ထူးဆန်းသော သင်္ဘောကြီး

၂၀၂၄ ဖေဖော်ဝါရီ ၈
    တက်စုံဖွင့် ရွက်ကုန်လွှင့်လာသည့် သူခိုးငါးထောင်ပါတဲ့ သင်္ဘောကြီးပေါ်တွင် အနယ်နယ်အရပ်ရပ်မှ သူခိုးများ စုစည်းရောက်ရှိလူပြီး ခြောက်ညအိပ် ခုနစ်ရက် သင်္ဘောကြီးကိုစီးပြီး အပျော်ခရီးနှင် ကြတော့မည် ဖြစ်သည်။ ခေတ်ကြီးကိုကလည်း အမြုတေရှိရာ အမြုတေလာဆိုသလို LGBT တွေကလည်း ဂေးငါးထောင်လောက် တင်ဆောင်ပြီး ကမ္ဘာအနှံ့ကို ရွက်လွှင့်နေသလို သူခိုးတွေကလည်း ငါတို့လည်း အင်အားရှိတာပဲဆိုပြီး သူခိုးငါးထောင်သင်္ဘောဟု အမည်ပေးကာ ကမ္ဘာအနှံ့က သူခိုးတွေကို တင်ဆောင်ကာ နိုင်ငံတကာ ရေပိုင်နက်အတိုင်း မောင်းနှင်လာခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံ ပေါ့ထ်လန်းဆိပ်ကမ်းမှ ထွက်ခွာလာသည့် အဆိုပါ သင်္ဘောကြီးပေါ်တွင် မြန်မာနိုင်ငံကသူခိုး၊ ထိုင်းနိုင်ငံ က သူခိုးတို့လို အရှေ့တောင်အာရှက သူခိုးတွေပါလာသလို၊ သြဇီတို့လို၊ အမေရိကားတို့လို ကမ္ဘာ့နိုင်ငံကြီးတွေက သူခိုးတွေကလည်း ပါဝင်လာခဲ့တာကြောင့် သူခိုးသင်္ဘောကြီးက ယုတ်လတ်မြတ်မရွေး သူခိုးများဖြင့် စည်ကားနေခြင်းဖြစ်သည်။
    သင်္ဘောကြီးစတင်ထွက်ခွာချိန် သူခိုးများ အချင်းချင်း ဖက်လဲတကင်းနှုတ်ဆက်ကြပြီး သက်ဆိုင်ရာ သူခိုးများ အဆင့်အတန်းအလိုက် တည်းခိုရာအခန်းများဆီသို့ သင်္ဘောတာဝန်ရှိသူများက လိုက်ပါပို့ဆောင်ကြသည်။ သူခိုးချင်းတူသော်လည်း သာမန်ခိုးယူသူများက သင်္ဘောကုန်းပတ်နှင့် တစ်ညီတည်းရှိသော မြေညီထပ် နေရာ၊ ထိုထက်ပိုအဆင့်မြင့်သော သူဌေးသူကြွယ်များထံမှ ငွေကြေးဥစ္စာခိုးယူသော သူခိုးများက ဒုတိယထပ်၊ ကမ္ဘာ့နာမည်ကြီးသူဌေး၊ သရုပ်ဆောင်များ၏ သားသမီးများ၊ မွေးမြူထားသော တိရစ္ဆာန်များကို ခိုးယူကာ ငွေကြေးတောင်းယူတတ်သော သူခိုးများက တတိယထပ်၊ ကမ္ဘာကျော်ပန်းချီကားများ၊ စိန်များ၊ တန်ဖိုးကြီးရတနာ များကို ခိုးယူတတ်သော နာမည်ကြီး သူခိုးကြီးများက စတုတ္ထထပ်တွင် နေရာယူကြပြီး သင်္ဘောကြီး၏ အမြင့်ဆုံးနေရာ တွင် မည်သည့်ခိုးယူမှုကို ပြုသည်ဟု အတိအလင်းထုတ်ဖော်ပြောဆိုခြင်းမရှိသည့် သူခိုးတစ်စုကနေရာ ယူထားသည်။ ထိုကြောင့် သင်္ဘောကြီး၏ အဆင့်အတန်း အမြင့်ဆုံးနေရာက သူခိုးလူတစ်စုကို သူခိုးအများစုကစိတ်ဝင်စားကြလေတော့သည်။
    သူခိုးအချင်းချင်းအတူတူ သူခိုးအဆင့်အတန်းခွဲကာ အမြင့်ဆုံးအထပ်တွင် နေကြသည်ဟုဆိုကာ ကမ္ဘာကျော် သူခိုးကြီးများက မကျေမနပ် ဖြစ်ကြသလို၊တချို့သူခိုးများကလည်း ၎င်းင်းတို့ လေးစားရသော ကမ္ဘာကျော် သူခိုးကြီးများထက် အဆင့်မြင့်လာသော သူခိုးကြီး များရှိနေကြောင်း မျက်ဝါး ထင်ထင်တွေ့မြင်ရသဖြင့် အံ့သြဘနန်းဖြစ်နေကြသည်။ သူခိုးအချင်းချင်းတွေ နှုတ်ဆက်ကြ၊ ဘယ်သူကတော့ ဘယ်နိုင်ငံမှာ ဘာခိုးခဲ့တာ၊ ထောင်ဘယ်လောက်ကျဖူးတယ်စသည့် စကားတို့က သူခိုးများ၏ အဆင့်အတန်းကို ဖော်ပြပေးနေကြခြင်းဖြစ်သည်။ ကမ္ဘာကျော်သူခိုးကြီးတွေက သင်္ဘောပေါ်မှာမျက် နှာအပွင့်ဆုံးဟု ဆိုရမည်ဖြစ်သည်။ ကမ္ဘာကျော်သူခိုးကြီးများထံ အဆင့်အတန်းနိမ့် သူခိုးများက ချဉ်းကပ်ကာ ကမ္ဘာကျော်သူခိုးဇာတ်လမ်းများကို တစိမ့်စိမ့် နားထောင့် ကြလေသည်။ ထိုထဲတွင် ကမ္ဘာကျော် ခွေးသူခိုးများ၊ ကမ္ဘာကျော် ပန်းချီကားခိုးယူသူများက သူခိုးများကြား အထင်ရှားဆုံး ဖြစ်သည်။
    မြန်မာဝေါဟာရ စကားတွင် ခွေးသူခိုးဆိုသည်မှာ အလွန်တရာ အောက်တန်းကျလှသော်လည်း ကမ္ဘ ကျော်ခွေးသူခိုးကြီး ဂျိမ်းစ်ဟောင်းဝါ့ဒ် ဂျက်ဆင်ကတော့ သင်္ဘောပေါ်တွင် မျက်နှာပွင့်လှသည်။ အဆိုတော်လေဒီဂါဂါ၏ ခွေးထိန်းကို သေနတ်ဖြင့် ပစ်ခတ်ပြီး ခွေးများ ခိုးယူသွားခဲ့သည့် ခွေးသူခိုးဂျိမ်းစ် ဟောင်းဝါ့ဒ်ဂျက်ဆင်က သူခိုးများက သူ၏ ခွေးခိုးယူမှုဇာတ်လမ်းကို သူခိုးပါတီတွင် ဖောက်သည်ချကာ သူခိုးအားလုံး၏ အထင်ကြီးမှုကို ရယူကြလေတော့သည်။
    ဂျက်ဆင်က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်တွင် လေဒီဂါဂါ၏ တန်ဖိုးကြီးပြင်သစ် ခွေးဘီလူးများကို ပြန်ပေးဆွဲရန် ခွေးကျောင်းထွက်သူ ရိုင်ယန်ဖစ္စချာကို ပစ္စတိုသေနတ်ဖြင့်ပစ်ခတ်ပြီး ကိုဂျီနှင့်ဂူစတပ်ဗ်ဆိုသည့် ခွေးနှစ်ကောင်ကို ခိုးယူသည့်အတွက် လေဒီဂါဂါကိုယ်တိုင် အခိုးခံလိုက်ရသည့် ခွေးနှစ်ကောင်ကို ပြန်ရရေးအတွက် အမေရိကန်ဒေါ်လာငါးသိန်း ဆုတော်ငွေ ထုတ်ခဲ့ကြောင်းကို ဂုဏ်ယူစွာပြောပြလေရာ သူခိုးအားလုံး လက်ခုပ်လက်ဝါးတီး အားပေးသော်လည်း သင်္ဘောကြီး၏ အမြင့်ဆုံးထပ်က အမည်မသိ သူခိုးတစ်စုကတော့ ဒေါ်လာငါးသိန်းရဖို့ ခွေးခိုးရတယ်ဟုဆိုကာ အပြင်းပြေ နားထောင်ဖွယ်ရာ ပုံပြင်တစ်ပုဒ်လို သဘောထားပြီး ပြုံးရုံလေးပြုံးကြလေသည်။
    နောက်ထပ် သူခိုးများအကြား အထင်ကြီး လေးစားမှုရသည့် သူခိုးကတော့ ကမ္ဘာကျော် မိုနာလီဆာပန်းချီကားကို ခိုးယူသူဖြစ်လေသည်။ ပြင်သစ်နိုင်ငံ လုဗ့်ပြတိုက်ထဲက ကမ္ဘာကျော် မိုနာလီဇာပန်း ချီကားကို ခိုးယူခဲ့ပြီး  တစ်နှစ်ကျော်သည်အထိ ဘယ်လိုမှရှာမရသည့်အခါမှ ရဲတွေကလည်း လက်လျှော့၊ ပါရီသားတွေက လမ်းပေါ်ထွက်ပြီး ငိုကြယိုကြ ခိုးသွားတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ပန်းချီကားကို ပြန်လာပေးကြပါဆိုပြီး ဝိုင်းဝန်းတောင်းဆိုကြ၊ ဂျာနယ်တွေဘာတွေမှာ ဆောင်းပါးတွေ၊ ဘာတွေ ထည့်ရေးလို့ရေးနဲ့ အမျိုးမျိုး မျက်ရည်ခံထိုးပြီး ပြန် တောင်းကြရသည်အထိ ပိရိလှသော သူခိုးဖြစ်သည်။
    သူကတော့ မိုနာလီဆာ ပန်းချီကားကို အောက်လမ်းကနေ လက်သိပ်ထိုးရောင်းဖို့ ခိုးတာမဟုတ်ဘဲ ခိုးယူပြီး ကမ္ဘာအနှံ့က ပုံတူဆွဲတတ်သူများထဲက အတော်ဆုံးလူကိုရှာက ကြေးကြီးပေးပြီး ပုံတူပန်းချီ သုံးကားဆွဲကာ နှစ်အတော်ကြာ အချိန်ယူပြီး ဟောင်းနွမ်းမှ သူဌေးသုံးဦးထံ ခိုးယူခံရသည့် မိုနာလီဆာ ပန်းချီကား အစစ်ဟုဆိုကာ တစ်ကားကိုဒေါ်လာ ငါးသန်းနဲ့ ဂျင်းထည့်ရောင်းခဲ့တာဖြစ်သည်။ မိုနာလီဆာ ပန်းချီကား အစစ်ကို အီတလီနိုင်ငံ ဖလောရင့်ဖ်ဟိုတယ်ရှိ အခန်းတစ်ခန်းတွင်းရှိ ခရီးဆောင်သေတ္တာတစ်လုံးထဲထည့်ကာ ရဲများကို ဖုန်းဆက်အကြောင်းကြားခဲ့ကာ ဒေါ်လာ ၁၅ သန်းပိုက်ခဲ့ရပုံက သူခိုးငါးထောင်ပါ သင်္ဘောကြီးပေါ်တွင် အထင်ကြီးစရာ သူခိုးကြီးအဖြစ်ရှိနေသည်။ ကမ္ဘာကျော် သူခိုးကြီးများကို ကျန်သူခိုးများက လက်ခုပ်လက်ဝါးတီး အားပေးကြသော်လည်း သင်္ဘောကြီး၏ အမြင့်ဆုံးထပ်က အမည်မသိ သူခိုးတစ်သိုက်ကတော့ ဒေါ်လာ ၁၅ သန်းရဖို့ ခက်ခဲလိုက်တာဟုဆိုကာ ပြုံးရုံလေးပြုံးပြလေပြန် သည်။
    သူခိုးငါးထောင်ပါသော သင်္ဘောကြီး ခရီးနှင်လာသည်မှာ သုံးရက်မြောက်အရောက် ခရီးတစ်ဝက် ရောက်ချိန်တွင် သူခိုးအားလုံးက အမြင့်ဆုံးထပ်က သူခိုးကြီးတွေအပေါ် တီးတိုးဝေဖန်လာကြသည်။ သူခိုးအချင်းချင်း အဆင့်အတန်းခွဲတာ ဘာသဘောလဲ၊ ဒီသူခိုးတွေက ဘယ်လောက် အဆင့်အတန်းမျိုးလည်း ခုထွက်ရှင်းပြပါ၊ ခင်ဗျားတို့ ခေါင်းဆောင်က ဘယ်သူလဲဆိုတာမျိုးတွေ ဖြစ်လာကြတော့သည်။ ဒီတော့မှ အမြင့်ဆုံးထပ်က သူခိုးတစ်သိုက်၏ ခေါင်းဆောင်ဖြစ်သူ သူခိုးမ တစ်ဦး ထွက်လာကာ ပြုံးရုံလေးပြုံးပြပြီး သူခိုးငါးထောင်ကို စကားစပြောလေတော့သည်။ သူခိုးအဆင့်အတန်းခွဲခြားတာဟာ သူခိုးအာဏာရှင်စနစ်ဖြစ်ကြောင်း၊ ဒါကြောင့် သူခိုး အာဏာရှင်စနစ်ကို ဆန့်ကျင်ရမှာဖြစ်ကြောင်း၊ လမ်းချင်းတူရင် သူခိုးချင်းဆုံမှာဖြစ်ကြောင်း ရှင်းပြပြီး သူခိုးအဆင့်အတန်း ခွဲခြားမှုကို ရပ်တန့်ကြပြီး သူခိုးဖက် ဒရယ်စနစ်ကို ထူထောင်ရမယ်ဆိုပြီး ပြောလေရာ သူခိုးအားလုံး လက်ခုပ်လက်ဝါးတီးပြီး သူခိုးတော်လှန်ရေးကြီး ဆင်နွှဲကြရမယ်၊ သူခိုးတွေမှာ သူခိုးတွေပဲရှိတယ်တွေ၊ ဘာတွေ ဖြစ်ကုန်ကြသည်။
    ဒီတော့မှ သူခိုးမကြီးက တော်လှန်ရေးတစ်ရပ်လုပ်တာ ရိုးရိုးလုပ်လို့မရဘူး။ ခုငါတို့စီးတဲ့ သင်္ဘောကြီးဟာ ငါတို့ အပိုင်မဟုတ်တဲ့အတွက် ငါတို့ကို အဆင့်အတန်းခွဲခြားတာဖြစ်တယ်။ ဒါကြောင့် တော်လှန်ရေးအတွက် ထည့်ဝင်ငွေလိုတယ်ဟုဆိုကာ ကမ္ဘာအနှံ့က သူခိုး တွေဆီကနေ သူခိုး Revolution အလှူငွေတွေ စတင်ကောက်ခံလေတော့သည်။ သူခိုးငါးထောင်ကလည်း သူခိုးလွတ်မြောက်ရေး၊ သူခိုးတော်လှန်ရေး အောင်မြင်စေဖို့ အရေးတော်ပုံအောင်ရမယ်ဆိုပြီး ရှိသမျှငွေတွေကို သူခိုး Revolution အတွက်လှူကာ သူခိုးမှလွဲ၍ အုပ်ချုပ်ခွင့်မရစေရဆိုပြီး သူခိုးလူတန်းစားတစ်ရပ် ထူထောင်ရေး အိပ်မက်ကြီးကို စတင်အကောင်အထည် ဖော်ကြလေတော့သည်။ ဒီလိုနှင့် သင်္ဘောကြီးဆိပ်ကမ်းသို့ ပြန်လည် ကပ်မည့်နေ့သို့ ရောက်ရှိလာတော့သည်။ အာရုံတက်ချိန် တွင် သင်္ဘောကြီးဆိပ်ကမ်း သို့ကပ်ရာ သူခိုးအားလုံးရုတ် ရုတ်သဲသဲ ဖြစ်ကုန်ကြလေသည်။ အကြောင်းက ခရီးစဉ်၏ အစနှင့်အဆုံးမှာ ဗြိတိန်နိုင်ငံ ပေါ့ထ်လန်းဆိပ်ကမ်းတွင် ဆိုက်ကပ်ရမည်ဖြစ်သော်လည်း ယခုအခါ အမေရိကန်နိုင်ငံ ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ကပ်နေခြင်းကြောင့် ဖြစ်သည်။
    တချို့သူခိုးတွေကလည်း အမေရိကန်နိုင်ငံက ဖမ်းဝရမ်း ထုတ်ထားသော သူခိုးများဖြစ်တာကြောင့် မျက်စိသူငယ် နားသူငယ် ဖြစ်ကုန်ကြသည်။ ဒါက ဘယ်လိုဖြစ်တာလည်း ခရီးစဉ်မှာမပါတဲ့ အမေရိကားကို ဘယ်လိုရောက်လာတာလည်း ငါတို့ကို ထောင်ထဲထည့်တာလားဆိုပြီး အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြသည်။ ဒီတော့မှ သူခိုး Revolution ဦးဆောင်သော သူခိုးမကြီးက ထွက်လာပြီး ငါတို့ တော်လှန်ရေးကြီးအတွက် အခြေချဖို့ နိုင်ငံရောက်ပြီ ဆင်းကြစို့ဆိုတော့ တချို့ သူခိုးတွေက FBI က ဖမ်းမှာပေါ့၊ ငါတို့ကို အမေရိကား CIA က အလိုရှိနေတာ ငါတို့ကို အဖမ်းခံရအောင် လုပ်တာလား၊ ငါတို့ကို မူလဆိပ်ကမ်းပြန်ပို့ပေးတော့ဆိုပြီး တောင်းဆိုကြလေတော့သည်။ ဒီတော့မှ သူခိုးမကြီးက မင်းတို့ သူခိုးတွေအနေနဲ့ သူခိုးတော်လှန်ရေးကာလမှာ မကျေနပ်ရင် တော်လှန်ရေးသစ္စာဖောက်အဖြစ် သတ်မှတ်ပြီး ကမ်းမကပ်ခင် ဆင်းသွားကြဆိုတော့ သူခိုးတွေက ငါတို့သင်္ဘောကို အခကြေးငွေပေးပြီး စီးလာတာ ဗြိတိန်ဆိပ်ကမ်းအရောက်ပြန်ပို့ပေး လူလည်မကျနဲ့ဆိုပြီး ပြဿနာတွေ တက်ကုန်ကြတော့ သည်။ ငါတို့ သူခိုးတော် လှန်ရေးအတွက် လှူထားတဲ့ငွေတွေပြန်ပေး၊ တော်လှန် ရေးရန်ပုံငွေတွေ ဘယ်မှာလဲဆိုပြီး အခြေအနေတွေ တင်းမာကုန်သည်။ တော်လှန်ရေးခေါင်းဆောင် သူခိုးမကြီးက ပြုံးရုံလေးပြုံးပြပြီး  သင်္ဘောကြီးကို လက်ညှိုးထိုးပြ ကာ "မင်းတို့မသိခင် သင်္ဘောကြီးကို ငါဝယ်လိုက်ပြီ မကျေနပ်ရင် ရေထဲသာ ခုန်ချသွား။ မခုန်ချရင် အမေရိ ကားက ရဲတွေလာဖမ်းတော့မယ်"ဟု ဆိုလေရာ ကမ္ဘာကျော်သူခိုးတွေရော၊ တေလေကြမ်းပိုးသူခိုးတွေရော ရေထဲတဝုန်းဝုန်းခုန်ဆင်းကာ လက်ပစ်ကူး ကြပြီး ရေလှိုင်းများအကြား သင်္ဘောကြီးကို ငဲ့ကြည့်ကြရာ သင်္ဘောဦးပိုင်းတွင် ]]MV PENCILO}}ဟူသော သင်္ဘောနာမည်ကြီးကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရတော့သည်။ (ထူးမြတ်)

(TREND News ဂျာနယ် အတွဲ(၃)၊ အမှတ်( ၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 382

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42919

© 2022 - 2025 News. All Rights Reserved.