယောက် အကြံပြုထားခြင်းသာ ဖြစ်သည်ဟု ကြို၍ပြောထားပါရစေ။
ရွှေထီး

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 360

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42994

© 2022 - 2025 News. All Rights Reserved.