တပ်မတော်မပါဘဲနဲ့ ခရီးမရောက်နိုင်ပါ

၂၀၂၄ အောက်တိုဘာ ၁၃
    
    နိုင်ငံရေးမှာ တပ်မတော်မပါရဘူးဆိုတာဖြစ် သင့်ဖြစ်ထိုက်တဲ့ကိစ္စပါ။ ငြင်းစရာလည်းမလိုပါ။ ဘယ်သူမှလည်း အပင်ပန်းခံပြီး မငြင်းကြပါ။ ဒါကိုလည်း တပ်မတော်နဲ့ တပ်မတော်ခေါင်းဆောင်တွေက နားလည်လက်ခံထားပြီးသားပါ။ ဖွံ့ဖြိုးပြီး စနစ်မှန်သွားတဲ့ နိုင်ငံတွေမှာ တပ်မတော် ပါပါဆိုတာတောင် မပါကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မလိုလို့ပါ။ အဲ့ဒီလို မလိုတဲ့အခြေအနေရောက်ဖို့ လိုပါတယ်။ မလိုတဲ့အခြေအနေကိုရောက် အောင်မသွားဘဲ အတင်းကန်ထုတ်နေလို့ကတော့ ဖြစ်လာစရာ အကြောင်းမရှိဘဲ ပိုလို့ဝေးနေဦးမှာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်မှန်ဖို့ နိုင်ငံ့အရေးကို အရင်စဉ်းစားဖို့ လိုပါလိမ့်မယ်။
    မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်။ သက်ဦးဆံပိုင်ဘုရင်လက်ထက်ကတည်းက ပြည်ထောင်စုနိုင်ငံတည်ထောင်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပတ်ဝန်းကျင်နိုင်ငံတွေအပေါ် သြဇာသက်ရောက်ရေး အစရှိတဲ့ကိစ္စတွေမှာ တပ်မတော်ပါကိုပါခဲ့ရပါတယ်။ တပ်မတော်က ဦးဆောင်တာ မဟုတ်ဘူး။ ခိုင်းတာလုပ်ရတာ လို့ဆိုရင် နန်းတော်မှာရှိတဲ့ ဝန်ကြီးတွေ၊ မှူးကြီးမတ်ရာ တွေကိုယ်တိုင် က စစ်သေနာပတိတွေဖြစ်နေတာ သမိုင်းကို နားလည်သူတိုင်း၊ လေ့လာသူတိုင်းသိတယ်။ စစ်ရေးစစ်ရာမှာ အားနည်းတဲ့ဘုရင်နဲ့ အရည်အချင်းမရှိတဲ့မှူး ကြီးမတ်ရာတွေလက်ထက်မှာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေဆုံးရှုံးမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ ထိုစဉ်အချိန်အခါ တွေက စစ်သားဆိုတာ ပြည်သူပြည်သားတွေအားလုံးပဲ မဟုတ်ပါလား။ ထောင်ပြုမြို့၊ ရာပြုမြို့ဆိုတာတွေက အလကားပေါ်လာတာမဟုတ်ဘူး။ နယ်စားပယ်စားဆိုတာတွေ ကိုယ်တိုင်ကလည်း သာမန်ချိန်မှာ အုပ်ချုပ်ရေး၊ အရေးပေါ်ချိန်မှာ စစ်ဗိုလ်၊ စစ်ခေါင်းဆောင်တွေပဲ မဟုတ်ဘူးလား။
    လွတ်လပ်ရေးခေတ်ကိုပြန်ကြည့်။ တပ်မတော်သားတွေရဲ့ တော်လှန်ရေးက အစပြုခဲ့တာ တွေ့ရပါလိမ့်မယ်။ ဘုရင့်တပ်မတော်က လက်နက်မချခဲ့တဲ့ တပ်မတော်သားတွေနဲ့ ဒေသအသီးသီးက တိုင်းရင်းသားတပ် မတော်သားတွေက သီပေါမင်းပါတော်မူပြီးနောက် ၁၉၀၀ ပြည့်နှစ်ပိုင်းအထိ တော်လှန်ခဲ့ ကြတာပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်တို့ရဲ့ ရက်စက်ကြမ်းတမ်းစွာ နှိမ်နင်းခဲ့တဲ့ အတွက် လက်နက်ကိုင်တော် လှန်ရေး ခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။ ၁၉၀၆ ခုနှစ်မှာ ဗမာပညာတတ်လူကြီး လူငယ်တွေစုစည်းပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကို စတင်ထူထောင်ခဲ့ကြပါတယ်။ နိုင်ငံရေး၊ စစ်ရေးအရ ဆောင်ရွက်ခွင့်မရသေးချိန်မှာ အမျိုးချစ်စိတ်၊ ဘာသာသာသနာချစ်စိတ်ကိုအခြေခံပြီး နိုင်ငံရေးကို အစပျိုးပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီကစပြီး GCBA တို့၊ တို့ဗမာအစည်းအရုံးတို့ ပေါ်လာခဲ့ခြင်းပဲဖြစ်ပါတယ်။ ထိုလှုပ်ရှားမှုတွေကတစ်ဆင့် ရဲဘော်သုံးကျိပ်နဲ့ ဗမာ့တပ်မတော် ပေါ်ပေါ်လာခဲ့ခြင်းပဲ ဖြစ်ပါ တယ်။
    အဲ့ဒီ ဗမာ့တပ်မတော်ကပဲ တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေကို စုစည်းခဲ့ပြီး လွတ်လပ်ရေးအရ ယူပေးခဲ့တာ၊ တိုင်းပြည်တည်ဆောက်ပေးခဲ့တာ မဟုတ်ဘူးလား။ အင်္ဂလိပ်ကိုတော်လှန်ခဲ့တာ၊ ဖက်ဆစ်ဂျပန်ကိုတော်လှန်ခဲ့တာ၊ တိုင်းပြည်လွတ်လပ်ရေးရအောင် ဆောင်ရွက်ခဲ့တာ ဒီတပ်မတော်က ဦးဆောင်ပြီး နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့်မဟုတ်ဘူးလား။
    တပ်မတော်ကဦးဆောင်ခဲ့တာ မဟုတ်ဘူးဆိုပြီး ငြင်းချင်ရင် ဖဆပလသမိုင်းကိုပြန်ဖတ်။ တပ်မတော်နဲ့ နိုင်ငံရေးအင်အားစုတွေ ပူးပေါင်းပြီး လွတ်လပ်ရေးရဖို့ အတူတိုက်ကြမယ်ဆိုပြီး ပြန့်ကွဲနေ တဲ့ နိုင်ငံရေးအင်အားစုတွေကို စည်းရုံးစုစည်းဖွဲ့စည်းပေးခဲ့တာ ဗမာ့တပ်မတော်ကပဲဖြစ်ပါတယ်။
    ဖက်ဆစ်တော်လှန်ရေးအပြီး အင်္ဂလိပ်ဆီက လွတ်လပ်ရေးယူဖို့ ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်ကထွက်ပြီး ဖဆပလကိုဦးဆောင်တယ်။ စစ်သားမဟုတ်တော့ဘဲ အရပ်သားဖြစ်သွားတဲ့ ဗိုလ်ချုပ်က နိုင်ငံရေးကို ဦးဆောင်တာဆိုပြီး ပြောကြတယ်။ မှန်ပါတယ်။ သို့သော် မပြည့်စုံပါဘူး။ အဓိပ္ပာယ်နဲ့အနှစ်သာရကိုခွဲပြီး ပြောချင်ကြတာ။ နောက်ပိုင်းနိုင်ငံရေးသမားတွေက တပ်မတော်ရဲ့ အခန်းကဏ္ဍကို ဖျောက်ချင်လို့၊ မှေးမှိန်စေချင် လို့ပြောတဲ့ အပြောသက်သက်ပဲ ဖြစ်ပါတယ်။ ဖတပလ (နောင်ဖဆပလ)ကို စတင်ထူထောင်ချိန်က တပ်မတော်ပါဝင်တဲ့ နိုင်ငံရေးအင်အားစုအနေနဲ့ သက်သက်ပေါင်းစည်းထားရုံပဲရှိပါတယ်။ ဖက်ဆစ်တော်လှန်ရေးအပြီးမှာ  ကန္နီသဘောတူညီချက်အရ ဗမာ့တပ်မတော်က ဗြိတိသျှ တပ်မတော်အောက်မှာ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် နိုင်ငံရေး အင်အားစုတွေကို ဦးဆောင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလဥက္ကဋ္ဌနေရာ ယူခဲ့တာ။ တပ်မတော် သားဘဝက သူစတင်ခဲ့တဲ့အဖွဲ့အစည်းမှာ သူနေရာယူတဲ့သဘောပဲ။ သူဖဆပလကိုတာဝန်ယူတော့ ကျန်ခဲ့တဲ့ တပ်မတော်ခေါင်းဆောင်တွေကို ဘာမှာခဲ့လဲ။ ပြန်ကြည့်။ အဓိကမှာခဲ့တာက စည်းစည်းရုံးရုံးနဲ့  နိုင်ငံရေးနဲ့ နိုင်ငံ့အရေးမှာ ကူညီဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီး ဗမာ့တပ်မတော်က ဖဆပလရဲ့ အမာခံအဖြစ် တောက်လျှောက်ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးတဲ့နေ့မှာ ဦးနုနဲ့ဖဆပလကို ဗိုလ်ချုပ်ကြီးနေဝင်းက စကားတစ်ခွန်းပြောခဲ့တယ်။ အင်္ဂလိပ်ချိုးတဲ့ဖဲထဲ ဝင်မသွားစေဘဲ လွတ်လပ်ရေးအတွက် ရှေ့ဆက်သွားဖို့။ "ခင်ဗျားတို့က နိုင်ငံရေးအင်အားစုတွေကိုနိုင်အောင် ထိန်း၊ ကျုပ်က တပ်မတော်ကိုနိုင်အောင်ထိန်းမယ်"ဆိုတာပဲဖြစ်ပါတယ်။ ဒါဟာ 'မြန်မာ့နိုင်ငံရေးနဲ့  နိုင်ငံ့အရေး' မှာတပ်မတော်က ဦးဆောင်ပါဝင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
    လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးမှာ တပ်မတော်ကပါဝင်ခဲ့ခြင်းမရှိဘဲ အုပ်ချုပ်တဲ့ နိုင်ငံရေးအစိုးရကို ကူညီထိန်းသိမ်းပေးခဲ့တာပဲ ရှိပါတယ်။ ၁၉၅၈ ခုနှစ်မှာ အာဏာရ ဖဆပလ နှစ်ခြမ်းကွဲပြီး တိုင်းပြည်ကစဉ့်ကလျားဖြစ်မှာစိုးလို့ ဖဆပလနိုင်ငံရေးအစိုးရကိုယ် တိုင်ကပင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကို တိုင်းပြည်ကို ထိန်းသိမ်းဖို့  အကူအညီတောင်းခဲ့လို့ အိမ်စောင့်အစိုးရဆိုတာ ပေါ်လာ ခဲ့တာပဲဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာ အိမ်စောင့်အစိုးရက ရွေးကောက်ပွဲကျင်းပေးပြီး အာဏာပြန်လွှဲ ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ နိုင်ငံရေး သမားအချင်းချင်း အာဏာလုလာခဲ့ကြတာ၊ အပြန်အလှန်အပုပ်ချခဲ့ကြတာ၊ တိုင်းပြည်အုပ်ချုပ်ရေး ယိုယွင်းလာခဲ့တာ၊ တိုင်းရင်းသားတွေကပင် အာဏာရယူခွဲ ထွက်လိုကြတာ (နောက်ပိုင်းနိုင်ငံရေးပါးဝလာတဲ့အခါမှသာ ခွဲထွက်ဖို့မဟုတ်ဘဲ တန်းတူအခွင့်အရေး တောင်းဆိုတာလို့ဆိုကြတာပါ)တွေကြောင့် တပ်မတော်က နိုင်ငံတော်အာဏာကိုရယူခဲ့ရတာပဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အာဏာကိုအသေဆုပ်ကိုင်ထားခြင်းမရှိဘဲ စနစ်တစ်ခုပြောင်းလဲပေးခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဝိုင်းတိုက်ခဲ့ကြလို့ ထိုစနစ်လည်းမအောင်မြင်ခဲ့ပြန်ပါ။
    ၁၉၈၈ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲတစ် ခုဖြစ်ခဲ့ပြန်ပါတယ်။ မဆလပြုတ်ကျပြီး တပ်မတော်က နိုင်ငံတော်တာဝန်ကို ယူခဲ့ရပြန်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ နေတိုးအုပ်စုနဲ့ အာဏာရခါနီးလေးမှာ လက်လွှတ်လိုက်ရတဲ့ နိုင်ငံရေးသမားတွေ မကြိုက်ကြပါ။ သူတို့ရဲ့ဦးတည်ရန်သူ ပြောင်းသွားပြီး တပ်မတော်က ရန်သူဖြစ်လာပါတယ်။ နိုင်ငံရေးနားလည်သူ၊ ရှေ့မီနောက်မီ အတွေ့အကြုံရှိသူ၊ အမျိုးသားရေးအမြင်ရှိသူ အတော်များများအနေနဲ့ ၁၉၆၂ ခုနှစ်မှာ တပ်မတော်ကအာဏာ သိမ်းခဲ့ရတာ၊ ၁၉၈၈ ခုနှစ်မှာ တပ်မတော်ကတာဝန်ယူခဲ့ရတာတွေကို နားလည်လက်ခံခဲ့ကြပါတယ်။ သို့သော် ၁၉၆၂ ခုနှစ် နောက်ပိုင်းကစပြီး တပ်မတော်မုန်းတီးရေး ဝါဒဖြန့်မှုတွေအရ နောက်ပိုင်း လူငယ်အတော်များများ တပ်မတော်အပေါ် မုန်းတီးလာတာ၊ အမြင်မှားလာတာ တွေဖြစ် ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီး ဝါဒဖြန့်ခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပင် တပ်မတော်မုန်းတီးရေးကို အရိုးစွဲလာခဲ့တာ၊ ဝေဖန်ခဲ့တာတွေအရ  နိုင်ငံရေးမှာ တပ်မတော်ပါဝင်တာဟာ အပြစ်တစ်ခု၊ အဟန့်အတားတစ်ခုဆိုတဲ့အမြင် ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။
    ယခုအချိန်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ နိုင်ငံရေးအခြေအနေတွေဟာ တပ်မတော်မုန်းတီး ရေးကို အလွန်အကျွံ ဝါဒဖြန့်ခဲ့မှုအပေါ်မှာ အတော်များများ အခြေခံပါတယ်။ ၂၀၁၆ ခုနှစ် တပ်မတော်ကို ရန်သူလိုသဘောထားတဲ့ အုပ်စုအာဏာရလာခဲ့ပါတယ်။ NLD သက်သက်မဟုတ်ပါ။ တချို့ NLD ပါတီဝင်တွေနဲ့ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေးမှာ တပ်မတော်မပါဝင်ရေးကို