တော်လှန်ရေး တို့မီးရှို့မီးများ

၂၀၂၄ စက်တင်ဘာ ၂၈

သာဓုမခေါ်နိုင်ကြသူများ
    ကမ္ဘာပေါ်တွင် အလှူအတန်းနှင့်ပတ်သက်၍ အရက်ရောဆုံးနိုင်ငံအဆင့်တွင် မြန်မာသည်အဆင့်(၁)၌ အစဉ်မြဲရှိခဲ့သည်။ မြန်မာမှန်လျှင် အလှူဒါနတစ်ခု နေ့စဉ်ပြုရမည်ဟု ခံယူထားကြသူများလည်း ဖြစ်သည်။ရှေးမြန်မာကြီးများ၏ ကျေးရွာများတွင် တွေ့ရှိနိုင်သည်က ဘုရားကျောင်းကန်၊ ဇရပ်တန်ဆောင်းများ ယနေ့တိုင်တွေ့မြင်နေရဆဲဖြစ်သည်။ မှတ်မိပါသေးသည်။ ကျွန်တော်တို့ ငယ်စဉ်က သုံးနှစ်တစ်ကြိမ် နတ်တတ်ရသည့် ကျေးရွာအကြောင်း ဖောက်သည်ချလိုပါသည်။
    ထိုရွာကို ကျွန်တော်တို့ နတ်တက်သွားသည့် အချိန်တွင် ကိုယ်တတ်နိုင်သမျှ မြေပဲဆုံဆီ ယူသွားရသည်။ တောင်သူကြီးဆိုလျှင် ဆီတစ်ပိဿာ၊ တောင်သူ မဟုတ်လျှင် တစ်ဆယ်သား ကိုယ်နိုင်သမျှ ယူသွားကြရသည်။ ထိုဆီဖြင့် နတ်တက်သည့်ရွာက အိမ်ရှင်ထံလက် ဆောင်ပေးကြလေ သည်။ ထိုရွာ၏ အယူအဆအရလည်း ဆီတတ်နိုင်သမျှပေးသည်ကို လက်ခံပြီး လာသမျှလူကို ချက်ပြုတ်ကျွေးမွေးကြသည်။ သူတို့ချက်ပြုတ်ကျွေးမွေး နေသည်ကို တွေ့မြင်ရသည်မှာ အလှူသေး သေးလေး တစ်ခုစာမျှ ချက်ပြုတ်ရသည်။ ထိုသို့ချက်ပြုတ်ကျွေးမွေးရခြင်းကို အနည်းငယ်မျှငြိုငြင်ခြင်း မရှိ။ သူတို့ခံယူချက်မှာ နတ်တက်လာသည့်သူများကို ထိုသို့ချက်ပြုတ်ကျွေးမွေးရခြင်းသည်ပင် ထိုနှစ်တစ်နှစ်လုံး ဘေးရန်ကင်းကွာသည့် အပြင် စီးပွားရေးလဘ်လာဘ ကောင်းမွန်သည်ဟု ခံယူကာ ချက်ပြုတ်ကျွေးမွေးသည်။ ထိုချက်ပြုတ်ကျွေးသည့် နေအိမ်မှ ကျေးရွာအတွင်း လှည့်လည်သွား လာကြည့်လျှင် ဟိုးရှေးခေတ်က ဇရပ်ကြီးများ နေရာအများအပြား တွင်တွေ့မြင်ရသည်။ ရွာထိပ်တွင်လည်း လက်ငင်ရေတွင်း ကိုးတွင်း၊ ၁၀ တွင်းခန့်ရှိနေပြီး ရေချိုးနေသူ၊ ရေခပ်နေသူ အများ အပြားတွေ့ရသည်။
    ထိုရွာထဲသို့ လှည့်လည်သွားလာချိန်တွင် ရွာတွင်းရှိ နေအိမ်များရှေ့တွင် ကန်တော့ပွဲပေးသည့် ဇလုံကြီးများဖြင့် ချင်းသုပ်၊ လက်ဖက်သုပ်များ မည်သူမဆို စားသောက်နိုင်ရန် တည်ခင်းထားလေသည်။ ထိုမြင်ကွင်းကို မည်သို့ခံစားကြမည်နည်း။ ရှေးမြန်မာများ၏ အစဉ်အလာအတိုင်း လှူဒါန်းမှု၊ ပေးကမ်းမှုကို အစဉ်ထိန်းသိမ်းထားသည့် ချစ်စရာဓလေ့စရိုက်ကို ခံစားရမိသည်။ထို နည်းတူစွာ မြန်မာတို့သည် မရှိသူကို ရှိသူကကူပေး၊ ဒုက္ခရောက်သူကို စွမ်းနိုင်သမျှကူပေး၊ ကူမပေးနိုင်လျှင် အများသူငှါ လှူဒါန်းမှုကို သာဓုခေါ်ကြသည်။လှူဒါန်း နိုင်သူ၊ ကူညီနိုင်သူတို့၏ လှူဒါန်းမှု၊ ကူညီမှုကို သာဓုခေါ်ခြင်းဖြင့် သူတို့လှူဒါန်းသကဲ့သို့ ကုသိုလ်ကို ဝေမျှခံစားကြသည်မဟုတ်လား။ သည်အကြောင်းအရာက မြန်မာတို့၏ ချစ်စရာဓလေ့နှင့် ယနေ့အထိ ရှင်သန်နေကြောင်းကို လက်ရှိရေဘေးသင့်ချိန်တွင် ပြန်၍တွေ့မြင် ရလေသည်။ မမျှော်လင့်ဘဲ ကြုံတွေ့ရသည့် ရေဘေး သင့်သူများကို ကူညီကြလှူဒါန်းကြ၊ ဖေးကူကြဖြင့် သာဓု အကြိမ်ကြိမ်ခေါ်မိပါ၏။
    ကျွန်တော်တို့ကသာ ထိုသို့ ကူညီမှုလှူဒါန်း မှုများကို သာဓုအကြိမ်ကြိမ်ခေါ်ဆိုနေသော်လည်း သာဓုခေါ်ရန် ခက်ခဲသူများကို ယခုရေဘေးကြုံမှ တွေ့လိုက် ရလေသည်။ ထိုသူတို့က NLD မှပေါက်ဖွား ပြီး NUG လက်အောက်ခံ PDF များဖြစ်ကြောင်း အထူးပြောစရာ မလိုဟုပင်ဆိုရမည်ဖြစ်သည်။ သူတို့ပြောသည်က "တော်လှန်ရေးအတွက်သာမလှူတာ ရေဘေးကြလှူလိုက်ကြပါလား"ဟု တောက် ခေါက်ရေရွတ်ကာ မကျေမချမ်း ဖြစ်နေကြလေသည်။ ကုသိုလ်ကောင်းမှုနှင့် သာဓုမခေါ်နိုင် သူများကို ယနေ့ခေတ်မှာ မျက်ဝါးထင်ထင် တွေ့မြင်ဖူးရပါသည်ဟုပင် အံ့သြမိပါသည်။


ရွှေမန္တလေးမြို့ကြီးရဲ့ ပတ်လည်တခို 
    ရွှေမန္တလေးမြို့ကြီးအကြောင်း ပြောရလျှင် ကျွန်တော့်စိတ်တွင် နန်းတော်ရှေ့ဆရာတင်ကို သွားသတိရမိ၏။ ဆရာတင်က မန္တလေးသားဖြစ်ရခြင်းနှင့် မန္တလေးအကြောင်းကို အစဉ်အမွှမ်းတင်ကာ သီချင်းများစွာ ရေးသားခဲ့သူဖြစ်သည်။ ဆရာတင်နှင့်ပတ်သက်၍ ဖတ်ဖူးမှတ်ဖူးသမျှ ပြန်ပြောရလျှင် ဆရာတင်သည် သီချင်းများစွာကို ရေးသားပြီး နာမည်ကြီးချိန် ဂရိတ်ဦးဖိုးစိန်က သူ့ဇာတ်အတွက် သီချင်းရေးပေးရန် စာချုပ်ချင်သည်။ ထိုခေတ်က တစ်လလျှင် ငွေကျပ် ၃၅၀ ကျော်ခန့်ထင်၏ ပေးမည်ဖြစ်ကြောင်း စာချုပ်မည်ဟုဆိုလေသည်။ ဆရာတင်သည်လည်း ထိုအချက်နှင့် သဘောတူလက်ခံရန် စာချုပ်မည့်ဆဲဆဲဖြစ်သည်။ စာချုပ်ခါနီးတွင် ဂရိတ်ဦးဖိုးစိန်က ဆရာတင်ကို သီချင်းများတွင် ဆရာတင်၏အမည်ကို ထည့်မရေးရဟု သတ်မှတ်ချက်ထည့်လေသည်။ ဆရာတင်ကလည်း သူ၏ သီချင်းများကို သူကိုယ်တိုင် စိတ်ကြိုက်ရေးသားခွင့်ကို တားမြစ်သည်ဟု သဘောထားကာ ဂရိတ်ဦးဖိုးစိန်ပေးသည့် အခွင့်အရေးများကို မယူဘဲ စာမချုပ်ဘဲနေလေတော့သည်။ အနုပညာမာနကို ထိပါးသည်ဟုထင်ကာ ထိုခေတ်က ၃၅၀ ကျော်ဆိုသည့်ငွေကြေးကို မယူဘဲနေခဲ့သည့် ရွှေမန်းမြို့သားကြီး နန်းတော်ရှေ့ဆရာတင်အကြောင်းကို သူ့သီချင်းတိုင်း အခါအားလျော်စွာ နားထောင်တိုင်းလေးစားမိသည်။ ဆရာတင်ရေးခဲ့သည့် သီချင်းများစွာထဲက 'ရွှေပြည်စိုး'သီချင်းကို နားထောင်ကြည့်ပါ မိတ်ဆွေ။ 'နန်းရှေ့တင်က'ဆိုသည့် စာသားလေးကိုထည့်၍ ရေးစပ်သွားသည်။ ရွှေမန်းသူ ရွှေမန်းသားများသည် သူတို့မြို့ကို ချစ်တတ်စေရန်၊ ဂုဏ်ယူတတ်စေရန် ရေးသားစပ်ဆိုသွားသည်ဟု ခံစားရမိပါသည်။ ထို့အတူ ရွှေမန်းသူ ရွှေမန်းသားများသည် ကိုယ့်မြို့၊ ကိုယ့်ဒေသကို ချစ်တတ်သူများထဲတွင် ထိပ်ဆုံး တွင်ရှိကြသူများဟု ပြော၍ရနိုင်ပါ သည်။ ထိုသို့ပြောနိုင်ကြောင်းကိုလည်း ရွှေမန်းသူရွှေမန်းသားများစွာနှင့် စကားပြောဖူး၍ သိခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
    သို့သော်လည်း NLD ကပေါက်ဖွားပြီး NUG လက်အောက်ခံ PDF ဖြစ်သွားသူများတော့ မပါဟုဆိုရ မလိုဖြစ်သည်။ ထိုလက်နက်ကိုင် PDF များပြောသည့် စကားကို ဖတ်ကြည့်ပါဦးဗျာ။ "မန္တလေးကို ဝင်ကြမယ့်အချိန် ရေဘေးကိစ္စတွေပေါ်လာတော့ အချိန်နည်းနည်း ကြာသွားတာဗျ၊ သိပ်မကြာ လောက်ပါဘူး ရက်ပိုင်းလောက်ပါပဲ။ မန္တလေးမှာ ပြန်ဆုံကြမယ်"ဟု ရွှေမန်းမြို့ကို မချစ်တတ်သည့် PDF များက မြို့ပျက်မည့်အရေးမတွေး မန်းမြို့ကိုတိုက်ပွဲဖော်ချင်နေကြောင်း သတိပေးထားလေသည်။ ကျွန်တော်ချစ်ခင်သည့် မိတ်ဆွေများကို ပြောလေ့ရှိသည့် စကားရှိသည်။ "ကိုယ့်ကိုယ်ကိုယ် အရင်ချစ်ပါ၊ ကိုယ့်မိသားစု ကိုယ်ချစ်ပါ၊ ကိုယ်ရပ်ကိုယ့်ရွာ ကိုယ့်မြို့ကိုယ့်နိုင်ငံကို ချစ်တတ်အောင်နေ ပါ"ဟု ပြောလေ့ရှိသည်။ အထက်ပါစကားအရ မန်းသူမန်းသားများထဲက PDF များဖြစ်သွားသူများသည် ကိုယ့်ကိုယ်ကိုယ်လည်း မချစ်သကဲ့သို့ ကိုယ့်မြို့ကိုယ်လည်း မချစ်တတ်သောသူများ ဖြစ်နေကြပါလား ဟုလည်း အတွေးပေါ်မိသည်။ မန်းမြို့ဖျက်ဆီးသူများ၏ဘေးရန်မှ ကင်းဝေးပါစေဟု မန်းမြေကို ချစ်သည့် အညာသားတစ်ယောက်က ဆုတောင်းနေပါသည်။


တော်လှန်ရေးရှို့မီးများ
    မကြားဖူးပါဘူးဗျာ။ ထိုမီဒီယာအမည်ကို။    “DAWNA Media”ဆိုသည် သတင်းဌာနပြောပြီး ဧရာဝတီတိုင်းကို ရစရာမရှိအောင် ပြောနေလေသည်။ထို သတင်းဌာနဆိုသည်က ဧရာဝတီတိုင်းကို 'ဒလန်ဝတီတိုင်း'ဟု ခေါင်းစဉ်တပ်နေလေသည်။ အကြောင်းက တော်လှန်ရေးမလုပ်ဘဲ အေးချမ်း နေခြင်းကြောင့် ဒလန်ဝတီဟု စွပ်စွဲနေလေသည်။ အေးချမ်းခြင်းကို မလိုလားသည့် ထိုကဲ့သို့ ပြည်ပရောက်မီဒီယာများက အေးချမ်းသည့်နေရာများကို တို့မီးရှို့မီးလုပ်နေကြလေသည်။သူ တို့အဆိုအရ တော်လှန်ရေးမလုပ်ခြင်းသည် ဉာဏ်ရည်နိမ့်ပါးခြင်းကြောင့်ဟု စွပ်စွဲကြ၏။ ကျွန်တော်ဖြင့် ထိုကဲ့သို့ မထင်ပေ။ တော်လှန်ရေးလုပ်သည့် ကျွန်တော်တို့အရပ်ဒေသတွင် ခေါင်းပြားအောင်မအိပ်ရ၊ အေးအေး ချမ်းချမ်းလုပ်ကိုင်မစားရ၊ ပညာကောင်းစွာမသင်ရ၊ အနီရောင်ကြယ်ပွင့်များနှင့် အုတ်ဂူများသာ တိုးတက်လာခြင်းကို ဂုဏ်ယူစရာထင်နေကြသလားမသိ။ ပညာရေးနှင့် ကျန်းမာရေးအခြေခံကိုပင် ဦးစားမပေးနိုင်သည့်နေရာက မည်သည့်အရာကို မျှော်လင့်နိုင်ကြမည်နည်။ ထိုအရာကိုပင် မြှောက်ပေးသူရှိ သကဲ့သို့ မြှောက်ပေးသူအကြိုက် ဟိုအရာတက်အောင် ကမည့်သူများကလည်း ရှိနေပြန်သည်။
    ဧရာဝတီတိုင်းနှင့်ပတ်သက်၍ ပြောရလျှင် ကျွန်တော်၏မိတ်ဆွေ ဧရာဝတီတိုင်းသားတစ်ယောက်နှင့် စကားပြောဖြစ်ဖူးသည်။ ကျွန်တော်တို့အညာသည် ကောက်ပဲသီးနှံ ဆန်ရေစပါးကောင်းစွာ မစိုက်ပျိုးနိုင်ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းတွင် ဆည်တော်ကြီးရေလှောင်ကန်ကို PDF များက ရေမလွှတ်နိုင်ရန် ပြုလုပ်ထားလေသည်။ ထို့ကြောင့် အညာတွင် လာမည့်နှစ် ဆန်ရေစပါး ရှားပါးမည့် အရေးများ ကြုံတွေ့လေမလားဟု ဧရာဝတီတိုင်းက မိတ်ဆွေကိုပြောဖြစ်သည်။ ထိုမိတ်ဆွေက အေးအေးဆေးဆေးသမား စိတ်ထားပြည့်ဝသူဖြစ်သောကြောင့် ''ခင်ဗျားအညာမှာ အဲဒီလိုရှားပါးရင် ကျွန် တော်တို့ ဧရာဝတီတိုင်းကိုလာခဲ့ အေးချမ်းတယ်၊ စားစရာဆန် ရေစပါးပေါတယ်။ ခင်ဗျားတို့မိသားစု လောက်တော့ ကျွန်တော်တို့စားသလို ကျွေးမွေးထားနိုင်ပါတယ်"ဟု ဆိုလေသည်။ ထိုစကားဖြင့် ဧရာ၀ တီတိုင်းသားမိတ်ဆွေကို ကျေးဇူးတင်လှပါသည်။ ထိုကဲ့သို့သူများရှိနေသည့် နေရာကိုပင် ဒလန်ဟု အမည်တပ်ခြင်းကို မိတ်ဆွေတို့မည်သို့ သဘောရပါသနည်း။ ကျွန်တော်တို့အညာသားများနှင့် ကွာခြား လှပါလားဟု တွေးမိပါသည်။
    ကိုယ့်ဒေသ၊ ကိုယ့်အရပ် နာကျင်အောင် ပြုလုပ်နေခြင်းကိုပင် ဓမ္မဟုဆိုသူများ လိပ်ပြာလုံကြသည်ဟုဆိုနေလေရာ သူတို့၏ စူးရောက်နေသည့် ဉာဏ်ကို အံ့သြမိ၏။ ဤကဲ့သို့ ကိုယ့်အရပ်ကိုယ့်ဒေ သကို ထိခိုက်ပျက်စီးအောင် ပြုလုပ်နေခြင်းကိုပင် တိုင်းပြည်နှင့် လူမျိုးကို ကယ်တင်ရှင်ဟုပြော နေကြသူများကို တိုင်းပြည်နှင့်လူမျိုးကို ကယ်တင်မည့်အစား မိမိကိုယ်ကိုယ် တိုးတက်ကြီးပွားအောင်၊ မိမိ၏မိသားစု အဆင်ပြေအောင်၊ မိမိဒေသအေးချမ်းအောင် ဆောင်ရွက်နိုင်သူ များ ဖြစ်ကြစေချင် သော်လည်း မြတ်စွာဘုရားကိုယ်တော်တိုင် တရားဟောလျှင်တောင်မှ အသိရမည့်သူများ မဟုတ်သော အခါ ထိုသူများကို တရားနှင့်မရလျှင် ဓားနှင့်ချရမည့်ကိန်း ဖြစ်နေလေသည်။ ချစ်စရာမေတ္တာနှင့် မထိုက်တန်သူများ ဤကမ္ဘာမြေ အညာတစ်ကြောတွင် ရှိနေကြပါလားဟု တွေးကြည့်မိသည်။ ဒလန်၀ တီတိုင်းဆို သည့်နေရာကို အေးချမ်းမှုကြောင့် အားလည်းကြမိပါ၏။

ရွှေထီး
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 245

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.