၂၀၂၄ စက်တင်ဘာ
ဒီသတင်းကို ကြားလိုက်ရ၊ မြင်လိုက်ရချိန် တော်တော်လေး စိတ်မကောင်းဖြစ်မိ၏။ ပရဟိတစိတ် အားထက်သန်သူတစ်ယောက် ပရဟိတလုပ်သောကြောင့် သူ့နယ်ပယ်ရပ်ဝန်းတွင် ထင်ရှားစပြုလာသည့် အဆိုတော်လေးဖြစ်သည်။ ထိုအဆိုတော်လေးသည် အများအကျိုး၊ ရပ်ရွာအကျိုး၊ သူတစ်ပါးကောင်းကျိုး ဆောင်ရွက်တတ်သူဖြစ်သည်။ ထိုသို့ဆောင်ရွက်သောကြောင့် သူ့အတွက်အန္တရာယ်ရှိမည်ဟု မထင်ဘဲနေလိမ့်မည်။ အဆို တော်လေး အောင်လွှမ်းနိုင်ဆိုလျှင် မကွေးတိုင်းဒေသကြီးအတွင်းက လူတော်တော်များများသိကြ သည်ဟု ဆိုသည်။ ထိုအောင်လွှမ်းနိုင်သည် PDF များက သေနတ်ဖြင့် ပစ်သတ်ခြင်း ခံလိုက်ရသည်။ သူသေနတ်ဖြင့် ပစ်သတ်ခံရခြင်း သတင်းကို သာမန်အားဖြင့် စိတ်မဝင်စား။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သည့် သတင်းမျိုးသည် ယနေ့ခေတ်အချိန်မျိုးတွင် ထူးဆန်းသောအရာ မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် သူအသတ်ခံရသည့်ဖြစ်စဉ်က ထူး ခြားသောကြောင့် ပြောပြလိုခြင်း၊ ဖောက်သည်ချလိုခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်ကျီးကန်း ရွာတွင် ထိုအဆိုတော်လေးနေလေသည်။ အဆိုတော်လေးက အလှူပွဲ၊ မင်္ဂလာပွဲသီချင်းဆို လာငှားသည့်အချိန်လိုက်၍ သီဆိုဖျော်ဖြေပေးသည်။ ဖျော်ဖြေပွဲမရှိသည့် အချိန်မျိုးတွင် သူ၏ဇနီးနှင့် ကွမ်းယာရောင်းသည်။ ထိုသို့ နေထိုင်လာရင်းမှ မန်ကျီးကုန်းရွာတွင် လျှပ်စစ်ဓာတ် အားခများကောက်ခံရာ ရွာသူရွာသားအများစုက ဓာတ်အားခ မပေးနိုင်ကြပေ။ အချို့က အမှန်တကယ် လျှပ်စစ် ဓာတ်အားခ မပေးနိုင်သူများရှိသကဲ့သို့ အချို့က မပေးချင်သောကြောင့် မပေးသူများလည်းရှိကြသည်။မည်သို့ ပင်ဖြစ်စေကာမူ ထိုရွာလေးကို လျှပ်စစ်ဓာတ်အားခ အပြည့်မရလျှင် မီးဖြတ်မည်ဟု သတင်းကို အဆိုတော် လေးက ကြားလိုက်ရသည်။ သို့နှင့် အဆိုတော်လေးက ရပ်ထဲရွာထဲသို့ တစ်အိပ်ဝင်တစ်အိမ်ထွက်သွားကာ မီတာခ ဆောင်နိုင်သမျှဆောင်ရန် ဆော်သြလေသည်။ သူ ဆော်သြသည်က "ကိုယ်တတ်နိုင်သမျှပဲ ထည့်ကြပါ။ ကျန်တဲ့ပိုက်ဆံ ကျွန်တော်ပေးပါမယ်"ဟု ဆိုခဲ့သည်။ ရပ်ထဲရွာထဲက အိမ်များစွာကလည်း ထိုအဆိုတော်လေးက ရပ်အကျိုး၊ ရွာအကျိုးဆောင်ရွက်မှန်း သိသောကြောင့် ကိုယ့်မီတာခကို ဆောင်သူများရှိသကဲ့သို့ မဆောင်နိုင် သူများလည်း ရှိကြသည်။
သို့နှင့် တိုတိုပြောရလျှင် လျှပ်စစ်မီတာခ ဆောင်သောကြောင့်ဟုဆိုကာ ထိုအဆိုတော်လေးကို PDF များက သေနတ်ဖြင့် ပစ်သတ်လိုက်လေသည်။ ပစ်သတ်ခြင်း၏ အကြောင်းပြချက်က စစ်အစိုးရ၏ လျှပ်စစ်မီတာကို ကိုယ်တိုင်ဆောင်သကဲ့သို့ သူများအတွက်ပါ ဆောင်ပေးခြင်းကြောင့် သတ်ဖြတ်ရှင်း လင်းလိုက်သည်ဟု ဆိုလေသည်။ ထိုအဆိုတော်လေး သတ်ဖြတ်ခံရသည်အထိ ထားပါဦး။ ထိုအကြောင်းအရာကို လူမှုကွန်ရက်တွင် ပျံ့နှံ့လာချိန်တွင် မှတ်ချက်ပေးသူများကို ပို၍အံသြမိ၏။ သည်လိုဆိုကြလေသည်။ 'မီတာခမ ဆောင်တာ စကစကိုဆန့်ကျင်တာလေ အဲဒါကိုဦး ဆောင်သွင်းတာ စကစလူပေါ့'သေခြင်းနှင့် သတ်ဖြတ်ခံရခြင်းကို မှန်သည်ဟု နီနီတို့ဘက်က ပြောလေသည်။
ထိုမှတ်ချက်ပေးသူကို နောက်တစ်ယောက်က "မှန်တယ်ဗျ PDF တွေလုပ်တာ သိရဲ့နဲ့ ပြည်သူ တွေ မပြောရဲကြဘူး'ဟုဆိုကာ ထိုနယ်မြေများတွင် မင်းမဲ့နေ ကြောင်း၊ မင်းမဲ့စရိုက်များ လုပ်နေကြသည်ဟု ဆိုလေသည်။ ထိုအကြောင်းအရာများကို တွေ့ပြီးချိန် ယနေ့ခေတ်တွင် အများသူငါ အတွက် အကျိုးဆောင်ရွက်လျှင် ပင်အသတ် ခံရနိုင်ပါလားဆိုသည့် အတွေးပေါ်မိလေ သည်။ ထိုအတွေးမျိုးဖြစ်စေရန်လည်း အများအတွက် ပရဟိတလုပ်သူကို ရွေးချယ်သတ်ဖြတ်နေပါလားဆို သည်ကို ပုံဖော်နေကြလေသည်။
နီနီတို့ပြောသော ဖရဲသီး
'ဘယ်လိုဖြစ်တာဘယ်လို'ဆိုသည့် အာမေဋိတ်အသံဖြင့် ဖုန်းပြောနေသံကြားရ၍ သွားစပ်စုမိ၏။ သူတို့ပြောနေသည့်စကား အသာနားထောင်ကြည့်ရာ ရဲအရာရှိအပါအဝင်သုံးဦးကို PDF များက သတ်ဖြတ် အောင်ပွဲခံလိုက်သည်ဆိုသည့်အကြောင်း ဖြစ်လေသည်။သို့နှင့် စပ်စုတတ်သည့်ဝါသနာအရ မည်သည့်နေရာ၊ မည်သည့်အဖြစ်အပျက် ဖြစ်သနည်းဆိုသည်ကို နတ်မျက်စိပုလင်းကွဲနှင့် အတင်းဖြဲ ကြည့်သကဲ့သို့ ရှာဖွေမိသည်။ တွေ့ပါ၏။ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း လက်ပံပြားအနီးတွင် ဖြစ်သွားသည်ဟု သိလိုက်ရသည်။ မိတ္ထီလာက ရဲအရာရှိအပါဝင် သုံးယောက်တို့သည် လက်ပံပြားကို နယ်မြေအပြောင်းသွားမည့် ယာဉ်နံပါတ်ကစ၍ ယာဉ်ပေါ်လိုက်ပါသည့်လူ အတိအကျ PDF များက သိထားသည်။ ထို့ကြောင့် ထိုမော်တော်ကား ထွက်လာချိန်တွင် ပုပ္ပါးအရှေ့မြောက်ဘက်ရှိ နွားထိုး ကြီး-တောင်သာ-မြင်းခြံ PDF များက စိန်ပြေနပြေစောင့် ကာ လုပ်ကြံကြလေသည်။
ထိုသို့လုပ်ကြံအပြီး မိတ္ထီလာ-ကျောက်ပန်း တောင်းကားလမ်းပေါ်တွင် အနီရောင်အလံများ လွှင့်ထူပြီး အောင်ပွဲခံကြသည်ဟု ထိုအရပ်တွင်ရှိသည့် မိတ်ဆွေက ပြောလေသည်။ သူပြောသည့် စကားက 'သူတို့သတ်လို့သေတာ အရေးမကြီးဘူး၊ အေးချမ်းနေတဲ့ ငါတို့ဘက်တော့ စစ်မီးမွှေးနေပြီ၊ ငါတို့က အေးချမ်းနေတာကနေ ဘယ်ပြေးရမယ်မသိတော့ဘူး'ဟု ဆိုလေသည်။ ထိုသတင်းကြားပြီး ချိန်ကစပြီး လက်ပံပြား-ကျောက်ပုံ-ဝက်ချုပ်ကုန်း စသည့် အနီးနားရွာများရှိ အုပ်ကြီးများလည်း ရွာတွင်မနေရဲဘဲ ထွက်ပြေးကုန်ကြသည်ဟု ဆိုလေသည်။ ဤကဲ့သို့ သတင်းအတိအကျကို PDF များသိခြင်းသည် ဖရဲသီးရှိခြင်းကြောင့်ဟု ဆိုလေကြလေသည်။
ရေကြောင်းသတိပေးချက်
ချင်းတွင်းသား အညာသားများဆိုသူတွေသည် ရေကြောင်း၊ ကုန်းကြောင်းများကို သူတို့ပိုင်စိုးသွားပြီဟု ကြွေးကြော်နေကြကုန်လေသည်။ သြဂုတ် ၃၀ ရက်က ဆားလင်းကြီး PDF ထုတ်ပြန်ထားသည်ကိုလည်း ကြည့်ကြပါဦး။ Chin Dwin Dynamite (Salingyi) ဟုဆိုကာ ချင်းတွင်းမြစ်အတွင်း ဖြတ်သန်းသွားမည့် ယာဉ်များကို သတိပေးထားလေသည်။ 'ချင်းတွင်းမြစ်ကြောင်းအတိုင်း အစုန်အဆန်လုပ် နေသော မော်တော်ရေယာဉ်ဆီဖလက်၊ ကုန်တင်ဖလက်၊ ကယ့်ခွံများအား အသိပေးအကြောင်း ကြားခြင်း၊ တော်လှန်ရေးလုပ်ငန်း အလုပ်လုပ်နေစဉ်အတွင်း သက်ဆိုင်ရာ ခွင့်ပြုချက်မပါရှိဘဲ ဖြတ်သန်းသွားလာသော မော်တော်ရေယာဉ်၊ ဆီဖလက်၊ ကုန်တင်ဖလက်၊ ကယ့်ခွံများ၊ တော်လှန်ရေး အလုပ်လုပ်ကိုင်နေစဉ်အတွင်း ရက်အကန့်သတ်မရှိ ရေကြောင်းအား ပိတ်ထားကြောင်း အကြောင်း ကြားအပ်ပါသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ဖြတ်သန်းသွားလျှင် နောက်ဆက် တွဲဖြစ်လာမည့် ပြဿနာများအား လုံးဝတာဝန်ယူဖြေရှင်း မည်မဟုတ်ပါကြောင်း အသိပေးအပ်သည်"ဟု ထုတ်ပြန်ထားလေသည်။
ထိုထုတ်ပြန်ချက်ဖတ်မိသည့် ချင်းတွင်းမြစ်ကိုအမှီပြု၍ ကုန်ကူးနေသည့်သူငယ်ချင်းက ညည်း ညူရင်ဖွင့်လေသည်။ "မင်းတို့တော်လှန်ရေးသမားတွေက ငါတို့အလုပ်လုပ်စားဖို့ရော စဉ်းစားသေး လား"ဟုဆိုလေသည်။ ထိုသို့ပြောချိန်တွင် သူ့စကားကို ရယ်ချင်ပတ်ကျိဖြစ်သွားကာ "မင်းတို့နီနီတွေက ထုတ်ပြန်တာမဟုတ်ဘူး လားဟ"ဟု ခွန်းတုံ့ပြန်မိ၏။ သူပြန်ပြောသည်က "ငါတို့ နီနီတွေက ဂန်းတွေရပြီးကတည်းက အနီ၊ အစိမ်းမရွေး တော့ဘူးဟ။ ငါနီတာတောင် ပြေးစရာမရှိတော့ဘူး ဟေ့" ဟုဆိုရာ စိတ်ဆိုးရာမှ သနားစိတ်ဝင်မိလေသည်။ တို့ပြည်သူများ၏ဘဝသည် ထိုကဲ့သို့ ကြောက်နေရ ပါပြီဟု စဉ်းစားမိပါသည်။
တော်လှန်ရေး ကြယ်ပွင့်ဆိုသူများအကြောင်း
ရှမ်းမြောက်တွင် တိုက်ပွဲများဖြစ်သည်မှာ အတော်ပင် ကြာနေပြီဖြစ်သည်။ ထိုတိုက်ပွဲများနှင့် ပတ်သက် ၍မုံရွာရှိသူငယ်ချင်းက သူသိသမျှပြောပြရာ "ငါတို့က အနာဂတ်ရဲ့ကြယ်ပွင့်တွေ"ဟုပြောပြီး ရှမ်းမြောက်တိုက်ပွဲကို ဝင်တိုက်ကြလေသည်ဟု ဆိုလေသည်။ အနာဂတ် ကြယ်ပွင့် ဖြစ်မဖြစ်တော့မသိ မုံရွာအနီးက အနီရောင် ကြယ်ပွင့်တပ်ထားသည့် အုတ်ဂူများ တိုးလာလေသည်ဟု ဆိုလေသည်။
သူငယ်ချင်းကတော့ ပြောရှာသည်။ "ဒီကောင်တွေ အနာဂတ်ကြယ်လို့သာပြောတာ လက်နက်မရှိတဲ့နေရာက ပြည်သူတွေကို တကယ်ကျယ်တာဟ။ ငါတို့ကတော့ အကုန်ကြောက်ရတာပါကွာ၊ ကြယ်တွေ မြန်မြန်ကြွေမှအေးမယ်ထင်ပါရဲ့"ဟု ကြယ်များကို ကြောက်ကြောင်းဆိုလေသည်။ အညာကကြယ်များကို မကြွေစေ ချင်သော်လည်း ကြယ်များမရှိမှ အေးချမ်းမည်ဟုဆိုသည့် သူငယ်ချင်းကြောင့် ကြယ်ဆိုသည်မှာ အဝေးကကြည့်၍ သာလှ၏။ နီးလျှင် ပူလောင်ကြောက်ရွံ့ စရာကောင်းသည်ဟု အတွေးပေါ်မိသည်။ ပြည်သူ့အတွက် ပြောသူတိုင်း ပြည်သူများ စိတ်နှလုံးချမ်း မြေမှု ဖန်တီးနိုင်ပါစေဟု မေတ္တာပို့ ဆုတောင်းမိပါသည်။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )