တရုတ်တို့ရဲ့ ပိုးလမ်းမသစ် စီမံကိန်းပေါ်က 'ဝ' ဒေသရဲ့ အခန်းကဏ္ဍ

၂၀၂၄ ဩဂုတ် ၁၈

    လားရှိုးမှာ တိုက်ပွဲများ ပြင်းထန်နေချိန် ၂၀၂၄ ဇူလိုင် ၂၇ မှာ လားရှိုးမြို့ထဲကို 'ဝ'တပ်ဖွဲ့တွေ အဆီးအတားမရှိ ဝင်ရောက်လာခဲ့ပါတယ်။ သူတို့ရဲ့ ဆက်ဆံရေးရုံးနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်စောင့်ရှောက် ဖို့ဝင်ရောက်လာတာသာဖြစ်တယ်။ စစ်ပွဲမှာ ဘယ်ဘက်ကမှ ပါဝင်တိုက်ခိုက်သွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ 'ဝ'တပ်ဖွဲ့တွေ လားရှိုးကို ဝင်ရောက်လာခြင်းနဲ့ ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုး ပေးနေကြသလို အခြေအနေအရပ်ရပ်ဟာလည်း ပိုပြီး ရှုပ်ထွေးလာပါတယ်။ ဇူ လိုင်လဆန်းပိုင်းက 'ဝ'တပ်ဖွဲ့တွေ တန့်ယန်းမြို့ကို ဝင်ရောက်ထိန်းသိမ်းခဲ့စဉ်တုန်းကတော့ လားရှိုးအထိ မသွားပါဘူးလို့ 'ဝ'ခေါင်းဆောင်တစ်ဦးက အင်တာဗျူးတစ်ခုကို အဖြေပေးခဲ့ပါတယ်။ ခုတော့ လားရှိုးကို ဆိုက်ဆိုက်မြိုက် မြိုက်ကြီး ရောက်လာခဲ့ပါပြီ။ စစ်ကာလမှာ ဘာကိုမှ ယတိပြတ်ပြောလို့မရ၊ အခြေအနေအရ အပြောင်းအလဲတွေ ခုတစ်မျိုး တော်ကြာတစ်မျိုး ခပ်မြန်မြန်ကြီး ဖြစ် ပေါ်နေတာ တွေ့ရပါတယ်။ ဇူလိုင် ၂၉ ရက်မှာတော့ UWSA 'ဝ'တပ်ဖွဲ့က မြန်မာပြည် ငြိမ်းချမ်းရေးအတွက် မိမိရဲ့ အင်အားနဲ့ ကြိုးစားလုပ်ဆောင်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ မိမိရဲ့ သမိုင်းအတွေ့အကြုံနဲ့ သင်ခန်းစာကိုယူပြီး 'ဝ'ပြည်နယ်ရှိ တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးစီးပွားကို စဉ်းစား၍ မည်သည့် စစ်ရေးပဋိပက္ခမှာမှ မပါဝင်ဘဲ ဘယ်မလိုက်မူဝါဒကို ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။
    ဒီအချိန်မှာပဲ တရုတ်ပြည်က ပြန်ရောက်ကာစ ဒေါက်တာအေးမောင်က ...'မြန်မာပြည်ကို ငြိမ်းချမ်းရေးရစေချင်တဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ တရုတ်ပြည်ကရှေ့ ဆုံးကပါလို့ တရုတ်ဒုဝန်ကြီး တစ်ယောက်က အမှာစကား ပါးလိုက်ကြောင်း' ပြောသံကြားလိုက်ရပါတယ်။ နားရှိလို့ ကြားမိတယ်ပဲ မှတ်လိုက်ပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ ရှမ်းမြောက်စစ်ပွဲတွေဟာ တရုတ်ပယောဂကြောင့်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေရော မြန်မာပြည်သူအများစုကပါ ခိုင်ခိုင်မာမာ နာနာကျည်းကျည်း ပြောဆိုနေကြတာပါ။ ၂၀၂၄ ဇူလိုင် ၃၁ ရက်က စစ်ကောင်စီ(မြန်မာအစိုးရ)ကို တရုတ်နိုင်ငံက ထောက်ခံနေခြင်းနှင့် မြန်မာ့နိုင်ငံရေးတွင် တရုတ်အစိုးရက ဝင်ရောက်စွက်ဖက်နေခြင်းများကို ရပ်ဆိုင်းဖို့ ဗြိတိန်နိုင်ငံရှိ တရုတ်သံရုံးနှင့် အမေရိကန် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ်ရုံး China Mission ရှေ့မှာ မြန်မာနိုင်ငံသား ၁၅၀ ကျော်က ဆန္ဒပြရှုတ်ချကန့် ကွက်ခဲ့ပါတယ်။ တပ်မတော်ထောက်ခံသူများ၊ အမျိုးသားရေးအုပ်စုများ၊ ရဟန်းရှင်လူများကလည်း မြောက်ပိုင်းစစ်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ်ကို နောက်ကွယ်က လက်မည်းကြီးအဖြစ် ရှုမြင်ဆန့်ကျင်နေပါပြီ။
    တရုတ်ဟာ အသွားနှစ်ဖက်ရှိတဲ့ သန်လျက်ဓားကို ဆုပ်ကိုင်မိသလို ဖြစ်နေပါပြီ။ တပ်မတော်ကို ဆန့်ကျင်သူတွေရော တပ်မတော်ကို ထောက်ခံသူတွေကပါ တရုတ်ကို ပြစ်တင်ဝေဖန်နေတာ ထင်ရှားလှပါတယ်။ လည်လွန်းတဲ့ဘီး ချေးသင့်တာပါပဲ။ တရုတ်အစိုးရက ပြောနေတာလည်း တရုတ်အကျိုးစီးပွား၊ တရုတ်အကျိုးစီးပွားဆိုတဲ့ စကားကိုသာ သေနတ်သံ အမြောက်သံ ဗုံးသံတွေထက် ပိုပြီးကျယ်လောင်စွာ ကြားနေရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ တရုတ်မွေးထားတဲ့ သရဲတစ်ကောင်လို၊ မှင်စာတစ်ကောင်လို အပြောခံနေရတဲ့ 'ဝ'တပ်ဖွဲ့၊ 'ဝ'ပါတီက သမိုင်းအတွေ့အကြုံနဲ့ သင်ခန်းစာယူပြီး သူ့အင်အားနဲ့ ငြိမ်းချမ်းရေး ယူဆောင်ပေးမယ်ဆိုတဲ့စကားကိုတော့ လေးလေးစားစား ကြိုဆိုလိုက်ရပါ တယ်။
    'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီက သမိုင်းအတွေ့အကြုံလို့ ပြောလိုက်ချိန်မှာ 'ဝ'သမိုင်းကြောင်း အပိုင်းအစများနဲ့ ဆက်စပ်ရေးသားထားတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူလို့ဆိုတဲ့ ဘာတေးလ်လစ်တနာ Bertil Lintner ရေးပြီး ဆရာနိုင်ဦးမြန်မာပြန်တဲ့ 'ဝ'နှင့်တရုတ် လောက(The wa of myanmar and china's Quest for Global Dominance) စာအုပ်ကို ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယဉ်မျိုးစာပေက ပုံနှိပ်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။
    ဘာတေးလ်လစ်တနာဟာ သူ့ရဲ့ ယခင် စာအုပ်မှာလည်း 'ဝ'သမိုင်းအပိုင်းအစများကို တို့ထိရေးခဲ့ ပြီးဖြစ်ပါတယ်။ 'ကျောက်စိမ်းမြေ' 'တော်လှန်ပုန်ကန်မှုများထဲမှ မြန်မာပြည်'စတဲ့ ဘာသာပြန်စာအုပ်တွေထဲက ကောက်နှုတ်ပြီး ဆောင်းပါးတချို့ကို TREND ဂျာနယ်မှာ ကျွန်တော်ရေးခဲ့ပြီး ဖြစ်ပါတယ်။ ဆရာအောင်အေး၊ ဆရာနိုင်ဦးတို့ရဲ့ ပင်ကိုရေးနဲ့ ဘာသာပြန်စာအုပ်များမှာ လည်း 'ဝ'တွေအကြောင်း ဖတ်ခဲ့ရသမျှ ကောက်နှုတ်တင် ပြခဲ့ပါတယ်။ ဒီစာအုပ် 'မြန်မာ'ဝ'နှင့် တရုတ်လော' မှာ ဘာတေးလ်လစ်တနာ ရေးခဲ့တဲ့ နိဒါန်းထဲမှာ ...
    UWSA ('ဝ'တပ်ဖွဲ့)မှာ အာရှပစိဖိတ်ဒေသအတွင်း အစိုးရမဟုတ်သော လက်နက်ကိုင် အဖွဲ့အစည်းများအနက် အကြီးဆုံးဖြစ်သည်။ အမြဲတမ်း တပ်ဖွဲ့ဝင် အနည်းဆုံး ၂၀၀၀၀ (နှစ်သောင်း)ခန့်ရှိပြီး အရံတပ်ဖွဲ့ ဝင်များမှာ အရေအတွက် ပိုများသည်ဟု ယူဆရသည်။ ယင်းကား ဗမာပြည်ကွန်မြူ နစ်ပါတီကို တရုတ်လုံခြုံရေး တပ်ဖွဲ့မှ လက်နက်တွေ ထောက်ပံ့ခဲ့သလို ယခု UWSA ပိုင်ဆိုင်သော ခေတ်မီလက်နက်များမှာလည်း တရုတ်၏ အထောက်အပံ့ပင်ဖြစ်သည်'လို့ မိတ်ဆက်ပေးထားပါ တယ်။ (စာ-၁၈)
