၂၀၂၄ ဒီဇင်ဘာ ၂၉
'တစ်ယောက်ကပြောသည် အလံမတူ ငါ့ရန်သူ'
အဓိပ္ပာယ်က အခြားမဟုတ်၊ အယူအဆ မတူလျှင် ရန်သူဟု သဘောထားသည်။ ရန်သူဟူသော အဓိပ္ပာယ်မှာ အယူအဆမတူသူဟု သတ်မှတ်ကြသည်ကို ကျွန်တော်နားလည်လိုက်သည်။ ကျွန်တော်ကတော့ မိမိနှင့် အယူအဆ မတူသူကို ရန်သူဟု သဘောမထားခဲ့၊ အယူအဆတူစရာမလို၊ အထူးသဖြင့် ထပ်တူထပ်မျှ တူစရာမလို၊ အိမ်သားချင်းပင် အယူအဆမတူကြ၊ ထို့ကြောင့် ကျွန်တော်က ရန်သူမရှိဟု သုံးနှုန်းသည်။ ရန်သူ မွေးမထား၊ အယူအဆ မတူသူကို တူလာအောင်လုပ်ရေးသည် မိမိအလုပ်၊ နိုင်ငံရေးသမားတို့ အလုပ်ဟု မှတ်ယူထားသည်။ လူများသည် မိမိနှင့် ဆန့်ကျင်ဘက် အယူအဆရှိသည့် လူများနှင့် အတူနေထိုင်ကြရသည်။ မတူသည်ကို တူလာအောင် လုပ်ခြင်းမှာ နိုင်ငံရေး အလုပ်၊ နိုင်ငံရေးသမားတို့ အလုပ်၊ နိုင်ငံရေးခေါင်းဆောင်တို့၏ အလုပ်ဟု မှတ်ယူထားသည်။ ထို့ကြောင့် ရန်သူမရှိ မိတ်ဆွေသာရှိ။' (၂၀၁၈၊ နိုဝင်ဘာ၊ ပအကြိမ်၊ စိတ်ကူးချိုချို စာအုပ်တိုက်ထုတ်၊ ဒဂုန်တာရာ၊ လွတ်လပ်ရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ၊ စာ-၉၀)
'ကျွန်တော်သည် လွန်ခဲ့သော အနှစ် ၂၀ ခန့်က ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲအောင် လုပ်တာဟူသော စကားရပ်ဖြင့် သုံးနှုန်းခဲ့သည်။ ကျွန်တော်သည် ယင်းရန်သူဟူသော စကားလုံးကို မကြာမကြာ သုံးစွဲလာတတ်သည်။ အထူးသဖြင့် ရန်သူမရှိသော ကျွန်တော်၏ စကားရပ်နှင့် ပတ်သက်၍ ဖော်ပြသောအခါ မကြာခဏ သုံးစွဲရခြင်းဖြစ်သည်။ မလွှဲမရှောင်သာ သုံးလိုက်ရခြင်းဟု ကျွန်တော်က ပြောချင်သည်။ တက်သစ်စ လူငယ် (သို့မဟုတ်) မျိုးဆက်သစ်တို့က (အချို့ကဆိုလျှင် ပိုမှန်သည်) ရန်သူမရှိ ဟူသော စကားရပ်ကို သိပ်မကြိုက်ကြ၊ ထိုအစွဲသန်သူတို့က ရန်သူဟူသည် အမြဲရှိနေသည်ဟု မှတ်ယူထားဟန် ရှိနေ သည်။ ကျွန်တော်သည် ရန်သူဟူသော စကား၏ အဓိပ္ပာယ်ကို သိပ်မရှင်းနိုင်ခဲ့ပေ။
