၂၀၂၃ နိုဝင်ဘာ ၂၃
နွေဦးဘဏ် ရှယ်ယာတွေ ထုတ်ရောင်းတာ တစ်ရက်အတောအတွင်း ဒေါ်လာတစ်သန်းဖိုးလောက် ရောင်းရတယ်ဆိုတဲ့ သတင်းကြားပြီး ထူးမြတ်တစ် ယောက် အံ့သြမိသွားသည်။ အံ့သြမိတာကအခြားမဟုတ်ချေ တော်လှန်ရေးခေါင်းဆောင်ကြီးတွေအပေါ် အများပြည်သူ၏ ယုံကြည်ကိုးစားမှုကို အံ့သြတာဖြစ်သည်။ နွေဦးဘဏ်ကြီးတစ်ခုလုံးကို လူသားဝန်ထမ်းနည်းနည်းလေးနဲ့ ခေတ်မီစက်သစ်ကြီးတွေနဲ့လည်ပတ်ပြီး စွန့်ဦးတီထွင်ခဲ့ကြသည့် ခေါင်းဆောင်ကြီးတွေ ဉာဏ်ရည်ဉာဏ်သွေးက ရွှေချထားဖို့ ကောင်းလှသည်။ မြန်မာနိုင်ငံမှာ ဆိုင်ရင် ပုဂ္ဂလိကဘဏ်တစ်ခု၏ ဘဏ်ခွဲတစ်ခုဆိုရင် မန်နေဂျာကအစ ဧည့်ကြိုအဆုံး အနည်းဆုံး ဝန်ထမ်းဆယ်နဲ့ချီရှိပြီး ဘဏ်ခွဲအားလုံးပေါင်းပါက ဝန်ထမ်းထောင်နဲ့ ချီခန့်ထားကြရသည်။ အစိုးရဘဏ်တွေဆိုရင် လည်း မျက်နှာပေး ခပ်တင်းတင်းနဲ့ ငွေထုတ်ကောင်တာက ဝန်ထမ်းအပါအဝင် အနည်းဆုံး အစိုးရဘဏ်ခွဲတစ်ခု လျှင် အနည်းဆုံးဝန်ထမ်း ၂၀ ခန့်လောက်တော့ ရှိမည် ထင်သည်။ နည်းပညာတွေ ဘယ်လောက်အဆင့်မြင့်မြင့် ငွေရေးကြေးရေးဆိုတော့ ဝန်ထမ်းများများခန့်ပြီး စိစစ်တာလည်း ဖြစ်နိုင်သည်။ နောက်တစ်ချက်က ထူးမြတ်တို့ နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တာကြောင့် ဒစ်ဂျစ်တယ် ငွေ သားသုံးစွဲမှုကလည်း လူတိုင်း မသုံးနိုင်သလို နည်းပညာ လိုအပ်ချက်ကြောင့် ငွေသားအသုံးပြုမှုကသာ အလုပ်ဖြစ်နေဆဲဖြစ်သည်။
အမေရိကားက တော်လှန်ရေးခေါင်းဆောင်ကြီးတွေကတော့ ခေတ်ကို အမီလိုက်နိုင်ခဲ့ပြီဖြစ်သည်။ နွေဦးဘဏ်ဆိုပြီး ဖေ့စ်ဘုတ်မှာ အကောင့်လေးတစ်ခုဖွင့် လိုက်ရုံဖြင့် ဘဏ်ကြီးတစ်ခုလုံး နတ်ရေကန်ထဲခုန်ချလိုက်သလို ဘွားခနဲ ပေါ်လာတော့သည်။ တချို့ကလည်း ဘဏ်ဖွင့်တာ ဘယ်မှာလည်း ဘဏ်အဆောက်အအုံတွေ ပြပါဦးဆိုပြီး အတွန့်တက်ကြသည်။ ဒါကတော့ မြန်မာအတွေးအခေါ်နဲ့ မေးကြတာဖြစ်သည်။ မြန်မာလူမျိုးဆို တာကလည်း ဘဏ်ဆိုတာနဲ့ အဆောက်အအုံကြီးတွေ ဘဏ်ခွဲပေါင်း မြောက်မြားစွာဖွင့်၊ ဘဏ်ဝန်ထမ်းကောင် မလေး ချောချောလေးတွေ ခန့်ထားမှ ဘဏ်ဟုထင်ကြ တာဖြစ်သည်။ ဒါကြောင့်လည်း တော်လှန်ရေးခေါင်း ဆောင်ကြီးတွေ ဖွင့်ထားသည့် ဘဏ်ပျောက်ကြီး နွေဦး ဘဏ်ကို ဘဏ်လို့ မထင်ကြတာ ဖြစ်မည်ထင်သည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေနေတာက အမေရိ ကားလို ကမ္ဘာ့အဆင့်မီနိုင်ငံကြီးဖြစ်တာကြောင့် ငွေပေးချေမှုကအစ အွန်လိုင်းကနေ သွားကြတာ ဖြစ်သည်။ အရောင်းအဝယ် ဘာပဲလုပ်လုပ် လူတစ်ယောက် လက် ကိုင်ဖုန်းလေးပေါ်က ကျူအာကုတ်လေးကို တခြားတစ် ယောက် လက်ကိုင်ဖုန်းကနေ ကူးယူလိုက်ပြီး ငွေပေးချေလိုက်ရုံဖြင့် အရောင်းအဝယ်ဖြစ်သွားကြသည်။ ထူးမြတ်တို့ နိုင်ငံမှာကတော့ ဘဏ်တွေမှာ ငွေအထုတ်လိုက်ကြီး တွေထားပြီး ငွေအပ်သူကလည်း အထုတ်လိုက်အပ် ငွေ ထုတ်ပေးသည့်ဘဏ်ကလည်း အထုတ်လိုက်ပြန်ထုတ် ပေးကြသည့် ဘဏ်စနစ်ဖြစ်သည်။
အမေရိကားလိုနိုင်ငံကြီးဆိုတော့လည်း ဘဏ်တစ်ခုဖွင့်တာ ဖေ့စ်ဘုတ်အကောင့်တစ်ခု ဖွင့်သလောက် တောင်မကြာတာဖြစ်နိုင်သည်။ နောက်ပြီး တော်လှန်ရေး ခေါင်းဆောင်ကြီးတွေက အလွန်ထက်မြက်သူတွေဖြစ်တာကြောင့် ဖုန်းလေးတစ်လုံးရှိရုံနဲ့ ဘဏ်ခွဲတွေဖွင့်လို့ရ တာဖြစ်သည်။ ဒီလိုခေတ်မီနည်းပညာတွေနဲ့ဆိုတော့ ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်တာကို အလကားပေးရသလို မျက်နှာတွေနဲ့ ထိုင်ထုတ်ပေးနေသည့် ဘဏ်ဝန်ထမ်းတွေ ကို မတွေ့မြင်ရတာကလည်း တစ်မျိုးတော့ ကောင်းလှ သည်။ မြန်မာပြည်မှာဆိုရင် ပိုက်ဆံလေးတစ်ခါထုတ်ဖို့ အရေး ငွေထုတ်ကောင်တာဆီသွား ပြီးရင်ကောင်တာကပေးသည့် တုံကင်ပြားလေးယူ ထိုင်စောင့် ကိုယ့်အလှည့် ရောက်မှ မှတ်ပုံတင်ပြပြီးမှ ငွေထုတ်ရတာဖြစ်တော့ ကိုယ်ပိုက်ဆံနဲ့ကိုယ် မျက်နှာငယ်ရသည် အခန့်မသင့်ပါက ဘဏ်ဝန်ထမ်းတွေ ငေါက်တာခံရသေးသည်။ အမေရိကားမှာကတော့ ဖုန်းတစ်လုံးတည်းမှာတင် ဘဏ်အကောင့်တွေထည့်ထား ငွေဝင်တော့လည်း အကောင့်ထဲကိုဝင် ငွေထုတ်တော့လည်း အကောင့်ထဲက ထုတ်ရုံ ပင်ဖြစ်သည်။ ငွေသားမသုံးကြတော့ ဒီဂျစ်တယ်ငွေသားတွေနဲ့ သူ့ဟာသူ အဆင်ပြေနေကြသည်။ မြန်မာနိုင်ငံကတော့ မကြာသေးမီ နှစ်ပိုင်းလောက်ကမှာ ဒီဂျစ်တယ် ငွေကြေးစနစ်က စတင်တာဆိုတော့ အသားမကျသေး ချေ၏။ ငွေသားနဲ့ ဒီဂျစ်တယ်ရောထွေးနေတာဆိုတော့ ဒီဂျစ်တယ်နဲ့ ငွေသားလဲလှယ်တာတောင် ငွေသားထုတ် ပေးသည့်ဆိုင်က ရာခိုင်နှုန်းဖြတ်တောက်ပြီးမှ ထုတ် ပေးတာဖြစ်သည်။
ပြောချင်တာက နွေဦးဘဏ်အကြောင်းပင် ဖြစ်သည်။ အမေရိကားလို ငွေကြေးဈေးကွက်တည်ငြိမ်တဲ့ နိုင်ငံကြီးမှာ ဖွင့်ထားတော့ ဒေါ်လာဈေးအတက်အကျတွေ ကြည့်စရာမလို နောက်ပြီး မြန်မာနိုင်ငံမှာလို ဘဏ်တွေ လှုပ်လှုပ်လှုပ်လှုပ်ဆိုသည့် အသံတွေလည်း မကြားရနိုင်ပေ။ ဒါကြောင့်လည်း နွေဦးဘဏ်ကြီးကို ယုံကြတာဖြစ်သည်။ ထူးမြတ်လည်း နွေဦးဘဏ်ကို ယုံသည်။ နွေဦးဘဏ်ကြီး စဖွင့်ကတည်းက ဘဏ်အဆောက် အအုံကြီးက ဘယ်လိုပုံစံမှန်းမသိသလို ဘဏ်ဆိုသည့် အတိုင်း ဘဏ်ဥက္ကဋ္ဌ၊ ဘဏ်မန်နေဂျာက မည်သူမည် ဝါမှန်းမသိသော်လည်း အနီတွေပေါသော နီပေါပြည်သူ တွေကတော့ နွေဦးဆိုတဲ့နာမည်ပါရုံနဲ့ အစုရှယ်ယာတွေ ဘယ်လောက်ရောင်းရောင်း ဝယ်ဖို့အသင့်ရှိကြသည်။ ဒီလို နီပေါပြည်သူတို့ အထင်ကြီးရာ အမေရိကားမြေမှာ အခြေစိုက်သည့် နီပေါအားမာန် နွေဦးဘဏ်ကြီးက တော့ ရက်ပိုင်းအတွင်း ဒေါ်လာသန်းချီ ရှယ်ယာရောင်း ချနိုင်သော ကမ္ဘာ့ပထမဆုံးသော ကိုယ်ပျောက်ဘဏ်ကြီး အဖြစ် ပေါ်ထွန်းလို့လာခဲ့ပြီ ဖြစ်သည်။
တလောက မြို့သိမ်းတိုက်ပွဲတွေဘာတွေ ဖြစ်တော့ ဘဏ်တွေကို ဝင်စီးပြီး ငွေတွေကို ယူသွားတာ တွေ့ရသည်။ ငွေယူတာတောင် စာရင်းနဲ့အင်းနဲ့ ယူတာဖြစ်ပြီး ခေါင်းဆောင်ကြီးတွေ ပြန်လာရင် ငွေတွေ ပြန်ထုတ်ပေးမည်ဟု သိရသည်။ ဒါကလည်း နွေဦးဘဏ်ခွဲ တွေ ဖွင့်လှစ်ဖို့ ခြေလှမ်းပင်ဖြစ်သည်။
တပ်မတော်က ပြန်တိုက်ထုတ်ပြီး ပြန်လည် စိုးမိုးရင်တော့ ဘဏ်မှာ ငွေစုထားသူတွေကတော့ အာ မခံရှိသဖြင့် စိတ်ပူစရာတော့ မရှိပေ။ ဒီလိုဆိုရင် ဘဏ်တွေ တက်သိမ်းတော့ပါသွားသည့် ပိုက်ဆံတွေကရော ဆုံးပြီလားဟု မေးကြမည်ထင်သည်။ ဒီပိုက်ဆံတွေက တော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ နွေဦးဘဏ်ခွဲ ဖွင့်ပြီးရင်တော့ ပြန်ရနိုင်သည်။ နွေဦးဘဏ်က အမေရိ ကားမှာ အခြေစိုက်တာဆိုတော့ နွေဦးဘဏ်တွေက ငွေ တွေက ဈေးမာလာနိုင်သည်။ နောက်ဆိုရင် မြန်မာငွေ တစ်ကျပ်က အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနဲ့ ညီမျှ သည်ဆိုရင် ဘဏ်အပ်ထားသူတွေ နေ့ချင်းညချင်းသူဌေး ဖြစ်နိုင်သည်။ အမေရိကားက ခေါင်းဆောင်ကြီးတွေ ပြန်လာချိန်ကို 'ဆုတောင်းလေ ဆုတောင်း'ဟုသာ ပြောရမည်ဖြစ်သည်။
ထူးမြတ်ကတော့ နွေဦးဘဏ်ကို ဒီ့ထက်ပို အောင်မြင်စေချင်သည်။ ဘဏ်ကို လူသိအောင်ကြော်ငြာ တွေ ရိုက်စေချင်သည်။ ထူးမြတ်တို့ငယ်ငယ်က ရုပ်မြင်သံကြားတွေမှာ ဆီးထုတ်ကအစ ဘဏ်တွေအထိ ကြော်ငြာကြသည်။ ရုပ်သံကြည့်ပရိသတ်များတော့ မင်းသမီး တွေကြော်ငြာသည့် ဆီးထုတ်တွေ ရောင်းအားကောင်းလှ သည်။ ထိုကာလက သရုပ်ဆောင်မင်းသမီး ထက်ထက်မိုးဦး ကြော်ငြာသည့် ဗြူးတီးခေါင်လျှော်ရည်ကအစ ရွှေစင်ရွှေဆိုင်အထိ ရောင်းအားကောင်းလှသည်။ ဒါကြောင့် ထိုခေတ်က ဘဏ်ကြော်ငြာလေးအတိုင်း နွေဦးဘဏ် ကြော်ငြာလေးလည်း ရိုက်သင့်သည်။ မှတ်မှတ်ရရ ထိုခေတ်က သရုပ်ဆောင်ဒွေးနဲ့ မြန်မာ့လက်ရွေးစင်ဘောလုံး သမားတွေရိုက်သည့် "လက်တို့ပြီးတော့ ပြောရဦးမယ်"၊ "ပြောလိုက်တော့ ပြောလိုက်တော့ဟေ့"ဆိုသည့် ဘဏ်ကြော်ငြာလေးက တော်တော်လူကြိုက်များလှသည်။ အဲ့ ဒီလို ကြော်ငြာလေးတွေရိုက်ပြီး လူမှုကွန်ရက်မှာ တင် သင့်သည်။
နွေဦးဘဏ်ကြော်ငြာဖို့ဆိုရင်တော့ အရင်က ကမ္ဘောဇဘဏ်ကြော်ငြာဖြစ်ပြီး သရုပ်ဆောင် ဒွေး၊ လွင်မိုး၊ ခိုင်းသင်းကြည်၊ အိန္ဒြာကျော်ဇင်တို့ ရိုက်ခဲ့သည့် ကြော်ငြာသီချင်းလေးကို ပြန်သုံးသင့်သည်။ ဒါမှလည်း ဘဏ်မှာ ငွေအပ်ထားသူတွေ၊ ရှယ်ယာဝယ်ထားသူတွေ ယုံကြည်မှုပိုရနိုင်သည်။
ထိုသီချင်းလေးကတော့ "ဒီမှာ ဟေ့ဟေ့ နောက်လှည့်ကာလေ မကြည့်နဲ့၊ ဒီမှာဟေ့ဟေ့ ငုတ်တုတ် မေ့သွားမယ် ရှေ့ဆက်ကာလှမ်းလို့ထား နွေဦးဘဏ်ကိုသွား ရှေ့ဆက်အရာအရာတွေဟာ လှပနေမယ်ဟေ့ဟေ့"ဆိုပြီး ဆိုရမည်ဖြစ်သည်။ ဒီလိုဆိုရင် အဆောက်အအုံ မတွေ့ရ၊ ဘဏ်တာဝန်ရှိသူမည်သူမှန်း မသိရသေးသည့် ဖေ့စ်ဘုတ်ပေါ်မှာ ဘဏ်ကြီးအပေါ် ယုံကြည်မှုတွေတိုး လာမည်ဖြစ်သည်။ ဘဏ်အပ်ထားသည့် ငွေတွေကို ယုံ ကြည်စွာ နောက်လှည့်မကြည့်ရန်နှင့် ရှယ်ယာဝင်ထားသူ တွေ ငုတ်တုတ်မေ့သွားစေသည်အထိ ယုံကြည်လာနိုင် သည်။
"ဒီမှာဟေ့ဟေ့ နောက်လှည့်ကာလေမကြည့်နဲ့ ဒီမှာဟေ့ဟေ့ ငုတ်တုတ်မေ့သွားမယ်"ဆိုပြီး ဘဏ်မှာ ရှယ်ယာဝင်ထားသူတွေ ပါးစပ်ဖျား ရေပန်းစားမည့် ဘဏ်ကြော်ငြာလေး အမြန်ရိုက်ကူးစေချင်သည်။
ထူးမြတ်
TREND News ဂျာနယ် အတွဲ(၂)၊ အမှတ် (၄၄) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။