    'ဝ'ကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ တရုတ်ရဲ့ အနေအထားကိုတော့ ဒီလိုဖော်ပြထားပါတယ်။
    'တရုတ်ပြည်၏ မော်စီတုံးခေတ်တွင် တော်လှန်ရေးကို အိတ်စပို့လုပ်၍ ကွန်မြူနစ်ဝါဒကို ဖြန့်ကျက်ဖို့ ကြိုးစားခဲ့သည်။ ယနေ့ သူတို့၏ ရည်မှန်းချက်မှာ စီးပွားရေးအင်ပါယာချဲ့ထွင်၍ နိုင်ငံရေး စိုးမိုးဖို့ဖြစ်သည်။ ကမ္ဘာ့စူပါ ပါဝါကြီးအဖြစ် တရုတ်၏ အခန်းကဏ္ဍကို ချဲ့ထွင်မည့် စီမံကိန်းတစ်ခုမှာ 'ပိုးလမ်းမသစ်ဖြစ်သည်။ ဒေါ်လာ ထရီလီယံပေါင်းများစွာ အကုန်ကျခံမည့် အဆိုပါ စီမံကိန်းကို ၂၀၁၃ တွင် စတင်ရာ ရေတိုရည်မှန်းချက်မှာ အာရှ၊ အာဖရိကနှင့် ဥရောပတို့ကို ပေါင်းစု၍ တစ်ခုတည်းသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးမဟာ ဇုန်ကြီးတစ်ခု ဖန်တီးဖို့ဖြစ်သည်။ အဆိုပါ ရည်ရွယ်ချက်မှာ ရုတ်တရက်ကြည့်လျှင် ရိုးရှင်းသည် ထင်ရသော်လည်း 'ပိုးလမ်းမသစ်'၏ အန္တိမရည် ရွယ်ချက်ကား လောလောဆယ် အမေရိကန် လွှမ်းမိုးထားသော ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို အသာစီး ယူထားသော တရုတ်၏ စီးပွားဖက် မိတ်ဖက်တို့ဖြင့် လွှမ်းမိုးထိန်းချုပ်ရေးဖြစ်သည်။ လောလော ဆယ်တွင်မူ သမုဒ္ဒရာသုံးစင်းလုံးကို အမေရိကန်အပါအဝင် အနောက်ပါဝါများနှင့် ဂျပန်တို့ လွှမ်းမိုးထားသည်။'
    'ပိုးလမ်းမသစ်စီမံကိန်း အကောင်အထည်ပေါ် လာသည့်အခါ တရုတ်ပြည်သည် ယနေ့မြင်တွေ့ရသလို ကုန်သွယ်ရေးနိုင်ငံကြီးတစ်နိုင်ငံ အဆင့်သာမကတော့ဘဲ တရုတ်ပြည်၏ စီးပွားရေးအကျိုး အမြတ်တို့ကို ကာကွယ်ထားသော ရည်ရွယ်ချက်တစ်ခုတည်းနှင့် တစ်ကမ္ဘာလုံး နိုင်ငံရေးအရ လွှမ်းမိုးနိုင်သော ကမ္ဘာ့ထိပ်သီးစူပါပါဝါကြီး ဖြစ်လာပေလိမ့်မည်။' (စာ-၁၉)
    တရုတ်တို့ စတင်တာထွက်စကပင် ၂၀၁၄ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျားက တရုတ်တွေရဲ့ ခြေလှမ်းဘယ်လိုလှမ်း နေတယ်ဆိုတာ ... World Order ဆိုတဲ့ စာအုပ်ကြီးမှာ အတော်ပြည့်စုံအောင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါ တယ်။ တရုတ်ရဲ့ အန္တိမရည်ရွယ်ချက်က ကမ္ဘာကို ချုပ်ကိုင်ပြီး ရှေးပဒေသရာဇ်တွေလို အကန်တော့ခံချင်တဲ့ ရောဂါစွဲကပ်နေတာပါပဲ။ ဒါကြောင့်လည်း သူ့ရဲ့ ဘုန်းလက်ရုံးအာဏာကို စီးပွားရေးအကြောင်းပြပြီး ဆွဲဆန့်လာနေခြင်း ဖြစ်ပါတယ်။