'သို့သော် ယခုအခါ လူတို့၏ အတွေးအခေါ်ထဲတွင် ရန်သူဆိုတာ ဘာလဲဟူသော အတွေးအခေါ်တို့ဖြင့် အငြင်းပွားစ ပြုနေသည်ကိုတွေ့၍ ပြုံးမိလိုက်သည်။ ပြုံးမိသည်မှာ အခြားကြောင့် မဟုတ်၊ ကျွန်တော်က ရန်သူဟူသော စကားရပ်ပါသော ရန်သူမရှိဟု ဆိုလိုက်သောအခါ အချို့သော သူတို့က ကျွန်တော်နှင့် နားလည်မှု ချင်းခြားလျှင် ခြားနားမည်၊ သို့မဟုတ် ကျွန်တော်နှင့်မတူသော အယူအဆ ရှိသူတို့က ကြိုက်ချင်မှ ကြိုက်မည်ဟု မျှော်လင့်ထားပြီးဖြစ်သည်။ မျှော်လင့်သည့်အတိုင်းပင် အချို့က ရန်သူရှိသည်ကိုပင် ကျေနပ်နေဟန် ရှိနေသည်ဟု အကဲခတ်မိသောကြောင့် ဖြစ်သည်။ ကျွန်တော်က အဓိပ္ပာယ်ရှင်းရန် ဖြစ်ပေါ်လာသောအခါ ကျွန်တော်တို့ဘက်က အထူးသဖြင့် ကျွန်တော့်ဘက်က ရန်သူ ဟူ၍ သဘောမထားသည့် အတွေးအခေါ်ကို ဖော်ပြလိုခြင်းဖြစ်သည်ဟု သာမာန်အားဖြင့် ရှင်းလင်း လိုက်ခြင်းဖြစ်သည်။ တချို့က သဘောမကျ၊ တချို့ကျတော့ သဘောကျသည်။ ကျွန်တော်၏ မိတ် ဆွေနိုင်ငံခြားသား မြန်မာပြည်သားတစ်ဦးက ကျွန်တော်၏ စကားရပ်ကို ကြိုက်ဟန်ရှိသည်။ သူက 'ဗုဒ္ဓတရားတော်နှင့် ညီတယ်ဗျ'ဟု ပြောသည်ကို ကျွန်တော် ကြားရသေးသည်။ ဗုဒ္ဓဘာသာတရားတော်သည် ငြိမ်းချမ်းသော တရားတော်ဖြစ်သည်ဟု ကျွန်တော် ဆိုချင်သည်။' (၎င်း၊ စာ-၇၂)
ဆရာဒဂုန်တာရာဟာ နိုင်ငံရေးအယူဝါဒတစ်ခုကို ယုံကြည်တာထက် ငြိမ်းချမ်းရေးကို ပိုပြီးယုံ ကြည်သူ၊ ငြိမ်းချမ်းရေး လိုချင်သူအဖြစ် ထင်ရှားပါတယ်။ ဆရာ ဒဂုန်တာရာဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း မှာအရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်း ဆောင်များနဲ့ အလွန်ပင် ရင်းရင်း နှီးနှီးရှိလှပြီး ကိုယ်တိုင်လည်း ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ကြီးကို ဖြတ်သန်းခဲ့စဉ်အခါမှာတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့နဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
'၁၉၅၂ ဂျူဗလီဟောတွင် ကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ မြန်မာပြည်တွင် ပါဝင်ကျင်းပခဲ့သည်။ ကမ္ဘာကြီးက မငြိမ်းချမ်းနိုင်သေး၊ ကမ္ဘာစစ်မရှိသော်လည်း ဒေသစစ်များက ရှိနေသည်။ ပြည်တွင်းစစ်များက ဖြစ်နေသည်။ စစ်ဖြစ်ခြင်းကို ကျွန်တော်မကြိုက်၊ တားချင်သည်။ ငြိမ်းချမ်းရေး လုပ်ဆောင်ချင်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းတွင် ကျွန်တော်ပါဝင် ဆောင်ရွက်ခြင်းဖြစ်သည်။ နောက်ဆုံး ကျွန်တော်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ သဘာပတိအဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံရတော့ စိတ်ထဲက ကျေနပ်နေသည်။ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့အစည်းသည်လည်း စစ်အေးခေတ်အတွင်း တဖြည်းဖြည်း ပျောက်ကွယ်သွားရသည်ကို မကျေနပ်၊ အားမရ။' (၎င်း၊ စာ-၉၂)
ဆရာဒဂုန်တာရာဟာ ငြိမ်းချမ်းရေးကို ယုံကြည်သည့်အလျောက် ကိုယ်တိုင်လည်း ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားခဲ့ပါတယ်။ (ကျွန်တော်သည် သမိုင်းခေတ်များကို ဖြတ်သန်းသွားသောအခါ ယင်းရန်သူ မရှိဟူသော အတွေးအခေါ် ရရှိလာခဲ့တော့သည်။ သမိုင်းမှရရှိသော အတွေးအခေါ်ဟု ဆိုနိုင်ပေသည်) လို့ ဖော်ပြထားပါတယ်။
ဆရာဒဂုန်တာရာမှာ အရိယာသူတော်ကောင်းကြီးများရဲ့ သန့်ရှင်းစင်ကြယ်တဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်မျိုးနဲ့ 'ရန်သူမရှိ'လို့ ထုတ်ဖော်ကြေညာနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၀ ဇွန်လမှာ တိုးမြစ်စာပေက ထုတ်ဝေခဲ့တဲ့ 'နိုင်ငံရေးယဉ်ကျေးမှု' စာအုပ်မှာလည်း ဆရာဒဂုန်တာရာရဲ့ 'ရန်သူမရှိ' အယူအဆကို တွေ့နိုင်ပါတယ်။
'ရန်မရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာ ရှိ}ဟူသော စကားရပ်ကို ၁၉၉၀ ကျော်လောက်က 'မိမိ ကိုယ်ကိုယ် မဲဇာပို့ခြင်း' ကဗျာတွင် ရရှိခဲ့သည်။ ကျွန်တော်၏ အတွေ့အကြုံ၊ သမိုင်းခေတ်အတွေ့အကြုံကို ဖြတ်သန်းရင်းက ရရှိခဲ့သော အတွေးအခေါ် ဖြစ်သည်။' (စာ-၃၁)
'ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခြင်းသည် နိုင်ငံရေးအလုပ်ဟု ပြောခဲ့ဖူးသည်။' (စာ-၂၂)
ဆရာ့ရဲ့ သူတော်ကောင်းစိတ်ဓာတ်ကို ဦးညွတ်ဂုဏ်ပြုရင်းကပဲ ငြင်းခုံဆွေးနွေးခွင့် ပြုပါလို့ တောင်းပန်ချင်ပါတယ်။ ပြောချင်တာက သဘာဝရဲ့ အရှိတရားမှာ 'ရန်-မိတ်' စည်းခြားပြီးသား ရှိနေ တယ်ဆိုတာပါပဲ။ မီးနှင့်ရေ အပူနှင့်အအေး ငြိမ်းချမ်းရေး လုပ်၍မရပါ။ ဒါ့ကြောင့် ရေများရေနိုင်၊ မီးများ မီးနိုင်ဆိုတဲ့ စကားဖြစ်ပေါ်လာပြီး ဒီစကားက ဆန့်ကျင်ဘက်အင်အား နှစ်ရပ်ဟာ အပြတ်အသတ် မစေ့စပ်တမ်း တိုက်ခိုက်ကြ တယ်ဆိုတာ ဖော်ပြနေပါတယ်။ ကျားနှင့်ဆင် လယ်ပြင်မှာ တွေ့ကြတဲ့အခါ မိတ်ဆွေဖြစ်မသွားကြပါ။ ချင်းစိမ်းနှင့် မိတ်သလင် သူကြင်မှ ကိုယ်ကြင်မယ်ဆိုတဲ့ ရှေးစကားလည်း ရှိပါတယ်။ ပြဒါးတစ်လမ်း သံတစ်လမ်းလို့လည်း ဆိုထားပါတယ်။
'ဆန့်ကျင်ဘက်တို့၏ ညီညွတ်ရေးကို ရရှိအောင် ဆောင်ရွက်ခြင်းသည် နိုင်ငံရေးဖြစ်သည်။' (စာ-၂၂)
ဆရာပြောတဲ့ သမိုင်းခေတ် အတွေ့အကြုံအရ ပြောလျှင်ပင် ဆန့်ကျင်ဘက်တို့ ညီညွတ်ရေး မရခဲ့ကြပါ။ ဦးနုတို့ ဖဆပလနှင့် သခင်သန်းထွန်းတို့ ကွန်မြူနစ်များ ညီညွတ်ရေးမရခဲ့တဲ့အပြင် ကမ္ဘာ မကြေ ငြှိုးသူရန်ဘက်များ ဖြစ်သွားကြပါတယ်။ ကွန်မြူနစ်ချင်းအတူတူ အလံဖြူနှင့် အလံနီတို့ စေ့စပ်၍ မရအောင် ကွဲပြဲသွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများလည်း သဲထဲရေသွန်ဖြစ်ခဲ့ဖူးပါတယ်။ သမိုင်းအတွေ့အကြုံများအရ ကောက်ချက်ဆွဲ ကြည့်ရရင် နိုင်ငံရေးဆိုတာ ညီညွတ်ရေးရအောင်လုပ်တာမဟုတ်ဘဲ အာဏာရအောင် လုပ်တာသာ ဖြစ်တယ်ဆိုတဲ့ အဖြေထွက်လာပါတယ်။
ဆရာဒဂုန်တာရာပြောသလို ဆန့်ကျင်ဘက်တို့ ညီညွတ်ရေးရဖို့ဆိုတာ မလွယ်ပါဘူး။ အကျိုးစီးပွားချင်းတူရင်တော့ ယာယီအားဖြင့် ညီညွတ်ရေး ရနိုင်ကောင်းပါတယ်။ ကိုယ်ကျိုးရှာသူနှင့် ကိုယ်ကျိုး စွန့်သူ၊ သူရဲကောင်းနှင့် သစ္စာဖောက်တို့ကြားမှာ ညီညွတ်ရေးရဖို့လမ်းမမြင်ပါ။ မှိုနှင့်မျှစ်ရောချက်လို့ အရသာကောင်းထွက်လာနိုင်ပေမယ့် စိန်နှင့်သံပရာ ရောစားရင် အသက်အန္တရာယ်တောင် ဖြစ်စေနိုင်ပါတယ်။ သရက်ပင်အနားမှာ ခွေးတောက်ပင် လာစိုက်ထားတဲ့အခါ အမြစ်ချင်း ရောယှက်သွားပြီး သရက်ပင်က အသီးသီးလာတဲ့အခါ အချိုအရသာ မထွက်တော့ဘဲ ခါးကုန်ပါရောလား။ ခွေးတောက်နဲ့သရက် ဆန့်ကျင်ဘက်တို့ ပေါင်းစပ်ရောယှက်မိတဲ့အခါ အကောင်းထက် အဆိုးရလဒ်သာ ပေါ်ထွက်လာတယ် မဟုတ်ပါလား။
