ညီညွတ်ကြရင် မဖြစ်နိုင်တာမရှိပါ

၂၀၂၄ ဇူလိုင် ၇

    မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်ပါသလား၊ ပြင်ဆင်ဖို့လိုအပ်ပါသလားဆိုရင် ပြင်ဆင်သင့်သလို၊ ပြင်ဆင်ဖို့လည်း လိုအပ်ပါတယ်လို့ ဖြေပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံကို သဘာဝကပေးထားတဲ့အခြေအနေနဲ့ သမိုင်းမှာဖြစ်ပျက်ခဲ့တာ၊ လက်ရှိ ဖြစ်ပျက်နေတာတွေအပေါ်မှာအခြေခံပြီး ရှေ့ဘယ်လိုဆက်သွားကြမယ်ဆိုတဲ့  သဘောတူညီချက်သာ ဖြစ်ပါတယ်။ အကျိုးရှိရင်၊ တည့် မတ်မှန်ကန်ပြီး အလုပ်ဖြစ်နေရင် ဆက်သွားဖို့ဖြစ်ပြီး လုံးဝအကျိုးမရှိဘူး၊ အသုံးမတည့်ဘူးဆိုရင် ဖျက်ပြီးအသစ်ပြန်ဆွဲဖို့သာ ရှိပါလိမ့်မယ်။ 
    လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူအများက ထောက်ခံအတည်ပြုထားတဲ့ အခြေခံဥပဒေပဲဖြစ်ပါတယ်။ သို့သော် ရေးဆွဲစဉ်အချိန်နဲ့ မရေးဆွဲမီအကြို ညှိနှိုင်းဆွေးနွေးခဲ့ကြတဲ့ အမျိုးသားညီလာခံမှာ မြန်မာ့နိုင်ငံရေးအတွက် အဓိကဖြစ်တဲ့ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ပါဝင်ခဲ့မှုမရှိခြင်း၊ သူတို့ရဲ့ သဘောထားတွေကို မျက်ကွယ်ပြု ရေးဆွဲအတည်ပြုခဲ့ခြင်းတွေက လက်ရှိကျင့်သုံးရာမှာ အခက်အခဲဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။ သို့အတွက်ကြောင့်လည်း ထိုအခြေခံဥပဒေ စတင်အသက်ဝင်ပြီး နိုင်ငံရဲ့စနစ်စတင်ပြောင်းလဲချိန်မှာပင် လက်နက်ကိုင်တိုက်ပွဲတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားခဲ့သလို  ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က နိုင်ငံ ရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်နေတာကို နိုင်ငံရေးအရ ထိုးနှက်ကြ ခဲ့တာကိုလည်း လက်တွေ့မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မိမိတို့ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့သမိုင်းကြောင်းအရ ဖြစ်တည်လာခဲ့တဲ့အခြေအနေများအရ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဥပဒေတစ်ခုလို့ ဆိုနိုင်ပါတယ်။ တပ်မတော်က ဘာလုပ်လုပ် မကောင်းမြင်တဲ့သူတွေ၊ လစ်ဘရယ်ဒီမိုကရေစီကို အရမ်းလိုချင်နေကြသူတွေကတော့ လက်ခံမယ်မထင်ပါ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို အခြေခံသုံးသပ်ပြီး လက်ရှိ(ရေးဆွဲစဉ်အချိန်)ကာလနဲ့ ကိုက်ညီအောင်ရေး ဆွဲထားခြင်းပဲဖြစ်ပါတယ်။ အမှန်တကယ်ကျင့်သုံးရာမှာ အခက်အခဲတွေ အများကြီးရှိခဲ့တာကိုလည်း ဝန်ခံရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လက်နက်ကိုင်လမ်းစဉ်နဲ့ပတ်သက်ပြီး ချုပ်ငြိမ်းအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုရပါလိမ့်မယ်။ တပ်မတော်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးရယူထား ခဲ့နိုင်ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထိုငြိမ်းချမ်းရေးကတစ်ဆင့် လက်နက် ကိုင်လမ်းစဉ်ကို ချုပ်ငြိမ်းစေမယ့် အခြေအနေသဘောတူညီချက် မပါရှိတဲ့အတွက်ပဲ ဖြစ်ပါလိမ့်မယ်။ စာတစ်ကြောင်း၊ အချက်အလက်တစ်ခု ထည့်သွင်းဖို့လွယ်ကူပေမယ့် အမှန်တကယ် အသက်သွင်းရာမှာ ဘယ်လောက်ခက်ခဲခဲ့သလဲ ဆိုတာလက်တွေ့မြင်ရပြီး ဖြစ်ပါလိမ့်မယ်။ 
    ဒါကြောင့်လည်း လက်နက်ကိုင်လမ်းစဉ်ချုပ် ငြိမ်းဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဖြစ်စေဖို့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ NCA လမ်းကြောင်းကို ချမှတ်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ထိုတိုင်း ရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲမီ  ဆွေးနွေးတိုင်ပင်ခဲ့ပြီး သဘောတူညီချက်ရမှ ထည့်သွင်းရေးဆွဲနိုင်ခဲ့ရင် ယခုလိုပြဿနာများ ရှိမှာမဟုတ်ဟု ဆိုကြပါလိမ့်မယ်။ ထိုအတိုင်းဖြစ်ခဲ့ရင် အကောင်းဆုံးပါ။ သို့သော် ထိုစဉ်အခါက နိုင်ငံရေးအခြေအနေကို ပြန်လည်လေ့လာကြည်ရင် ထိုလက်နက်ကိုင်အင်အားစုတွေနဲ့ နိုင်ငံရေးအင်အားစုတွေကို စုပေါင်းတွေ့ဆုံကျေလည်အောင် ဆွေးနွေးပြီးမှ ထည့်သွင်းဖို့ဆိုတာအတော် မလွယ်တဲ့အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒီ့အတွက်လည်း စနစ်တစ်ခုပြောင်းပေးခဲ့ပြီး မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေကို ဆက်လက်ညှိနှိုင်းဆွေးနွေး ပြင်ဆင်နိုင်ရန် ဖရိန်တစ်ခု အတည်ပြုပေးခဲ့ခြင်းဖြစ်တယ်လို့ မြင်ပါတယ်။ ပြင်ဆင်ရမှာ သေချာတဲ့အတွက်လည်း အခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအခန်းကို ထည့်သွင်းရေးဆွဲပေးခဲ့ခြင်း ပဲဖြစ်ပါတယ်။ ပြင်ဆင်ရခက်ခဲ တယ်လို့ဝေဖန်နေကြပေမယ့် တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေးအင်အားစုများ သုံးနားညီရင် မဖြစ်စရာမရှိပါ။
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်သုံးပြီးနောက် အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ အချိန်မတိုင်မီအထိ အဓိက ပြင်ဆင်လိုတာတွေက တပ်မတော်ကို နိုင်ငံရေးမှာ ပါဝင်မှုမရှိစေရေး၊ တပ်မတော်အနေနဲ့ နိုင်ငံရေးအစိုးရ၏ လက်အောက်တွင်ရှိရေး၊ လက်နက်ကိုင် တိုင်းရင်းသားများအနေနဲ့ လက်နက်မစွန့်ရေး၊ ပြည်နယ်များတွင် အာဏာပိုမိုရရှိရေး၊ အခြေခံဥပဒေကိုလွယ် ကူစွာပြင်ဆင်နိုင်ရေး၊ သမ္မတအရည်အချင်းပြင်ဆင်ရေးများ ဖြစ်တာကို တွေ့ရပါတယ်။ ယခုအချိန်အခါမှာတော့ အခြေခံဥပဒေကို ဖျက်ဆီးပြီး အသစ်ပြန်လည် ရေးဆွဲလိုတဲ့ သဘောထားတွေကိုလည်း တွေ့လာရပြီဖြစ်ပါ တယ်။
    NUG ရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လှုံ့ဆော်မှုနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ တိုက်ပွဲအခြေအနေတွေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လိုလားချက်ဟာ လက်နက်ကိုင်ထားနိုင်တဲ့ အထူးဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ဖက်ဒရယ်ပြည်ထောင်စု အတွင်းက ပြည်နယ်တစ်ခုအစား Confederation ကို ဦးတည်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ KIA ရဲ့ ဝမ်ပေါင်သမ္မတနိုင်ငံထူထောင်လိုမှု၊ AA ထွန်းမြတ်နိုင်ရဲ့ အနိမ့်ဆုံး Confederation နဲ့ 'ဝ'ရဲ့ လက်နက်ကိုင် ပြည်နယ်ရရှိလိုမှုတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာမှာ မလွဲမသွေ ကြုံတွေ့ရလာနိုင်တဲ့အခြေ အနေ များပဲဖြစ်ပါတယ်။ ဒါ့အပြင် ကျန်လက်နက်ကိုင်တိုင်းရင်း သားများအနေနဲ့လည်း အလားတူသဘောထားမျိုးထားကြမှာ သေချာသလောက်ရှိတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
    များသောအားဖြင့် နိုင်ငံရေးသမားများရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်လိုတဲ့ တူညီတဲ့အချက်ကို ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးရဲ့ ပြောဆိုချက်မှာ ထင်ဟပ်နေတာ တွေ့ရပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ နိုင်ငံ ရေးပါတီအစုအဖွဲ့ တွေ့ဆုံဆွေးနွေးမှုအပြီး Freelence Journalist သက်ထွေးနိုင်က မေးမြန်းရာမှာ ဦးကိုကိုကြီးက ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုထူထောင်ရေးနဲ့ပတ်သက်ပြီး အားလုံးကသဘောတူခဲ့ကြကြောင်း ပြောပါတယ်။ ဒီမိုကရေစီစနစ် အပြည့်အဝရ ရှိရေးနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးရမှာဖြစ်ကြောင်း၊ တပ်မတော်မှနိုင်ငံရေးမှာ မပါဝင်ဖို့ကို နိုင်ငံရေးသမားများအားလုံးက လိုလားကြောင်းပြောဆိုခဲ့တာတွေ့ရပါတယ်။ ဦးကိုကိုကြီးနဲ့ပြည်သူ့ပါတီရဲ့ သဘောထားက လက်ရှိတပ်မတော် ၂၅ ရာခိုင်နှုန်းပါဝင်နေမှုအပေါ် လက်ခံပြီး အတူတကွပေါင်းစည်းဆောင်ရွက်ရာမှ လုံး၀ပါဝင်ခြင်းမရှိတော့တဲ့ အခြေအနေထိဆောင်ရွက်သွားရန်ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအင်အားစု တချို့က တပ်မတော် ၂၅ ရာခိုင်နှုန်းပါဝင်နေမှုကို လုံးဝလက်မခံဘဲ အပြုတ်တိုက်လိုတဲ့ သဘောထားရှိကြပြီး ထိုဆောင်ရွက် ချက်တွေဟာ Win Win မဖြစ်ဘဲ Lost Lost သာဖြစ်နေကြောင်း ပြောဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။ လက်ခံသင့်တဲ့ သဘောထားဟုမြင်ပါတယ်။
    လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေအရ နိုင်ငံရေးမှ တပ်မတော်ထွက်ခွာရန်၊ မပါဝင်ရန် မဖြစ်နိုင်ပါ။ လက်ရှိအခြေအနေမှာပင် တွေ့နေရတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ အချင်းချင်း နယ်မြေလုမှုပြဿနာတွေ၊ လုထုအပေါ်အနိုင်ကျင့်မှုတွေ၊ ဥပဒေထက် လက်နက်ကိုင်အာဏာကို ပိုမိုအသုံးချဆောင်ရွက်တာတွေ၊ နေရာစုံမှာ သူတစ်လူငါတစ်မင်း ဖြစ်လာနိုင်တဲ့အခြေအနေတွေအရ တပ်မတော်အနေနဲ့ မပါမဖြစ်ပါနေရဦးမှာပဲ ဖြစ်ပါတယ်။ စနစ်တစ်ခုအပေါ်မှာ ခိုင်မာစွာအတူလျှောက်လှမ်းပြီး ငြိမ်းချမ်းသွားမှသာလျှင် တပ်မတော်ပါဝင်မှု ရပ်ဆိုင်းသွားနိုင်မှာ ဖြစ်ပါတယ်။
    လက်ရှိ နစကအစိုးရနဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုပြီး တိုက်ခိုက်နေတဲ့ NUG ရဲ့ ကြားကာလ အခြေခံဥပဒေဆိုတာကရော တိုင်းပြည်အတွက် ဘယ်လိုမှကောင်းလာနိုင်မယ်မထင်ပါ။ လေနဲ့သာပြောနေတာ အခုချိန်ထိ ရေးဆွဲအတည်ပြုနိုင်ခြင်းပင် မရှိသေးတဲ့အတွက် တိုင်းပြည်အတွက် အတော်ရင်လေးစရာပါ။ ရှမ်းမြောက်ဒေသမှာ လတ်တလောနယ်မြေ စိုးမိုးထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ NUG အပေါ်မှာ ဖုတ်လေတဲ့ ငါးပိရှိတယ်လို့တောင် မထင်တဲ့လုပ်ရပ်တွေကို ကြည့်ရင်လည်း ထင်ရှားစွာတွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ NUG ရဲ့ အမြော်အမြင်မရှိမြှောက်ပင့်ပေးခဲ့တဲ့ အခြေအနေတွေအရ လက်နက်ကိုင် တိုက်ပွဲတွေနဲ့အတူ တိုင်းရင်းသားဒေသတွေ ပြည်ထောင်စုအတွင်းက ခွဲထွက်သွားနိုင်တဲ့ အန္တရာယ်ကိုရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ ခွဲထွက်သွားမှာမဟုတ်ဘဲ သူတို့ နယ်မြေ၊ သူတို့အခွင့်အရေးကို သူတို့ပြန်လည်ရယူတာဖြစ်ပြီး ပြည်ထောင်စုအတွင်းမှာ ရှိနေမှာပါဆိုရင် KIA ရဲ့လိုလားချက်၊ AA ထွန်းမြတ်နိုင်ရဲ့ အနိမ့်ဆုံးလောဘတွေကို ဘယ်လိုပြောမလဲ။ ထိုအခြေအနေတွေကို NUG အနေနဲ့ သဘောတူရဲ့လားလို့မေးရင် ဘယ်လိုဖြေမလဲ။လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပြည်ထောင်စု အတွက် အန္တရာယ်အဖြစ်မမြင်ဘဲ အောင်မြင်မှုအဖြစ်မြင်တွေ့နေတဲ့ NUG ကို ပြည်ထောင်စုရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ အန္တရာယ်ကို တပ်မတော်နဲ့အတူ ပြည်သူလူထုနဲ့နိုင်ငံရေးအင်အားစုတွေ အတူပူးပေါင်းပါဝင်ဖို့လိုပါ တယ်။
    NUG တို့ မျှော်မှန်းထားတဲ့အတိုင်း တပ်မတော်ကို အမြစ်ပြတ်ချေမှုန်းပြီးသွားရင် ဘာတွေဆက်ဖြစ်လာမှာလဲ။ ဘယ်လိုမျှော်လင့်ထားပါသလဲ။ ပြည်ထောင်စုတပ်မတော်ကို ဘယ်လိုဖွဲ့စည်းမှာလဲ။ ဘယ်သူတွေနဲ့ဖွဲ့စည်းမှာလဲ။ ဘယ်သူက တပ်မတော်ကိုဦးဆောင်မှာလဲ။ စနစ်တကျ ဖွဲ့စည်းဦးဆောင်နိုင်မယ့်သူ ရှိပါသလား။ ရာထူးတွေ၊ ခံစားခွင့်တွေပါလာမှာ ဖြစ်တဲ့အတွက် နေရာလုမှုတွေ ဖြစ်မလာဘူးလို့ အာမခံနိုင်ပါ့မလား။ သေချာစဉ်းစားသုံးသပ်ဖို့ လိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အမာခံထားဖွဲ့စည်းမယ်ဆိုရင် ထိုအဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်နင်းစွာကိုင်တွယ်နိုင်ပါ့မလား။ အခုတောင် သူတို့ရဲ့ လက်ဝေခံတပည့်ဖြစ်နေတာ။ ကိုင်တွယ်စရာ မလိုဘူး၊ အတူယှဉ်တွဲနေထိုင်ကြမှာ ဖြစ်တယ်လို့ဖြေရင်ရော ဖြစ်နိုင်မယ်လို့ ထင်ပါသလား။ တိုက်ပွဲတွေမှာ PDF အမည်ခံ ဗမာလူငယ်တွေကို ရှေ့က အသေခံတိုက်ခိုင်းပြီး သူတို့အတွက် နယ်မြေတွေရယူနေကြတာကို မမြင်ကြဘူးလား။ သူ့အရိုးနဲ့ သူ့ပြန်ထိုးနေတဲ့ နည်းလမ်းလို့မမြင်ကြ ဘူးလား။ ထိုတိုင်းရင်းသားလက်နက် ကိုင် အဖွဲ့တွေက ပြည်ထောင်စုအတွင်းက ခွဲမထွက်သွားဘူးလို့ အာမခံနိုင်ပါသလား။ ခွဲထွက်မသွားဖို့ ဘယ်သူက တာဝန်ခံမှာလဲ စသဖြင့် မေးခွန်းတွေစဉ်းစားပြီး ကိုယ်တိုင်ဖြေကြည့်ကြရင် တိုင်းပြည်ရဲ့အန္တရာယ်ကို မြင်ကြပါလိမ့်မယ်။ 
    တန်ဖိုးရှိတဲ့ ရရှိပြီးသား အခြေခံဥပဒေကို တန်ဖိုးမထားဘဲ အာဏာငမ်းငမ်းတက် မက်နေသူတွေရဲ့ နိုင်ငံရေးလောဘကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပျက်စီးခံ၍ မဖြစ်ပါ။ တိုင်းပြည်ကိုလည်း အပျက်စီးခံ၍ မဖြစ်ပါ။ Stakeholder အားလုံးရဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေတွေကို သဘောတူပြီး လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းသည်သာလျှင် Win Win  Situation ဖြစ်ပါလိမ့်မယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လက်ရှိဆောင်ရွက်နေတဲ့ ဆွေးနွေးသဘော တူညီမှုများမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနည်းလမ်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့ မြင်ပါတယ်။ 
    ယခု တွေ့ဆုံဆွေးနွေးနေတဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့တွေဟာ ၂၀၂၅ ခုနှစ်အတွင်းကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း လွှတ်တော်ကိုအဓိက မောင်းနှင်မယ့်သူတွေပဲ ဖြစ်ကြပါတယ်။ သူတို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ပြင်ဆင်လိုတဲ့သဘောထားတွေကိုချပြပြီး အကျေအလည်ဆွေးနွေး သဘောတူညီချက်ရယူခြင်း၊ တပ်မတော်နဲ့ သူတို့ရဲ့သဘောထားတွေကို အကျေအလည် ဆွေးနွေးသဘောတူထားခြင်းတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေကို ကျော်လွန်စေမှာ ဖြစ်ပါတယ်။ လက်ရှိတိုက်ပွဲတွေ ဆင်နွှဲပြီးနယ်မြေရယူလိုတဲ့ တိုင်းရင်းသားအဖွဲ့များအနေနဲ့ သတိထားသင့်တဲ့ အခြေအနေပါ။ လက်နက်ကိုင်တိုက်ပွဲကတစ်ဆင့် နယ်မြေရယူခြင်းဟာ ခိုင်မာမှုမရှိဘဲ အချိန်မရွေးပြန်လည် ဆုံးရှုံးသွားနိုင်သလို အမြဲတမ်းတည်ငြိမ်အေးချမ်းမှုဆိတ် သုဉ်းစေနိုင်တယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်။ ယခုအ ချိန်ဟာ နိုင်ငံရေးအရ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်မယ့် အချိန်ကောင်းဖြစ်တဲ့အတွက် ဆွေးနွေးညှိနှိုင်းရေးနည်း လမ်းကိုသာ လျှောက်လှမ်းကြပါလို့ သတိပေးပါရစေ။ ( ဇော်နိုင် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 284

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42994

© 2022 - 2025 News. All Rights Reserved.