၂၀၂၅ မတ် ၁၄
မြို့မေတ္တာ ခံယူတဲ့ PDF
NUG နှင့် နောက်လိုက်နောက်ပါ တစ်သိုက်တို့သည် မျက်ရည်ချူဇာတ်လမ်းနှင့် မြို့မေတ္တာခံယူသည့် နေရာများတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြပါပေ့ဟု ဆိုနိုင်ပါသည်။ ဘုရားမှတ်၍ ကိုးကွယ်ခဲ့ကြသည့် ပြည်သူများသည်လည်း တော်တော်အကောင်ကြီးသည့် ဖွတ်ကြီးထွက်လာမှ တောင်ပို့မှန်းလည်း သိကုန်ကြပြီ ဖြစ်သည်။ အဓိက သူတို့ ကျွမ်းကျင်သည့် နယ်ပယ်က လူမှုကွန်ရက်တွင် ဖြစ်သည်။ ယခုလည်း ကြည့်ပါဦး။
"ကျွန်ုပ်တို့သည် PDF စစ်သားများ ဖြစ်သည်။ ဂိတ်ကြေးဆက်ကြေးများ (လုံးဝ) မကောက်ပါ။ (SR-3)"ဟု လူမှုကွန်ရက်ပေါ်တင်၍ မြို့မေတ္တာ ခံယူကြလေသည်။ သူတို့ထင်သည်က "ဒါမှ တို့အမေ့ သားသမီးများ၊ လေးစားပါတယ် ဂရုစိုက်၊ အဲဒါတွေ ချစ်နေရတာ"စသဖြင့် ယခင်ကကဲ့သို့ မှတ်ချက်များရမည် ထင်နေလေသည်။ ဝင်ဝင်ခြင်း ဆောက်နှင့်ထွင်းဟု ဆိုသည့်အတိုင်း ကားသမားတစ်ယောက်က အားကြီးနှင့် မှတ်ချက်ပေး လိုက်သည်က "မင်းတို့ အတောင်းအကြမ်းဆုံးပဲ လာမကိုက်နဲ့ ငါကားသမား နေရာပါ ပြောရဦးမှာလား" ဟူ၍ ပေါ်တင်ချလေသည်။ နောက်တစ်ဦးကလည်း "မကောက်ပါဘူး၊ ငါတို့ရွာမှာ ဆက်ကြေးတောင်းတယ်၊ နေ့တိုင်း ထမင်းပို့ရတယ်၊ မိုင်းထောင်တယ်၊ မိုင်းကွဲရင် သိန်းငါး ဆယ် လျော်ရတယ်၊ PDF မှန်သမျှ ကျဆုံးပါစေ"ဟု ဆုတောင်းစကားလေးပါ အဆစ်ပါပြီး မေတ္တာပါ ပို့လိုက်၏။ သည်တစ်ယောက်ကလည်း တော်တော် ခံထားရရှာသည် ထင်၏။ "ဟုတ်ပါတယ်၊ တော်တော် မကောက်ရှာဘူး၊ လာခဲ့စမ်းပါ ပြချင်လို့ ဆားတောင်နဲ့ ရွှေဘိုကြားကို အရှင်းပြောရရင် မန္တလေး - မြစ်ကြီးနား သွားနေတဲ့ ကားသမားတိုင်းသိတယ်"ဟု သူကြုံရသမျှ ပေါ်တင်ကစ်၏။ ထိုကဲ့သို့ မှတ်ချက်ပေါင်း ထောင် ကျော် ရင်ဆိုင်အပြီး မြို့မေတ္တာ ခံယူနေသည့် NUG ၏နောက်ဆွဲ PDF များက အဆုံးတွင် "PDF ဆိုတာ ကိုယ့်အလုပ်တွေ၊ မိသားစုတွေကို စွန့်ပြီး အသက်ပေး ကာကွယ်ပေးနေတာ၊ ဘယ်သူက လစာပေးနေလို့လဲ၊ ပြည်သူက ဒါလေးတော့ နားလည်ပေးသင့်တယ်"ဟု တည့်တည့် မဟုတ်သော်လည်း သွယ်ဝိုက်၍ဝန်ခံ၏။ မင်းတို့က ဆက်ကြေးကောက်၊ ထမင်းထုပ် ပို့ခိုင်းသည် လောက်သာ လုပ်သည်မဟုတ်၊ လမ်းမပေါ်တက်၍ မိုင်းထောင်ခြင်း၊ ရဟန်းသံဃာ အပါအဝင် လက်နက်မဲ့ ပြည်သူများကို ဒလန်ခေါင်းစဉ်ဖြင့် သတ်ခဲ့သည့် မှတ်တမ်းမှတ်ရာများ မဝေးသေးဘူး မဟုတ်လား။ သည် အကြောင်းများ၏ အကျိုးကို လုပ်ခဲ့သည့် အဖွဲ့အစည်းက ခံရပါဦးမည်။
အိမ်ပြန်ချင်နေသူများ၏ အမှောင်ရက်စွဲများ
သည်ရက်ပိုင်း တောတွင်း လက်နက်ကိုင်ထားသည့် PDF လူငယ်အချို့၏ လုပ်ရပ်နှင့် အနာဂတ်မျှော် လင့်ချက်အကြောင်း မေးမြန်းထားသည့် Movie အချို့ကို ကြည့်ဖြစ်သည်။ ထို Movie ကို ကြည့်ပြီးမှ အဓိကကျသည့် အချက်နှစ်ချက်ကို သွားတွေ့ရသည်။ ပထမအချက်က NLD ပါတီထဲက နိုင်ငံတော်ကို ပျက်စီးရာပျက်စီးကြောင်း လုပ်ကြံလိုသူတို့၏ ဝါဒမှိုင်းကြောင့် လူငယ်ပေါင်းများစွာ ဘ၀ပျက်ခဲ့ရသည်ကို ထင်ထင်ရှားရှား တွေ့မြင်ရခြင်း ဖြစ်သည်။ ဒုတိယအချက်က သူတို့၏ ဝါဒမှိုင်း အမှားကို ဆက်လက်ကိုင်စွဲပြီး ထိုလူငယ်များကို အမှား လက်ဆင့် ကမ်းနေခြင်း ဖြစ်သည်။ ထိုအထဲတွင် NUG သည် အဓိကကျသကဲ့သို့ နွေဦးတော်လှန်ရေး ခေါင်းစဉ်တပ် စက အနုပညာရှင်များစွာတို့၏ ပယောဂများစွာ ပါနေသည်ကို မည်သူမှ ငြင်းနိုင်လိမ့်မည် မထင်ပေ။ မြင်တွေ့ခဲ့ရသည့် အကြောင်းအရာကို ဆက်ရလျှင် လူငယ်တစ်ဦး PDF ထဲ ရောက်ဖြစ်လာသည့် အကြောင်းကို မေးမြန်းထားခြင်း ဖြစ်သည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေး အချိုးအကွေ့ အကြောင်းကို ဖြေရာ၌ ဖုန်းလိုင်းများ ဖြတ်တောက်ခံရချိန် ဘာမှနားမလည်ဟု ဆို၏။ ရပ်ကွက်ထဲ၊ အရပ်ထဲ၊ ရွာထဲသို့ မေးမြန်းကြည့်မှ အာဏာ ထိန်းသည်ဟု သိရပြီး NLD အသိုင်းအဝိုင်းက မတရားဖြစ်စဉ် ဖြစ်ကြောင်း၊ ထို့ကြောင့် လမ်းပေါ် တက်ရန် လှုံ့ဆော်ကြောင်း ပြောပြလေသည်။ လမ်းပေါ်တက်စဉ်က လူများစွာ ပါဝင်ကြပြီး လုံခြုံရေး တပ်ဖွဲ့ဝင် များကို လေးခွများ၊ ဂျင်ကလိများနှင့် ပစ်ခတ်ခြင်း၊ လမ်းများ ပိတ်ဆို့ခြင်းများ လုပ်ခဲ့သည်ဟု သူ၏ လုပ်ရပ်ကို ဂုဏ်ယူစွာနှင့် ပြန်ပြောပြနေသည်။ အကြောင်းက ဒီမိုကရေစီဆုံးရှုံးသဖြင့်ဟု ဆိုသော်လည်း လုပ်ရပ်က ဒီမိုကရေစီနှင့် လားလားမှ မသက်ဆိုင်ကြောင်း ထိုလူငယ် မသိရှိသည်က ရင်နာစရာ ကောင်းသကဲ့သို့ ထိုကဲ့သို့ မသိနားမလည်သည့် လူငယ်များကို မြှောက်ပေးခဲ့သူများကိုသာ မေတ္တာ ပို့မိပါ၏။ ထိုလူငယ်က သည်အတိုင်း မရဟုဆိုကာ တောထဲသို့ ဝင်မည့်အကြောင်း NLD ပါတီမှ လူအချို့ က ဆောင်ရွက်ပေးသည်ဟု ဆိုလေသည်။ သို့နှင့် လက်နက်ကိုင်သင်တန်း မိုင်းခွဲခြင်းများ၊ အဖျက် အမှောင့်လုပ်ငန်းများကို ပျော်ပျော်ကြီး လုပ်ခဲ့သည်ဟု ဆိုလေသည်။ တစ်ခု ပြောသေးသည်။ တာဝါတိုင် မိုင်းခွဲသည့် Mission အကြောင်းကို ခမ်းခမ်းနားနား ပြောနေသည်ကို ကြည့်ပြီး နိုင်ငံတော်ပိုင်ပစ္စည်း အများပြည်သူ အဆင်ပြေစေသည့်ပစ္စည်းဟု မခွဲခြားနိုင်သည်ကိုလည်း စိတ်မကောင်းဖြစ်ရသည်။ ထိုကဲ့သို့ မသိနားမလည်သည့် လူငယ်ပေါင်းများစွာကို သေတွင်းပို့ခဲ့သူများ နိုင်ငံတော်ကို ပျက်စီးရေး လုပ်နေကြသည်ကို ပြည်ပြေးများအနေဖြင့် မည်ကဲ့သို့ ခံစားနေသည် ဆိုသည်ကိုလည်း စိတ်ဝင်စားမိသည်။ နောက်ဆုံးမေးခွန်းအဖြစ် အိမ်ကို မလွမ်းဘူးလားဟု မေးခွန်းအရောက်တွင် ထိုလူငယ် သိသိသာသာမှိုင်တွေ သွားလေသည်။ သူ့မိခင်ကို တောင်းပန်ချင်သည့်အကြောင်း မသေသေး လျှင် ပြန်သွားချင်ကြောင်းနှင့် ဖြစ်နိုင်လျှင် ယခုချက်ချင်းပင် ပြန်သွားချင်သည်ဟု ပြောလေသည်။ သည်ရက်ပိုင်း ထိုကဲ့သို့ Movie သုံး၊ လေးခုကို ကြည့်ဖြစ်ပြီး လူငယ်တိုင်းက တစ်လေသံတည်း ထွက်သည်မှာ မိဘရင်ခွင်ကို ပြန်ချင်ကြသူများသာ ဖြစ်သည်။မိဘရင်ခွင်သို့ ပြန်ရန် အတားအဆီး ဖြစ်နေသည်မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ မဟုတ်ဘဲ သူတို့ကို မြှောက်ပင့် ဝါဒမှိုင်း တိုက်ထားသူများ ဖြစ်ကြောင်းလည်း သဘောပေါက်နေသည့် လူငယ်များစွာ ရှိနေပြီဟု ယုံကြည်မိသည်။
သို့သော်လည်း အဝင်လွယ်၍ အထွက်ခက်သည်ဟု ဆိုရာတွင် PDF လက်နက်ကိုင်များလည်း ပါဝင်ကြောင်း သူတို့ကောင်းကောင်း သိကုန်ကြပြီ ဖြစ်သည်။ သူတို့ ခိုဝင်ခဲ့သည့် တိုင်းရင်းသားလက် နက်ကိုင်များက လွယ်လွယ် ထွက်ခွင့်မပေးခြင်း၊ NUG အဆင့်တိုင်းက သူတို့ကို ချုပ်ကိုင်ထားခြင်းနှင့် အချင်းချင်း မယုံကြည်လျှင် လွယ်လွယ် သတ်ဖြတ်ပစ်ခြင်း စသည့် အကြောင်းတရားပေါင်းစုံနှင့် ရှေ့ဆက်တိုး၍ မိုက်နေရ ဦးမည့်သဘော ဖြေသွားကြသည်ကို တွေ့နေရသည်။ ရှေ့ဆက်မိုက်လျှင်လည်း နိုင်ငံတော် ဖျက်ဆီးရေးမှလွဲပြီး NUG က လူကြီးများကဲ့သို့၊ မြောက်ပေးခဲ့သည့် အနုပညာရှင်များ ကဲ့သို့ တတိယနိုင်ငံသို့ ထွက်ပြေးနိုင် ရန်လည်း သူတို့တွင် အခွင့်အလမ်း မရှိပေ။ သည်တော့ အဆိုး ကျော့သံသရာကို ပျော်ပျော်၊ မပျော်ပျော် ဆက်၍ လည်ပတ်နေကြမည့် သဘောကို တွေ့မြင်နေရလေသည်။
ဖျက်ဆီးချင်သူနှင့် တည်ဆောက်ချင်သူ၏ ဆောင်ရွက်ချက်များ
သည်ရက်ပိုင်း မြန်မာ့သတင်းမီဒီယာလောကနှင့် ကမ္ဘာ့သတင်းမီဒီယာ လောကတွင် ခမ်းခမ်းနားနား ဖော်ပြခဲ့သည့် အကြောင်းအရာမှာ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံသို့ တရားဝင် သွားရောက်ခဲ့သည့် ခရီးစဉ်အကြောင်းအရာပင် ဖြစ်သည်။သည်ခရီးစဉ်နှင့်ပတ်သက်ပြီး အကြောင်းအရာနှစ်ခုကို ကွဲကွဲပြားပြား တွေ့မြင်ခဲ့ရသည်။ နိုင်ငံတော်ကို အလုံးစုံ ပျက်စီးစေချင်သော အဖွဲ့အစည်း လူပုဂ္ဂိုလ်များနှင့် နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လိုသော လူပုဂ္ဂိုလ် အဖွဲ့အစည်းဟူ၍ သိသိသာသာ ခြားနားချက်ပင် ဖြစ်သည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းမည်ကို လုံး၀ မလိုလားသည့် အဖွဲ့အစည်းများ၏ ပူလောင်မှုကို ဟန်မဆောင်နိုင်အောင် အတိုင်းသား တွေ့မြင်ရခြင်းသည် ဝန်ကြီးချုပ်၏ ခရီးစဉ်မှ အမြတ်များစွာထဲက အမြတ်တစ်ခုဟုလည်း ဆိုချင်ပါသည်။ အဆုံးထိ နိုင်ငံတော်ကို ပျက်စီးစေလိုသူတို့၏ စကားသံများ၊ သွင်ပြင်များ၊ သူတို့၏ ပူလောင်မှုများက မြန်မာနိုင်ငံသည် အောင်မြင်မှုနှင့် မထိုက်တန်သည့်အလား အပျက်စကားများကို မျိုးစုံပြော နေသည်ကို အားလုံးလည်း အသိပင် မဟုတ်လား။ ထိုအပူမျိုးကို မိဘပြည်သူများ အကူးစက် မခံပါနှင့်ဟု သူများအကုသိုလ် ကိုယ့်အကုသိုလ် အဖြစ်မခံခြင်း ဖြင့် စိတ်မညစ်နွမ်းသင့်ဘူး မဟုတ်လား။ သူတို့ ပူလောင်မှုက နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းသမ္မတ ပူတင်နှင့်တွေ့ဆုံသည့် သတင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘီလာရုစ်နိုင်ငံ သမ္မတ လူကာရှန်ကိုတို့ တွေ့ဆုံမှုသတင်းက မကျော်လွှားနိုင်ခြင်း သည်လည်း အကုသိုလ်နှင့် ကုသိုလ် ခြားနားချက်ကို ကောင်းစွာ တွေ့မြင်နိုင်ပါလိမ့်မည်။ မောင်ချောနွယ်၏ ကဗျာစာသားနှင့်ပြောရလျှင် စစ်အတွင်းက ကွဲကွာ သွားသည့် ညီအစ်ကိုချင်းတွေ ပြန်လည် တွေ့ဆုံသည့်အလား နိုင်ငံတော်ဝန်ကြီးချုပ်နှင့် သမ္မတပူတင် တို့က ဖက်လှဲတကင်း ရင်းရင်းနှီးနှီး တွေ့ဆုံသည်က အပေါ်ယံ မဟုတ်ကြောင်း ပေါ်လွင်လှသည်။ သည်နေရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံအတွက် ဆောင် ရွက်ချက်များကို ဖျက်ဆီးလိုသူများ၊ ပျက်စီးလိုသူများက လုံး၀ ဦးစားပေး၍ မဖော်ပြသည်ကလည်း သူတို့၏ မနာလို မရှုဆိတ်မှုက ဖုံးမရ ဖိမရ ဖြစ်နေလေသည်။ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး၊ လျှပ်စစ်ကဏ္ဍအပါအဝင် စီးပွားရေး ကိစ္စရပ်များ ဆောင်ရွက်ခဲ့မှုများကို ထိုပျက်စီးလိုသည့် သတင်းဌာနများနှင့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များက မြန်မာနိုင်ငံအတွက်ဟုဆိုကာ အနည်းငယ်မှ အသိအမှတ် မပြုနိုင်သည်ကလည်း သူတို့၏ အတွင်း သရုပ်ကို မြင်တွေ့ရလေသည်။ ထိုအဖွဲ့အစည်း များဆိုသည်မှာလည်း မြန်မာနိုင်ငံ မတည်ငြိမ်မှ၊ ပြည်သူ လူထုတွေ ဒုက္ခရောက်မှ အနေအစားတွေ ချောင်မည့်သူ များဖြစ်ရာ အကောင်းဘက်ကို ရွေ့ မည့်အရွေ့ကို ထမင်းလုတ် ပုတ်ချခံရသည့်သူများသဖွယ် ဒေါသများဖြင့် မျိုးစုံပုံဖျက်၍ တင်ဆက် နေကြလေသည်။ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့ မိတ်ဆွေ အရင်းချာပမာ လေးလေးစားစား ကြိုဆိုနှုတ်ဆက်သည့် မြင်ကွင်းများကိုလည်း ထိုသူတို့က လုံးဝမှ မရှုဆိတ်နိုင်ကြပေ။ ဤကဲ့သို့ ကောင်းကျိုးကောင်းရာ ဆောင်ရွက်မှု မျိုးကိုပင် မရှုဆိတ်နိုင်လျှင် ဟိုးယခင် ခေတ်အဆက်ဆက်ကလည်း ယခုကဲ့သို့ အဖျက်အမှောင့် လုပ်ရပ်များကို မည်မျှ လုပ်ခဲ့သည်ကို ထိုအဖွဲ့အစည်းများက ဝန်ခံရာ ရောက်သည်ဆိုသည်ကို ပြည်သူများက သဘောပေါက်လာပြီ ဖြစ်သည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်ကိုပင် အားမပေးနိုင်ဘူး ဆိုလျှင် ထိုသူတို့ မြင်တွေ့လိုသည့် မြန်မာနိုင်ငံ ဆိုသည်ကို မိတ် ဆွေများ မျှော်မှန်းကြည့်လျှင် သိနိုင်ပါသည်။ သူတို့ အကျိုးစီးပွားအတွက် တိုင်းပြည်နှင့် နိုင်ငံကို ချနင်းရန် ဝန်မလေးသူများ ဖြစ်သည်ဟု တိတိကျကျ ပြောရမည် ဖြစ်သည်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ ယခုခရီးစဉ်နှင့် ပတ်သက်ပြီး "ကျွန်တော် တို့နိုင်ငံက ပထဝီအနေအထားအရကြည့်ရင် တကယ့်ဆုံချက်မှာ ရှိတယ်။ မြန်မာနိုင်ငံလောက် အခွင့်အရေးကောင်းတဲ့ နိုင်ငံမရှိဘူး။ ကျွန်တော်တို့နိုင်ငံကို အခြေပြုပြီး စီးပွားရေးလုပ်တာ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံကိုဖြတ်ပြီး စီးပွားရေးလုပ်တာဖြစ်ဖြစ် ကြီးမားတဲ့ ဈေးကွက်ကြီးတစ်ခုလုံးကို ကူးလူး ဆက်ဆံ နိုင်ခွင့်ရမယ်ဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်တို့ တကယ်လက်တွဲလုပ်ဖို့ အသင့်တော်ဆုံးအချိန် ရောက်နေပါပြီ။ တိုင်းရင်းသားတွေအပေါ် ဦးစားပေးပြီး ဆောင်ရွက်ပေးမယ်။ ခုလည်း တတ်နိုင်သလောက် လုပ်ဆောင်ပေးနေပါတယ်"ဟုဆိုသည့် နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်ထောင်စု မြန်မာနိုင်ငံ အပေါ်ထားသည့် သဘောထားကို အထင်းသား တွေ့မြင်နိုင်ပါလိမ့်မည်ဟု ဆိုချင်ပါသည်။ ဖျက်ဆီးလိုသူနှင့် တည် ဆောက်လိုသူတို့၏ သဘောထားကို အထင်သား တွေ့မြင်ရသကဲ့သို့ ဝန်ကြီးချုပ်ကြီး၏ စကားအတိုင်း အတူလက်တွဲလုပ် ဆောင်ရမည့် အချိန် ကောင်းကို ရောက်ရှိနေပြီဟု ဆိုပါရစေ။
(ရွှေထီး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )