နိုင်ငံရေး နားမလည်သူတွေရဲ့ ရယ်စရာ ကောင်းတဲ့ ကြားကာလ

၂၀၂၃ နိုဝင်ဘာ ၂၆

    ကမ္ဘာ့နိုင်ငံရေးသည် တချို့နိုင်ငံများအပေါ် ထိရောက်သည့် အကျိုးဆက်များ မခံစားကြရသော်လည်း တချို့နိုင်ငံများမှာတော့ အကျိုးဆက်များ ကြီးမားစွာ ခံစားကြရပါသည်။ ခေတ်အဆက်ဆက် ကမ္ဘာ့နိုင်ငံရေးကို ကြည့်လျှင် မတူကွဲပြားစွာတွေ့ရမှာ မှန်သော်လည်း နောက်ဆုံးမှာ တူရာစုပြီး စစ်ပွဲများနှင့်သာ အဆုံးသတ် သွားရလေ့ရှိပါသည်။ လူနှင့်လူ့အသိုင်းအဝိုင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ဟာ နား လည်မှုနှင့်အတူ ယှဉ်တွဲနေထိုင်မှုထက် အင်အားကြီးမား အောင် ကြိုးစားကြပြီး လွှမ်းမိုးထားလိုမှုကသာ ပိုကြပါ သည်။
    ထိုသို့နိုင်ငံအချင်းချင်း၊ အုပ်စုအချင်းချင်း အငြင်းအခုံတွေဖြစ်၊ သူ့အုပ်စု ကိုယ့်အုပ်စု အားပြိုင်မှုတွေ ဖြစ်လာရာကတစ်ဆင့် နိုင်ငံအလိုက် စစ်ပွဲတွေဖြစ်လာ ကြတာ တွေ့ရမှာဖြစ်ပါသည်။ ထိုစစ်ပွဲများကြောင့် လူ့ အသက်ပေါင်းများစွာ ဆုံးရှုံးရတာတွေ၊ လူစဉ်မမီလောက်အောင် ထိခိုက်ဒဏ်ရာရတာတွေ၊ အိုးမဲ့အိမ်မဲ့၊ စားရမဲ့ သောက်ရမဲ့ဘဝတွေ ဖြစ်လာခဲ့ကြရသည်မှာ သင်ခန်းစာ ယူသင့်လှပေသည်။ နောက်နောင်မှာ စစ်ပွဲများမဖြစ်ရ အောင်ဆိုသည့် ရည်ရွယ်ချက်နှင့် အများလိုက်နာနိုင်မည့်  အဖွဲ့အစည်းတွေ၊ စည်မျဉ်းစည်းကမ်းတွေ ရေးဆွဲဖန်တီး ခဲ့ကြသည်ကိုလည်း တွေ့ကြရမှာဖြစ်ပါသည်။ 
    ပထမကမ္ဘာစစ်အပြီးမှာလူ့အသက်ပေါင်းများစွာနှင့် ကြီးမားလှသည့် ဆုံးရှုံးမှုများကြောင့် နောင်မှာ အလားတူဖြစ်ရပ်မျိုး မဖြစ်စေဖို့ နိုင်ငံပေါင်းချုပ်အသင်း ကြီးကို ဖွဲ့စည်းခဲ့ကြပါသည်။ စနစ်အရ မည်သို့ပင်ရှိစေ။ စစ်နိုင်ပြီးအင်အားကြီးမားသည့် နိုင်ငံကြီးများက လိုသ လိုအသုံးချခဲ့ကြသည့်အတွက် စစ်ပွဲတွေမဖြစ်ဖို့ရည်မှန်း ထားသည့်အဖွဲ့ကြီးအတွင်းက နိုင်ငံတွေ အလျှိုလျှိုထွက် ခွာသွားကြပြီး နောက်ဆုံးမှာ နိုင်ငံပေါင်းချုပ်အသင်း ကြီးဟာ စစ်မဖြစ်စေရေးအတွက် မည်သို့မျှ မစွမ်းဆောင် နိုင်တော့ဘဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့ရပါတော့ သည်။
    လူဦးရေ ပိုများလာပြီး ခေတ်မီသည့်လက်နက် များကို အသုံးပြုလာခဲ့ကြသည့်အတွက် လူသန်းပေါင်း များစွာ စစ်ဘေးစစ်ဒဏ်သင့်ခဲ့ရပြီး လူ့အသက်ဆုံးရှုံးမှုက လည်း ပထမကမ္ဘာစစ်ကထက်ကို ပိုမိုလာခဲ့ရသည်မဟုတ် ပါလား။ ပထမကမ္ဘာစစ်က သင်ခန်းစာ၊ ဒုတိယကမ္ဘာ စစ်က သင်ခန်းစာတွေရယူပြီး နိုင်ငံပေါင်းချုပ်အသင်းကြီး ဆန်ဆန် ကုလသမဂ္ဂအဖွဲ့ကြီး ဖွဲ့စည်းခဲ့ကြပြန်ပါသည်။ လက်ရှိအချိန်အထိ ကုလသမဂ္ဂ၏ ဖွဲ့စည်းဆောင်ရွက်မှု နှင့် ယန္တရားများအရ ဒေသအသီးသီးမှာ စစ်ပွဲတွေဖြစ်ခဲ့၊ ဖြစ်နေဆဲပေမယ့် ကမ္ဘာစစ်အထိကိုတော့ ချဉ်းကပ်လာ သည်ကို မကြုံရသေးပါ။ သို့သော် ကုလသမဂ္ဂအတွင်းမှာ ကြီးနိုင်ငယ်ညှဉ်းဆိုသလို အင်အားကြီးနိုင်ငံကြီးများ၏ လွှမ်းမိုးမှုပြဿနာကလည်း ရှိနေပြန်တော့ တစ်ချိန်ချိန် မှာ သူ့၏သြဇာကလည်း ကျဆင်းလာမှာ သေချာသလောက် ရှိပါသည်။
    ကုလသမဂ္ဂကြီးအတွင်းမှာ ကမ္ဘာ့နိုင်ငံအား လုံးနီးပါးရှိကြပေမယ့် မတူညီတဲ့ အုပ်စုတွေရှိနေကြပြီး ကုလသမဂ္ဂအလွန်မှာ အုပ်စုငယ်လေးတွေ ဖန်တီးတည် ဆောက်လာနေခဲ့ကြတာ အခုဆိုရင် အတော်များလာ ပါပြီ။ ဘာသာအလိုက်၊ ဒေသအလိုက် အဖွဲ့အစည်းအသီး သီးဖွဲ့စည်းခဲ့ကြပြီး ထိုအုပ်စုများက တခြားနိုင်ငံ၊ တခြား အုပ်စုများအပေါ် နိုင်ထက်စီးနင်း ပြုလုပ်တာတွေကို တားမြစ်နိုင်ဖို့ ကုလသမဂ္ဂအနေဖြင့် မစွမ်းဆောင်နိုင်သည် ကိုလည်း သတိထားမိကြမှာ ဖြစ်ပါသည်။ စီးပွားရေး၊ လူမှုရေးအရ ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ ၏ ရည်ရွယ်ချက်သည် ကောင်းမွန်သော်လည်း စစ်အုပ်စု အပြိုင် ဖွဲ့စည်းချင်းကတော့ စစ်အတွက်ကြိုတင်ပြင်ဆင် ခြင်းဟူ၍သာ ဆိုရပါမည်။
    ဒုတိယကမ္ဘာစစ်အပြီးမှာ စစ်နိုင်သည့်အုပ်စု ဘက်က စစ်ရှုံးသည့်အုပ်စုဘက်ကို ကုလသမဂ္ဂအပါ အဝင် နေရာအတော်များများမှာ အသာစီးယူထားခဲ့ကြ တာ တွေ့ရမှာဖြစ်ပါသည်။ ထို့အပြင် ဒုတိယကမ္ဘာစစ် အပြီးမှာ နယ်ချဲ့အရင်းရှင်များက ဆက်လက်ထိန်းသိမ်း ဖို့ ခက်ခဲလာပြီဖြစ်သည့်အတွက် ဒေသအသီးသီးမှာရှိ သည့် ကိုလိုနီနိုင်ငံငယ်လေးများကို လွတ်လပ်ရေးပေးခဲ့ ကြပါသည်။ သို့သော် အရင်းရှင်သဘာဝအရ လက်လွှတ် မခံချင်သည့်အတွက် နည်းမျိုးစုံဖြင့်ထိန်းချုပ်ထားခဲ့ကြ သည်ကိုလည်း တွေ့ရမှာဖြစ်ပါသည်။ ထိုသို့ထိန်းချုပ်ထား သည်ကို တွန်းလှန်ဖို့ နိုင်ငံငယ်လေးများကလည်း တူရာ စုလာခဲ့ကြတာပဲဖြစ်ပါသည်။ အထူးသဖြင့် လက်ဝဲလက် ယာအားပြိုင်မှုသည် ဒုတိယကမ္ဘာစစ်မတိုင်မီက စခဲ့ပေ မယ့် ဒုတိယကမ္ဘာစစ်အပြီးမှာတော့ ရန်ဘက်အသွင် ဖြစ်လာခဲ့ပြီဖြစ်ပါသည်။
    မြန်မာနိုင်ငံ၏ လက်ရှိ ပြဿနာအတော်များ များသည် ထိုဒုတိယကမ္ဘာစစ်အပြီး အနောက်အုပ်စု၏လွှမ်းမိုးချုပ်ကိုင်မှုနှင့် အရှေ့အုပ်စု၏ တွန်းလှန်ဖောက် ထွက်မှုကြားက ပြဿနာပင်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့သည့် ပြဿနာတစ်ရပ်ရပ်ကို ကြည့်လျှင် ထိုပယောဂ တစ်ခုမဟုတ် တစ်ခုပါနေသည်ကို တွေ့ရမှာဖြစ်ပေသည်။ မြန်မာနိုင်ငံအတွင်းမှာ လွတ်လပ်ရေး ရခါစကပင် လက်ဝဲလက်ယာပြဿနာကို ရင် ဆိုင်ခဲ့ရပေသည်။ လက်ဝဲအုပ်စုကွန်မြူနစ်၏ လက်နက် ကိုင်လမ်းစဉ်နှင့် အင်္ဂလိပ်သွေးထိုးမြှောက်ပေးခဲ့သည့်  ကရင်လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲများပင်မဟုတ် ပါလား။ ထိုအခြေအနေများကြောင့် လွတ်လပ်ရေးရပြီး စမှာ နိုင်ငံရေးစနစ်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံပြီး စီးပွားရေးနှင့် လူမှုရေးကိုတော့ ဆိုရှယ်လစ် အယူအဆအတော်များများကို အခြေခံခဲ့တာ တွေ့ရမှာ ဖြစ်ပါသည်။ 
    ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်နိုင်ငံက ပြောင်ပြောင်တင်းတင်း စစ်ရေး၊ ဝါဒရေးရာ ကိစ္စများကို အကူအညီပေးခဲ့ပြီး ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည့် KNU အဖွဲ့အစည်းကို အနောက်အုပ်စုက လိုသလို ကြိုးကိုင်ပြီး ထောက်ပံ့ပေးခဲ့တာအထင်အရှား ပဲဖြစ်ပါသည်။ မြန်မာ့ ပြည်တွင်းရေးမှာ လက်ဝဲလက်ယာ အုပ်စုများက တိုက်ရိုက်ချုပ်ကိုင် ခြယ်လှယ်လိုကြပါသည်။ တရုတ် နိုင်ငံက ကွန်မြူနစ်နိုင်ငံဖြစ်သည်အထိ ဗကပကို ရည်ရွယ်ပံ့ပိုးပေးခဲ့သလို အနောက်အုပ်စုကလည်း ခြေ ကုပ်တစ်ခုရအောင် KNU သက်ဆိုးရှည်ဖို့ထောက်ပံ့ခဲ့ပြီး  ပြည်တွင်းနိုင်ငံရေးမှာ ဝင်ရောက်ခြယ်လှယ် နိုင်ဖို့ ခေတ်အဆက်ဆက်မှာ သူ့အလိုကျဆောင်ရွက်မည့် နိုင်ငံရေးအင်အားစုတစ်ခု အားကောင်းလာ အောင် ကြိုးစားခဲ့တာ ပဲဖြစ်ပါသည်။ 
    လွတ်လပ်ရေး ရပြီးစကပင်ထိုသို့ ပြည်တွင်းမှာရှိသည့် အင်အားစုများကို အပြိုင်အဆိုင်ဆွဲယူ မွေးမြူထားရာမှ တိုင်းရင်းသားများကြားတွင် တဖြည်းဖြည်းနှင့် လက်နက်ကိုင်လမ်းစဉ် ကြီးထွားလာ ခဲ့ခြင်းပဲဖြစ်ပါသည်။ လက်နက်ကိုင်တိုင်းရင်းသား အင်အားစုတွေကို သရုပ်ခွဲကြည့်လျှင် တရုတ်နှင့် မကင်းသည့်အဖွဲ့နှင့် အမေရိကန်နှင့် မကင်းသည့်အဖွဲ့ဟူ၍ နှစ်မျိုးတွေ့ရမှာဖြစ်ပါသည်။ လူလည်ကျ သည့် KIA ကတော့ တရုတ်၊ အမေရိကန် နှစ်ဖက်ခွထားတာကို တွေ့ရမှာပါ။ အစိုးရအဆက်ဆက်မှာ ပြည့်အင်အားသည်ပြည်တွင်းမှာသာ ရှိသည်ဆိုသည့် ခံယူချက်နှင့် ငြိမ်းချမ်းရေးရအောင် နည်းမျိုးစုံဖြင့် ကြိုး စားခဲ့ကြတာ တွေ့ရပါသည်။ သို့သော် လမ်းစဉ်တစ်ခု တည်း အပေါ်မှာ အခြေမခံဘဲ သူ့အလှည့် သူ့မူနှင့်သွား ခဲ့ကြသည့်အတွက် တည်ငြိမ်အေးချမ်းသည့် ကာလများ ရှိခဲ့သော်လည်း သဘောထား ကွဲလွဲမှုများ ဖြစ်သည့်အခါတိုင်း တိုက်ပွဲတွေဆီကိုသာ ဦးတည်သွားတတ်ကြသည်မှာ  စိတ်မကောင်း စရာဟူ၍ ဆိုရပေမည်။
    ထိုသို့အယူအဆအမျိုးမျိုး ရှိကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အသီးသီးရှိကြပေမယ့် အံ့ သြစရာကောင်းသည်က ဝါဒမတူသည့်တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်ဖို့ထက် တပ်မတော်ကို သာ ဦးတည်ရန်သူအဖြစ် သတ်မှတ်တိုက်ခိုက်ခဲ့ကြတာပဲ ဖြစ်ပါသည်။ ထိုအခြေအနေကလည်း သူ့ဒေသနှင့်သူ ရှိတာကြောင့် လည်းဖြစ်သလို သူတို့လိုလားသည့် အခြေအနေမျိုး မရောက်ရှိသေးလို့ဘဲ ဖြစ်ပါလိမ့်မည်။ သို့ပေမဲ့လည်းဒေသ ဆက်စပ်မှုအရ ကြည့်မည်ဆိုလျှင် နယ်မြေလုမှုများအရ တိုင်းရင်း သားလက်နက်ကိုင် အချင်းချင်းလည်း တစ်ခါတစ်ရံ ပွတ်တိုက်မှုများ ရှိတတ်တာတွေ့ရမှာ ဖြစ်ပါသည်။ မိုင်းယန်းဒေသမှာ 'ဝ'အထူးဒေသ(၁)က မိုင်းလားအထူး ဒေသ(၄)၏ နယ်မြေကိုအင်အားသုံး လုယူ သည့်ပြဿနာ၊  ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်းဒေသမှာ ရှမ်းလက်နက် ကိုင်နှစ်ဖွဲ့ နယ်မြေလုသည့် ပြဿနာ၊ TNLA နှင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ ကြားကပြဿနာ၊ ကိုးကန့်လက် နက်ကိုင်အဖွဲ့ အချင်းချင်း ပြဿနာ၊ ကချင်ပြည်နယ်အတွင်းမှာ  KIA က  ကချင်အထူးဒေသ(၁)ကို တိုက်ခိုက် သိမ်း ပိုက်ဖို့ ကြိုးစားခဲ့သည့်ပြဿနာ၊ ကချင်ပြည်နယ် အတွင်းမှာ KIA က ရှမ်းနီတိုင်းရင်းသားများကို အနိုင် ကျင့်နှိပ်စက်သည့်အတွက် ရှမ်းနီအဖွဲ့များက လက်နက်ကိုင်ပြီး ကာကွယ်နေရသည့်အခြေအနေ၊ ရခိုင်ပြည်နယ် အတွင်းမှာလည်း AA က ရခိုင်တိုင်းရင်းသားအချင်းချင်း ဖြစ်သည့် ALP လက်နက်ကိုင်အ ဖွဲ့ကို တိုက်ခိုက်သတ်ဖြတ်တာ၊ ကရင်ပြည်နယ်အတွင်းမှာလည်း လက်နက်ကိုင်အဖွဲ့ အမျိုးမျိုးရှိပြီး အားပြိုင်နေကြတာစသဖြင့် ဒေသအသီးသီးမှာ လက်နက်ကိုင်ထားသည့် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးကြားထဲမှာလည်း ကြီးနိုင်ငယ်ညှဉ်းပြဿနာများရှိနေတာ တွေ့ရမှာဖြစ်ပါသည်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၏ တူညီသည့်ဆန္ဒက လက်နက်ကိုင်ထားပြီး လက်နက်နှင့်အာဏာတည် ဆောက်ရေးပဲဖြစ်ပါသည်။ လူမျိုးစုအရေးသည် အမည်ခံသက်သက်ပဲဖြစ်ပါသည်။ ခြွင်းချက်အဖြစ် လူမျိုးစုအရေးကို ဦးစားပေးသည်သာများလည်း ရှိပါသည်။
    ယခုအခါမှာ NUG က စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တော်လှန်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုထူထောင်မည်ဟု ကြွေးကြော်နေပြန်ပါသည်။ NUG ၏ ဇာစ်မြစ်ကိုကြည့်လျှင် အနောက်အုပ်စု လိုလားသည့်၊ အနောက်အုပ်စုက လိုလားသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် NLD အုပ်စုများသာလျှင် ဖြစ်ပေသည်။ အမှန်စင်စစ် NLD နှင့်တပ်မတော်ကြားက ပြဿနာသည် မဲမသမာမှုကတစ်ဆင့် တိုင်း ပြည်အာဏာကိုမတရားရ ယူလိုသည့်အတွက် တည့်မတ်ပေးခြင်းသာ ဖြစ်ပေသည်။ NUG ၏ လုပ်ရပ်များ သည် အကြောင်းရင်းခံကို ပျောက်ကွယ်အောင် အတင်းဖုံးဖိပြီး တပ်မတော်ကို အတင်းအကျပ် စစ်အာဏာရှင်အဖြစ် ဖန်တီးခြင်းသက်သက်သာ ဖြစ်ပေသည်။ မကျေနပ်မှု၊ မုန်းတီးမှု၊ အာဏာလက် လွှတ်ခဲ့ရမှုများအတွက် အခဲမကျေဆောင်ရွက်နေခြင်းသက်သက်သာဖြစ်ပါသည်။ အနောက်အုပ်စုအ လိုကျ သူတို့လိုချင်သလိုဖြစ်လာအောင်  လူငယ်များကိုမြှောက် ပင့်စည်းရုံး လက်နက်ကိုင်လမ်း ပေါ်ရောက်အောင် တွန်းပို့ခဲ့ပြီး ပြည်တွင်းမှာရှိသည့် လက်နက်ကိုင်အင်အားစု အားလုံးကို ဖြားယောင်း သွေးဆောင်နေခြင်းသာဖြစ်ပေ သည်။
    ယခုရက်ပိုင်းမှာ NUG က တိုင်းနှင့်ပြည်နယ်အလိုက် လွှတ်တော်များက ကြားကာလအစီအမံ ဥပဒေ မူကြမ်းဆိုပြီး ရေးဆွဲအတည်ပြုနေကြတာတွေ့ရပြန်ပါသည်။ သူတို့သတ်မှတ်သည့် တိုင်းနှင့် ပြည်နယ်များကလည်း တော်လှန်ရေးကောင်စီက ရေးဆွဲသတ်မှတ်ပေး ခဲ့သည့်အတိုင်း ဖြစ်နေသည့်အ တွက် အတော်တော့ ရယ်စရာကောင်းပါသည်။ မည်သူတွေက ရေးဆွဲပြီးမည် သူတွေက အတည်ပြု မလဲတော့ မပြောတတ်ပါ။  သူတို့ လုပ်ဆောင်နေသည်များကို ကြည့်ရသည်မှာ နိုင်ငံ့အရေးကို အမြော်အမြင်ရှိရှိ စဉ်းစားဆောင်ရွက်နေတာ မဟုတ်ဘဲ အလွယ်တွေး၊ အလွယ်လုပ်နေသည်ဟု မြင်နေ ရပါသည်။ သေချာတာကတော့ သူတို့မျှော်မှန်းထားသည့် အခြေအနေရောက်လျှင် တိုင်းပြည်အ စိတ်စိတ်အမြွှာမြွှာ ကွဲပြီး ဒေသပေါင်းစုံမှာ တိုင်းရင်းသားအချင်းချင်း ကြီးနိုင်ငယ်ညှဉ်း နိုင်လိုမင်း ထက်တိုက်ပွဲတွေနှင့် ပြည့်နှက် နေမှာအမှန်ပင် ဖြစ်ပေလိမ့်မည်။ 
    အထက်မှာတင်ပြထားသည့်အတိုင်း ကမ္ဘာ့အရေးနှင့် ယှဉ်တွဲနေသည့် မြန်မာပြည်တွင်း လက်နက် ကိုင်ပြဿနာများအရ ပြည်ထောင်စုပြိုကွဲသည်အထိမ ဖြစ်ခဲ့ရခြင်း၊ ပြည်ပသြဇာခံနိုင်ငံ မဖြစ်ရခြင်းများသည် တပ်မတော်၏ အမျိုးသားရေးတာဝန်ကျေပြွန်မှုကြောင့်သာဖြစ်ပေသည်။ လက်ရှိ အခြေခံဥပဒေနှင့် တပ်မတော်၏ ဆောင်ရွက်ချက်များသည် စစ်အာဏာရှင်စနစ်တည် ဆောက်နေခြင်း မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း အောင် ဆောင်ရွက်နေခြင်းသာဖြစ်ပါသည်။  မြန်မာ့တပ်မတော် အင်အားချည့်နဲ့ သွားပါက NUG ရည်မှန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာမှာမဟုတ်ဘဲ  အထက်မှာဆိုခဲ့သည့်အတိုင်း တိုင်းပြည်အစိတ်စိတ် အမြွှာမြွှာပြိုကွဲပြီး နေရာစုံမှာ စစ်အာဏာရှင်တွေ ပေါ်ပေါက်လာမှာ မလွဲဟူ၍ ဆိုချင်ပါသည်။ 

ဇော်နိုင်
(TREND News ဂျာနယ် အတွဲ(၂)၊ အမှတ် (၄၄) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)

Total Views ~ 249

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42858

© 2022 - 2025 News. All Rights Reserved.