    'ဤမျှအထိ ကြီးကျယ်ခမ်းနားသော တရုတ်တို့၏ မဟာစီမံကိန်းကြီးအတွင်း ဗမာပြည်အရှေ့မြောက် ဖျားနယ်စပ်တွင် နေထိုင်ကြကုန်သော 'ဝ'လူမျိုး အသိုက် အဝန်းငယ်လေးကား အဓိကအခန်းက ပါဝင်လာသည် ဆိုပါလျှင် မထော်မနန်း လံကြုတ်တစ်ခုလို့ထင်ကောင်း ထင်နိုင်လေ သည်။ လက်ရှိ တရုတ်တို့ ပိုင်ဆိုင်သော သင်္ဘောဆိပ်ကမ်းများမှာ ကုန်းတွင်းပိုင်း ပြည်နယ်များနှင့် အလှမ်းကွာဝေးသလို တရုတ်ပြည်ကမ်းရိုးတန်းများမှ ထုတ်လုပ်၍ နိုင်ငံရပ်ခြားသို့ တင်ပို့သော ပစ္စည်းတွေနှင့် မနိုင်မနင်းဖြစ်နေရာ တခြားပင်လယ်ထွက်ပေါက် တစ်ပေါက်ကို အပူတပြင်း လိုအပ်နေလေ သည်။ အဆို ပါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော တရုတ်နှင့် အိမ်နီးချင်းနှစ်နိုင်ငံမှာ 'ပါကစ္စတန်'နှင့် 'မြန်မာ' ဖြစ်သည်။ ပါကစ္စတန်ကမ်းရိုးတန်းအထိ ရောက်နိုင်သော လမ်းကြောင်းမှာ တရုတ်ပြည်အောက်ဆုံးတွင် တည်ရှိသော 'တန့်ကျမ်း'မှ 'ကာရာဂိုရမ်တောင်တန်း'တွေကို ဖြတ်ရပေလိမ့်မည်။ ကာရာဂိုရမ်တောင်တန်းများမှာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာငါးရာနီးပါးမြင့်တာ ကြောင့် ကုန်သွယ်ရေးမော်တော်ယာဉ်တွေအတွက် အလွန်အန္တရာယ်ကြီးလေသည်။' (စာ-၁၉)
    'တရုတ်နှင့်ကပ်လျက် မြန်မာနိုင်ငံမှာ တရုတ်တွေလိုချင်နေသော သမုဒ္ဒရာထွက်ပေါက်ကို အလွယ်ကူဆုံးနှင့် သက်တောင့်သက်သာပေါက်နိုင်သော အသွင်အပြင်ရှိနေရာ 'ဝ'ကို တရုတ်တွေ ထောက်ပံ့နေခြင်းသည် မြန်မာပြည်အတွင်း တရုတ်သြဇာထူထောင်ဖို့ ကုပ်အား တစ်ခုဖြစ်လာသည်။ သို့ဖြစ်၍ ယူနန်ပြည်နယ်မှ ဘင်္ဂ လားပင်လယ်အော်အထိ တရုတ်မြန်မာ စီးပွားရေးစင်္ကြန် လမ်းဆိုသော စီမံကိန်းမှာ ပိုးလမ်းမသစ်အတွက် အရေး အပါဆုံးကဏ္ဍ ဖြစ်နေသည်။'
    'ဝ'ဒေသကတစ်ဆင့် တရုတ်ရဲ့ မဟာဗျူဟာ လမ်းကြောင်းဖွင့်ခဲ့တာလို့ ဆိုပါတယ်။ 'ဝ'နဲ့ တရုတ်ကွန်မြူနစ်ဆိုတာ မူဝါဒလမ်းစဉ်ချင်း မတူညီပေမယ့် တရုတ်တွေပုံအောပြီး အကူအညီပေးခဲ့တာ အကြောင်းရှိပါတယ်။ တရုတ်နဲ့ 'ဝ'အပေါ်ယံအားဖြင့် အဆင်ပြေတယ် ထင်ရပေမယ့် 'ဝ'တွေဟာ တရုတ်တွေအပေါ် အမုန်း ဓာတ်ခံရှိနေတယ်လို့ ဆိုပါတယ်။
    '(၈၀)လွန် ဆယ်စုနှစ်များမှ ယနေ့အထိ အလွှာအသီးသီးမှ 'ဝ'လူမျိုးတွေနှင့် တွေ့ဆုံပြော ဆိုလာသော ကျွန်ုပ်အနေနှင့် 'ဝ'များမှာ တရုတ်တို့၏ ရုပ်သေးရုပ်ဖြစ် နိုင်ကြောင်း ထင်မြင်ခဲ့သည်။ တကယ့်လက်တွေ့တွင်မူ 'ဝ'တို့မှာ တရုတ်တို့၏ လက်ကိုင်တုတ်မဟုတ်၊ တရုတ် တွေက 'ဝ'တွေကိ အရိုင်းအစိုင်းတွေအဖြစ် မှတ်ယူကာ အထက်စီးမှ ဆက်ဆံနေသည်ကို 'ဝ'တွေအားလုံး စက်ဆုပ်မုန်းတီးနေကြရာ တရုတ်တို့၏ စီးပွားရေးအကျိုးအ မြတ်နှင့် မဟာဗျူဟာမြောက် ရည်မှန်းချက်တို့ အတွက် UWSA ကို တရုတ်ခေါင်းဆောင်တွေ ဘယ်လိုအသုံးချနေ ကြပါသလဲ ...။ 'ဝ' လူမျိုးတွေ ကိုယ်တိုင်က အဘယ်နည်း။' (စာ-၂၆)
    သမိုင်းလမ်းကြောင်း အချိုးအကွေ့တစ်ခုမှာ 'ဝ'နဲ့ တရုတ်တွေ ထိပ်တိုက်တွေ့ခဲ့ဖူးပြီး ဖြစ်ပါ တယ်။
    'သံလွင်မြစ်နှင့် မဲခေါင်မြစ်ကြားတွင် နေထိုင်ကြသော လူရိုင်း ကာဝ(၀)များမှာ ခေါင်းဖြတ်မုဆိုးတွေ ဖြစ်သည်။ စစ်တိုက်ခြင်းကို အလွန်နှစ်သက်ကြသည်။ ၎င်းတို့၏ အယူသီးသော ယုံကြည်မှု တစ်ခုမှာ တရုတ်ဦး ခေါင်းတွေနှင့် ယဇ်ပူဇော်လျှင် ဆုတောင်းပြည့်သည်ဆို ရာ 'ဝ'တွေနေထိုင်ရာ နယ်မြေဆီ ဟန်တရုတ်တွေ ဘယ်တော့မှ ခြေဦးမလှည့်ခြင်းဖြစ်သည်။ ဟန်တရုတ်တွေကို 'ဝ'တွေ အလွန်မုန်းကြသည်။ ဟန်တရုတ်တွေကို ဘယ်တော့မှ လက်မခံ၊ ငြင်းပယ်ကြသည်။ မြန်မာ နယ်စပ်ဘက်မှာလည်း ကာဝ(၀)တွေနှင့် မျိုးတူဇာတ်တူ တောင်တန်း ဒေသနေ 'အရိုင်းကာဝ' တွေရှိ နေကြသည်'(စာ-၄၃)
    'ဝ'တွေ ခေါင်းဖြတ်တယ်ဆိုတာ သီးနှံအထွက် တိုးစေဖို့ဆိုင်ရာ နတ်ဘုရားတွေကို ပူဇော်တဲ့ ဓလေ့ဖြစ်သလို စစ်ပွဲကရတဲ့ ဆုတံဆိပ်လို့လည်း ဆိုပါတယ်။ 'ဝ'တွေဟာ တစ်အုပ်စုနှင့်တစ်အုပ်စု၊ တစ်ရွာနှင့်တစ်ရွာ စစ်တိုက်လေ့ရှိကြပါတယ်။
    'ရန်သူ့ဦးခေါင်းခွံတွေကို ရွာပြင်တွေ ပြသထားခြင်းမှာ ကျူးကျော်လာမည့် ရန်သူတွေကို ခြောက်လှန့်လိုခြင်းဖြစ်သည်။ ရွာတိုင်းမှာ စည်းကြီးတွေရှိသည်။ ပွဲတော်ကျင်းပသည့်အခါဖြစ်စေ၊ ရွာခြေရွာရိပ်အနားတစ် ဝိုက် ရန်သူတွေမြင်သည့်အခါဖြစ်စ စည်တီးသံတွေကြား ရသည်။ 'ဝ'ရွာတွေမှာ ကျွဲခေါင်းကြီးတွေကိုလည်း ချိတ်ဆွဲပြသထားသည်။ ဦးချိုအစုံနှင့် ကျွဲခေါင်းကြီးများမှာ ကြွယ်ဝခြင်းနှင့် အောင်မြင်သော မုဆိုးတစ်ယောက်ဖြစ်ကြောင်း ပြသသော ဆုတံဆိပ်များလည်း ဖြစ်သည်။ ဦးချိုအချွန်ပါသော ကျွဲခေါင်းမှာ ယနေ့ 'ဝ'ဒေသ၏ သင်္ကေတ ဖြစ်လာသည်။'(စာ-၃၇)
    'ဝ'လူမျိုးရဲ့ သမိုင်းကြောင်းကို အမျိုးမျိုးမှန်းဆပြောဆိုခဲ့ကြရာ အင်္ဂလိပ် ကိုလိုနီအရာရှိ ဂျိမ်းဂျေစကော့ရဲ့ အဆိုအရ 'ဝ'တွေဟာ ဖားလောင်းလေးများမှ ဆင်းသက်လာတာလို့ ဆိုတယ်။ ပေ ၇၀၀၀ ကျော်မြင့်တဲ့ တောင်ထိပ်မှာ 'နောင်ခေါ်'ဆိုတဲ့ ဘဲဥပုံရေကန်ကြီးဟာ တစ်မိုင်ခွဲရှည်လျားပြီး ကိုက်နှစ်ရာ ကျယ်တယ်။ အနက်မှာ မှန်းဆမရ။ ဒီရေကန်ကြီးထဲမှာ ဖားကောင် လေးတွေဟာ လူသားအသွင်ပြောင်း သွားပြီး 'ဝ'လူမျိုးရယ်လို့ ဖြစ်ပေါ်လာတယ်လို့ ဆိုတယ်။ ၁၉၃၇ မှာရေး တဲ့ ဗီစီပစ်ဖော့ရဲ့ အက်ဆေးမှာ လည်း 'ကမ္ဘာဦးရေကန်ကြီးမှ 'ဝ'လူမျိုးတို့ရဲ့ ဘိုးဘေးတွေပေါ်ထွက်လာပြီ 'ဟာ လဲ'ဆိုတဲ့ လိုဏ်ဂူကြီး ထဲမှာ နေထိုင်ကြောင်း ဖော်ပြထားတယ်။ ပြင်သစ်လူမျိုး သုတေသီ 'ဝီလန်အန်ဒရူးပရက် ဆက်တာ' ကလည်း 'ဝ'တွေဟာ ဖားလောင်းများမှ ဆင်းသက်လာတယ်လို့ ဆိုတယ်။ တရုတ်တွေကတော့ 'ဝ'တွေ ဟာ 'ယမ်'လို့ခေါ်တဲ့ လိုဏ်ဂူကြီးထဲက ထွက်လာသူတွေလို့ ဆိုပါတယ်။ ရှမ်းလူမျိုးတွေနဲ့ အနေနီးတဲ့ 'ဝ'တွေဟာ ဗုဒ္ဓဘာသာကိုးကွယ်ပြီး 'ဝအယဉ်'တွေလို့ သတ်မှတ်ကာ တောင်ပေါ်မှာ သီးခြားနေပြီး ခေါင်းဖြတ်တဲ့ 'ဝ'တွေကတော့ 'ဝအရိုင်း'တွေလို့ ဆိုပါတယ်။
    'ဝေသီခေါင်ဖျား တောတောင်တွေကြားမှာ သင်းကွဲနေသော 'ဝ'တွေကို ခေတ်နောက်ကျသူတွေဖြစ်ကြောင်း စွပ်စွဲမည်ဆိုလျှင် ကျွန်ုပ်အနေနှင့် မျှတလိမ့်မည်မထင်။ အမှန်အားဖြင့် 'ဝ'လူမျိုးများမှာ အခြားလူ မျိုးတွေ နားလည်ထားသည်ထက်ပို၍ စမတ်ကျသည်။ အရိုင်း'ဝ'များသည်ပင် သူတို့ကိုယ်သူတို့ စကြာဝဠာ၏ ဗဟိုချက်မတွင် တည်ရှိနေသူတွေအဖြစ် သဘောထားကြသည်။' (စာ-၃၉)
    အလွန်မြင့်မားတဲ့ တောင်တန်းကြီးတွေပေါ်မှာ နေနိုင်တဲ့အတွက် သူတို့ကိုယ်သူတို့ 'ကမ္ဘာ့ ထိပ်ဖျားပေါ်မှာ အသက်ရှင်နေကြသူတွေ'လို့ ခံယူထားကြောင်းလည်း သိရပါတယ်။ တရုတ်သမိုင်းမှာတော့ 'ဝ'တွေဟာ အေဒီဒုတိယရာစုအတွင်း တန်မင်းဆက်၊ ဆောင်မင်းဆက် စတဲ့ မင်းဆက်များ တစ်လျှောက် တရုတ်ပြည်ရဲ့ ကုန်းတွင်းပိုင်းမှာ နေထိုင်ခဲ့သူတွေလို့ ဖော်ပြထားတာကို ဘာတေးလ် လစ်တာနာက လက်မခံပါဘူး။ ချဲ့ကားထား တဲ့ သမိုင်းလို့ ဝေဖန်ပါတယ်။ တကယ်တော့ ၁၈ ရာစု အထိ 'ဝ'လူမျိုးတွေ ရှိနေတယ်ဆိုတာ တရုတ်ဧကရာဇ်တွေ လုံးဝမသိခဲ့ဘူးလို့ ဆိုပါတယ်။ 'ဝ'ဒေသကို မဆိုထားနှင့် ယူနန်ပြည်နယ်တောင်မှ ၁၄ ရာစုကျော်မှ တရုတ်လက်အောက် ရောက်ခဲ့တာလို့ ဖော်ပြထားပါ တယ်။
    'ယူနန်ပြည်နယ်တွင် နေထိုင်လာသော တရုတ်မွတ်ဆလင်များမှာ ၁၈၅၅ ခုနှစ်မှ ၁၈၇၃ ခုနှစ် အထိအုပ်ချုပ်ခဲ့သော တရုတ်ဧကရာဇ်ကို ထောင်ထား ခြားနားရာမှ တပ်ပျက်၍ ဗမာ(မြန်မာ)ပြည်သို့ ထွက်ပြေးလာကြသူများ ဖြစ်သည်။}လို့ ဆိုပါတယ်။ 'ဝ'ဒေသထွက် ဘိန်းတွေကို အများဆုံးဝယ်ယူတာ လည်း ဒီပန်းသေးတရုတ်တွေပါပဲ။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် ကွန် မြူနစ်တပ်များကို စစ်ရှုံး၍ ထွက် ပြေးလာသော ကူမင်တန်တရုတ်တပ်တွေ အလုံးအရင်းနဲ့ ရောက်လာတဲ့အခါ 'ဝ'ဒေသရဲ့ ဘိန်းလုပ်ငန်းဟာ အလွန်ပင် ကြီးကျယ်လာခဲ့ပါတယ်။ ကူမင်တန်တွေဟာ 'ဝ'ဒေသနဲ့ ရှမ်းပြည်နယ် ကို ခြေကုပ်ယူပြီး ယူနန်ကို ပြန်သိမ်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ပါဘူး။ ၁၉၅၃ မှာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရ ကူမင်တန်တွေ ထိုင်ဝမ်ကို ပြောင်းရွှေ့သွား တယ်ဆိုပေမယ့် ရှမ်းပြည်နယ်မှာ အများ အပြားကျန် နေဆဲဖြစ်ပြီး ဘိန်းစီးပွားရေးကို အကြီးအကျယ် တိုးမြှင့် လုပ်ကိုင်ခဲ့ရာ 'ဝ'နဲ့ ကိုးကန့်တွေ အပေါ် အများကြီးလွှမ်း မိုးချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။'
    အဲဒီအချိန်မှာ ၁၉၅၀ ပြည့်လွန်နှစ်များက တည်းက တရုတ်ပြည်ကို ရောက်နေတဲ့ သခင်ဗသိန်းတင် ဦးဆောင်တဲ့ ကွန်မြူနစ်များကလည်း ပဲခူးရိုးမက ဗကပ ဗဟိုနဲ့ ချိတ်ဆက်ဖို့ ကြိုးစားနေပါတယ်။ ကချင်သနက (၁)က တောခိုသွားတဲ့ ဗိုလ်နော်ဆိုင်းကလည်း လားရှိုးကို ဝင်တိုက်တာ မအောင်မြင်ဘဲ တရုတ်ပြည်ထဲ ထွက်ပြေးခိုလှုံနေရတဲ့အချိန် ကိုးကန့်မှာလည်း ဘိန်းစားဘိန်း ကုန်သည်တွေအချင်းချင်း အာဏာလုရင်း ဖုန်ကျားရှင် ရှုံးနိမ့်ပြီး တရုတ်ပြည်ထဲ ထွက်ပြေးလာရတဲ့အချိန် ဖြစ်ပါတယ်။ ဇာတ်ခေါင်းကွဲလာတဲ့ သူပုန်တွေကို တရုတ်ကွန် မြူနစ်ပါတီက စုစည်းပြီး ကမ္ဘာ့စင်တင်ပြဇာတ်ကြီးတစ်ပုဒ် တင်ဆက်ဖို့ စိတ်ကူးယဉ်စီမံကိန်းကြီး ရေးဆွဲခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်သူ 'ခေါင်ရှန်း'ဟာ ဗကပကို ခိုင်မာအောင် ပြန်လည်ဖွဲ့ စည်းပြီး သူ့စီမံကိန်းကို အကောင်အထည် ဖော်ဖို့ ကြိုး စားခဲ့ပါတယ်။
    'ခေါင်ရှန်း၏ မဟာဗျူဟာမြောက် အကြံအစည်မှာ ကွန်မြူနစ်တော်လှန်ရေး ဗမာပြည်ကွန်မြူနစ်ပါ တီမှတစ်ဆင့် ထိုင်းနိုင်ငံ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကို တင်ပို့ဖို့ ရည်ရွယ်သည်။ အဆိုပါ နိုင်ငံများတွင် မော်စီတုံးဝါဒ လက်ခံသော ကွန်မြူနစ်ဝါဒီတွေ တက်ကြွ လှုပ်ရှားနေသည်။ ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ အပထား ခေါင်ရုန်း၏ မဟာအကြံအစည်တွေထဲမှာ သြစတြေးလျ ကွန်မြူနစ်ပါတီပင် ထည့်သွင်းထားသည်' (စာ-၉၅)
    အဲဒီအချိန်မှာ ပဲခူးရိုးမက ဗကပဗဟိုလည်း ပြိုကွဲသွားခဲ့ပြီ။ သခင်သန်းထွန်းတို့ ဥက္ကဋ္ဌကြီးနှစ်ယောက် ဆက်တိုက် ကျဆုံးသွားပြီးနောက် သခင်ဗသိန်းတင် ဥက္ကဋ္ဌဖြစ်လာပါတယ်။ ၁၉၆၈ မှာ တရုတ်အကူအညီနဲ့ ဗကပတို့ရဲ့ အရှေ့မြောက်စစ်ဒေသကြီး ပေါ်ပေါက်လာတယ်။ ၁၉၆၅ မှာ 'ဝ'ဒေသမှာ သူတစ်လူ ငါတစ်မင်း လုပ်နေကြတဲ့ 'ကျောက်ညီလိုင်'နှင့် 'ပေါက်ယုချန်'တို့ကို ဗကပတို့ စည်းရုံးသိမ်းသွင်းနိုင်ခဲ့တယ်။
    'ဝ'နယ်ထဲ ဗကပတွေ ဝင်လာတဲ့အစောပိုင်းမှာ ဝတွေဘက်က ပြင်းပြင်းထန်ထန် ခုခံခဲ့ကြ တယ်လို့ ဆိုပါတယ်။
    'ကွီမာဒေသမှာ အမျိုးသမီးနှင့်ကလေးတွေပါမကျန် တစ်ရွာလုံး ခုခံတိုက်ခိုက်ကြသည်။ အိမ်ခြေရင်းတွေမှာ သူတို့ကိုယ်သူတို့ တံတိုင်းလုပ်၍ ပိတ်ဆို့ထားရာ CPB (ဗကပ) တပ်မှ ဘီ ၄၀ ဒုံးကျည်နှင့် တံခါးထဲသို့ ပစ်သွင်းလိုက်ရာ ခုခံသူတွေအားလုံး အတုံးအရုန်း သေကုန်တော့သည်။ တစ်နှစ်နီးပါး ကြာလာသည့်အခါ ဒေသတွင်း ခုခံမှုတွေ လျော့ကျလာပြီး လက်နက်အင်အား မမျှတ၍ CPB (ဗကပ) အုပ်ချုပ်မှုကို 'ဝ'တွေ လက်ခံလိုက်သည်။' (စာ-၁၀၃)
    'ဝ'လူငယ် အများအပြားဟာ ဗကပစစ်သားတွေ ဖြစ်လာကြတယ်။ ဗကပရဲ့ စစ်တပ်အရာရှိ အများစုဟာ ကိုးကန့်တရုတ်တွေဖြစ်ပြီး နိုင်ငံရေးအာဏာကို ဗမာတွေက ရယူထားတယ်။ 'ဝ'တွေမှာ အသုံးချခံသက်သက်မျှ ဗကပတို့ရဲ့ ထိန်းချုပ်နယ်မြေတစ်ဝက်ဟာ 'ဝ'တောင်တန်းဒေသတွေ ဖြစ်တယ်။ 'ဝ'အမျိုးသားများအတွက် သူတို့သမိုင်းတွင် ဗဟိုအစိုးရအာဏာအောက် ပထမဦးဆုံးအကြိမ်ကျရောက်လာခြင်း ဖြစ်သည်'လို့ဆိုတယ်။ ပန်ဆိုင်းဌာနချုပ်ဆိုတာလည်း 'ဝ'လူမျိုးတွေ အတွက်မ ဟုတ်ဘဲ တရုတ်ကွန်မြူနစ်ပါတီရဲ့ စခန်းတစ်ခုသာ ဖြစ်လာခဲ့တယ်။ ပန်ဆိုင်းဟာ အရှေ့တောင်အာ ရှတစ်ခွင်မှ ကွန်မြူနစ်တွေကို လက်ခံတွေ့ဆုံရာ ဌာနချုပ် ဖြစ်လာခဲ့ပါတယ်။ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှား ကွန်မြူနစ်ခေါင်းဆောင်တွေ ပန်ဆိုင်းကို ရောက်လာကြ၊ တရုတ်တွေနဲ့ ဆွေးနွေးကြ၊ အကူအညီတောင်းကြနဲ့ အရှေ့တောင်အာရှကတစ်ဆင့် ကမ္ဘာကို သြဇာဖြန့်ကျက်ဖို့ ဗကပကို တရုတ်တို့ ရွေးချယ်ပြီး လူ၊ လက်နက်၊ နည်း ပညာ၊ ငွေကြေးအကူအညီတွေ ပုံအောပြီး ပေးခဲ့ပေ မယ့် ဗကပဟာ အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။
    ၁၉၇၆ ဥက္ကဋ္ဌမော် ကွယ်လွန်သွားပြီး တိန်ရှောက်ဖိန် တစ်ကျော့ပြန် အာဏာရလာချိန်မှာ တရုတ်ရဲ့ ပေါ်လစီ ပြောင်းသွားတယ်။ ဗကပကို ပေးနေတဲ့ အကူအညီတွေကိုလည်း ဖြတ်တောက်ရပ်ဆိုင်းလိုက်ရာ ဗကပ ကျဆုံးခြင်းနှင့်အတူ တရုတ်တို့ရဲ့ ကမ္ဘာကို သြဇာလွှမ်းမိုးရေး ပထမစီမံကိန်းကြီးလည်း ပျက်ပြယ်သွားတော့တယ်။ တိန်ရှောက်ဖိန် လက်ထက်ကစပြီး နိုင်ငံတကာ ကွန်မြူနစ်တွေကတစ်ဆင့် သြဇာလွှမ်းမိုးရေး အစီအစဉ် ပျက်သုဉ်းသွားပြီး စီးပွားရေးဖြင့် လွှမ်းမိုးကာ နိုင်ငံရေးသြဇာ ထူထောင်ဖို့ စီမံကိန်းသစ်ကို စတင်ခဲ့ပါတယ်။ ဘက်ပေါင်းစုံမှာ ကျဆုံးနေတဲ့ ဗကပကို အပြီး တိုင်ဖြိုလှဲပစ်ဖို့ တရုတ်တွေက ကိုးကန့်နှင့် 'ဝ'ကို မီးစိမ်းပြခဲ့တယ်လို့ ဆိုပါတယ်။ 
    'ဝ'တပ်ဖွဲ့တွေ ပုန်ကန်၍ ကွန်မြူနစ်ခေါင်း ဆောင်တွေကို အာဏာသိမ်းခြင်းသည် တရုတ်ဘက် မှ မီးစိမ်းပြ၍သာ အထမြောက်နိုင်ကြောင်း ကောက်ချက်ချသူတွေ ရှိကြသည်။ ကွန်မြူနစ်တော်လှန်ရေးကို ပရိုမိုးရှင်းလုပ်ပေးဖို့ တရုတ်ခေါင်းဆောင်တွေ စိတ်မဝင်စား ကြတော့ဘဲ တရုတ်-မြန်မာနယ် စပ်ကုန်သွယ်ရေးနှင့် မြန်မာနယ်စပ်ဒေသများမှ သဘာ၀ အရင်းအမြစ်တွေကို ထုတ်ယူခြင်းသည်သာ တစ်ခုတည်းသော အလိုဆန္ဒဖြစ်နေရာ ဤတွင် အိုမင်းရင့်ရော်နေသော ဗမာပြည်ကွန် မြူနစ်ပါတီ ပြာပုံအတွင်းမှ UWSA မွေးဖွားလာတော့ သည်'လို့ ဘာတေးလ်လစ်တနာက သုံးသပ်ထားပါတယ်။
    ၂၀၁၃ မှာ စတင်ခဲ့တဲ့ တရုတ်တို့ရဲ့ 'ပိုးလမ်းမသစ်' စီမံကိန်းမှာ ပထဝီနိုင်ငံရေးအရ မြန်မာဟာ အဓိကနေရာက ပါဝင်နေတယ်။ မြန်မာမှာ 'ဝ'ဒေသဟာ တရုတ်တို့ရဲ့ တာထွက်ရာ အခြေခံဒေသကြီး ဖြစ်နေတယ်။ 'ဝ'ဒေသကို ခြေကုပ်ယူထားတဲ့ တရုတ်တို့ရဲ့ ခြေလှမ်း ဘယ်လိုပန်းဝင်သွားမလဲဆိုတာ မျက်ခြည်မပြတ် စောင့်ကြည့်နေကြပါတယ်။
မြတ်ဘုန်းသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 359

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.