၂၀၂၄ ဧပြီ ၁၂
ဒီမိုကရေစီစနစ်ကိုအခြေခံသည့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မည်ဟု ကြွေးကြော်နေသည့် NUG ၏ ကြွေးကြော်သံတွေသည် နားထောင်ကောင်းသော်လည်း လက်တွေ့မှာ သဲထဲရေသွန် ဖြစ်လာတော့မှာမြင်နေရပေပြီ။ လက်ရှိအခြေအနေများအရ တိုင်းရင်းသား နယ်မြေများမှာ ဖြစ်ပွားနေသည့်တိုက်ပွဲများ၊ ထိုတိုက်ပွဲများအပေါ် အခြေခံပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ စီစဉ်ဆောင်ရွက်ထားရှိမှုများ ကိုကြည့်ပါက NUG ကို မည်မျှ စာရင်းမသွင်းကြောင်း၊ NUG ၏ သြဇာ ဘာမျှမရှိကြောင်း ထင်ရှားလျက်ရှိပါသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏တော်လှန်ရေးသည် နွေဦးတော်လှန်ရေးနှင့် အတူတူဆိုသည့် NUG ၏ ကြွေးကြော်သံသည် ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့သည့် MNDAA ၊ TNLA နှင့် AA တို့၏ ၁၀၂၇ စစ်ဆင်ရေးဖြစ်စဉ်များတွင် ဟာသသဖွယ် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ စစ်ဆင်ရေးအစတွင် ၁၀၂၇ စစ်ဆင်ရေးကို NUG ကပဲ ဦးဆောင်ခဲ့သယောင်၊ အတူပူးပေါင်းပါဝင် တိုက်ပွဲဆင်နွှဲခဲ့သယောင် ပြောဆိုခဲ့သော်လည်း အမှန်တကယ်နယ်မြေများ ယာယီသိမ်းပိုက်ပြီးချိန်တွင် ထိုအဖွဲ့ များအပေါ်မှာ NUG ၏ သြဇာမည်မျှ ကြီးထွားနေသလဲဆိုတာ တွေ့ရမှာဖြစ်ပါသည်။ ယာယီသိမ်းပိုက် တပ်စွဲထားသည့်နယ်မြေထဲက မြို့တစ်မြို့ကို NUG ဦးဆောင်သည့် အုပ်ချုပ်ရေးယန္တရား ထူထောင်နိုင်စေ ရန်ရည်မွန်ကိုယ်တိုင် သွားရောက်ညှိနှိုင်းတောင်းဆိုခဲ့သော်လည်း 'ဖုတ်လေသည့်ငါးပိ ရှိတယ်မထင်'သည့်အချိုးနှင့် မောင်းထုတ်ခံခဲ့ရတာ၊ MNDAA ထိန်းချုပ်ထားသည့် နယ်မြေထဲမှာ ဗမာမလာရဆိုင်း ဘုတ်ချိတ်ထားတာ၊ ဗမာတွေကို မောင်းထုတ်ခဲ့တာတွေကိုကြည့်ရင် NUG အပေါ်မှာထားသည့် ထိုအဖွဲ့ များ၏ သဘောထားများက ထင်ရှားလှပေသည်။
သိရသည့်သတင်းများအရ ထို ၁၀၂၇ တိုက်ပွဲ များတွင် PDF တပ်ဖွဲ့များ ပါဝင်ခဲ့ပြီး စခန်းသိမ်း တိုက်ပွဲများတွင် ဗမာအပါအဝင် PDF လူငယ်လေးများကိုရှေ့ ကထားတိုက်သည့်အတွက် လူငယ်လေးများ အသက်နှင့် ခန္ဓာကိုယ်များ ဆုံးရှုံးမှုကြီးမားခဲ့သည်ဟူ၍လည်း သိရှိရပါသည်။ ထိုသို့ PDF များ ပါဝင်တိုက်ခိုက်ပေးခဲ့သည့်အတွက်လည်း NUG က တော်လှန်ရေးတိုက်ပွဲ အတူဆင်နွှဲခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ခြင်းဖြစ်ပေလိမ့်မည်။ သို့သော် အမှန်တကယ် ထိုက်သင့်သည့်နယ်မြေများရရှိသွား ချိန်မှာ NUG ကို ထီမထင်သည့်ပုံစံ ချိုးသွားတာကို မည်သို့မျှ မတုံ့ပြန်ရဲတာကတော့ အစိုးရတစ်ရပ်အနေဖြင့် ရှက်စရာဟု ဆိုရပေလိမ့်မည်။ NUG ကိုယုံစားပြီး ပါဝင်တိုက်ခိုက်ပေးခဲ့သည့် လူငယ်များအတွက်ကတော့ သနားစရာပါ။ ထိုလူငယ်များအပေါ် မည်သို့မျှတာဝန် ယူမပေးသည်ကလည်း NUG ၏ တာဝန်မဲ့မှုဟု ဆိုရပေလိမ့်မည်။
