နိုင်ငံရေးသမားများ၏လက်ကိုင်တုတ် မဖြစ်ကြပါစေနှင့်

၂၀၂၄ မေ ၅

အချင်းချင်း ပြောကုန်ကြပြီ
    နီနီတို့ ကိုးကွယ်တဲ့ဆရာတော်က သည်တစ်ကြိမ်ပြောသည့်စကား 'တယ်ဟုတ်ပါလား'ဟု ဆိုရမလို ဖြစ်သည်။ နီနီတို့၏ အချစ်တော် PDF များအကြောင်းကို ပြောခြင်းဖြစ်သည်။ PDF များက လက်နက်ကလေး လက်ဝယ်ရှိလာသောအခါ တော်လှန်ရေးအမည်တပ်ပြီး ပြည်သူကို ဒုက္ခပေးနေသည့်အကြောင်းကို ပြောနေခြင်း ဖြစ်သည်။ နီနီတို့ အသည်းနာခဲ့သည့်စကားဖြင့် ပြောခြင်းဖြစ်သည်။ ဟိုးတုန်းက ရွက်ဆစ်က 'PDF တွေက လက်နက်တွေရသွားရင် နောက်ပိုင်း ဓားပြပဲဖြစ်မှာ}ဟု ဆိုစဉ်က နီနီတို့သည် အသည်းခိုက်မတတ် နာကြည်းကြလေ၏။ ယခု နီနီတို့ကိုးကွယ်သည့် ဆရာတော်ဆိုသော သူပင် PDF များက တော်လှန်ရေးပြောပြီး ပြည်သူကို ပြန်ပေးဆွဲ၊ ဓားပြတိုက်၊ လူသတ်အလုပ်များကို လွယ် လွယ်ကူကူလုပ်နေကြောင်း ပြောလာခဲ့လေသည်။ မဟုတ်ဘူးဟု ငြင်းချင်သောသူများ လက်တွေ့မျက်မြင်ပြစရာ များစွာရှိကြောင်းလည်း ကြေညာမောင်းခတ်လိုပါသည်။ ကိုယ်တိုင်သက် သေပြစရာမလိုဘဲ သူတို့အချင်းချင်း မကျေမနပ်ပြောသည့်စကားများကို ကြည့်လျှင်သိ နိုင်ပါသည်။
လုပ်ကြပေါ့
    ပြီးခဲ့သည့်ရက်က မုံရွာတွင်ရှိသည့် သူငယ်ချင်းက ဖုန်းဆက်သည်။ သူနှင့်မလှမ်းမကမ်းက ကိုယ်တွေ့ကြုံခဲ့ရသည့် အကြောင်းအရာဖြစ်သည်။ သူပြောပုံက မြို့မုံရွာရှိ ဆိုင်ကယ် အအိုအစုတ်လေးများ ရောင်းချ နေသည့် လူငယ်တစ်ဦး ပြန်ပေးဆွဲခံရခြင်းအကြောင်းဖြစ် သည်။ ဆိုင်ကယ် အအိုအစုတ်လေး ဝယ်ရောင်းလုပ်စားနေသည့် လူငယ်လေး ပြန်ပေးဆွဲပြီး ပြန်ရွေး ငွေကျပ်သိန်းတစ်ထောင် တောင်းသည်။ မည်သူတွေလုပ်လဲဆိုလျှင်  နီနီတို့၏ အသည်းကျော် PDF များက လုပ်သွားခြင်းဖြစ်သည်။ ဟိုလူငယ်လေးခမျာ ဆိုင်ကယ်အသစ်ဝယ်ရောင်း မဟုတ်ဘဲ အအိုအစုတ်လေးကို ရောင်းသူဖြစ်သော ကြောင့် မည်ကဲ့သို့ သိန်းတစ်ထောင်ဖြင့် ပြန်ရွေးနိုင်မည် နည်း။ မဖြစ်ဖြစ်သည့်နည်းနှင့် ညှိနှိုင်းပြီး ကျပ်သိန်းနှစ် ရာသာ တတ်နိုင်ကြောင်းပြောပြီး