ဆန့်ကျင်ဘက်ကို ရန်သူလို့ သဘောမထားခြင်းဟာ ဗုဒ္ဓတရားတော်နှင့်ညီတယ်လို့ အထက်တစ်နေရာမှာ ဆိုခဲ့ပါတယ်။ သို့သော် ဆန့်ကျင်ဘက်များကတော့ ဗုဒ္ဓဘုရားရှင်ကိုလည်းကောင်း၊ ဘုရားရှင်ရဲ့တပည့်သား သံဃာတော်များကိုလည်းကောင်း၊ တရားတော်မြတ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ကြတာ သတိပြုစေလိုပါတယ်။ အထင်ရှားဆုံးမှာ တိတ္တိများ၊ ဒေဝဒတ်နဲ့ သူ၏နောက်လိုက်များ၊ ပြီးတော့ အောင်ခြင်း ရှစ်ပါးထဲက နန္ဒောပနန္ဒ နဂါးမင်းတို့နဲ့ ထိပ်တိုက်တွေ့ခဲ့ပုံများပဲ ဖြစ်ပါတယ်။ သံဃာ့အဖွဲ့အစည်းကို တိုက်ခိုက်လာတဲ့ နန္ဒောပနန္ဒ နဂါးမင်းကို ရှင်မဟာမောဂ္ဂလာန်လို ရဟန္တာအရှင်မြတ်ကြီးက ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဆုံးမချေချွတ်ခဲ့ရတယ် မဟုတ်ပါလား။ ငြိမ်းချမ်းသော အဖွဲ့အစည်းတစ်ခု ပြိုကွဲအောင် ဖျက်ဆီးတတ်သော ရန်သူကို မိတ်ဆွေဖြစ် အောင်လုပ်ဖို့ ဘယ်လိုမှ ကြောင်းကျိုးမညီညွတ်ပါ။ ရန်သူကို ရန်သူလိုသဘောထားပြီး ဆုံးမခြင်းသည်သာလျှင် အရိုင်းကို ယဉ်စေနိုင်ပါတယ်။ အလွန်ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာတို့ရဲ့ 'ဘုရားရှိခိုး' ဝတ်ရွတ်စဉ်မှာ ရတနာသုံးပါး တို့အား ကန်တော့ရသော ကုသိုလ်ကံ စေတနာကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါး ပါးစတဲ့ ဘေးရန်အန္တရာယ်အပေါင်းမှ လွတ်မြောက်ပါစေကြောင်း ဆုတောင်းထားတာ တွေ့နိုင်ပါတယ်။ ရန်သူမျိုးငါးပါးလို့ အတိအလင်း ဖော်ပြထားပါတယ်။ အလွန် ငြိမ်းချမ်းတဲ့ ဘာသာတရားမှာပင် ရန်သူရှိနေတာ သတိပြုရမှာ ဖြစ်ပါတယ်။ အာဏာအဆိပ် ငယ်ထိပ်တက်နေတဲ့ အလွန်ပူလောင်လှတဲ့ နိုင်ငံရေးလောကမှာ ရန်သူကို မိတ်ဆွေဖြစ်စေဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူလှပါ။ အဖြူနှင့်အနက် ဆန့်ကျင်ဘက်တို့ ရောစပ်ပေါင်းဖက်လျှင် အဖြူလည်း ပျက်၊ အနက်လည်းပျောက် မီးခိုးရောင် အဖြစ်သို့သာ ဆိုက်ရောက်သွားပါလိမ့်မယ်။
ဆရာဒဂုန်တာရာရဲ့ 'နိုင်ငံရေးယဉ်ကျေးမှု'မှာ အခြားထင်ရှားသော ဖော်ပြချက်တစ်ခုက 'ဗဟုဝါဒ' ဖြစ်ပါတယ်။
'နိုင်ငံရေးသည်အများအတွက်၊ ပြည်သူတို့ အတွက်ဖြစ်ရာ ဧကဝါဒတို့နှင့်လည်း ဆန့်ကျင်နေပြန်သည်။ နိုင်ငံရေး ယဉ်ကျေးမှုသည် ဧကဝါဒမဟုတ်၊ တစ်ကိုယ်တည်း ကောင်းစားရေး၊ တစ်ကိုယ်တည်း အစွမ်းပြရေး၊ တစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားခြင်း၊ ပုဂ္ဂိုလ်စွဲ အာဃာတ လွှမ်းမိုးခြင်းတို့သည် ဧကဝါဒ၏ ခက်မြွှာများဖြစ်ကြသည်။ ဗဟုဝါဒ၊ ပေါင်းစပ်ရေးညီညွတ်ရေး၊ ငြိမ်းချမ်းရေးစသည်တို့သည် နိုင်ငံရေးယဉ်ကျေးမှု၏ သဘောတရားတွင် အကျုံးဝင်နေပေသည်။' (စာ-၁၃)
ဆရာဒဂုန်တာရာပြောတဲ့ 'ဧကဝါဒ'ဆိုတာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဝါဒ၊ အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေကို ရည်ညွှန်းတယ်လို့ နားလည်ရပါတယ်။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက လူထုလှုပ်ရှားမှုတွေကို ဦးဆောင်မှုပေးနိုင်မယ့် ခေါင်းဆောင် ကောင်းတစ်ယောက် လိုအပ်တယ် ဆိုတာပါပဲ။ အဓိက ခေါင်းဆောင်ကတော့ တစ်ယောက်တည်းပါပဲ။ သို့သော် 'ဧကဝါဒ' အာဏာရှင်လို့တော့ မဆိုသာပါ။ ဥပမာ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် ပေါ်ထွက်လာတာက 'ဗိုလ်ချုပ်အောင်ဆန်း' ဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့နောက်မှာ သခင်စိုး၊ သခင်သန်းထွန်း၊ ဦးနု၊ ဦးကျော်ငြိမ်းတို့လို နိုင်ငံရေး ခေါင်းဆောင်၊ ဗိုလ်ချုပ်နေဝင်းကဲ့သို့ စစ်ရေးခေါင်းဆောင်များ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချိုတို့လို အမျိုးသားရေးခေါင်းဆောင်များ အားလုံးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုအောက်မှာ လျှောက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်လို တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ခေါင်းဆောင်ကောင်းကို သမိုင်းရာဇဝင်မှာ လိုအပ်ခဲ့တာ အမှန်ပါပဲ။
ဗဟုဝါဒ၊ ဧကဝါဒ၊ ခေါင်းဆောင်အယူအဆနဲ့ ပတ်သက်ပြီး ဆရာမောင်သာနိုး ပြောခဲ့တာတွေလည်း သတိရလာပါတယ်။ ၂၀၀၀ ပြည့်နှစ် ဇွန်လထုတ် 'နှစ် ၉၀ ပြည့်လူထုဦးလှ' စာအုပ်မှာ ပြောခဲ့တာဖြစ်ပါတယ်။
'လက်ဝဲအယူအဆကို လက်ခံနေစဉ်ကာလကတည်းကပဲ ကျွန်တော်ဘဝင်မကျခဲ့ရတဲ့ လက်ဝဲ အယူအဆတစ်ခုကတော့ သမိုင်းကို ပြည်သူ လူထုက ပြုလုပ်တယ်ဆိုတဲ့ အချက်ပါပဲ။ (မောင်သာနိုးက ဗဟုဝါဒကို လက်ခံပုံမရဘူး။) ကျေးကျွန်စနစ်ကနေ၊ မြေကျွန်စနစ်ကနေ အရင်းရှင်စနစ် ကူးပြောင်း သွားတာတွေဟာ လူထုတွေက လှုပ်ရှားကြလို့ ဖြစ်ပေါ်ခဲ့ရတယ်ပေါ့လေ။ သူတို့ဆိုချင်တာက ကျေးကျွန်တွေ၊ မြေရှင်တွေတော့ မသိဘူး။ ကိုယ်အသက်ရှင်နေထိုင်ရာ ခေတ်နဲ့နီးစပ်ရာမှာတော့ သမိုင်းကို လူတစ်ယောက်ချင်းတွေက ရေးနေတာချည်းပါပဲ။ ဆိုဗီယက်ရုရှားဆိုတာ လီနင်၊ စတာလင်တို့ လုပ်သွားတာပါ။ သူတို့လည်းမရှိရော ဆိုဗီယက်ယူနီယံ ပြိုပျက်ရောပဲ။ ရုရှားပစ္စည်းမဲ့ လူတန်းစားက ခေတ်ကို ပြောင်းပစ်လိုက်တာလို့ ကျွန်တော်တော့ဖြင့် မယုံတော့ဘူး။ အဲဒီရုရှားက စတာလင်ကို အန်တုပြီး ယူဂိုဆလားဗီးလားဆိုတာကို 'တီးတိုး'လုပ်သွားတာပါ။ ဟော တီးတိုးလည်းဆုံးရော ယူဂိုဆရားဗီးယားဆိုတာလည်း ကိုဆိုဗို ဖြစ်သွားရော။
ဂန္ဓီသာ မမွေးဖွားခဲ့ရင် အိန္ဒိယဆိုတာအခုလို ဟုတ်ချင်မှဟုတ်မယ်။ ဂျင်းနားဆိုတာ မပေါ်ခဲ့ရင် ပါကစ္စတန်ဆိုတာ ပေါ်ချင်မှပေါ်ပေါက်မယ်။ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့သမိုင်းကို ကြည့်လိုက်ရင် လူတစ်ယောက်ချင်းတွေရဲ့ စွမ်းဆောင်ချက်မျှသာ တွေ့ရမယ်။ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ လီနင်၊ စတာလင်၊ မော်စီတုန်း၊ ဟစ်တလာ၊ ချာချီ၊ ဖရန်ကို ... ဆရာမောင်သာနိုးက အဲဒီလို ဆက်ပြောထားပါတယ်။ (စာ-၉၀-ရှု)
အရေးကြီးတဲ့ သမိုင်းဖြစ်ရပ်ကြီးတွေအပေါ်မှာ ခေါင်းဆောင်တစ်ယောက်ရှိရစမြဲ ...၊ ပြည်သူလူထုနဲ့ ခေါင်းဆောင်ဆိုတာရေနဲ့ ကြာလိုပါပဲ။ ရေမရှိဘဲ ကြာမပွင့်နိုင်၊ ကြာမရှိရင်လည်း ရေကန်မတင့်တယ်နိုင်။ ဆရာဒဂုန်တာရာကတော့ ဒီလိုဖော်ထုတ်ထားပါတယ်။
'လူသားတို့၏ အင်အား (ဝါ) အများစုကြီးဖြစ်သော ပြည်သူတို့၏ စွမ်းအားကို ကိုယ်စားပြုသော တကယ်ကြီးမားလွှမ်းမိုးသော ခေတ်တွင်ကား ငြိမ်းချမ်းရေးသည် ထာဝစဉ်တည်ရှိမည်ဟု ယုံကြည်မိပေ သည်'တဲ့။ ပြည်သူ့စွမ်းအား ကိုယ်စားပြု ဗဟုဝါဒရဲ့ ခေါင်းဆောင်လည်း လိုအပ်တယ်လို့ ဆိုချင်ပုံရပါတယ်။ ဗဟုဝါဒသာလျှင် နိုင်ငံရေးယဉ်ကျေးမှုလို့ ဆရာဒဂုန်တာရာက ရည်ညွှန်းဖွင့်ဆိုခဲ့ပါတယ်။ နိုင်ငံရေးဆိုတာ ဗဟုဝါဒပဲဖြစ်စေ၊ ဧကဝါဒပဲဖြစ်စေ အဖုအထစ် အချစ်အမုန်းတွေရှိနေတာကို သမိုင်း ခေတ်က သက်သေပြခဲ့ပြီ ဖြစ်ပါတယ်။
( မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )