တော်လှန်ရေးဂျင်း ကြိုက်နှစ်သက်ကြသူများ

၂၀၂၄ ဖေဖော်ဝါရီ ၁၁

ကိုရင်ကြီးနှင့် သူ၏မယ်တော်
    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်အစိုးရက အာဏာထိန်းခြင်း သုံးနှစ်တင်းတင်းပြည့်သည့်နေ့လည်း ဖြစ်သည်။ ထိုကဲ့သို့နေ့များတွင် သိတော်မူကြသည့်အတိုင်း ဘာဒေး၊ ညာဒေးဆိုပြီး တော်လှန်ရေး ခေါင်းစဉ်တပ်၍ လုပ်လာကြသည်မှာ မြန်မာနိုင်ငံတွင် ထုံးစံတစ်ခုကဲ့သို့ ဖြစ်နေလေသည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်ကလည်း မှတ်မှတ်ရရ ၂၀၂၁ ဒီဇင်ဘာ ၁၀ ရက်တွင် Silent Strike ဟုဆိုကာ ဆိုင်များပိတ်၊ အလုပ်များပိတ်ရန် လှုံ့ဆော်ခဲ့ကြသေးသည်။ ထိုစဉ်က ဆန္ဒပြမှုများ အားကောင်းစဉ်အချိန် ဖြစ်သောကြောင့် လိုက်နာသူလည်း များပြားခဲ့ကြသည်။
    ထိုကဲ့သို့လိုက်နာသူများကိုလည်း တည်ဆဲအစိုးရက အကြမ်းဖက်အားပေးဟုဆိုကာ ထိုစဉ်က ထူးထူးခြားခြား အရေးယူခြင်းမရှိသေးပေ။ ၂၀၂၂နောက်ပိုင်း ဘာဒေး၊ ညာဒေးဟုဆိုကာ ပြုလုပ်သူများကိုသာ အရေးယူခြင်းများ ပြုလုပ်လာခဲ့သည်ကို သတိထားမိသည်။ပြောချင်သည်က ပြည်သူနှင့် အတူဟု ကြွေးကြော်သူများက ပြည်ပကိုထွက်ပြေးပြီး သူတို့ကပဲ ပြည်ပမှနေ၍ ဘာသပိတ်၊ ညာသပိတ်ဟု ခေါင်းစဉ်လှလှလေးပေး၍ မီးလွတ်၊ ရေလွတ်၊ အန္တရာယ်လွတ်ရာက ပြည်သူကို ခိုင်းစေနေကြလေသည်။ သူတို့ ခိုင်းစေသဖြင့် သူများပါးစပ်များတွင် လမ်းဆုံးသူများက လိုက်ပါလုပ်ဆောင်ရာမှ အရေးယူခံရသူများလည်း မနည်းမနော ရှိလာပြီဖြစ်သည်။ ထိုကဲ့သို့ဖြစ်လာလျှင်လည်း ခိုင်းစေသူများက ဘာတာဝန်ယူမှု၊ ဘာတာဝန်ခံမှုမှမရှိဘဲ မတရားအဓမ္မ ဖမ်းဆီးသယောင် ဝါဒဖြန့်ကြပြန်လေသည်။ လုပ်သည့်လုပ်ရပ်များက အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ပြီး အကြမ်းဖက်အဖွဲ့က ခိုင်းစေသည့်အရာများကို လိုက်ပါလုပ်ဆောင်ခြင်းသည် အကြမ်းဖက်အားပေးမဟုတ်လျှင် မည်သို့ခေါင်းစဉ်ပေး မည်နည်း။ 
    ပြည်သူနှင့်အတူဟုပြောပြီး ပြည်ပထွက်ပြေး သူများက ပြည်တွင်းတွင် ကျန်ရှိနေသည့် ပြည်သူကို အဝေးကနေ ဒုက္ခပေးနေပုံက ဟိုလိုလုပ်လိုက်ပါဦး၊ ဒီလို လုပ်လိုက်ပါဦး။ ပြီးသည်အခါ အဖမ်းခံရချိန်တွင် ရက်စက်သည့်ဝါဒဟု ခေါင်းစဉ်တပ်ရန် ခိုင်းစေနေခြင်းကို သဘောမပေါက်သည့် သူက သဘောမပေါက်သေးဟု ဆိုရမည်ဖြစ်သည်။ ထိုကဲ့သို့လိုက်ပါလုပ်ဆောင်နေသူများကို ကြည့်လိုက် သူများပါးစပ်ဖျားတွင် လမ်းဆုံးနေသူ များသာဖြစ်ပြီး ခိုင်းစေသူများကို သူတို့ ခိုင်းသည့်နေ့တွင် သူတို့ကိုယ်တိုင်လိုက်နာသလားဟု မည်သူမှလေ့လာ ကြခြင်းမရှိပေ။ ဥပမာ အမေရိကားကို ထွက်ပြေးပြီး အရေးတော်ပုံခေါင်းစဉ်တပ် အလှူခံစားနေရာက စတိုးဆိုင်နှင့် တိုက်တစ်လုံး ပါပိုင်ဆိုင်သွားသည့် မယ်ပန်ဆိုလျှင် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာပေါင်အာရင်း သန်သန်ဖြင့် သပိတ်ပြုလုပ်ရန် တိုက်တွန်းနေခဲ့သူဖြစ်သည်။ သူကသာ Silent Strike ဘာညာဟုဆိုကာ ဈေးဆိုင်မ ဖွင့်ရန်၊ အလုပ်မသွားရန် စေ့ဆော်နေသော်လည်း အမေရိကားရှိသူ၏ စတိုးဆိုင်ကိုမူမပိတ်ဘဲ ဖွင့်မြဲ ဖွင့်နေသည်ဟု အမေရိကားရောက် မြန်မာများက ထောက်ပြ ပြောဆိုနေကြလေသည်။
    ထိုသို့ပြောဆိုနေချိန်တွင် ကျွန်တော်တို့နယ်ဘက်က ကိုရင်ကြီးတစ်ပါး၏အဖြစ်ကို သွား၍သတိရမိသည်။ ကျွန်တော်တို့နယ်ဘက်ရှိ ကိုရင်ကြီးတစ်ပါးသည် တရာဟောလည်းကောင်း၏။ အဟော အပြော ကောင်းသောကြောင့် ကျောင်းထိုင်ဆရာတော်က သာရေးနာရေး ပွဲတော်တော်များများကို ထိုကိုရင်ကြီးနှင့်ပင် လွှဲထားလေသည်။ နာရေးတစ်ခုရှိပြီဆိုလျှင် "ခန္ဓာရှိလို့ ဝေဒနာရှိတာ၊ ဖြစ်ပြီးလို့ ပျက်တာသဘာဝပဲ"စသဖြင့်  တရားဟောလေ့ရှိသည်။ တစ်ရက်တွင်မတော့ သူ၏မယ်တော်ကြီး အသက်ကြီးရောဂါဖြင့် ကွယ်လွန်သွားလေသည်။ ထိုသို့ သူ၏မယ်တော်ကြီး ကွယ်လွန်သွားသောအခါ ကိုရင်က မိခင်ကို သံယောဇဉ်မဖြတ်နိုင်သဖြင့် မျက်ရည်လည်ရွှဲဖြင့် ငိုချင်းချလေသည်။ ထိုအခါ အရပ် က "စိတ်ထိန်းပါကိုရင် ကိုရင်ကိုယ်တိုင်လည်း ဒီလို တရားတွေအများသူငါကို ဟောခဲ့တာပဲ မဟုတ်လား တရားသဘောကို နှလုံးသွင်းပါ"ဟု ကိုရင်ကိုပြန်၍တရား ချကြရလေသည်။ ထိုအခါ ကိုရင်ပြန်ပြောသည်က"သူများကို တရားချရတာဘာမှမခက်ဘူး၊ ဒါကြီးက ငါ့မယ်တော်ကြီးဟ"ဟုပြန်ပြောကာ ဖြေမဆည်နိုင်အောင်ငို ကြွေးနေလေသည်။ ယခုလည်း သူများကိုသာ ဘာဒေး၊ ညာဒေး ခိုင်းစေသော် လည်း မယ်ပန်နှင့် အပေါင်းအပါတို့သည် ပြည်ပမှနေ၍ အလုပ်အကိုင်မပျက်ရှိနေပြီး သူတို့ကိုသူတို့ သိတတ်နေလိုက်ကြသည်မှာ ရယ်စရာပင် ကောင်းသေးသည်ဟုပင် ဆိုရမလိုဖြစ်နေလေသည်။
    ဓမ္မဘက်တော်သားများပေမို့သာ နာမည်လှလှလေးလည်းပေးတတ်သေးသည်ဟု ဆိုရမလား ပင်ဖြစ်သည်။ 'တာဝန်တွေနှင့်တော်လှန်ရေး သမား'ဟု လှတပတ နာမည်လေးပေးထားလေသည်။ နေရာက မုံရွာနှင့် ပတ်ဝန်းကျင်တစ်ဝိုက်တွင် အခြေချသည်ဟု ထိုအဖွဲ့၏ပြောပြချက်အရသိရသည်။ မုံရွာခရိုင် အမှတ်(၃)တပ် ရင်းဟုဆိုကာ သူတို့၏အလုပ်ရုံကလေး ပြကာပြကာနှင့် အလှူခံနေလေ သည်။ သူတို့အလုပ်ရုံလေးဆိုရာတွင် တော်လှန်ရေးအတွက် သူတို့အဖွဲ့သည် ငွေကြေးအင်အား မပြည့်စုံကြောင်း ထို့ကြောင့် စီးရသည့် ဆိုင်ကယ်ပင်လျှင် သံတိုသံစဈေးနှင့် ရောင်းမှရတော့မည့် အနေ အထားများကို ပြန်လည် ပြုပြင်မောင်းနှင်နေရသည်ဟု ဆိုလေသည်။ အကြောင်းကတော့ ထိုကဲ့သို့ သံတိုသံစ ဈေးနှင့် ရောင်းရမည့်ဆိုင်ကယ်များကို နှစ်စီးတစ်စီးပေါင်း သင့်သည်ကိုပေါင်း၊ ကာဗာမပါ သည့်ဆိုင်ကယ်မပါ အင်ဂျင်ကောင်းလျှင်ပြီးရောသဘောနှင့် ပြန်လည်ပြုပြင်စီးနင်းနေရသည်ဟု ဆိုလေသည်။ ထိုဆိုင်ကယ်အစုတ်နှင့်ပင် မုံရွာခရိုင် အမှတ်(၃)တပ်ရင်းရှိ ရဲဘော်များက ရိက္ခာဝယ်ယူခြင်း တော်လှန်ရေးအတွက် တိုက်ပွဲသွား ရောက်ဖော်ဆောင်ခြင်းများ ပြုလုပ်နေရကြောင်းကို မိဘပြည်သူ များသိစေရန် ချပြခြင်းဖြစ်သည်ဟု ဆိုလေသည်။အဓိကအနေနှင့် အလှူငွေများ များများစားစား ထည့်ဝင်ရန် ပန်ကြားသည်ဟု ဆိုလေသည်။ ထိုသို့ အလှူငွေထည့် ဝင်ရန် ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆော်သြနေသဖြင့် NUG က မထောက်ပံ့လို့လားဟု သွားပြီးမှတ်ချက်ပေး လိုက်ရာ ထိုအဖွဲ့နှင့် အပေါင်း အပါတစ်သိုက်က ဆဲလိုက်ကြသည်မှာ မွှန်ထနေလေသည်။ မဲဆောက်ထွက် ပြေးသွားသည့် ဟိုတစ် ယောက်ရေးသည့်စကားနှင့်ပြောရလျှင် "နင်တို့ဓမ္မဘက်တော်သားကလဲ ဆဲလိုက်တာ မွှန်ထူနာဖဲ"ဆို သကဲ့သို့ ဖြစ်နေလေသည်။


လမ်းဘေးဆင်းရဲသည့်သူ အကောင်
    ဓမ္မဘက်တော်သား တော်လှန်ရေးသမားဆို သူများသည် များသောအားဖြင့် ရုန့်ရင်းကြမ်းတမ်းကြောင်းကို အထူးတလည်ပြောရန်မလိုဟု ဆိုရမည်ဖြစ်သည်။ ဒီရက်ပိုင်းတွေ့မြင်ရသည့် Movie လေး တစ်ခုကိုကြည့်ပြီး တော်လှန်ရေးဖြစ်ဖြစ်၊ အရေးတော်ပုံပဲဆိုဆို ပြည်သူကို ရနိုင်သမျှဒုက္ခပေးနေသည်ကို မမြင်နိုင်ကြ သေးဟုလည်း အတွေးပွားမိသည်။ ရဲဘော်စေတန်ဆို သူက မော်တော်ကား မောင်းရင်း Movie လေးတစ်ခု ရိုက်တင်ထားသည်။ ထို Movie လေး၏ Caption က "ဘယ်ကောင် ကားလမ်းဘေး သေးဆင်းပေါက်ရဲလဲ"ဆိုသည့်စာတန်း လေးနှင့်ဖြစ်သည်။ ရဲဘော်စေတန်က "ကိုယ်တိုင်ရွေးခဲ့တဲ့လမ်း၊ ကိုယ်တိုင်လျှောက်မယ့်ဒီလမ်း၊ ဘာမှအကြောင်းပြချက် သိပ်မလိုဘူး"ဟု သူ၏ ရည်ရွယ်ချက်ကိုလည်း ဖော်ပြထား၏။ အထက်တွင်ဆိုခဲ့သည့်အတိုင်း "ဘယ်ကောင် ကားလမ်းဘေး သေးဆင်း ပေါက်ရဲလဲ"ဆိုသည့် Movie က ကားလမ်းဘေး တစ်ဖက်တစ်ချက်ဆီတွင် မိုင်းဗုံးပေါင်းများစွာ ထောင်ထားခြင်းကြောင့်ဟု သူက ရယ်ကာမောကာ ရှင်းပြနေလေသည်။ ထို Movie ထဲ၌ "ကားလမ်း ဘေးဆင်းပြီး သေးပေါက်ရဲတဲ့ကောင် အကောင်ပဲ၊ ဘာကောင်လဲသိလား၊ အတိုအပြတ်ဖြစ် မယ့်ကောင်"ဟု သူတို့ မိုင်းများထောင်ထားသည့်အကြောင်းကို ရှင်းပြနေလေသည်။
    အများပြည်သူသွားလာနေသည့် ကားလမ်းမ၏ ဘေးတစ်ဖက်တစ်ချက် မိုင်းများထောင်ထားသည် ဆိုသည့်အကြောင်းကို ရယ်ကာမောကာပြန်ပြောနေသည့် စိတ်ဓာတ်ကိုလည်း အလွန်ပင်အံ့သြမိသည်။ အများပြည်သူသွားလာသည့်လမ်းကို မိုင်းထောင်ခြင်းသည် တော်လှန်ရေးမည်ပါ၏ဟု စိတ်ထဲတွင်ဖွဖွရေရွတ်ရင်း ကရင်ပြည်နယ်သို့ ခရီးသွားခဲ့စဉ်က အကြောင်းအမှတ်ရမိသည်။ လွန်ခဲ့သည် လေး၊ ငါးနှစ်ခန့်က မိတ်ဆွေသူငယ်ချင်းများနှင့် ကရင်ပြည်နယ်ဘက် အပျော်သဘောခရီးတစ်ခု ထွက်ဖြစ်ခဲ့သည်။ ထိုခရီးတွင် ကျုံထော်ရေတံခွန်ကိုလည်းရောက်ဖြစ်ခဲ့သည်။ ကျုံထော်ရေတံခွန်သို့သွားရာတွင် ကရင်လက်နက်ကိုင်ထဲကတစ်ဦး လိုက်၍ပိုခြင်းကြောင့် ရောက်ဖြစ်ခဲ့သည်။ ထိုလက်နက်ကိုင်ပြောသည့် စကားက "ကားလမ်းဘေးထင်သလို အပေါ့အလေးမသွားနဲ့နော်"ဆိုသည့် သတိပေးစကား ဖြစ်သည်။ သူပြောသည့် သတိပေးစကားထဲတွင် တပ်မတော်က မိုင်းဗုံးထောင်လျှင် မြေပုံမြေညွှန်းနှင့် မိုင်းအရေအတွက် မည်မျှဆိုသည်ကို တိတိကျကျ ထောင်လေ့ရှိသည်ဟုဆိုသည်။ တပ်မတော်က ထိုကဲ့သို့ စနစ်တကျမိုင်းထောင်လေ့ရှိသော်လည်း လက်နက်ကိုင်အများစုသည် ကြုံသလို မိုင်းထောင်လေ့ရှိခြင်းကြောင့် မည်သည့်နေရာတွင် မိုင်းထောင်ထားကြောင်းကို လက်နက်ကိုင်အချင်းချင်းပင် မမှတ်မိသောကြောင့်ဟု ဆိုလေသည်။ တပ်က အေးချမ်းလျှင် ထောင်ထားသည့်မိုင်းများ မြေပုံမြေညွှန်းနှင့် တိတိကျကျပြန် လည်ဖော်ထုတ်ရန်လွယ်ကူသော်လည်း လက်နက်ကိုင်များ ထောင်ထား သည့်မိုင်းများမှာ သူတစ်လူငါတစ်မင်း ထောင်ထားခြင်းကြောင့် မိုင်းအန္တရာယ် အလွန်ကြီးမားသည်။ လိုက်ပို့သည့် လက်နက်ကိုင်တစ်ယောက်ကသူ၏အတွေ့အကြုံကို ရှင်းပြလေသည်။ လက်ရှိ မအေးချမ်းသေးသော်လည်း တစ်ချိန် အေးချမ်းသည့်ကာလသို့ ရောက်လျှင် မြေမြှုပ်မိုင်းအန္တရာယ်ကို ဒီတိုင်းပြည်က ပြည်သူများပင် ရင်ဆိုင်ရဦးမည်ဆိုသည့်အသိဖြင့် ရှေ့ရေးတွေးလျှင်လည်း ရင်လေးစရာဟုသာ ဆိုရမည်ဖြစ်သည်။


ဂျင်းကြိုက်ကြသူများ
    လက်ထဲငွေမရှိဘဲ သူများဖဲရိုက်နေသည့်ဖဲဝိုင်းကို မျှော်ငေးလျှင် ဖဲမီးလှုံသည်ဟု ဆိုကြ မဟုတ်လား။ ယခု ဖဲမီးလှုံခြင်းမဟုတ်။ မစားရအညှော်ခံဟု ဆိုရမလား တန်ဖိုးကြီး လက်ဝတ်ရတနာမှစ၍ အဝတ်အစားများကို အွန်လိုင်းမှ ရောင်းချနေသည်ကို ဖဲမီးလှုံသကဲ့သို့ မစားရ အညှော်ခံ ကြည့်ဖြစ်သည်ဟုပင် ဆိုပါစို့။ ဒီတိုင်းပြည်ကို ဆင်းရဲသည်၊ မွဲသည်ဟုဆိုနေသူများ ထိုအွန်လိုင်းမှဈေး ရောင်းသည့် Movie များကို မကြည့်ဘဲပြောကြသည်ထင်၏။ မှတ်မှတ်ရရ ဟိုးလွန်ခဲ့သည့် နှစ်လ၊ သုံးလခန့်က ရှူးဖိနပ်ရောင်းနေသည်ကို ကြည့်မိလိုက်သည်။ ဖိနပ်တန် ဖိုးက မြန်မာကျပ်ငွေ သိန်း ၃၆၀ ဆိုသဖြင့် ခြေဖျားလက်ဖျားများ အေးစက်သွားသည်ဟုပင် ခံစားရလေသည်။ထိုဖိနပ်ကို သိန်း ၃၆၀ ဖြင့်ရောင်းနေသည်ကို တွေ့မိချိန်တွင် Hijet ကားတစ်စီး သိန်းလေးရာပေးဝယ်သူသည် မမှားဟုပင်တွေးမိပါသည်။ အင်္ကျီအဝတ်အစား ဆိုလျှင်လည်း ကြည့်ပါဦး။ အွန်းလိုင်းကရောင်းနေသည်မှာ သိန်းကြီးပိုင်းအထိ ရှိနေသော်လည်း ဝယ်ယူနေကြသည်ကို တွေ့မြင်နေရသည်။ အမှန်အကန်လား၊ အကြံအဖန်ပေလားရယ်တော့ မပြောတတ်။ လတ်တလော Trend ဖြစ်နေသည့်ကိစ္စက ရတနာပစ္စည်းအတု ပြဿနာပင် ဖြစ်လေသည်။ 
    ငယ်ငယ်က အမေပြောသည့်စကား အမှတ်ရမိ၏။ "ကိုယ်လိုသာ ခရီးမသွားရင်တော့ ခရီး သည်တင်ကားသမားတွေ ငတ်သေကုန်မလားမပြောတတ်"ဆိုသည့် စကားပင်ဖြစ်သည်။ ယခုလည်း ကျွန်တော်တို့ကဲ့သို့ ရတနာပစ္စည်းမဝယ်နိုင်လျှင် ယခုကဲ့သို့ အတုပြဿနာ များဖြစ်မလားဟုလည်း အကောင်းမြင်ဘက်မှ တွေးကြည့် မိသေး၏။ ယခုအသံကျယ်နေသည့်အကြောင်းက 'စိန်အတု' ပြဿနာဖြစ်လေသည်။ စိန်ဆိုသည်ကို တညင်းသီး ဆားရည်စိမ်နှင့် မရမ်းသီးဆားရည်စိမ်လောက်သာသိသည့် ကျွန်တော်တို့အဖို့ လိုက်မမီနိုင်ဟုဆိုရမည်ဖြစ်သည်။ စဉ်းစားကြည့်ပါဦး။ ၁၅ သိန်းတန်ကို ထက်ဝက်မက ငါးသိန်းနှင့် လျှော့ရောင်းလို့ရောင်း၊ ထက်ဝက်ဈေးဖြင့် ရောင်းလို့ရောင်းနေရာ ထိုစိန်ရွှေ ရတနာရောင်းနေသည့်သူကိုပင် သနားစိတ်ဝင်သွားမိသေး၏။ အော် သူ့ခမျာ သူ့ဆိုင်ကဝယ်သူကို စေတနာထားလွန်းရှာပါပေ့ ဟုဆိုကာ သနားမိခြင်းဖြစ်သည်။ ရွှေ ၁၂ ပဲခွဲရည် တစ် ကျပ်သားကျော်နှင့် စိန်ပွင့် ၇၀ ကျော်ပါသည့်လက်ဝတ် ရတနာပစ္စည်းတစ်ခုသည်ပင် ကျပ်သိန်း ၃၀ ဝန်းကျင် ဖြင့်ရောင်း ချပေးသည်ဆိုသဖြင့် အတော်ပင်စေတနာ ကောင်းနေကြပါလားဟုပင် တွေးမိ၏။ ထိုစိန်၏ပြဿ နာအစကို ပြန်ကောက်ရလျှင် အမျိုးသမီးလေးတစ်ဦးက ရတနာပစ္စည်းများကို မက်မက်မောမော ဝယ်ယူစုဆောင်း တတ်သည်ဟု ဆိုလေသည်။ သူမက မြန်မာနိုင်ငံက နာ မည်ကြီး စိန်ဆိုင်ထံမှ စိန်ဝယ်ထားပြီး မဝတ်သည်မှာ ကြာသဖြင့် ဆေးကြောသန့်စင်ခြင်းများ ပြုလုပ်လေသည်။ ထိုသို့ဆေးကြောသန့်စင်ခြင်း ပြုလုပ်သည့်အချိန်တွင် စိန်တစ်ပွင့်က ထွက်ကျသဖြင့် စိန်ပြင်သည့် ဆိုင်ကိုသွားပို့ လေသည်။ စိန်ဆိုင်ကိုပို့သည့်အချိန်ရောက်မှ ထိုစိန်က အတုကြီးဖြစ်ကြောင်း စိန်ဆိုင်က အကြောင်းပြန်လိုက်ရာ  ထိုအမျိုးသမီးငယ်လေးပေါက်ကွဲပြီး နာမည်ကြီးစိန်ဆိုင်ကို နာမည်တပ်၍ ချဲ့လင့်လုပ်လေသည်။ နာမည်ကျော် စိန်ဆိုင်ပိုင်ရှင်ကြီးကလည်း သူ့စိန်က ရာခိုင်နှုန်းပြည့်စစ်မှန်ကြောင်း မီဒီယာကတစ်ဆင့် ရှင်းပြန်သည်။မြန်မာ ပြည်၏ထုံးစံအတိုင်း ပွဲဖြစ်သွားသည်ဟု ဆိုရမည်ဖြစ် သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ မည်သူမှန်သည်၊ မည်သူမှားသည် အကြောင်းမပြောလိုပေ။ အနောက်တိုင်းစကားပုံတစ်ခုဖြစ်သည့် “Too good to be true” ဆိုသည့်စကားကိုသွား၍သတိရမိ၏။ "ကောင်းလွန်းလျှင် အမှန်မဖြစ်နိုင်"ဆိုသကဲ့သို့ ဒီလောက်ကောင်းလျှင် ဂျင်းသာဖြစ်မည်ဟု ကိုယ့်ဟာကိုယ် ထင်မြင်မိလေသည်။ ဂျင်းဆိုသည်မှာလည်း အထည့်ခံမည့်သူများမှ ကောင်းသည်မဟုတ်လား။ ဒီနိုင်ငံက ဂျင်းသိပ်ကြိုက် ကြသည်။ 'တွဲတိုင်းမှာ စက်ခေါင်းပါတယ်'ဟုဆိုကာ နိုင်ငံခြား ထွက်ပြေးသွားသူ၏စကားလည်း ယုံကြရဲ့မဟုတ်လား။ သို့မို့ကြောင့် ဒီနိုင်ငံကလူအများစုသည် ဂျင်း သိပ်ကြိုက်ကြသည်ဟုပြောခြင်းက လွန်မည်မထင်။
( ရွှေထီး)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 300

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42919

© 2022 - 2025 News. All Rights Reserved.