၂၀၂၄ ဒီဇင်ဘာ ၂၇
ဆက်တင်ဆိုတာက ရုပ်ရှင်အနုပညာကို ပံ့ပိုးပေးသော အနုပညာတစ်ရပ် ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သူဌေးခန်းရိုက်ဖို့ တိုက်ကြီးကြီးတစ်လုံး၊ အခြေခံလူတန်းစားတွေအတွက်ဆိုရင် ပျဉ်ထောင်အိမ်လေးတစ်လုံး စသဖြင့် ရှုတင်တည်စရာနေရာရှိရင် ဇာတ်ကားတစ်ကား ရိုက်ကူးနိုင်သည်။ ထူးမြတ်တို့ ငယ်ငယ်ကတော့ သာဓုခြံတို့၊ အေးဝမ်းခြံတို့စသော ရှုတင်ခြံကြီးတွေမှာ ရုပ်ရှင်ရိုက်ကူးလေ့ရှိသည်ဟု မိဘတွေက ပြောဖူးသည်။ ထူးမြတ်တို့ မြန်မာ့ရုပ်ရှင်ဗီဒီယိုကို စတင်ကြည့်တတ်ခါစမှာတော့ ရှုတင်ခြံဆိုတာ ကီလီ(၆)တို့၊ ဘောက်ထော်ထဲက သင်္ဘောသားခြံတို့၊ ဘောက်ထော်က ပျဉ်ထောင်အိမ်လေးတွေက ရုပ်ရှင်ဗီဒီယိုကားတိုင်းလိုလို မြင်ရသည်။ သဏ္ဌာန်လုပ် သရုပ်တူရတဲ့ အနုပညာဆိုတော့လည်း ဇာတ်ကားတစ်ကားဖန်တီးဖို့ ဆက်တင်ကလည်း အရေးကြီးသည်။ ဒါကြောင့်လည်း ဇာတ်ကားတွေ စာတန်းထိုးရင် အခမ်းအနား အပြင်အဆင် ဘယ်သူဆိုတာကို ထည့်သွင်းတာဖြစ်သည်။ ဆက်တင်ပညာဆိုတာကလည်း အနုပညာမှာ မရှိမဖြစ် ပညာရပ်ဆိုတော့ ခုခေတ်လို နည်းပညာတွေ မထွန်းကားခင်အချိန်ကတော့ ဆက်တင်ပညာရှင်တွေ အရေးပါလှသည်။ ခုခေတ်ကြတော့ နည်းပညာတွေနဲ့ ပြုပြင်ဖန်တီးလို့ ရတာကြောင့် ပိတ်ကားအပြာကြီးခံရိုက်ပြီးမှ ရှုခင်းတွေ၊ လိုအပ်တာတွေ လိုက်ထည့်လို့ရသည်။ ခုခေတ် ရုပ်ရှင်တွေမှာတော့ အရင်ခေတ်ကလို ပုံသေရှု တင်ခြံကြီးတွေမှာ မရိုက်တော့ဘဲ ကြုံရာနေရာမှ ရှုတင်တည်ရိုက်ကြသည်။ ဒီတော့ ပိုဆွဲဆောင်မှုရှိသည်ဟု ပြောရမည်ဖြစ်သည်။ ဤသည်က အနုပညာလောက တစ်ခေတ်ဆန်းလာမှုဖြစ်သည်။
ထူးမြတ်တို့ တော်လှန်ရေး လောကကြီးမှာလည်း ဆက်တင်ဆိုတာက အရေးပါလှသည်။ မောင်ထူးမြတ် မင်းရူးနေသလား တော်လှန်ရေးလုပ်နေတာ ရုပ်ရှင်ရိုက်နေတာမဟုတ်ဘူးဟု ပြောချင် ပြောနိုင်သည်။ ဒါကတော့ အထောက်အထားနှင့်ပြောမှ ယုံကြမည်ဖြစ်သည်။ ထူးမြတ်တို့ နွေဦးကာ လမြူထတုန်းက မှတ်မိကြဦးမည် ထင်သည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ၏ ညွှန်ကြားချက်အရ ၄၈ နာရီတို့၊ ၇၂ နာရီတို့ ငြိမ်ခဲ့ကြသေးသည်။ ပြီးတော့ လမ်းပေါ်ထွက်ဆန္ဒပြကြသည်။ ည ၈ နာရီထိုး တိုင်းလည်း ခေါင်းဆောင်ကြီးတွေ ခိုင်းတဲ့အတိုင်း သံပုံးတွေခေါက်၊ ခွက်တွေ ခေါက်ကြရသည်။ ဒါ ကြောင့်လည်း အတိတ်နိမိတ်ဆောင်နေသလား မသိချေ။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေမှာ တော်လှန်ရေးအောင်ဖို့ ယနေ့ထိ ခွက်ခေါက်(အဲလေယောင်လို့) အလှူခံနေရဆဲဖြစ်သည်။ ပြောချင်တာက တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ ဆက်တင်ပညာကို အထင်သေးလို့ မရတာဖြစ်သည်။ ကျောင်းသားခေါင်းရှောင်ကြီးကိုယ်တိုင် နောက်ခံဆန္ဒပြ ရုပ်သံကြီးတွေနဲ့ ဖေ့စ်ဘုတ်မှာ ထွက်ထွက် ပြောတာကို ထူးမြတ်တို့တတွေ လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြသည်။ နောက်တော့မှ သိရသည်။ ကျောင်းသားခေါင်းရှောင်ကြီးက မြန်မာ့လွတ်လပ်ရေးအတွက် ပြည်ပထွက်သွားပြီး ပြည်ပကနေ ဆက်တင်တည်ကာ နောက်ခံဆန္ဒပြပွဲရုပ်သံလေးတွေ ဖြတ်ညှပ်ကပ်လုပ်၍ လှည့်စားခဲ့ခြင်းဖြစ်သည်။ အင်မတန်တော်လှသည်။
တော်လှန်ရေး ခေါင်းဆောင်ကြီးတွေများ ဉာဏ်ကောင်းလှသည်။ မြေပြင်မှာပင် ရှုတင်တည်ပြီး တော်လှန်ရုပ်ရှင်ရိုက်ရုံတင်မက ဖေ့စ်ဘုတ်ပေါ်မှာလည်း ဆက်တင်ပြင်ကာ တစ်ကွက်ပြသွားသည်။ ဆန္ဒပြပွဲတွေ ရက်ကြာလာတော့ ဇာတ်ရှိန်မြင့်လာသည်။ တာယာကွင်းတွေ မီးရှို့၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တွေ့ကရာနဲ့ ပစ်ကြခတ်ကြတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ပြည်တွင်းမှာရှိနေ သယောင်ဖေ့စ်ဘုတ်မှာ ဆက်တင်တည်ကြပြန်သည်။ ခုလေးတင် လှည်းတန်းလမ်းဆုံမှာရှိနေ သယောင်၊ မြေနီကုန်းမှာရှိသယောင်၊ ဆူးလေးအနီး တစ်ဝိုက်လူထုကြားမှာ ရှိနေသယောင် ရေးကြ သားကြသည်။ ဒီလိုဆိုတော့ ပြည်သူတွေကလည်း ငါတို့ခေါင်းဆောင်ကြီးတွေ ဟိုမှာရှိတယ်၊ လိုက်သွား ကြဟေ့ဆိုပြီး တောင်ပြေးမြောက်ပြေးဖြစ်ကုန်ကြသည်။ နောက်တော့မှ ခေါင်းဆောင်ကြီးတွေ မဲဆောက်လောက်ကနေ ရှုတင်တည်ပြီး ငါတို့ကို မြှောက်ပေးနေကြပါလားဆိုတာ သိကြရသည်။ ဒီလောက်ဆိုရင် တော်လှန်ရေးမှာ ဆက်တင်ချပြီး တော်လှန်ရုပ်ရှင် ရိုက်ပြသွားတာကို လက်ခံနိုင်ပြီ ထင်သည်။
ဟိုကောင်ထူးမြတ် ငါတို့တော်လှန်ရေးခေါင်းဆောင်ကြီးတွေကို အပုပ်မချနဲ့ဟု ပြောကြမည်ထင်သည်။ ထူးမြတ်တစ်ယောက် ခေါင်းဆောင်ကြီးတွေကို စော်ကားတာ မဟုတ်ချေ။ ချီးကျူးတာ ဖြစ်သည်။ တော်လှန်ရေး ခါင်းဆောင်ကြီးတွေနဲ့အတူ အနုပညာရှင်ဖြစ်သည့် သရုပ်ဆောင်တွေ၊ အနုပညာရှင်တွေ ပါသွားတာကြောင့် တော်လှန်ရုပ်ရှင်ကားကြီးက ပိုမို ပီပြင်လာတာဖြစ်သည်။ ဆက်တင်ပညာတွေကလည်း ခမ်းနားလာတာဖြစ်သည်။တော်လှန်အနုပညာရှင် ဒါရိုက်တာကြီးတစ်ယောက်ဆိုရင် မဲဆောက်မှာနေပြီး အိမ်နောက်ဖေးကို ငရုတ်ဆုံ၊ ဒန်အိုးဒန်ခွက်တွေ ယူသွားပြီး ဟင်းချက်ပြကာ တော်လှန်ရုပ်ရှင်လေးရိုက်ပြတာ ကြည့်ဖူးကြမည်ထင်သည်။ တချို့ လွှတ်တော် အမတ်မင်းများဆိုလျှင် တောထဲကနေ လွှတ်တော်တက်ပြတဲ့ ပြကွက်တွေကို ရှုတင်တည် ဆက်တင်ကောင်းကောင်းနဲ့ ရိုက်ပြလိုက်တာ ထူးမြတ်တို့တောင် သနားပြီး မျက်ရည်ကျလိုက်ရသေးသည်။ ခုတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ တော်တော်များများ တတိယနိုင်ငံ ရောက်သွားကြပြီ ဖြစ်သည်။ သို့သော် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ၏ တော်လှန်အနု ပညာပြချက်အရ တောထဲမှာ ရှုတင်တည် ဆက်တင်ကောင်းကောင်းနှင့် ရိုက်ကူးထားသည့် ဇာတ်လမ်းဇာတ်ကွက်တွေက တော်လှန်ရေးမှာ အရေးပါနေဆဲ ဖြစ်သည်။ အောက်မေ့သတိရဖွယ်ဖြစ်သည်။
တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ ဆက်တင်လုပ်ဖို့ အသုံးအဆောင်က သိပ်တော့မလိုအပ်ချေ။ မဲဆောက်၊ ဘန်ကောက်၊ ချင်းမိုင် ဘယ်မှာပဲနေနေ ပြောက်ကျား ယူနီဖောင်းလေးတစ်စုံကတော့ တော်လှန် ရှုတင်တည်ဖို့ ဆက်တင်လုံလောက်ပြီ ဖြစ်သည်။ ဖုန်းလေးတစ်လုံးရှိရုံဖြင့် တော်လှန်ဇာတ်လမ်းတွေ ဆင်လို့ရသည်။ သစ်ပင်လေးတစ်ပင်အောက်ထိုင် ပြောက်ကျား ယူနီဖောင်းလေးဝတ်ပြီး အင်တာဗျူးဖြေရင် တောထဲရောက်နေသလို ပရိသတ်က ခံစားရမည်ဖြစ်သည်။ ဟိုတလောက တော်လှန်ရေးခေါင်းဆောင်ကြီး တစ်ယောက်ဆိုရင် မင်္ဂလာဆောင်သွားတာကို ပြောက်ကျားယူနီ ဖောင်းကြီးဝတ်ကာပွဲတက်ပြလေရာ ကြည့်ရှုရသူအပေါင်း စစ်သွေးစစ်မာန်တွေ တက်ကြွကုန်ကြသည်။ တချို့ကလည်း မင်္ဂလာဆောင်သွားတာ တိုက်ပုံ၊ လည်ကတုံး လောက်နဲ့ သွားလို့ရတာကို ပြောက်ကျားယူနီဖောင်းကြီး လိုလို့လားဟု အငေါ့တူးကြသည်။ ဒါကလည်း ဆက် တင်ပညာပင်ဖြစ်သည်။ ပြောက်ကျားယူနီဖောင်းကြီး ဝတ်ပြီး တောထဲမှာ ထမင်းစားနေပုံတွေ၊ တောထဲ လျှောက်သွားနေတဲ့ပုံတွေ၊ တောထဲမှာ ငရုတ်သီးထောင်းနေတဲ့ပုံတွေက ယနေ့ချိန်ထိ တော်လှန်ရေးဇာတ်ကားတွေမှာ ခေတ်မီနေဆဲဖြစ်သည်။ လိုအပ်ရင်လိုအပ်သလို တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ထုတ်သုံးနေဆဲ ဆက်တင်ပညာများပင် ဖြစ်သည်။
တလောကပင် တော်လှန်ရေးခေါင်းဆောင် ကြီးတစ်ယောက် ဆက်တင်ပညာ ပြသွားသေးသည်။ ဘယ်ဆီနေမှန်း မသိသော သန်းမကြီးက တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ ပြန်လာကြတော့ဟု ဆိုလိုက်ရာ မည်သည့်နေရာမှန်း မသိသော နေရာတစ်ခုကတော့ ပြည်သူကြားထဲကို ပြန်လာပြီဟူသော ဓာတ်ပုံလေး၊ ငါး၊ ဆယ်ပုံ ဖေ့စ်ဘုတ်ပေါ် တက်လာပြန်သည်။ တော်လှန်ရေးခေါင်း ဆောင်ကြီးကို တွဲကူဖေးမသူတွေ ခြံရံကာ လှေဆိပ်ကနေ ဆင်းလာပုံတွေ၊ တောထဲက ကလေးငယ်ချစ်ဖွယ်တို့နှင့် တွေ့နေပုံတွေဖြစ်သည်။ ဓာတ်ပုံရိုက်ကူးသူကလည်း စနစ်တကျပညာပါပါ ရိုက်ထားတာကြောင့် ပြည်သူတွေမှာ ငါတို့တော်လှန်ရေးခေါင်းဆောင် ကြီးတွေ ပြန်လာကြပြီဟေ့ဆိုပြီး ဂုဏ်ယူကြပြန်သည်။ခုတော့လည်း ထိုခေါင်းဆောင်ကြီး ဘယ်ပျောက်သွားမှန်းမသိ ဆက်တင်ပညာကို ကောင်းကောင်းကြီးအသုံးချသွားလေသည်။
မကြာခင်ပြည်သူတွေ အမေရိကားက ရှုတင်အိမ်တွေ၊ အမေရိကားက ရှုတင်စတိုးဆိုင်တွေ၊ ဂျပန်က ရှုတင်အိမ်တွေ၊ သြဇီက ရှုတင်ခြံတွေဖြင့် ကမ္ဘာ့အဆင့်မီ ဆက်တင်ကြီးတွေနဲ့ တော်လှန်အဆင့်မြင့် ရုပ်ရှင်ကားကြီးတွေ ကြည့်ရပေလိမ့်မည်ထင်သည်။ ဒီလို ဆက်တင်ပညာ တစ်ဖက်ကမ်းခပ်အောင် ကျွမ်းကျင်လှတာကြောင့် ဆက်တင်ပညာနှင့်ဖန်တီးထားသော လေယာဉ်ပစ်ကြီးတွေ၊ နွေဦး ကွန်ဒိုကြီးတွေ၊ နွေဦးဘဏ်ကြီးတွေ၊ တော်လှန်အိမ်ရာတွေအတွက် ဒေါ်လာသန်းချီ အကုန်အကျခံသွားတာဖြစ်သည်။ ဒါကြောင့်လည်း တချို့တွေများ တော်လှန်ရုပ်ရှင်ကားကို ပိုက်ဆံ အကုန်အကျခံကာ အောင့်အည်းသည်းခံကြည့်လိုက်ကြရတာ ဖြစ်သည်။ ဒီတစ်ခါ အကယ်ဒမီပေးပွဲကို တော်လှန်ရေးခေါင်းဆောင်ကြီးတွေတက်လာရင် အကယ်ဒမီဆုတွေ တစ်ပွေ့တစ်ပိုက်ကြီးရမှာ သေချာသည်။ သရုပ်ဆောင်ကောင်းချက်က လေးနှစ်စာလောက် သရုပ်ဆောင် ကောင်းခဲ့ကြသည်။ ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )