နိုင်ငံရပ်ခြား ဝါးကူထိုးကြသူများ

၂၀၂၄ စက်တင်ဘာ ၂၆

    ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုးမှ ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ယခုရက်ပိုင်း ဆုတောင်းနေမိသည်။ ခုတလောရေဘေးကလည်း အသံမျိုးစုံ ထွက်နေကြသည်။ အစိုးရကလည်း ရေဘေးကြောင့် အတိဒုက္ခရောက်နေကြသူများကို ထောက်ပံ့ကြေးတွေ ပေးသွားမည်ဆိုခြင်းကြောင့် ရေဘေးကြုံတွေ့ရသူတွေကိုယ်စား ဝမ်းသာမိသည်။ ငွေကြေးတတ်နိုင်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကလည်း ဘီလီယံနဲ့ချီ ပေးလှူကြတော့လည်း သာဓုခေါ်မိသည်။ နာမည်ကြီး အနုပညာရှင်ကြီးတွေကလည်း သူတို့ရဲ့ကျော်ကြားမှုကို ရေဘေးမှာ အသုံးပြုကာ တစ်တပ်တစ်အား ပါဝင်ကြပြန်တော့ ရေဘေးကြောင့် ဒုက္ခရောက်ရသူတွေ အပူငြိမ်းပါစေကြောင်း ဆုတောင်းမိသည်။ ဤနေရာတွင် အသံမျိုး စုံထွက်နေသည်ဆိုသည်က အခြားမဟုတ်ချေ။ ရေဘေးကို အကြောင်းပြုကာ လုပ်စားအလှူခံသူတွေ၊ ကယ်ဆယ်ရေးပစ္စည်လက် ဝါးကြီးအုပ်ကြသူတွေ သတင်းပင်ဖြစ်သည်။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိသည်။ ဘယ်သူသေသေ ငတေမာရင်ပြီးရော လူတန်းစားတွေကလည်း ရှိနေကြသည်။ သူတစ်ပါး အတိဒုက္ခရောက်နေချိန်ကို အသုံးချ ကိုယ်ကျိုးစီးပွားရှာ အမြတ်ထုတ်နေ သူတွေက မည်သည့်ခေတ်မဆို ရှိကြသည်။
    ရေဘေးကယ်ဆယ်ရေးမှာ ထူးထူးဆန်းဆန်း သတင်းတစ်ခု တက်လာသည်။ ဆန်တစ်အိတ် ခုနစ်သောင်းဆိုသည့် သတင်းပင်ဖြစ်သည်။ ရေဘေးကြုံနေရသူတွေ စားဝတ်နေရေး အဆင်ပြေအောင် ကုမ္ပဏီကြီးတွေကများ ဆန်ဈေးချရောင်းပေးတာလားဆိုပြီး သာဓုခေါ်ရအောင် စုံစမ်း ကြည့်မိသည်။ နောက်တော့မှ ကယ်ဆယ်ရေးပရဟိတတွေ ကြုံရသော ဖြစ်ရပ်ဖြစ်သည်။ ရမည်းသင်းတောင်ပေါ်က ရေဘေးသင့်ရွာတွေအတွက် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းပေးဖို့ကိစ္စ ဖြစ်သည်။ ရမည်းသင်းတောင်ပေါ်ဒေသတွေက သွားလာရေးခက်ခဲသည်။ ဒီတော့ တောင်ခြေရွာတွေက ပရဟိတ အဖွဲ့တွေကို မသွားစေချင်တာဖြစ်သည်။ ဒီတော့ တောင်ခြေရွာတွေကတစ်ဆင့် တောင်ပေါ်ရွာ ရောက်အောင် ကယ်ရီသမားတွေက ဆန်တစ်အိတ် သယ်ဆောင်ခ ခုနစ်သောင်း တောင်းကြသည်။ ဒီတော့ပရဟိတအသင်းတွေ စိတ်ပျက်ကုန်ကြသည်။ တချို့ရွာတွေကလည်း ငါတို့ရွာမှာ လှူခဲ့ ပြီးရင်ပြန်ကြတော့ ဆိုတာမျိုး ပြောကြသည်။ တချို့ ရွာတွေကလည်း ငါတို့ ကယ်ရီသယ်ဆောင်ခ မပေးရင် အထက်က ရွာတွေမသွားကြနဲ့ဆိုပြီး တားတာဆီးတာတွေ ဖြစ်လာကြသည်။
    ထိုသတင်းတွေက ရုတ်တရက်ကြည့်ရင် စိတ်ဆိုးစရာပင်ဖြစ်သည်။ ပရဟိတဆိုတာကလည်း ချမ်းသာလို့လုပ်တာ မဟုတ်ကြချေ။ အလှူရှင်တွေ ကိုယ်စားလှူပေးကြတာဖြစ်သည်။ အလှူရှင်တွေက ငွေအားတတ်နိုင်တာကို လူအားဖြင့် ပါရမီဖြည့်ကြသည်။ ဖေ့စ်ဘုတ်ပေါ်မှာ ပရဟိတသမား တစ်ယောက်ပြောတာ နားထောင်လိုက်ရသည်။ "ကျွန်တော်တို့က အလှူရှင်တွေစေတနာကို အလှူခံ တွေဆီ အရောက်ပို့ပေးတဲ့အခမဲ့ ကယ်ရီသမားတွေပါ"ဆိုတာဖြစ်သည်။ စိတ်ဓာတ်လေးကို သဘောကျမိသည်။ အခုဆန်တစ်အိတ် ခုနစ်သောင်းဆိုတဲ့ ကိစ္စကလည်း ဒေသခံ ငွေကြေးပေးရသည့် ကယ်ရီသမားများ ကြောင့်ပင်ဖြစ်သည်။ သူတို့ကလည်း ရေကြီးမြေပြိုလမ်း ပျက်သည့်နေရာကို ဆိုင်ကယ်နဲ့ အသက်ရင်းပြီးသွားရတာဆိုတော့ ဆန်တစ်အိတ်တောင်ပေါ်ရောက်ဖို့ ခုနစ်သောင်းဆိုတာကတော့ မများသည့်ပမာဏဟု ဆိုရမည် ဖြစ်သည်။ သို့သော် အလှူရှင်တွေဘက်ကလည်း ဆန်အိတ်တွေလှူပြီး ကယ်ရီခထပ်ပေးရမည်ဆိုတော့ စိတ်ကွက်စရာ ရှိသေးသည်။ ဘာပဲဖြစ်ဖြစ် မြန်မာလူမျိုးအချင်းချင်း ညှိနှိုင်းလုပ်ကြဖို့ ပြောချင်သည်။
    ယခုဆိုရင် မြန်မာနိုင်ငံရေဘေးကို နိုင်ငံတကာက ကူညီကြဖို့ ပြင်ဆင်နေကြပြီဖြစ်သည်။ ရေဘေးအကူအညီ တချို့လည်း ရောက်လာကြပြီဟု သိရသည်။ ဘာပဲဖြစ်ဖြစ် ခုလိုကပ်ဘေးမှာ အိမ်နီးချင်းနိုင်ငံတွေပါ ခံစားရတာဆိုတော့ တောင်မင်းကိုမြောက်မင်းမ ကယ်နိုင်ဆိုသလို ဖြစ်နေကြသည်။ ကယ်ဆယ်ရေးကနေရာများတော့ အချိန်မီရောက်ရှိရေး အခက်တွေ့နေကြတာ ဖြစ်သည်။ ဒီတော့ အမေရိကားက တော်လှန်ရေးခေါင်း ဆောင်ကြီးတွေ စိတ်ဆိုးကုန်ကြသည်။ မီယန်မာနိုင်ငံက ပြည်သူတွေ အတိဒုက္ခရောက်နေတာ မင်းတို့မမြင်ဘူးလား။ ကယ်ကြကူကြလေကွာဆိုပြီး ထဆူတော့သည်။ ဒါကိုပင် နိုင်ငံတကာအဖွဲ့အစည်းတွေက အလိုက်ကန်း ဆိုးမသိဘဲ ငြိမ်နေတော့ မင်းတို့နိုင်ငံတကာ အဖွဲ့အစည်းဆိုတာတွေ တော်တော်အသုံးမကျတာပဲဟု ထပ်ဆူလေတော့သည်။ နိုင်ငံတကာအဖွဲ့ အစည်းတွေမှာ မျက်စိသူငယ်နားသူငယ်နှင့် အမေရိကားက တော်လှန်ရေးခေါင်းဆောင်ကြီးတွေဆူတာ လိမ့်ခံနေရသည်။
    အမေရိကားက တော်လှန်ရေးခေါင်းဆောင် ကြီးတွေကတော့ မနေသာချေ။ ရေဘေးကူညီဖို့အ တွက်ဆိုပြီး ပြည်သူတွေ ရေကြီးရင် ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေကို ဖေ့စ်ဘုတ်မှာရေးပြီး သတိပေးနေကြသည်။ ဒါတင်မကသေး တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဖွဲ့စည်းထားသည့် လူ/ကယ်/ ပြန်ဝန်ကြီးဌာနကြီးက အွန်လိုင်းမှနေ၍ ရေကူးသင်တန်းတွေဖွင့်ကာ ပြည်သူကိုရေ ကူးနည်း သင်ပေး နေကြသည်။ သို့သော် မြန်မာပြည်သူ တွေ ကံဆိုးရပြန်သည်။ ရေဘေးကြောင့် အင်တာနက်လိုင်းတွေ အခက်အခဲဖြစ်ပြီး အင်တာနက် သုံးမရတာ ကြောင့် တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ ရေဘေးအန္တရာယ်သတိပြုဖို့ အမေရိကားက လှမ်းသတိပေးတဲ့ စာတွေဖတ်မရသလို၊ အမေရိကန် အဆင့်မြင့်ရေ ကူးသင်တန်းတွေလည်း မတက်ရတာဖြစ်သည်။ ခေါင်းဆောင်ကြီးတွေကတော့ ရှေးမူမပျက်အလှူခံ နေကြသလို နိုင်ငံတကာကိုလည်း အကူအညီတွေပေးဖို့ ဟိန်းဟောက် ခြိမ်းခြောက်နေရတာနဲ့ မအားလပ်ကြကြောင်း ပြည်သူတွေကို သားသားလေး ထူးမြတ်ကတစ်ဆင့် သတင်း စကား ပါးလိုက်ရသည်။
    ဒါတင်မကသေး။ ဟို တံခါးပိတ်လိုက်ဖွင့်လိုက် လုပ်နေသော ကုလသမဂ္ဂအဖွဲ့ကြီးကိုလည်း တော်လှန် ရေးခေါင်းဆောင်ကြီးတွေ ဖိအားပေးနေတာတွေ့ရသည်။ မြန်မာနိုင်ငံက ရေဘေးဒုက္ခကြုံနေရမှုကို ဖေ့စ်ဘုတ်ပေါ်က ဓာတ်ပုံတွေပြကာ ကုလသမဂ္ဂကို အကူအညီသွား တောင်းတဲ့သတင်း ဖတ်လိုက်ရသည်။ ခေါင်းဆောင်ကြီးတွေရဲ့ သဘောကတော့ မြန်မာပြည်သူတွေဒုက္ခရောက်နေတာ မင်းတို့ကုလသမဂ္ဂဆိုတဲ့ကောင်တွေ ကူကြကယ်ကြဦး။ ငြိမ်ကြည့်မနေကြနဲ့ဆိုတာမျိုး ဖြစ်သည်။ ဒါတင်မကသေး။ မင်းတို့လှူမယ်ဆိုရင် မြန်မာနိုင်ငံအစိုးရကို မလှူနဲ့ ပြည်သူတွေဆီ တိုက်ရိုက်ရောက် အောင်ငါတို့ကို လှူဆိုတဲ့ သဘောပြောတာလည်း တွေ့မိသေးသည်။ခေါင်းဆောင်ကြီးတွေရဲ့ ပရဟိတ စိတ်ကိုမြင်တော့ ရမည်းသင်းတောင်ခြေက ရွာသားတွေ သတိရမိသည်။နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအဖွဲ့တို့ကလည်း ပရဟိတအဖွဲ့လို့ဆိုပါက တော်လှန်ရေးခေါင်း ဆောင်ကြီးတွေက တောင်ခြေက ရွာသားတွေလို ဖြစ်နေသည်။ လှူချင်ရင် ငါတို့ကိုလှူ မြန်မာအစိုးရကို မလှူနဲ့ ကယ်ရီခတော့ ပေးရမယ်ဆိုသလို ဖြစ်နေသည်။ ဟုတ်တော့လည်းဟုတ်သည် အမေရိကားကနေ မြန်မာကို ကယ်ဆယ်ရေးပစ္စည်းပို့ဖို့ဆိုတာ ကယ်ရီခတော့လိုသည်။ခုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအဖွဲ့ ကြီးတွေမှာတော့ ဆန်အိတ်တင်ပြီး တောင်ခြေရောက်နေတဲ့ ပရဟိတသမားတွေလို လှူဖွယ်ပစ္စည်းတွေ ထားခဲ့ရမလို ကယ်ရီခပေးရမလို ဖြစ်နေသည်။
    အဟောသုခံချမ်းသာလေစွတကား ...
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 251

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.