လက်ခံခဲ့ကြပေမယ့် စနစ်ကို ခိုင်မာစွာပြင်ရင်း တပ်မတော်ပါဝင်မှုကို တစ်ဆင့်စီ လျှော့ချခြင်းကို လိုလားကြပါတယ်။ အထူးသဖြင့် တိုင်းရင်းသားအရေးနဲ့ လက်နက်ကိုင်အရေးမှာ တပ်မတော်မပါဘဲနဲ့ မဖြစ်နိုင်ဘူးဆိုတာ သူတို့ နားလည်ကြပါတယ်။ သို့သော် ထိုအင်အားက နည်းပါတယ်။ တပ်မတော်ကို နိုင်ငံရေးက အလုံးစုံ ဖယ်ရှားရေးနဲ့ နိုင်ငံရေး သမားအောက်ရောက်ပြီး ခိုင်းဖက်ဖြစ်ရေးကိုသာ ဒေါ်အောင်ဆန်းစုကြည်အ ပါအဝင် အများစုက လိုလားကြပါတယ်။ ၂၀၁၆၊ ၂၀၂၀ ကာလမှာ ထိုသဘောထားကို အခြေခံပြီးဖြစ်ပွားခဲ့တဲ့ အာဏာရပါတီနဲ့ တပ်မတော်ကြားက အားပြိုင်မှုတွေကို တိုင်းရင်းသားနိုင်ငံရေးသမားတွေနဲ့ လက်နက် ကိုင်အဖွဲ့တွေက စောင့်ကြည်ပြင်ဆင်နေခဲ့ကြတာ သတိထားမိရင် တွေ့ကြမှာပါ။
    ထိုကာလက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေ ကိုပြန်ကြည့်ရင် တပ်မတော်က ၂၀၀၈ ခုနှစ်အခြေခံ ဥပဒေကတစ်ဆင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြင်ဆင်မှုတွေလုပ်ပြီး နိုင်ငံရေးစနစ်ခိုင်မာစေချင်တယ်။ NLD က ဖက်ဒရယ်ပဲသွားသွား၊ ကွန်ဖက်ဒရေးရှင်းပဲ သွားသွားကြိုက်သလို သွားရတယ်။ အဓိကက တပ်မတော်ဖယ်ရှားရေး၊ အာဏာရရှိရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ရေးပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်တို့၊ ကွန်ဖက်ဒရေးရှင်း တို့သာဆိုနေတာ  ၂၀၁၆ ၊ ၂၀၂၀ NLD အာဏာရချိန် ကိုပြန်ကြည့်။ တိုင်းရင်းသားအရေးကို လုံးလုံးဂရုမစိုက်ခဲ့ဘဲ အာဏာတည်မြဲရေး၊ သြဇာကြီးမားရေးကိုသာ ဆောင် ရွက်ခဲ့တာ တွေ့ရမယ်။ တပ်မတော်က  ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး ပြည်နယ်တွေ အာဏာပိုရစေဖို့ ပြည်နယ် အစိုးရကို သမ္မတက ဖွဲ့မပေးတော့ဘဲ ပြည်နယ်မှာ မဲနိုင်တဲ့ပါတီက သက်ဆိုင်ရာပြည်နယ်မှာ ကိုယ်တိုင်အစိုးရ ဖွဲ့နိုင်ရေးအတွက်  အခြေခံဥပဒေပြင်ဆင်ဖို့ ကြိုးစားပေးခဲ့တာ NLD က လက်မခံလို့ ပျက်သွားခဲ့တာက အဓိက သက်သေလို့ ဆိုရပါလိမ့်မယ်။
    အခုလည်း နစကအစိုးရက နိုင်ငံတော်တည် ငြိမ်အေးချမ်းရေး၊ လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းရေး၊ ပြည်သူတွေ အေးချမ်းသာယာရေး၊ နိုင်ငံရေးကတစ်ဆင့် အာဏာရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့တဲ့အပေါ်မှာ ဝေဖန်မှု၊ တုံ့ပြန်မှု မျိုးစုံတွေ့နေရပြန်ပါ တယ်။ အဓိကအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ခေတ်အဆက်ဆက်က ပြောခဲ့တဲ့ဓာတ်ပြား ဟောင်းကြီး အတိုင်း ရပ်တည်နေကြသလို အစွန်းရောက် NLD လက်သစ်တွေကို အခြေခံထားတဲ့အဖွဲ့နဲ့ တပ်မတော်မုန်းတီးရေးအဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD စွဲကိုင်ထားတဲ့ သဘောထား အတိုင်းသာ တွေ့ရပါတယ်။
    ကျန်တဲ့ ပြောတာ၊ ဆိုတာ၊ ပုတ်ခတ်တာ၊ ဝေဖန်တာတွေကို မပြောလိုပါ။ ဒီအချိန်မှာ တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်းအားလုံးလိုလို က တပ်မတော်ကိုနိုင်ငံရေးက ထွက်သွားဖို့သာ ဆိုနေကြပါတယ်။ မေးလိုတာက တပ်မတော်က နိုင်ငံရေးက ထွက်သွားရင် တကယ်ပဲ အားလုံးကောင်းသွားမှာလားဆို တာပါပဲ။ အထူးသဖြင့် အခုလိုအချိန်မှာ တပ်မတော်က နိုင်ငံရေးမှာ မပါဘဲထွက်သွားရမှာလား။ ထွက်သွားရင် ဘာတွေ ဆက်ဖြစ်မလဲ။ အငြင်းအခုံတွေ၊ နယ်မြေလု တိုက်ပွဲတွေ၊ သူတစ်လူငါတစ်မင်း လုပ်လာမှာတွေ၊ ကြီးနိုင်ငယ်ညှဉ်း ပြဿနာတွေဖြစ်လာရင် ဘယ်လိုဖြေရှင်းမလဲ။ ခိုင်မာတဲ့ပြည်ထောင်စုနဲ့ စနစ်ပေါ်လာမှာ သေချာလား။ မပေါ်လာဘဲ တိုင်းပြည်ပြိုကွဲရင် ဘယ်သူတာဝန်ယူမှာလဲ။ စဉ်းစားစရာတွေအများကြီး။ သမိုင်းကြောင်းအရပြန် ကြည့်ရင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ မတူညီတဲ့သဘာဝတွေအရဆိုရင် လက်တွေ့ မှာ ကြုံတွေ့လာမှာတွေက မှန်းလို့မရနိုင်တဲ့ အခြေအနေမှာရှိတယ်။ ပထဝီနိုင်ငံရေးအရ ပြည်ပပယောဂတွေ၊ ပါဝင်ပတ်သက်မှုတွေကိုပါ ထည့်တွက်ဖို့လိုပါလိမ့်မယ်။ အလွယ်တွေး၊ အလွယ်ပြောလို့မရတာကို နားလည်ဖို့ လို ပါလိမ့်မယ်။
    ကျွန်တော့်အမြင်အရပြောရရင် လက်ရှိအချိန်မှာ တပ်မတော်ကိုနိုင်ငံရေးက ထွက်သွားစေချင်ကြတာက ကိုယ့်လောဘနဲ့ ကိုယ့်ထင်မြင်ယူဆချက်အရပဲလို့ ဆိုရမယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဖက်ဒရယ်အကြောင်းပြ လက်နက်အားကိုးနဲ့ ကွန်ဖက်ဒရေးရှင်းအာဏာ ရှင်ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ချင်တာ။ သာသာယာယာနဲ့စစ်တိုက်စရာ မလိုဘဲ နယ်မြေနဲ့အာဏာရမှာ။အဓိကလိုလားချက်ကဒါပဲ။ နိုင်ငံရေးသမားတွေက သူတို့အာဏာရရှိရေးနဲ့ ထိုအာဏာအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆွေးနွေးပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်လိုတာ။ သာမန်အားဖြင့်ကြည့်ရင် နိုင်ငံရေးအုပ်စုတွေရဲ့လိုလားချက်နဲ့ ဆောင်ရွက်ချက် တွေက လက်ခံစရာပါ။ သို့သော် သူတို့ရဲ့လိုလားချက်တွေကို လေးလေးနက်နက် စဉ်းစားကြည့်။ သူတို့ချမှတ်စီစဉ်ထားတာတွေက စိတ်ကူးယဉ်သက်သက်ပဲဆိုတာတွေ့ရလိမ့်မယ်။ NUG က ဇင်မာအောင်ကို BBC က မေးတဲ့အင်တာဗျူးမှာ ဇင်မာအောင်က တော်လှန်ရေးပြီးရင် ညှိယူရမှာပေါ့ ဆိုတဲ့အပြောမျိုး ပြောသွားကတည်းကိုက လက်တွေ့မဆန်တဲ့ စိတ်ကူးယဉ်မှုသက်သက်ဆိုတာ ရှင်းတယ်။ ဘယ်လိုမှ အားကိုးလို့ရမယ့် ဆောင်ရွက်ချက်တွေမဟုတ်ဘူး။ အထက်အပိုဒ်မှာပါတဲ့အတိုင်း ဖြစ်လာမှာ သေချာနေတာက မပိုရင်သာနေမယ် လျော့တော့မလျော့စေရဘူးလို့ မြင် တယ်။
    တပ်မတော်ကို တကယ်ပဲနိုင်ငံရေးမှာ မပါစေချင်ဘူးဆိုရင် ပါစရာမလိုတဲ့ နိုင်ငံရေးစနစ်နဲ့ ခိုင်မာတဲ့ အခြေအနေတွေဖြစ်အောင် ဆောင်ရွက်ဖို့လိုပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့တွေ တိုက်နေရတာမှန်ပေမယ့် လက်နက်ကိုင်လမ်းစဉ်ပေါ် လာခဲ့တာ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ယိုယွင်းစေခဲ့တာတွေက တပ်မတော်က စခဲ့တာမဟုတ်ဘူး။ တပ်မတော်က ထိုလမ်းစဉ်ချုပ်ငြိမ်းရေးကိုသာ တစိုက်မတ်မတ် ကြိုးစားခဲ့တာပဲရှိတယ်။ ထိုလမ်းစဉ်စခဲ့တာက နိုင်ငံရေးခေါင်း ဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ကြားက  အာဏာခွဲဝေမှုနဲ့ အာဏာတပ်မက်မှုအရဆိုတာ သိထားကြဖို့ လိုပါလိမ့်မယ်။ ဘယ်လိုပဲဆိုဆို။ ဘယ်လောက်ပဲ နိုင်ငံရေးက ထွက်ပါပြောပြော လက်နက်ကိုင်လမ်းစဉ် မချုပ်ငြိမ်းသရွေ့၊ ဒီမိုကရေစီ အနိုင်ကျင့်နေသရွေ့၊ ခိုင်မာတည်ငြိမ်တဲ့ စနစ်တစ်ခုမရောက်သရွေ့ တပ်မတော်ကတော့ အမျိုးသားလုံခြုံရေး အကျိုးစီးပွား လိုအပ်ချက်အရ ပါနေရဦးမှာပဲ ဖြစ်ပါတယ်။
    တပ်မတော်ကို နိုင်ငံရေးကထွက်ခွာစေချင်ရင်  ပထမခြေလှမ်းအဖြစ် ယခုဖိတ်ခေါ်ထားတဲ့ ကမ်းလှမ်း ချက်ကို လက်ခံပူးပေါင်းဖို့ လိုပါလိမ့်မယ်။ ဇော်နိုင်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 381

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43006

© 2022 - 2025 News. All Rights Reserved.