ပြေလည်ခဲ့ရသည်ဟု ဆိုလေသည်။ ထိုကျပ်သိန်းနှစ်ရာကိုပင်လျှင် ဆွေမျိုးသားချင်းများ ခြစ်ခြစ်ကုပ်ကုပ် စုပေါင်းစပ် ပေါင်းပေး၍ ရွေးခဲ့ရသည်ဟုဆိုလေသည်။ ထိုလူငယ်ကို ဖမ်းဆီးရသည့်အကြောင်း ပြချက်ကလည်း အံသြစရာ မျက်စိနောက် သောကြောင့် ဟူသတတ်။ ဒလန်လုပ်ခြင်းလည်း မဟုတ်သကဲ့သို့ သူများစားအိုးကို တုတ်နှင့်ထိုးနေသူလည်း မဟုတ်သူကို လက်နက်ကလေးရှိသည်နှင့် လွယ်လွယ် ဖမ်းသွားကြလေသည်။ အမှန်တကယ် အကြောင်းအရင်းက လက်နက်ရှိသောကြောင့် လက်နက်မရှိသူ ကို ငွေလိုချင်၍ ဖမ်းခြင်းသာဖြစ်ကြောင်း မုံရွာဒေသခံများက ပြောနေကြ၏။ သူငယ်ချင်းဖြစ်သူကလည်း မြို့မုံရွာက မလုံခြုံတော့ဟုဆိုကာ သူလည်း ပြန်ပေးဆွဲခံရမည့်ဘေးကို ကြောက်လန့်နေရှာသည်။ သူကတော့ ပြောရှာပါသည်။ သူသာ ပြန်ပေးဆွဲခံရလျှင် သူ၏အမျိုးသမီးက  ပြန်၍ရွေးမည်မဟုတ်ဟု ဆိုရှာသည်။ ထို့ကြောင့် သူက ဆုတောင်းနေလေသည်။ သူပြန်ပေးမဆွဲခံပါရစေနှင့် အကယ်၍ ပြန်ပေးဆွဲလျှင်လည်း သူ၏အမျိုးသမီးကိုသာ  ဆွဲပါစေဟုဆိုသောကြောင့် မင်းဆုတောင်းပြည့်ပါစေ ဟုပင် ကူ၍ဆုမတောင်းရဲ ဖြစ်ရလေသည်။ မြို့မုံရွာက ထိုကဲ့သို့ ဖြစ်နေလေသည်။


ရာသီဥတုပူ၏
    သည်ရက်ပိုင်း ရာသီဥတုတော်တော်ပူသည်။ ဥတုပူသည့် အကြောင်းအရာများထဲ၌ လူများ၏ လောဘ၊ ဒေါသများကြောင့် ပို၍ပူနေသလားဟုပင် စဉ်းစားမိ၏။ပြီးခဲ့သည့် နှစ်ရက်၊ သုံးရက်က ထွက်ပေါ်သည့် ဓာတ်ပုံကို မြင်တွေ့ကြရမည်ဟု ထင်ပါသည်။ အကြောင်းက  အလောင်းတော်ကဿပ ဘုရားလိုဏ်ဂူရှေ့တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာဖြစ်သည်။ ထိုအရာကို မြင်တွေ့ပြီး ကြောက်လန့်မိသည်ဟု ဆိုနိုင်ပါသည်။ ဘုရားရွှေများကို ခွာနေသည့်မြင်ကွင်းက စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေသည်။ ထိုအကြောင်းအရာ ဟုတ်မှဟုတ်ပါ့မလားဟု လည်း သံသယဖြစ်မိသည်။ သို့နှင့် အလောင်းတော် ကဿပအနီး နေထိုင်သူများကို ဖုန်းဆက်၍ မေးမြန်းဖြစ် သည်။ ဖုန်းဆက်မေးသူတိုင်းက အမှန်တကယ်ဖြစ်နိုင်သည်ဟု ပြောကြလေသည်။
    ဘာ့ကြောင့် ထိုကဲ့သို့ဖြစ်နိုင်ကြောင်း ပြောကြလဲဟုဆိုလျှင် အလောင်းတော်ကဿပ၏ တည်နေရာနှင့် အနေအထားကို ယဉ်ပါးနေသောကြောင့် ဖြစ်နိုင်ကြောင်း ဆိုလေသည်။ အလောင်း တော်ကဿပ ဘေးမဲ့သစ် တောကြိုးဝိုင်းအကြောင်းက စ၍ရှင်းပြကြလေသည်။သည်နှစ်နှစ်အတွင်း လက်နက်ကိုင်ထားသူများက အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအတွင်းက ကောင်းလှပါ သည်ဆိုသည့် သစ်များကို စိမ်ပြေနပြေ  ခုတ်ထွင်း ခိုးယူရောင်းချကြသည်ကို မည်သူမျှမတားရဲ မဆီးရဲဖြစ်နေပြီဟု ဆိုလေသည်။ အလောင်းတော်က ဿပ ပတ်ဝန်းကျင်ရှိ ကပိုင်၊ သီးကုန်း၊ ဝင်းကုန်း၊ သလောက်စသည့် နေရာများသည် အညာမြေဖြစ်သော်လည်း ရာသီဥတုသာယာ၏။ သစ်တောထူထပ် သောကြောင့် ဖြစ်မည်ထင်သည်။ ထိုအနီးက ရွာများသည် ယခင်က အလောင်းတော်ကဿပ ဘုရားဖူး ရာသီအချိန်ပိုင်းမျှ ဈေးရောင်းချလျှင် တစ်နှစ်စာ စားရေးသောက်ရေး ဖူလုံကြသည်။ ယခု ထိုပတ်ဝန်းကျင်တွင် တော်လှန်ရေးဟု အမည်တပ်ကာ ထင်ရာလုပ်နေသူများစွာ ကြီးစိုးနေသောကြောင့် ဘုရားဖူးမည့်သူများလည်း သွားလာ၍မရ ဖြစ်နေကြသည်။ ထို့ကြောင့် အရောင်းအဝယ်လည်း မဖြစ်ကြတော့ပေ။ အရောင်းအဝယ်မဖြစ်သောကြောင့် ခြံစည်းရိုးထင်းခွေသည်ဟု ဆိုရမလားပင် ယခင်က မတို့ရဲမထိရဲသည့် သစ်တောသစ်ပင်များကို စိတ်ကြိုက် ခုတ်ထွင်းရောင်းချကြသည်။ သစ်ကြီးဝါးကြီးများ တော်တော် ပါးလျသွားပြီဟု ထိုဒေသခံများက ဆိုကြလေသည်။သစ်ကြီးဝါးကြီးများ ပါးလျသည်နှင့်အမျှ ဘုရား၏ရတနာများကိုပါ ကြံစည်ယုံမဟုတ်ဘဲ ကိုယ်ထိလက်ရောက်ကျူးလွန်ကြခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောလေသည်။ မကြောက်ကြသည့်သူများက အကုသိုလ်ကို  အလွယ်လုပ်နေကြတိုင်း ကြောက်ကြသူများက သူတို့၏အပူရှိန်ဟပ်မှာကိုလည်း စိုးရိမ်နေကြလေသည်။ သူငယ် ချင်းက ပြောရှာပါသည်။ ရာသီဥတုပူသည်မှာ ဘာမှမဟုတ်၊ လူတို့၏ လောဘနှင့် ဒေါသကြောင့် ပို၍ပူခြင်း ဖြစ်ပြီး မကောင်းမှုလုပ်သူနှင့် မကောင်းမှုရှောင်သူအထဲ မျှခံနေရ သည်ဟု ဆိုလေသည်။  


မရှိလို့လုပ်ကြသူများ
    'မရှိတာထက် မသိတာခက်'ဟု ဆိုကြရဲ့မဟုတ်လား။ မရှိ၍ မသိသူများအကြောင်း ပြောချင်ပါသည်။ ရဟန်းသံဃာများကို သတ်ဖြတ်၊ ဘုရား၏ ရတနာကိုပင် လုယက်နေသူများသည် အသိရှိ၍ မရသောသူများဟု မိတ်ဆွေတစ်ယောက်က တိတိပပပြောလေသည်။သူဆို လိုသည်က ဘုရား၊ တရား၊ သံဃာဟု အသိရှိလျှင် ထိုကဲ့သို့ မကောင်းမှုမျိုးကို ကျူးလွန်ရန်နေနေသာသာ ကြံမျှ မကြံစည်ရဲဟု ဆိုလေသည်။ သူပြောမှ ဆရာသမားတစ်ဦး သူ၏ကိုယ်တွေ့ကို ပြောပြသည့်အကြောင်းအရာ သတိရ မိသည်။
    ထိုဆရာသမား ဆယ်ကျော်သက်အရွယ်က ဖြစ်သည်။ လူငယ်လူရွယ်တို့၏ ထုံးစံအတိုင်း အမှားအမှန်ထက် တဒင်္ဂစိတ်အလိုလိုက်ဖြစ်သည်ဟု ဆိုသည်။ ၁၉၇၀ ခန့်က တော်လှန်ရေး လုပ်မည်ဟုဆိုကာ သောင်ရင်းမြစ်အနီးထိ သွားလေသည်။ ကရင်လက်နက်ကိုင်များ က ဆရာသမား တို့ကို အယုံအကြည်မရှိဟု ဆိုလေသည်။ထောက်လှမ်းရေးလား၊ သူလျှိုလားဆိုသည့်သဘောဖြင့် မယုံခြင်းဖြစ်သည်။ သို့နှင့်စောင့်ကြည့်သဘောဖြင့် ထမင်းမကျွေးဘဲ ထားလေသည်။ ကိုယ့်ထမင်းကိုယ် ရှာစားဆိုသည့် သဘောဖြစ်လေသည်။ ဆရာသမားက ပတ်ဝန်းကျင်ကိုလေ့လာကာ မီးသွေး ဖုတ်ရောင်းမည်ဟု စဉ်းစားလေသည်။ သို့နှင့် မီးသွေးဖုတ်သည့်သူများကို သွားရောက်လေ့လာ၏။ ဆရာသမားက အသက်ပင်ငယ်သော်ငြားလည်း တိုင်းချစ်ပြည်ချစ်စိတ်လည်း ကြီးမားသည်။ မီးသွေး ဖုတ်ခြင်းကို လေ့လာပြီး မြန်မာနိုင်ငံက သစ်ပင်များကို မခုတ်ဘဲ သောင်ရင်မြစ်ဟိုဘက်ကမ်းက သစ်ပင်များကိုခုတ်ကာ မီးသွေးဖုတ်လေသည်။ ချက်ချင်းအဆင် မပြေဘဲ ရက်အနည်းငယ်ခန့်ကြာမှ မီးသွေးဖြောင့်ဖြောင့် တန်းတန်း ဖုတ်တတ်သွားလေသည်။ မီးသွေးဖုတ်၍ ရောင်းရသည့်ငွေကြေးဖြင့် ကိုယ့်ဝမ်းစာကို ရှာဖွေစားသောက်နိုင်မှ သူလျှိုဒလန်မထင်ဘဲ လက်နက်ပေးတော့၏။ လက်နက်ပေး သည်မှာလည်း သည်အတိုင်းမပေးဘဲ ရှေ့တွင်ရှိသည့် ကြက်တစ်ကောင်ကို ပစ်သတ်ခိုင်းလေ သည်။ ဆရာသမားက ထိုကြက်ကို ပစ်ရန်ငြင်းဆန်တော့သည်။ သူသတ်လျှင်ရသည့်ကြက်က ဘာများ အပြစ်ရှိလို့ သတ်ရမလဲဟုဆိုကာ မပစ်ဘဲ ဆန့်ကျင်ခြင်းဖြစ်သည်။လက်နက်ကိုင်လျှင် လူသတ်ရမည်။ လူသတ်ရမည့်သူက ကြက်ကိုပင်လျှင် မသတ်ရဲဟုဆိုကာ စကားများကြ၏။ဆရာသမားသည်လည်း စိတ်အလွန်ထက်၏။ ထိုကြက်ကို လုံးဝမပစ်ခတ်ခဲ့ပေ။ ထိုကြက်ကလေး၊ ငှက်ကလေးကို မပစ်ခတ်ခဲ့ သည့် ဆရာသမားသည် ယခုအခါတွင် တရားဘာဝနာနှင့်သာ ယဉ်ပါးနေထိုင်နေလေသည်။ ယခု သူငယ်ချင်းပြောသည့် အကြောင်းကလည်း အလောင်းတော်ကဿပ ဘုရားဌာပနာများကို ယူသူများ သည် ဘာသာတရားမရှိသောကြောင့် လုပ်ကြခြင်းဖြစ်သည်ဟု ဆိုလေသည်။ သူဆိုလိုသည်က ဘာသာတရား မလေးစားသူက ဘာသာတရား မရှိခြင်းကြောင့် ကျူးလွန်ရဲပြီး ဘုရား၊ တရား၊ သံဃာ ဘာသာတရားစိတ်တွင် ရှိသူက ထိုကဲ့သို့ အပြစ်များကို မကျူးလွန်ရဲဟုဆိုခြင်း ဖြစ်သည်။ ထိုစကားကိုကြားပြီးချိန်တွင် သူတော်ကောင်းစိတ်မရှိ၍ သူယုတ်မာအလုပ်ကို လုပ်ခြင်းဖြစ်သည်ဟု သဘောပိုက်မိပါ၏။


နိုင်ငံရေးသမားများ၏ လက်ကိုင်တုတ်မဖြစ်ကြပါစေနှင့်
    မငြိမ်းချမ်းသည့် နယ်မြေက မိတ်ဆွေတစ်ယောက်က သူတွေ့သည့်အကြောင်းအရာကို ပြောလေသည်။ ကရင်ပြည်နယ်ကအကြောင်းဖြစ်သည်။ ဗမာ PDF များမြင်မကောင်း၊ ရှုမကောင်းအောင် သေဆုံးနေလေသည်ဟု ဆိုလေသည်။ ပြောသည့်မိတ်ဆွေက   "သူတို့လည်း မသေစေချင်ပါဘူး၊ သူတို့မသေရင်လည်း သူတို့ရှိတဲ့နေရာက မငြိမ်းချမ်းဘူးဖြစ်နေတယ်"ဟုဆိုလေသည်။ ဂျန်ဇီဟုပြော၍ မြှောက်ပင့်ထားသမျှ ဘ၀ နှင့်ရင်း၍ ခံနေကြရလေသည်ဟု ဆိုလေသည်။ ထိုမိတ်ဆွေက သူမြင်တွေ့ရသမျှအတွက် ဆုတစ်ခုတောင်းလေသည်။ "မင်းတို့ဖြစ်လေရာဘဝတိုင်း နိုင်ငံရေး သမားတွေရဲ့ လက်ကိုင်တုတ်မဖြစ်ပါစေနဲ့"ဟု ဆုတောင်းလေသည်။သူတို့သာအသေခံပြီး နိုင်ငံခြားက နိုင်ငံရေးသမားများက စံစားနေသည်ကို သဘောပေါက်သင့်နေပြီဟုလည်း ဆိုလေသည်။ ( ရွှေထီး )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 365

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42975

© 2022 - 2025 News. All Rights Reserved.