၁၀၂၇ စစ်ဆင်ရေးအစမှာ NUG အနေဖြင့် အသံကျယ်ကျယ်လောင်လောင် ထွက်လာခဲ့သလောက် တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုအရ တပ်မတော်နှင် အပစ်ရပ်စဲရေးဆောင်ရွက်လာချိန်မှာ NUG အနေဖြင့် သူနှင့် ဒီအဖွဲ့အစည်းများအကြား လားလားမျှမပတ်သက်ဆိုင်သလို အသံတိတ်နေခဲ့ပြီး KIA နှင့် KNU တို့က တပ်မတော်စခန်းများကို တိုက်ခိုက်လာသည့်အခါမှာ သူ့၏ တော်လှန်ရေး မဟာမိတ်အဖြစ် K3C သာဖြစ်ကြောင်း၊ ပြည်ထောင်စုအတူဖွဲ့စည်းဖို့ သဘောထားတူညီကြောင်း ကြေညာချက်ပင် ထုတ်ပြန်ခဲ့တာ တွေ့ရမှာဖြစ်ပါသည်။
NUG ပြောသည့် K3C ဆိုတာ KIA ၊ KNU ၊ KNPP နှင့် CNF တို့ပဲဖြစ်ပါသည်။ ကချင်၊ ကရင်၊ ကယားနှင့် ချင်းလက်နက်ကိုင် တပ်ဖွဲ့များပဲ ဖြစ်ပါသည်။ လက်ရှိ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်များတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ထိုအဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်နေသည့် NUG လက်အောက်ခံ PDF များလည်းပါဝင် လျက်ရှိကြောင်း သိရပါသည်။ စိတ်မကောင်းစရာက ထိုပူးပေါင်းအဖွဲ့များ တိုက်ခိုက်ရာတွင် လူငယ် PDF လေးများကို ရှေ့မှထားတိုက်ခိုက်စေသည့်အတွက် လူငယ်များသာ ထိခိုက်ကျဆုံးမှု များပြားခဲ့ရသည်ကိုတွေ့ရ မှာဖြစ်ပါသည်။
ဥပမာတစ်ခုအနေဖြင့် KIA ၏ စစ်ဆင်ရေးများတွင် PDF များကို အသုံးချမှုအခြေအနေကို ပြောပြလိုပါသည်။ သာမန်အချိန်တွင် PDF လူငယ်လေးများကို KIA က ပြောဆိုဆုံးမခြင်းများမလုပ်ဘဲ စိတ်ကြိုက်နေချင်သလိုနေ၊ လုပ်ချင်သလိုလုပ် ခွင့်ပြုထားကြောင်း၊ ထိန်းသိမ်းဖို့ PDF အုပ်ချုပ်သူကိုသာ ပြောဆိုဆက်ဆံကြောင်း၊ ကျည်ဆန်နှင့် အရက်လဲသောက်လည်း အရေးမယူဘဲ ကျည်ဆန်တောင် ပြန်ရွေးပေးကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲလည်း ခွင့်ပြုထားကြောင်း၊ တိုက်ပွဲဆင်နွှဲလျှင် ရှေ့က တက်တိုက်ခိုင်းကြောင်း၊ ထို့ကြောင့် တိုက်ပွဲတစ်ပွဲမှာ ထိခိုက်ကျဆုံးလျှင် PDF များပြီး KIA မှာ အလွန်နည်းပါးကြောင်း နယ်မြေသတင်းများအရ သိရှိခဲ့ရပေသည်။ ထို့အပြင် ထိုတိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် PDF များကို လူ့အခွင့်အရေး အပြည့်မပေးဘဲ ခွဲခြားဆက်ဆံမှုများ ပြုလုပ်ကြကြောင်း၊ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ အောင်မြေ (၁) စခန်းတိုက်ပွဲတွင် PDF ၈၀ ခန့်သေဆုံးပြီး KIA က ၁၃ ယောက်ခန့်သေဆုံးကြောင်း၊ KIA ၏ အလောင်းများကို လိုင်ဇာသို့ပြန်သယ်ပြီး ဘာ သာထုံးစံအတိုင်း သင်္ဂြိုဟ်ကာမိသားစုများကိုပါ လာခွင့်ပေးခဲ့ကြောင်း၊ PDF အလောင်းများကို သေဆုံး သည့်နေရာအနီးအနားမှာပင် ဘက်ဟိုးနှင့်ကျင်းတူးပြီး စုပေါင်းမြှုပ်နှံခဲ့ကြောင်း၊ ထို့ကြောင့် PDF များက အောင်မြေ(၁) စခန်းအားဆက်မတိုက်တော့ဘဲ ထွက်သွားသည့်အတွက် KIA အနေဖြင့် ဆက်မတိုက်တော့ခြင်းဖြစ်ကြောင်း နယ်မြေသတင်းများအရ သိရှိရပါသည်။
ထို့အပြင် ကယားပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင်လည်း ထိခိုက်သေကျေသူ အများစုမှာ PDF များသာ ဖြစ်ကြပါသည်။ လက်ရှိ ကရင်ပြည်နယ်အတွင်း တိုက်ခိုက်နေသည့် တိုက်ပွဲများ တွင်လည်း PDF များကိုသာ ရှေ့မှာထားပြီး အသေခံ တိုက်ခိုင်းနေသည်ကို တွေ့ရမှာဖြစ်ပါ သည်။ သာမန်အားဖြင့် KIA? KNU? KNPP နှင့် CNF တို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အင်အားသည် ကြီးကြီးမားမားမရှိပါ။ ယခုအခါမှာ ၎င်းင်းတို့၏ ဆောင် ရွက်မှုကိုကြည့်လျှင် NUG နှင့် PDF ကို အသုံးချပြီး သူတို့အလိုရှိသည့်အတိုင်း နယ်မြေတည်ဆောက်လာနေသည်ကို အထင်းသား တွေ့ရမှာဖြစ်ပါသည်။
ဧပြီလ ၄ ရက်တွင် NUG ၏ ၁၃/၂၀၂၄ အစည်းအဝေးကို ယာယီသမ္မတ လရှီးလ ဦးဆောင်ပြီးဆောင်ရွက်ခဲ့တာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်ဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြသည်ဟု NUG က သတင်းထုတ်ပြန်ထားတာ တွေ့ရှိရပါသည်။ အစည်းအဝေးမှာ လရှီးလက "၂၀၂၅ ခုနှစ်မှာ မျှော်မှန်းနိုင်မည့် တော်လှန်ရေးရလဒ်တွေကို အခုအချိန်ကတည်းက ကွင်းဆက်မိမိ စနစ်တကျ တည်ဆောက်ထားဖို့လိုကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ဧရိယာတစ်ခုလုံးရဲ့တော်လှန်ရေးတပ်ဦးဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ ခုခံတော်လှန်စစ်ရေးရလဒ်တွေဟာ အင်မတန်အားရကျေနပ်စရာ ကောင်းတာကိုလည်း ထင်ထင်ရှားရှားတွေ့ရကြောင်း၊ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့လည်း ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက်ကြိုးစား အားထုတ်နေကြောင်း၊ လက်ရှိတည်ဆဲအခင်းအကျင်းမှာ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်မှုတော်လှန်ရေးတွေဟာ တစ်သားတည်း ပေါင်းစည်းနိုင်ခဲ့တာကို ကျွန်တော်တို့အားလုံး လက်ကမ်းကြိုဆိုကြောင်း"ဟူ၍ ပြောဆိုခဲ့တာ တွေ့ရပါသည်။
လရှီးလ၏ အပြောမှာကိုက KIA အပေါ်သြဇာညောင်းသည့် အနေအထားမှာမရှိတာကို တွေ့ရမှာ ဖြစ်ပါသည်။ နောင်တစ်ချိန်အတွက် မူဝါဒအားဖြင့် ညှိနှိုင်း ထားရှိသည်ဆိုရင်လည်း ပြည်ထောင်စုအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ဖွဲ့စည်းမှုကို NUG အနေဖြင့် ဆောင်ရွက် နိုင်လိမ့်မည်မဟုတ်ပါ။ KIA ၏ လိုလားချက်ကိုက သီးခြားလွတ်လပ်သည့် ဝမ်ပေါင်နိုင်ငံ ထူထောင်ရေးပဲဖြစ်ပါသည်။ လရှီးလနှင့် NUG ၏ ဆောင်ရွက်ချက်များသည် KIA ၏ ဝမ်ပေါင်နိုင်ငံ ထူထောင်ရေးသက်သက်ကိုသာ ပံ့ပိုးကူညီနေခြင်း ဟူ၍သာ ဆိုရပေမည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လိုင်ဇာမှာ KIA ကဦးစီးပြီး ပြည်ပရောက် ကချင်လူမျိုးများ၊ ပြည်တွင်းနေ ကချင်စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာတတ်များနှင့် ထွက်ပြေးသွား သည့် ကချင်ပြည်နယ်အတွင်းက NLD ပါတီဝင်များနှင့် တွေ့ဆုံ အစည်းအဝေးပြုလုပ်ခဲ့ကြကြောင်း၊ NLD ပါတီဝင်များကို မကောင်းတတ်၍ ခေါ်ယူနားထောင်စေခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းရရှိထားပြီးသော မြို့ရွာများကို လတ်တလောတွင် KIA ၏ အုပ်ချုပ်ရေးစနစ်အောက် တွင်ထားပြီး အမာခံနယ်မြေများ ဖြစ်သွားပါက KIO ၏ နယ်ဘက်အုပ်ချုပ်ရေးပုံစံအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထပ်မံ၍လည်း အရေးကြီးသည့်မြို့ရွာများကို တိုက်ပွဲဆင်နွှဲပြီး ထပ်မံသိမ်းယူသွားမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု သိရပါသည်။ ထိုတွေ့ဆုံမှု၏ ဆွေးနွေးချက်၊ ပြောဆိုချက်များကို ကြည့်ပါက NUG ပြောကြားထားသည့် ကြားဖြတ်အုပ်ချုပ်ရေး မူဝါဒထက်ကျော်လွန်နေပြီး ကိုယ့်မင်းကိုယ့်ချင်းမည့် သဘောသာဖြစ်သည်ကိုတွေ့ရမှာ ဖြစ်ပါသည်။
အလားတူ ကယားပြည်နယ် အုပ်ချုပ်မှုအဖွဲ့ဖွဲ့ စည်းခြင်း၊ ချင်းပြည်နယ် အုပ်ချုပ်မှုဖွဲ့စည်းခြင်းများနှင့် မကြာသေးမီက KNU အနေဖြင့် အစိုးရဖွဲ့ရန် ကြိုတင်ပြင်ဆင်နေခြင်း၊ ကရင်လက်နက်ကိုင်အဖွဲ့အသီးသီးများကြားတွင် နယ်မြေခွဲဝေရန် ပြင်ဆင်လာနေခြင်းများသည် NUG ပြောဆိုသည့် ရည်ရွယ်ချက်များထက် ကျော်လွန်နေသည်ကို တွေ့ရမှာဖြစ်ပါသည်။ မစခင်ကတည်းက သြဇာမညောင်းသည့် NUG ၏ ဆောင်ရွက်ချက်များသည် ပြည်ထောင်စုပြိုကွဲရေးနှင့် နောင်တစ်ချိန် ဒေသတွင်းမှာ တိုင်းရင်းသားအချင်းချင်း နယ်မြေလုသည့်ပြဿနာများ၊ ကြီးနိုင်ငယ်ညှဉ်း ဇာတ်လမ်း များဖြစ်ပေါ်လာမှာ သေချာသလောက်ရှိနေပြီဟုဆိုရပါမည်။ လရှီးလနှင့် NUG တို့၏ ဆောင်ရွက်ချက်များသည် ပြည်ထောင်စုပြိုကွဲရေး အတွက် PDF လူငယ်များ၏ အသက်ခန္ဓာနှင့် ဒေသအသီးသီးရှိ တိုင်းရင်းသားပြည်သူလူထုတို့၏ အသက်အိုး အိမ်စည်းစိမ်များကို ချနင်းနေသည့် လုပ်ရပ်များအဖြစ်သာ ရှုမြင်ရမှာ ဖြစ်ပေသည်။ (ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၃) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )