ထူးမြတ် အရူးကွက် နင်းနေသည်

၂၀၂၃ ဒီဇင်ဘာ ၁

မြန်မာသက္ကရာဇ် ၇၂၆ ခုနှစ်
    နီပေါဏသီပြည်ကြီးကို တည်ထောင်သော ဘုရင်ကြီး ''သူခိုးမင်းဖျား" ဒေါသက ငယ်ထိပ်ရောက် နေလေသည်။ အကြောင်းမူကား မင်းဘဏ္ဍာတိုက် ယနေ့အခေါ် ဘဏ်ကငွေတွေ စာရင်းမရှိ၊ အင်းမရှိ ပျောက်နေတာကြောင့် ဖြစ်သည်။ "သူခိုးမင်းဖျား"ကိုယ်တိုင် နီပေါဏသီ ပြည်ကြီးကို နွေဦးရာသီမှာ တည် ထောင်ပြီး သူပိုင်ဆိုင်သည့် ဘဏ္ဍာတိုက်ကို နွေဦးဘဏ်ဆိုပြီး အမည်ပေးချင်တာကြောင့် ပါဠိလို ဂိမာန်ဘဏ္ဍာ တိုက်ဟု အမည်ပေးထားပြီး ပြည်သူတွေ မပေးချင်ချင်၊ ပေးချင်ချင်ဖြင့် ဆက်သသော ဘဏ္ဍာငွေတွေကို စု ဆောင်းထားတာ ဖြစ်သည်။ ဒီလို မင်းဘဏ္ဍာထဲက ငွေတွေပျောက်တော့ သူခိုးမင်းဖျား ရွှေစိတ်တော်ညှိုးပြီး မိမိကိုယ်တိုင် ဘဏ္ဍာစိုးခန့်ထားသော သူခိုးကြီးငတက် ပန်ကို တိတ်တဆိတ်ခေါ်ယူ မေးမြန်းရလေသည်။
    နန်းရင်ပြင်ညီလာခံမှာ မူးကြီးမတ်ရာ အစုံအလင်ဖြင့် ဂိမာန်ဘဏ္ဍာတိုက်က ငွေစတွေပျောက်ဆုံး သည့် အကြောင်းမေး၍ ရနိုင်သော်လည်း သူခိုးမင်းဖျား ကိုယ်တိုင်က ငတက်ပန်နဲ့ နှစ်ကိုယ်ကြားလူသိမခံရဲသော ကိစ္စရပ်တွေရှိတာကြောင့် တိတ်တဆိတ် မေးမြန်းရတာ ဖြစ်သည်။ ငတက်ပန်ဆိုတာကလည်း မြန်မာရာဇဝင်ထဲက သူခိုးကြီး ငတက်ပြားလို သူခိုးမျိုးဖြစ်သည်။ "ငတက်ပန်"ဆိုသည့် သူခိုးကြီးကလည်း နှယ်နှယ်ရရ သူခိုးတော့ မဟုတ်ချေ။ ရာဇဝင်ထဲ ငတက်ပြားကတော့ ဟုတ်သည်၊ မဟုတ်သည်အပထား သူခိုးကို လူကောင်းဖြစ်အောင်ရေး တတ်သည့် သမိုင်းဆရာတွေကြောင့် သူဌေးသူ<ကယ်တွေ ဆီကခိုးယူပြီး ဆင်းရဲသားပြည်သူတွေ ဝေငှသည်ဟုဆိုကြ သည်။ မည်သို့ပင်ဆိုစေ သူခိုးက သူခိုးပင်ဖြစ်သည်။ငတက်ပန်ကတော့ "ငတက်ပြား"လို ဉာဏ်ရည်တုံးသည့် သူခိုးမဟုတ်ဘဲ Óဏ်ရည်မြင့်သူခိုးဖြစ်သည်။ ခိုးလို့ခိုး မှန်းမသိဘဲ လက်သည်မပေါ်အောင် ခိုးနိုင်တာကြောင့် ဖြစ်သည်။
    သူခိုးကို ဘဏ္ဍာစိုးခန့်ထားတာကလည်း သူ့ အကြောင်းနဲ့ သူရှိသည်။ ငတက်ပန်ခိုးသည့် သတင်းက နီပေါဏသီတိုင်းပြည်ကြီးမှာ သတင်းမွှေးနေချိန်က သူခိုး မင်းဖျားကိုယ်တိုင် ငတက်ပန်ကိုဖမ်းဖို့ ညအချိန် ငတက်ပန် လာရာလမ်းမှာ စောင့်ဖမ်းဖူးသည်။ ညတစ်ည ငတက်ပန်လာရာလမ်းမှာ နီပေါဏသီမင်းကြီး သူခိုးမင်း ဖျားက ရုပ်ဖျက်ကာ စောင့်ဆိုင်းနေပြီး ဆုံတွေ့ချိန်တွင် မိမိမှာ သူခိုးတစ်ယောက်ဖြစ်ကြောင်း ဆရာကြီးငတက် ပန်ထံတွင် တပည့်ခံလို၍ စောင့်နေခြင်းဖြစ်ကြောင်း ဆိုလေသော် တပည့်အဖြစ် လက်ခံကာ ခိုးယူသည့်နေရာ များကို သွားကြလေ၏။ အတားအဆီး၊ ခြံစည်းရိုးစသည် တို့ကို ငတက်ပန်ခုန်လျှင် သူခိုးမင်းဖျားလည်း လိုက်ခုန်၏။ ငတက်ပန်ပြေးလျှင်လည်း ထပ်ကြပ်မကွာ လိုက်ပြေးနိုင်၏။ သူ့အရည်အချင်းကို မီသူဖြစ်၍ ငတက်ပန် သဘောကျသွားသည်။ ခိုးတဲ့နေရာမှာတော့ မင်းအရည် အချင်းက မသေးဘူးဘဲဟု ငတက်ပန်က ချီးမွမ်းလေ သည်။ သူခိုးမင်းဖျားကလည်း ငတက်ပန်ချီးကျူးတာကို ဂုဏ်ယူသွားသလို၊ ငတက်ပန်ကလည်း ခိုးတဲ့နေရာမှာ မှော်အောင်ထားသလို ကာယကံရှင်တွေက လိုလိုလား လားပေးချင်လာအောင် ခိုးတတ်တာမို့ သူခိုးမင်းဖျားကိုယ်တိုင် သဘောကျနှစ်ခြိုက်တော်မူပြီး သူပိုင်ဆိုင်ရာ ဂိမာန်နွေဦး ဘဏ္ဍာတိုက်ကြီးကို ဘဏ္ဍာစိုးခန့်ရာမှ မြန်မာစကားပုံ ဖြစ်သည့် "သူခိုးကို ဘဏ္ဍာစိုးခန့်တယ်"ဆိုသည့်စကားပုံ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
    အခုလည်း ဘဏ္ဍာတိုက်က ငွေစအချို့ပျောက်နေသည့် ကိစ္စကို နှစ်ကိုယ်ကြား မေးရသည်ကလည်း အရင်က တူတူခိုးဖူးတာ လူသိမခံရဲတာကြောင့်ဖြစ်သည်။ "ငတက်ပန် ဒီကိစ္စ ဘယ်လိုရှင်းကြမလဲ ငါ့ကိုယုံလို့ ပြည် သူတွေက ဂိမာန်ဘဏ္ဍာတိုက်မှာ ငွေတွေစုကြတယ်။ ခုတော့ ဘဏ္ဍာငွေတွေထဲက ပိုက်ဆံတွေကို ကြားက တစ်ယောက်ယောက်က ဖြတ်ယူသွားတယ်ဆိုတော့ မင်းမခိုးရင် ဘယ်သူခိုးမှာလည်း"ဟု တိတ်တဆိတ်မေးတော့သည်။ ထိုအခါ ငတက်ပန်က "သူခိုးမင်းဖျားမင်း နီပေါဏသီပြည့်ရှင် ဘုရင်မှန်း ငါမသိခင်ကတည်းက မင်းက  ငါ့နောက်လိုက် သူခိုးလုပ်ခဲ့တာနော်။ ငါမခိုးရင် မင်းပဲခိုးမှာပေါ့"ဟု တုံ့ပြန်လေသည်။ ထိုအခါ သူခိုးမင်းဖျား ဒေါသထွက်လာပြီး ငယ်ကျိုးငယ်နာများ ဖော်လေတော့သည်။ "ဒီမှာ ငတက်ပန် ဟိုတလောတုန်းကလည်း အများပြည်သူဆီက အခွန်အတုတ် ကောက်ခံသလိုလို၊ အလှူခံသလိုလိုနဲ့ ရန်သူတပ်တွေလာရင် ပစ်ဖို့အမြောက် ကြီးဝယ်မယ်ဆိုပြီး ယူသွားတဲ့ ပိုက်ဆံတွေရော"ဟု မေးလေရာ ငတက်ပန်က "သူခိုးမင်းဖျား မင်းစာရင်းစစ်နေ တာလား မင်းနဲ့ငါ တူတူခိုးခဲ့တာတွေ အားလုံးသိအောင် ကြေညာမောင်းခတ်လိုက်ရမလား"ဟု ပြောလေရာ သူခိုးအချင်းချင်း ခြေမြင်ဆိုသလို သူခိုးမင်းဖျားလည်း အသာ နှုတ်ဆိတ်သွားလေတော့သည်။
    အခု အရေးကိစ္စကတော့ ကြီးမားလေသည်။ ဂိမာန်ဘဏ္ဍာတိုက်က ငွေကြေးအထုတ်အသွင်းကို ဘဏ္ဍာစိုး ငတက်ပန်နဲ့ နီပေါဏသီ ပြည့်ရှင်ဘုရင် သူခိုး မင်းဖျားတို့သာ ကိုင်တွယ်ပြီး ပြည်သူပြည်သားတို့ ယုံ ကြည်ကာ လာရောက်အပ်နှံသော ကျောက်သံပတ္တမြား ငွေတိုရွှေစတို့က ပျောက်ချင်းမလှ ပျောက်နေသည်ကို သူခိုးမင်းဖျားတစ်ယောက် ဖြေရှင်းရခက်နေသည်။ "ဒီမှာ ငတက်ပန် နီပေါဏသီပြည်ရဲ့ ဘဏ္ဍာတိုက်ရဲ့ သော့ပက် စဝေါ့ကို မင်းနဲ့ငါပဲသိတာ မင်းမခိုးရင် ငါခိုးတာလို့ပဲထင် ကြမှာပေါ့ကွာ။ ငါ့မှာတော့ ငတက်ပန်ဆိုတာ သူဌေး သူကြွယ်တွေဆီကနေ လည်ပင်းညှစ်ငွေတွေယူပြီးရင် ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကို ပြန်လည်ဝေငှပေး တယ်ဆိုပြီး အထင်တွေကြီးလိုက်ရတာ အထင်ကြီးပြီး ဘဏ္ဍာစိုးခန့်မိတာမှားတာပဲ"ဟု သူခိုးမင်းဖျား ညည်းတွားလေရာ ငတက်ပန်က "သူခိုးမင်းဖျား မင်းတော်တော် ဉာဏ်နည်းတာပဲ ဒါကြောင့်လည်း ဘုရင်သာလုပ်နေပြီး သူခိုးရှာကျွေးတာ စားသောက်နေရတာကိုး။ ဒါတောင် မင်းကိုယုံကြည်တဲ့ နီပေါဏသီပြည်သူတွေရှိနေလို့ လမ်း ဘေးမှာ ငါးကြော်ရောင်းတဲ့ ငါးကြော်သည်ဘဝမရောက် တာ ကံကောင်းတယ်။ ဒီမှာ သူခိုးမင်းဖျား ရာဇဝင်ထဲက ပေါက်ကရ ငတက်ပြားအကြောင်းတွေဖတ်ပြီး ဖီးလ် တက်မနေနဲ့ကွ  သူခိုးပါဆို ကိုယ်ရတာကိုယ်ယူချင်လို့ ခိုးတယ်။ ပြီးတော့ မရှိတဲ့လူ ဝေငှပေးရအောင် ငါက ငတက်ပြားလိုအရူးမှ မဟုတ်တာ။ ငါ့ပညာနဲ့ငါ လူတွေ မပေးပေးချင်အောင်၊ သူများအိတ်ထောင်ထဲက ငွေစ တွေ ငါ့ဆီရောက်အောင် ဉာဏ်နဉာဏ်နက် သုံးပြီးတော့ တောင်းရမ်းခိုးယူထားရတာ ဘယ်သူ့ကို အလကားပြန် ပေးရမှာလဲ၊ ပေးလည်း ငွေစတစ်ထောင်လောက်ရမှ ငါးမူး တစ်မတ်၊ လက်ဖက်တစ်ရိုး ကွမ်းတစ်ရာဖိုးလောက် ပေးပြီး စေတနာရှင်ကြီး လုပ်ပြရတာပေါ့။ မပိန်းစမ်းပါနဲ့ သူခိုးမင်းဖျားရယ်"ဟု ပြန်လည် ခွန်းတုံ့ပြန်လေသည်။
သူခိုးမင်းဖျားတစ်ယောက် ဘုရင်သာလုပ်နေတာ ဉာဏ်နည်းတာကြောင့် ဘဏ္ဍာစိုးခန့်ထားသော သူခိုးရှာဖွေ ကျွေးမွေးတာကို စားသောက်နေရရှာသည်။ ဘဏ္ဍာစိုး သူခိုးကလည်း သူခိုးမင်းဖျားကို ထောက်ခံသူ နီပေါဏသီ ပြည်သူပြည်သားတွေအကြိုက် ပြောဆိုကာ အလှူခံသလို၊ ဓားပြတိုက်သလိုလို၊ ခိုးသလိုလိုလုပ်ပြီး ရှာဖွေကျွေးလာတာက ဘုရင့်နန်းသက်တစ်လျှောက်လုံးဆိုတော့ ငတက် ပန်ပြောသမျှ ခံနေရသည်။ သို့သော် စိတ်ထဲမှာတော့ ဘဝင်မတွေ့လှချေ။ "ဒါနဲ့နေပါဦး ငတက်ပန်ရဲ့ ဟိုပရောဂျက်၊ ဒီပရောဂျက်တွေနဲ့ ပြည်သူတွေဆီက လည် ပင်းညှစ်ထားတဲ့ ဘဏ္ဍာတွေ စာရင်းအင်းမရှင်းတာက အသာထား၊ ငါလို ဘုရင်တောင် လမ်းဘေးနေလမ်းဘေး စားနေရတာ မင်းလိုသူခိုးက နီပေါဏသီပြည်မှာ ကုန် စည်ကူသန်းဖို့ ပွဲရုံတွေ၊ ဘာတွေထောင်ပြီး ကြီးပွား တာကတော့ ငါဘုရင် အမျက်တော်ရှတယ်ကွာ"ဟု မိန့်လေရာ ငတက်ပန် ခနဲ့ပြုံးလေးပြုံးပြီး "ဒီမှာ သူခိုးမင်းဖျား မင်းဟာမင်း ဘုရင်ပဲဖြစ်ဖြစ်၊ ဘာကောင်ကြီးပဲဖြစ်ဖြစ် ခိုးနည်းခိုးဟန်တွေကို လေ့လာဖို့ ငါ့ဆီမှာတပည့်ခံဖူး တယ်ဆိုတာမမေ့နဲ့။ အခုငါ့ကိုယ်ပိုင် ကုန်စည်ကူးသန်း ရောင်းဝယ်ဖို့ ပွဲရုံတွေထောင်တာ မင်းကို ပြည်သူတွေ ဆက်သတဲ့ ငွေတွေနဲ့ထောင်ထားပါတယ်ဆိုတဲ့ သက် သေမပြနိုင်မချင်း ငါနိုင်တယ် သူခိုးမင်းဖျား"ဟု ဆိုလေ ရာ သူခိုးမင်းဖျားတစ်ယောက် သန်လျက်ကို ကျစ်ကျစ်ပါ အောင်ဆုတ်ရင် "တောက် ငါကိုယ်က သူခိုးရွှေရတပြပြ လုပ်မိပြီး သူခိုးကို ဘဏ္ဍာစိုးခန့်မိတာ အခုတော့ သူခိုး လက်က သူဝှက်လုတာ ခံလိုက်ရပြီ"ဟု မတိုးမကျယ် မြည်တွန်တောက်တီးလေသည်။
    ထိုအခါ ငတက်ပန်က "သူခိုမင်းဖျားရယ် သန်လျက်ကြီး တကိုင်ကိုင်နဲ့ ရာဇမာန်တွေ ဇွတ်တက်ပြ မနေနဲ့ မင်းကိုယ်မင်း သူခိုးတပည့်ဆိုတာလည်း မှတ်ထားဦး"ဟုဆိုလေရာ သူခိုးမင်းဖျားတစ်ယောက် ကြက် သေသေပြီး "ကဲ ဒါဆို ငါရဲ့ဂိမာန်ဘဏ္ဍာတိုက်က ငွေတွေ ဘဏ္ဍာတိုက်ထဲမရောက်ခင် ပျောက်နေတဲ့ကိစ္စ နီပေါဏသီပြည်သူတွေကို ဘယ်လိုရှင်းပြရမလဲ။ ဘဏ္ဍာ တိုက် သော့ပက်စဝေါ့က မင်းနဲ့ငါပဲသိတာလေ။ မင်းရော၊ ငါရော မခိုးဘူးဆိုတာ ဘယ်လိုရှင်းကြမလဲ"ဟု ဆိုလေသည်။ "သူခိုးမင်းဖျားရယ် ရှင်ဘုရင် ဘယ်နှပတ်ပတ် ဘယ်သူမျှ မပြောရဲဘူး။ ခုလည်း မင်းလက်အောက်က မှူးကြီးမတ်ရာတွေကို နီပေါဏသီတိုင်းပြည်အနှံ့ပတ်ပြီး ကြေညာမောင်းခတ်ခိုင်းလိုက်ပေါ့ကွာ။ တိုင်းသူပြည်သား လူအများတို့ရေ...ငါကိုယ်တော့မြတ် သူခိုးမင်းဖျားနဲ့ ဘဏ္ဍာစိုးသူခိုး ငတက်ပန်တို့သာကိုင်တွယ် အုပ်ချုပ်တော်မူသော  ဂိမာန်ဘဏ္ဍာတိုက်က ငွေတိုငွေစတွေလမ်းမှာ ပျောက်တာကြောင့် အခွန်ငွေ ဆက်သသူများအနေနှင့် ငါကိုယ်တော်မြတ် သူခိုးမင်းဖျားနဲ့ ဘဏ္ဍာစိုးသူခိုးငတက် ပန်တို့ကိုသာ တိုက်ရိုက်ဆက်သစေ။ ကျန်ကြားဖြတ်သူ ခိုးများကို သတိထားရန် ဒူဟူဟူဆိုရင် ပြီးနေတဲ့ကိစ္စကို ဘယ်သူမှ လာမစစ်ရဲဘူး"ဟု သူခိုးကျင့် သူခိုးကြံအကြံ ပေးလေရာ သူခိုးမင်းဖျားတစ်ယောက် မျက်နှာကြီးဝင်းပ သွားလေသည်။
    "ဟုတ်သား ငတက်ပန်ရယ်၊ မင်းနဲ့ငါနဲ့ နှစ်ယောက်တည်းသိတဲ့ ဘဏ္ဍာတိုက် သော့ပတ်စဝေါ့ကို အခြားတစ်ယောက်က သိပြီးလာခိုးသလို ထင်ယောင် ထင်မှား ကြေညာမောင်းခတ်လိုက် နဂိုကတည်းက အပိန်းဓာတ်ခံရှိတဲ့ နီပေါဏသီ ပြည်သူပြည်သားတွေ ယုံကြမှာပဲ။ ယုံလို့လည်း ငါ့နန်းသက်တစ်လျှောက်လုံး စာရင်းမရှိ၊ အင်းမရှိသုံးလာတာ သူတို့မှ စာရင်းမစစ်ရဲတာပေါ့၊ မောင်မင်း ငတက်ပန်တော်တယ်ကွာ။ ဒါ ကြောင့်လည်း ငါကရှင်ဘုရင်ဖြစ်လင့်ကစား မင်းလိုသူခိုးရဲ့ ရှာဖွေကျွေးမွေးတာ စားသောက်နေပြီး နီပေါတွေကို အုပ်ချုပ်တဲ့ နီပေါဏသီပြည်မှာ ရှင်ဘုရင်ဖြစ်နေတာပေါ့။ ဘာပဲဖြစ်ဖြစ် နီပေါဏသီပြည်ရဲ့ ပြည့်ရှင်ဘုရင်က သူခိုး ငတက်ပန်ဆီမှာ တပည်ခံနေတာတော့ လူသိလို့မရဘူး နော် ငတက်ပန်"ဟု ပြုံးပြုံးကြီး မိန့်ကြားလေသည်။
    ငတက်ပန်ကလည်း "ငါ့တပည့် နီပေါဏသီ ပြည့်ရှင်ဘုရင်ကြီးက အခုလိုသိတတ်တော့လည်း ငါ့ ဘက်က ဆရာစားမချန် ပညာသင်ပေးရတာပေါ့ကွာ။ ဒီမှာ သူခိုးမင်းဖျား ငပိန်းတွေကို အုပ်ချုပ်ရတာလွယ်တယ်။ သို့သော် သူခိုးအချင်းချင်း မလိမ့်တပတ်လုပ်ဖို့တော့ မလွယ်ဘူးဆိုတာမှတ်ထား။ နောက်ပြီး မင်းနီပေါ ဏသီပြည်ကို အုပ်ချုပ်နေသ၍ မသေမချင်းမှတ်ထားရမှာ က "ဘယ်သူခိုးကမှ ခိုးတယ်လို့ ဝန်မခံဘူးကွ" ကဲ ငါ ပြောတာဘာလဲ ပြန်ပြောစမ်း သူခိုးမင်းဖျားတပည့်ကြီး"ဟုဆိုလေရာ
    "ဘယ်သူခိုးကမှ ခိုးတယ်လို့ ဝန်မခံပါဘူး ဆရာ"ဟု အဖြေပေးပြီး သူခိုးဘုရင်နဲ့ သူခိုးဘဏ္ဍာစိုးတို့ နီပေါပြည်သူတွေကို လှည့်ရင်းပတ်ရင်း နီပေါဏသီပြည် ကို ပျော်ပျော်ကြီး အုပ်ချုပ်သွားသတဲ့ကွယ်။
စာကိုး(မမှန်နန်းရာဇဝင်)            
ထူးမြတ်

TREDN News ဂျာနယ် အတွဲ(၂)၊ အမှတ် (၄၅) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

Total Views ~ 238

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42858

© 2022 - 2025 News. All Rights Reserved.