၂၀၂၅ ဇန်နဝါရီ ၁၂
စစ်ဆိုတာ နိုင်ငံရေးရဲ့အဆက်.....
နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေကို စစ်ပွဲတွေက အဖြေရှာ ဆုံးဖြတ်ပေးလိုက်ပြီး စစ်နိုင်တဲ့သူက သမိုင်းရေးထိုးသွားတယ်ဆိုတာ ကမ္ဘာ့စစ်ကြီးနှစ်ခုက သက်သေခံလျက် ရှိပါတယ်။ အခြားထင်ရှားတဲ့ ဒေသဆိုင်ရာ စစ်ပွဲတွေမှာလည်း ဒီသဘောပါပဲ။ ၂၀၂၀ ဒီဇင်ဘာမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၂၀၂၄ ဇွန်လမှာ ဒုတိယအကြိမ် ထပ်မံထုတ်ဝေခဲ့တဲ့ ဆရာရဲကျော်ရဲ့ 'ချစ်သော အိုမီဂါ' ကိုယ်တွေ့စစ်မှတ်တမ်းမှာ ထူးခြားတဲ့ စစ်ရဲ့သဘောသဘာဝတို့ကို ဖတ်မှတ်ခဲ့ရပါတယ်။
'စစ်တိုက်ခြင်းမည်သည် ညှိနှိုင်းပြေလည်ခြင်း မရှိသည့် အကြောင်းကိစ္စတစ်ရပ်ကို ဖြေရှင်းကြရာတွင် နောက်ဆုံးအဆင့် ဆောင်ရွက်ကြရသည့် ဖြေရှင်းနည်းပင် ဖြစ်သည်။ စစ်ပွဲများတွင် လက်တွေ့ပါဝင် တိုက်ပွဲဝင် နေကြသူများသည် စစ်သားများဖြစ်ကြသည် ဆိုခြင်းမှာ လူတိုင်းသိမြင်နိုင်သော ကိစ္စဖြစ်သော်လည်း စစ်ပွဲများ ဖြစ်ပွားပေါ်ပေါက်လာစေရန် ကနဦး ဖန်တီးခဲ့သူများမှာ စစ်သားများ မဟုတ်မူကြ။ ဤအချက်ကို တွေးခေါ်ဆင် ခြင်မိသူ အတော်ပင် ရှားပါလိမ့်မည်။ စစ်ပွဲကို ဖန်တီးသူများ (သို့မဟုတ်) စစ်ပွဲဆင်နွှဲရန် စတင်ဆုံးဖြတ်ကြသူများမှာ အများအားဖြင့် နိုင်ငံရေးသမားများ၊ နိုင်ငံ့ခေါင်းဆောင်များ၊ အမျိုးသားရေးခေါင်းဆောင်များ ဖြစ်လေ့ရှိကြသည်။' (စာ - ၈၆)
စစ်ပွဲတွေထဲက ထုတ်ယူခဲ့တဲ့ စာရေးသူရဲ့ ဒဿနကလည်း ထူးခြားနေပါတယ်။ ဒီစာအုပ်ရေးသူ ဆရာရဲကျော်ဟာ အိုမီဂါတိုက်ပွဲမှာ ထောက်လှမ်း ရေးအရာရှိ (အိုင်အို-IO)အဖြစ် ပါဝင်ခဲ့ပြီး ပြင်းထန်ခါး သီးလှတဲ့ တိုက်ပွဲအတွေ့အကြုံကို 'ချစ်သောအိုမီဂါ'အမည်နဲ့ မှတ်တမ်းရေးကာ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ခြင်း ဖြစ်ပါတယ်။ အိုမီဂါ အမှတ်တံဆိပ် လက်ပတ်နာရီက လှလည်းလှ ဈေးလည်းကြီးပါတယ်။ အိုမီဂါဆံပင်ပုံနဲ့ မိန်းမလှလေးကို ဝင်းဦးက ချစ်တေးကြူခဲ့ဖူးပါတယ်။ ရဲကျော်ရဲ့ အိုမီဂါကတော့ ထိုင်း-မြန်မာ နယ်စပ်တစ်နေရာမှာ အိုမီဂါပုံသဏ္ဌာန် ကွေ့ဝိုက်စီးဆင်းနေတဲ့ သောင် ရင်းမြစ်ကမ်း မြစ်ကွေ့အတွင်း တည်ရှိနေတဲ့နေရာဖြစ်ပြီး အဲဒီမှာ KNU (ကရင်တပ်ဖွဲ့)က အခိုင်အမာ ခြေကုပ်ယူ ထားပါတယ်။ ဒီနေရာကို ကရင်ဘာသာဖြင့် 'ကော်မူးရာ'လို့ခေါ်တယ် အဓိပ္ပာယ်က 'လှပသော အဖိုးတန်မြေ'တဲ့။
'မြစ်ကွေ့သည် ဘူးခါးသီးပုံသဏ္ဌာန် တည်ရှိပြီး ဘူးခါးသီး၏ မျက်နှာစာအဝမှာ အနောက်ဘက်၌တည်ရှိကာ ခန့်မှန်းခြေအားဖြင့် ကိုက် ၂၀၀ ဝန်းကျင်မျှသာ ကျယ်ဝန်းသော အဝကျဉ်းပုံစံဖြစ်သည်။ ဘူးခါးသီး၏ ဖင်ပိုင်းမှာ တစ်ဖက်နိုင်ငံအတွင်းသို့ စွန်းထွက်၍ တည်ရှိနေပြီး သုံးဖက်သုံးတန်အား သောင်ရင်းမြစ်ဝက ဝိုင်းပတ် စီးဆင်းလျက်ရှိကာ ထိုအဝန်းအဝိုင်းသည် အကြမ်းအားဖြင့် ဧက ၁၅၀ ဝန်းကျင်ရှိပြီး ဘူးဝမျက်နှာ စာမှအပ ကျန်မျက်နှာသုံးဖက် တစ်ဖက်လျှင် ကိုက်တစ်ထောင်ခန့်စီရှိသည်။ ထိုသို့အားဖြင့် သဘာဝက ဖန်တီးပေးအပ်ထားသည့် မြေအနေအထားနှင့် အကာအ ကွယ် ကောင်းမွန်သည့် အိုမီဂါပုံသဏ္ဌာန် မြစ်ကွေ့နေရာအား ထိရောက်စွာ အသုံးချလျက် ကော်မူးရာခေါ် 'ဝါးခသစ်'အမည်တွင်သည့် အခိုင်အမာခံစစ်ကြီးတစ်ခုအား တည်ဆောက်ထားရှိခဲ့ကြလေသည်။'(စာ-၁၄)
'ထိုအခိုင်အမာ စစ်စခန်းကြီးအား မျက်နှာစာ အဝင်ဘူးဝတွင် အလျား ကိုက် ၂၀၀၊ အနံ ကိုက် ၅၀ ဝန်းကျင်ခန့်ရှိ အပြောင်ရှင်းထားသော သတ်ကွင်ကြီးအား ဖန်တီးထားပြီး အဆိုပါသတ်ကွင်းအား မိုင်းကွင်းများ၊ အတားအဆီးများ၊ ပုံသေပစ်ကြောင်းများ အပါအဝင် ပစ်ခတ်မှုနှင့် ဟန်ချက်ညီ စိုးမိုးထားသည်။ သတ်ကွင်း၏အနံမှာ ရန်သူနှင့်မိမိအကြား ခန့်မှန်းကိုက် ၅၀ ဝန်းကျင်ခန့် ရှိသည်။ သတ်ကွင်း စပ်များတွင် ရန်သူ့ဘက်၊ မိမိဘက် နှစ်ဖက်လုံးတွင် ကျွန်းကဲ့သို့သော ပင်စည်ဖြောင့် သစ်ပင်ငယ်များ အား မခုတ်ထွင်ဘဲ ချန်လှပ်ထားရှိကာ လောင်ချာကဲ့သို့သော အဖြောင့်ပစ်လက်နက်များနှင့် သစ်ပင်များအား ထိကွဲစနစ်ဖြစ်ပေါ်စေရန် ရည်ရွယ်ဖန်တီးထားသည်။ သတ်ကွင်းအဆုံး သူတို့ဘက် အစပ်တွင် သံဆူးကြိုးများအား စုစုပေါင်း ၁၁ ထပ်အထိ အဆင့်ဆင့် ထပ်ကာရံထားရှိကာ ပစ်ခတ်မှုများ၊ မိုင်းကွင်းများ၊ ညှောင့်များ၊ ညှောင့်ကျင်းများ၊ ဘန်ကာအတုများဖြင့် အထပ်ထပ် ပြင်ဆင်ထားရှိသည်။ ၎င်းတို့နောက်ကွယ်မှ အခိုင်အမာကွန်ကရစ် ဘန်ကာကြီးများ၊ လက်နက်ကြီး ဘန်ကာများ၊ Over Head ပစ်ကျင်းများဖြင့် အခိုင်အမာ တည်ဆောက်ထားသည်။'
'ရေရှည်ခုခံ တိုက်ပွဲဝင်နိုင်ရန်အတွက် အုပ်ချုပ်ထောက်ပံ့မှုစနစ် ပြည့်စုံကောင်းမွန်စွာ စီစဉ်ထား ရှိပြီး ရိက္ခာ၊ လက်နက်၊ ခဲယမ်း ဆက်သွယ်ရေးစနစ်၊ ဆေးဝါး၊ ရေစသည့် ကိစ္စရပ်များအားလုံး အကောင်းဆုံး နေရာအထားတွင် ရှိသည်။ ဤသို့အားဖြင့် ခံစစ်မြေအနေအထား ကောင်းမွန်သည့်အပြင် အဘက်ဘက်က ပြည့်စုံခိုင်မာစွာ တည်ဆောက်ထားသည့် အခိုင်အမာ ခံစစ်ကြီးဖြစ်သည့် အားလျော်စွာ မည်သို့ပင် တိုက်စေကာမူ မည်သည့်အခါတွင်မှ မကူညီနိုင်သည့် စခန်းကြီးဟု သူတို့ အခိုင်အမာ ယုံကြည်ထားသည်။ ထိုဝါးခသစ်ခေါ် ကော်မူးရာ စခန်းကြီးတွင် သူတို့အလွန် အားထား ရသည့် ဗိုလ်မှူးကြီးအဆင့်ရှိသူ 'တောလှ' ဦးစီးသည့် အထူးတပ်ရင်း ၁၀၁ မှ အင်အားရှစ်ရာကျော်က နေရာယူခံစစ်ပြင် ထားရှိလေသည်။'(စာ-၁၅)
ဒီလောက် ခိုင်မာလှတဲ့ ခံစစ်စခန်းကြီးကို (ပထမအဆင့်တွင် ရင်ဆိုင်ထိန်းချုပ်ထားရန်နှင့် ဒုတိယအဆင့်အဖြစ် သတ်မှတ်ထားသည့် နေ့ရက်၊ အချိန်၊ နာရီတွင် အပြီးအပိုင် တိုက်ခိုက်သိမ်းပိုက် ရယူရန်) ဆရာရဲကျော် (ဗိုလ်ကြီးကျော်ဇောဦး)တို့ တပ်ရင်းကို တာဝန်ပေးခဲ့ပါတယ်။ သူတို့ တိုက်သိမ်းရမည့် ကရင်တို့ရဲ့ ခံစစ်စခန်းကြီးကို သိမ်းပိုက်ဖို့ အသာထားဦး ချဉ်းကပ်ဖို့ပင် အတော်ပေးဆပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
'အိုမီဂါ ပုလင်းဘူးဝသည် အကျယ်အားဖြင့် ကိုက် ၂၀၀၊ အနံ ကိုက် ၅၀ ဝန်းကျင်ခန့်ရှိသော မြေပြင်အား သတ်ကွင်းအဖြစ် အပြောင်ရှင်းလင်းထားပြန်သည်။ ၎င်း၏ တစ်ဆက်တစ်စပ်တည်း မြေပြန့်ကွင်းပြင်တွင်ကား ကျွန်းပင်ကဲ့သို့သော ပင်စည်ဖြောင့် သစ်ပင်ငယ်များ ကျိုးတိုးကျဲတဲ ပေါက် ရောက်လျက်ရှိသည်။ ထိုအဝန်းအဝိုင်းအား သောင်ရင်းမြစ်က သဘာဝအတား အဆီးသဖွယ် နောက်ကွယ်မှ ဝိုင်းပတ်ကာဆီး၍ နယ်နိမိတ် ကန့်သတ် =ထားပေးပြန်သည်။ ဆိုရလျှင် ခံစစ်ရှေ့ မျက်နှာစာ၏ ထိုသတ်ကွင်း၊ ထိုမြေအနေအထားအား ဖြတ်သန်းဖို့ဆိုလျှင် အရင်းအနှီးကြီးမားစွာ ပေးဆပ်ကြရမည်မှာ ဧကန်မလွဲပင်။}
'စစ်မြေပြင်၌ အရင်းအနှီးဆိုသည်မှာကား အသက်များ၊ ဘဝများ၊ သင်ခန်းစာများ ဖြစ်လေရာ အတိုင်းအတာ၊ အတိမ်အနက်အား မှန်းဆဆင်ခြင်သုံး သပ်ကြည့်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ မလွဲမသွေ ဆောင်ရွက်ကြရမည်သာ ဖြစ်သည်။'(စာ-၁၈)
'စစ်ဆင်ရေးကြီး တစ်ခုလုံးအား အထူးဖွဲ့စည်းထားသည့် စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့ (စကက)မှ ကွပ်ကဲပြီး စကကမှူးမှာ ဗိုလ်ချုပ်မောင်လှ (နောင် ဒုတိယ ဗိုလ်ချုပ်ကြီးမောင်လှ) ဖြစ်သည်။ ကျွန်တော်တို့ တပ်မမှူးမှာ ဗိုလ်မှူးချုပ် လှရွှေ ဖြစ်ပြီး ဗိုလ်ချုပ်မောင်လှနှင့် ဗိုလ်သင်တန်းအမှတ်စဉ် (၂) တစ်ပတ်တည်းဆင်း သူငယ်ချင်းဖြစ်သည်။ စစ်ဆင်ရေးအား အနီးကပ်ကွပ်ကဲခဲ့သည့် နည်းဗျူဟာမှူးမှာ ဗိုလ်မှူးကြီး သူရမောင်ကိုဖြစ်သည်။ အမှတ် (၃၃၁) နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှု အဖွဲ့မှူးဖြစ်သည်။' (စာ-၂၃)
ဝါးခသစ်စခန်းကို တပ်ရင်းမှူးနှစ်ယောက်က ဦးဆောင်ပြီး တိုက်ကြမှာဖြစ်ပါတယ်။ သို့သော် သူတို့ နှစ်ယောက်လုံး ယာယီတပ်ရင်းမှူး (ဗိုလ်မှူး) အဆင့်မျှသာ ရှိပါသေးတယ်။ အစမ်းခန့်ကာလ တစ်နှစ်အတွင်း ကျေနပ်မှုရှိမှ ဒုတိယဗိုလ်မှူးကြီး အဆင့်သို့ တိုးမြှင့်ပြီး တပ်ရင်းမှူးကြီးတွေ ဖြစ်လာ မှာလို့ ဆိုပါတယ်။ အဲဒီယာယီတပ်ရင်းမှူး နှစ်ယောက်ကို ဗိုလ်ချုပ်မောင်လှက ]မင်းတို့နှစ်ယောက် ရန်သူ့စခန်းထဲမှာ နိုင်ငံတော်အလံ စိုက်ပြီးရင် ငါ့အမိန့် မစောင့်နဲ့} ဟုဆိုကာ ဒုတိယဗိုလ်မှူး ကြီးအဆင့်အတွက် တိုးမြှင့်တပ်ဆင်ရန် ရာထူးတံဆိပ် အပွင့်တစ်စုံစီ ထုတ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ (စကက ဗိုလ်ချုပ်မောင်လှဟာ စစ်ရာထူးခန့်ချုပ်တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်နေသူဖြစ်လို့ ယာယီတပ်ရင်းမှူးနှစ်ယောက်ကို စိတ်ဓာတ်မြှင့်တင်ပေးတဲ့သဘောနဲ့ ဒုဗိုလ်မှူးကြီး ရာထူးတံဆိပ်တွေ ကြို တင်ပေးလိုက်တာ ဖြစ်ပါတယ်)။
အိုမီဂါရဲ့ရှေ့မှာ 'ခပ်ဖလူး'နှင့် 'ကာလူး'ဆိုတဲ့ တောင်ကုန်းနှစ်ကုန်းရှိပြီး ၁၉၈၉ မေလမှာ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းများက သိမ်းပိုက်ထားတဲ့တောင် ကုန်းများဖြစ်ပါတယ်။ ဒီတောင်ကုန်း တွေပေါ်ကနေ အမြောက်ပစ်ကူပေးနိုင်ပါတယ်။
'ခပ်ဖလူး၊ ကာလူးကုန်းများနှင့် အိုမီဂါပုလင်းဝကြားတွင် ကျဉ်းမြောင်းသော ပုလင်းလည်ပင်း သဏ္ဌာန် မြေပြန့်ငယ်အဖြစ် တည်ရှိနေပြီး ၎င်း၏ ဘယ်ညာနယ် နိမိတ်အား သောင်ရင်းမြစ်ဖြင့် အနား သတ်ထားသည်။ ခပ်ဖလူး၊ ကာလူးကုန်းအခြေမှ ၎င်းမြေပြန့်ငယ်အဆုံး ရန်သူ့ဘက်ထိပ် အိုမီဂါပုလင်း ဝနေရာအထိ ခန့်မှန်း ကိုက် ၁၀၀၀ ဝန်းကျင်သာ ရှိပြီး ရန်သူ့ ခံစစ်စည်းမှ မိမိဘက်သို့ အကွာအဝေး ခန့်မှန်း ကိုက် ၅ ဝန်းကျင်ခန့်၊ အကျယ်အားဖြင့် ကိုက် ၂၀၀ ခန့်မှာ ပေါင်းသတ်ဆေးများ ဖျန်းပြီး အပြောင်ရှင်းထားသည့် သက်ကွင်းဖြစ်သည်။ အဆိုပါ မြေပြန့်လွင်ပြင်အား တပ်ရင်းနှစ်ရင်းမှ တစ်ခြမ်းစီ ထိန်းချုပ်ထားရတော့မည်ဖြစ်ရာ ကျွန်တော် တို့တပ်ရင်းမှာ ဘယ်ဘက်အခြမ်းတွင် နေရာယူရပြီး ညာဘက်အခြမ်းတွင် ဝန်းသိုအခြေစိုက်တပ်ရင်းက နေရာယူ ဖြန့်ခွဲရန်ဖြစ်သည်။ တပ်ရင်းနှစ်ရင်းလုံး သက်ဆိုင်ရာ ဧရိယာအလိုက် ခပ်ဖလူး၊ ကာလူးကုန်းအခြေများမှ ရန်သူ့သတ်ကွင်းအထိ ဆက်သွယ်ရေးမြောင်းများတူး၍ ချဉ်းကပ်သွားရန် ဖြစ်သည်။' (စာ-၂၂)
'ရန်သူ၏ ကြီးမားပြင်းထန်သော ပစ်ခတ်မှုအောက်တွင် ဆက်သွယ်ရေးမြောင်းများ တူးဖော် ချဉ်းကပ်ခြင်းအား ကျားကုတ်ကျားခဲ ဆောင်ရွက်ခဲ့ကြရသည်။ ရန်သူမှာလည်း ၎င်း၏ ပင်မစခန်းကြီး၏ ရှေ့ကိုက်တစ် ရာပင်မရှိသည့်နေရာ၌ ရောက်ရှိနေသည့် ကျွန်တော်တို့ တပ်များ တစ်ချိန်ချိန်မှာ သူတို့ကို ဝင်တိုက်မည်ကို မုချသိရှိသော်လည်း လတ်တလော ဘာတွေ ကြံစည်လုပ်ကိုင် နေသည်။ ဘယ်အချိန်မှာ ဘယ်လို ဝင်တိုက်လာမည်ကို တိတိကျကျ မခန့်မှန်းနိုင်ရကား ဆောက်တည်ရာမရ ဖြစ်လျက် နေ့ညမပြတ်ဆိုသလို ပစ်ခတ်မှုဖြင့်သာ တုံ့ပြန်ထိန်းချုပ် ဟန့်တားနေသည်ဖြစ်ရာ နေ့စဉ်နှင့် အမျှ ဆိုသလိုဖြစ်၍ ရန်သူ့ပစ်ကွင်းထဲ၌ နေ့စဉ် ထိခိုက်ကျဆုံးမှု များရှိနေသည်။ ကျွန်တော်တို့ စစ်သည်များ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲကြရသည်။ ထိခိုက် ဖိတ်စဉ်မှုများလည်း များသည်ထက် များလာသည်။' (စာ-၂၅)
'ပစ်ကျင်းများ ဆက်သွယ်ရေးမြောင်းများ တူး ဖော်ရာတွင် မကြာခဏဆိုသလို တွေ့ရသည်မှာ ရန်သူ မိမိမခွဲခြားနိုင်တော့သော အလောင်းများ၊ အရိုးစုများ၊ ဆံပင်များပင် ဖြစ်သည်။ ပျက်စီးဆွေး မြည့်ခြင်းမရှိသော ဆံပင်များအား ကြည့်ရင်း ထိုအမည်မသိ ဆံပင်ပိုင်ရှင်၏ လားရာဂတိ၊ သူ့ဘဝ၊ သူ့မိသားစု၊ သူ့ယုံကြည်ချက်များအထိ တမျှော်တခေါ်ကြီး တွေးတောဆင်ခြင်မိခဲ့ဖူးသည်။ ရံဖန်ရံခါ ပျက်စီးဆွေးမြည့်နေသော သေနတ်အပိုင်းအစများလည်း တွေ့ရတတ်သည်။ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများ၏ အမှတ်အသားဟု ဆိုရမည်သာ။' (စာ-၂၆)
အလွန်ပင်ပန်းခက်ခဲစွာ ကျပ်တည်းကျဉ်း မြောင်းစွာဖြင့် ဆက်သွယ်ရေးမြောင်းများ၊ ပစ်ကျင်းများ တူးလာခဲ့ရာ ရန်သူ့စခန်းရှေ့ ကိုက်တစ်ရာ အကွာအဝေးသို့ပင် ရောက်လာခဲ့ပြီ ဆိုပါတယ်။ ဒါပေမဲ့ (အသက်သွေး ချွေးများစွာ ရင်းနှီးပေးဆပ်) ခဲ့ရကြောင်းလည်း ဖော်ပြထားပါတယ်။ ရဲဘော်တွေ ဘယ်လောက်ငတ်ခဲ့သလဲဆိုရင် သတ်ကွင်းအစပ် လျှိုစောင်းနေရာမှာ KNU တွေ စိုက်ပျိုးစားသောက်ခဲ့တဲ့ စိုက်ခင်းကလေးထဲက ငရုတ်သီးလေးတွေ သွားပြီးခူးစားရတဲ့အထိပဲတဲ့။ တစ်ရက်မှာတော့ ငရုတ်သီး အပြင် ခရီးသီးပါရလာလေရာ ဝမ်းသာလွန်းလို့ ကခုန်မိတဲ့အထိပဲတဲ့၊ အဲဒီမှာ ရန်သူ့လက်ချက် ထိမှန်သွားပြီး ခရမ်းသီးလေးတောင် စားမသွားရရှာဘဲ ဗိုက်ပွင့်ပြီး အူတွေထွက်ကာ တပ်ကြပ် ငင်လျန်း ထန်တစ်ယောက် လဲကျသွားခဲ့ပါတယ်။ (ငသံ ချိတ်စတဲ့ ရဲဘော်တွေ ကျဆုံးရပုံကိုလည်း မှတ်တမ်းတင် ရေးဖွဲ့ထားတာ တွေ့ရပါတယ်။)
ရန်သူက ကျည်ဆန်မိုး၊ ဗုံးမိုးရွာနေသလိုပဲ သဘာဝမိုးကြီးကလည်း အငြှိုးကြီးကြီးနဲ့ရွာ။ ဆက်သွယ်ရေးမြောင်းတွေထဲ ရေတွေဝင်လာ၊ တပ်မတော်သားတွေမှာ ရွှံနွံတွေထဲ အလူးလူးအလဲလဲ၊ ရန်သူက သဲကြီးမဲကြီး ပစ်ခတ်နေပေမယ့် သူတို့မပစ်ဘဲ ရှောင်ကွင်းထားတဲ့ နေရာတစ်ခုရှိတယ်။ အဲဒီနေရာကတော့ ခပ်ဖလူးကုန်းရှေ့က 'နတ်ကွန်းနေရာဟောင်း'လေးပဲ ဖြစ်ပါတယ်။
'ရန်သူသည် မိမိအား လှုပ်ရှားမှုမလုပ်နိုင်အောင်၊ ခေါင်းမဖော်နိုင်အောင် နေ့ညမပြတ် ပစ်ခတ် နေခဲ့သော်လည်း အမှန်တကယ်ပင် ၎င်းနေရာသို့ တစ်ကြိမ်တစ်ခါမှ ပစ်ခတ်ခဲ့ခြင်းမရှိ၊ မနားတမ်း မစဲတမ်း ရွာသွန်း ဖြိုးနေလေ့ရှိသည့် ကျည်ဆန်မိုးတွေ အကြားမှာ ကျည်လွတ်မြေလေးတစ်ခု အမှန်တကယ်ပင် ရှိခဲ့လေသည်။ ဒေသဓလေ့နှင့် ရိုးရာယုံကြည်ကိုးကွယ်မှုကား အလွန်ပင် အရေးကြီးလှပါ သည်။' (စာ-၅၃)
ဒီလိုနဲ့ ...(၂၃-၇-၁၉၈၉)မှာ ဝါးခသစ် (ကော်မူးရာ)စခန်းကို အတင်းတက်သိမ်းဖို့ ကြိုးစားခဲ့ကြပါတယ်။ အပြန်အလှန် ပစ်ခတ်သံများဖြင့် ကမ္ဘာပျက်သလောက် ပြင်းထန်နေခဲ့ပါပြီ။ သတ်ကွင်းထဲ အတင်းတိုးဝင်ဖြတ်ကျော်ရတဲ့ ဗိုလ်၊ အကြပ်၊ တပ်သားတွေအတုံးအရုန်း ကျဆုံးကုန်ပါတယ်။ ရန်သူ ရဲ့ ကွန်ကရစ် ဘန်ကာတွေကတော့ လုံး၀ ထိခိုက်မှုမရှိ။ (စာ-၆၅)
'အများစုမှာ ရန်သူ့သတ်ကွင်းကို ရဲဝံ့စွာဖြတ်ကျော်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ကျဆုံးသူများရှိခဲ့သည်။ ထိုစဉ် အမြောက်ပစ်ကူလုံး၀ ရပ်တန့်သွားခဲ့ လေသည်။ မိမိ အမြောက်ပစ်ကူ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် ရန်သူ့လက်နက်ကြီးများ ပို၍ဖိ၍ ပစ်ခတ်လာခဲ့ပြီး မိမိတပ်များအား သတ်ကွင်းအတွင်း ခေါင်းမဖော်နိုင်အောင် ဦးနှိမ်ထားနိုင်ခဲ့သည်။' (စာ-၆၅)
'တပ်ရင်းမှူးသည် အခြေအနေအားလုံး သုံးသပ်ပြီး ဆက်သွယ်ရေး လုံခြုံမှုရှိစေရန်အတွက် နည်းဗျူဟာမှူး ဗိုလ်မှူးကြီး သူရမောင်ကိုထံ ဆက်သားစေလွှတ်၍ အခြေအနေ အရပ်ရပ်အား စာရေးတင်ပြကာ တပ်များအား လက်ရှိရောက်ရှိနေရာများမှ တောင့်ခံထားစေသည်။ (နည်းဗျူဟာ ကွပ်ကဲမှုအဖွဲ့သည် ကျွန်တော်တို့နှင့် ကိုက်ရှစ်ရာ၊ တစ်ထောင်ဝန်းကျင်သာရှိသည့် ခပ်ဖလူး တောင်ကုန်း၌ ရှိနေသဖြင့် ဆက်သားစေလွှတ်နိုင်ခြင်းဖြစ်သည်။) တပ်ရင်းမှူး၏ တင်ပြချက် အကျဉ်း ချုပ်မှာ တိုက်စစ်စီမံချက်အရ ပစ်ခတ်မှုများ ကောင်းမွန်သော်လည်း မူလမျှော်လင့်ထားသကဲ့သို့ ရန်သူ့ဘန်ကာများ လုံးဝထိခိုက်ခြင်းမရှိ၊ သို့ဖြစ်၍ ရန်သူအား လက်ရှိပစ်ကူ၊ လက်ရှိအခြေအနေ၊ လက်ရှိပုံစံအတိုင်း ဆက်လက်တိုက် ခိုက်ပါက အရင်းအနှီး ကြီးမားစွာ ပေးဆပ်ပြီးမှ စခန်းအား ရရှိမည်ဖြစ်၊ မိမိစစ်သည်များအား အချည်းနှီးမပေး ဆပ်လိုသဖြင့် လက်ရှိရောက်ရှိနေရာ၌ တပ်ဖြန့် ထိန်းချုပ် ရင်ဆိုင်ခွင့်ပြုရန်နှင့် ပြန်လည်စုဖွဲ့ပြင်ဆင်ပြီး နောက်ပြီး ပြည့်စုံသည့် ပစ်ကူစီမံချက်ဖြင့် မိမိတပ်ရင်းဖြင့်ပင် အိုမီဂါအား ရအောင် တိုက်ခိုက်သိမ်းယူပါမည်ဟူ၍ ဖြစ်သည်' (စာ-၆၆)
တကယ်တော့ တပ်ရင်းမှူးဟာ ယာယီတပ်ရင်း မှူးမျှသာ ရှိပါသေးတယ်။ ရန်သူ့စခန်းထဲမှာ နိုင်ငံတော် အလံစိုက်ထူနိုင်ပါမှ တပ်ရင်းမှူးစစ်စစ် (ဒုဗိုလ်မှူးကြီး) ဖြစ်လာမှာပါ။ ဒုဗိုလ်မှူးကြီး ရာထူး အပွင့်စုံကိုလည်း စစ်ရာထူးခန့်ချုပ်ကိုယ်တိုင် ပေးလိုက်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်ရင်းမှူးဟာ သူရာထူးတိုးဖို့ထက် သူ့ရဲဘော်တွေ ရဲ့အသက်ကို ပိုပြီးတန်ဖိုးထားခဲ့ပါတယ်။
'ငါ့ရာထူး ထိခိုက်နိုင်တာ ငါသိတာပေါ့။ အခန့်မသင့်ရင် ပြုတ်တောင်ပြုတ်သွားနိုင်တယ်။ ဒါပေမဲ့ ဒီအပွင့်စုံနဲ့ ငါ့ရဲဘော်တွေအသက် ဘယ်ဟာက ပိုတန် ဖိုးရှိသလဲကွ၊ လဲသင့်လို့လား'
'အခြေအနေအရပ်ရပ်ကို သဘောပေါက်လက်ခံကြောင်း စိတ်အေးအေးထား၍ လက်ရှိနေရာ တွင် ရင်ဆိုင်ထိန်းချုပ်ထားရန်နှင့် အထက်ဌာနသို့ အကောင်းဆုံး တင်ပြမည်ဖြစ်ကြောင်း၊ ဤတိုက်ပွဲနှင့် ပတ်သက်၍ အစစအရာရာအားလုံး ဗျူဟာမှူးမှ တာဝန်ခံပါကြောင်း' တပ်ရင်းမှူးထံ အကြောင်း ပြန်လာပါတယ်။ (စာ-၇၀ ရှု)
တာဝန်ယူမှုတာဝန်ခံမှု ပြည့်ရှိတဲ့ ဗျူဟာမှူးကြီးပါပေ။ အထက်ဌာနကလည်း အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး တိုက်ပွဲကို ရပ်စေခဲ့ပါတယ်။ 'တိုက်ခိုက်ရေး တပ်ရင်းနှစ်ရင်းလုံးအား တိုက်စစ်မစတင်မီ ခြေကုပ်ယူခဲ့သည့် မူလနေရာများ၌ အခိုင်အမာ ပြန်လည်ခြေကုပ်ယူ၍ ရန်သူအား ရင်ဆိုင် ထိန်းချုပ်ထားရန် အမိန့်ရောက်ရှိလာသည်။' (စာ-၇၁)
'ထို ပထမနေ့တိုက်ပွဲတွင် မိမိဘက်မှ အရာရှိ နှစ်ဦးအပါအဝင် စစ်သည် ၂၀ ကျော် နိုင်ငံတော်အ တွက် အသက်စွန့်ခဲ့ကြသည်'လို့ ဆိုပါတယ်။
ဒီတိုက်ပွဲအကြောင်း 'ချစ်သောအိုမီဂါ'အမည်နဲ့ စာအုပ်ထုတ်တဲ့အခါ အကျအဆုံးများလှတဲ့ တိုက်ပွဲကို ဆက်မတိုက်ဘဲ ယာယီရပ်ထားသင့်ကြောင်း တင်ပြခဲ့တဲ့ တပ်ရင်းမှူးက စာအုပ်အတွက် သုံးသပ်ချက်ပေး ပေးပါတယ်။
'ရဲကျော်ရဲ့မှတ်တမ်းကို အနှစ်ချုပ်တော့... ဒီတိုက်ပွဲက အနိုင်တိုက်ပွဲမဟုတ်၊ စစ်အောင်ရသော အကြောင်းကြီးများ၊ တိုက်စစ်ဥပဒေသများနှင့်အတူ စစ်က စား၍ရနိုင်သော တိုက်ပွဲမဟုတ်၊ နိုင်ငံရေး၊ စစ်ရေး၊ စစ်မြေပြင်အခင်းအကျင်းက မိမိဘက်တွင်မရှိ။ မည်သို့ဆိုစေ...တန်ဖိုးရှိတဲ့ သင်ခန်းစာ ဖော်ထုတ်ချက်တွေသာ ရင်မှာပိုက်ပြီး ခေါင်းငိုက်စိုက်ချခဲ့ရတဲ့ တိုက်ပွဲပါ။ အမိန့်နာခံမှု၏ ခိုင်မာတဲ့ပြ ယုဂ်မျှသာ ဖြစ်ပါသည်'လို့ ဝန်ခံရေးသားထားတာ တွေ့ရပါတယ်။ (စာ - ၁၀၆ ရှု)။
မအောင်မြင်ခဲ့တဲ့တိုက်ပွဲမှာ ယာယီတပ်ရင်း မှူးတာဝန်ယူခဲ့သူ (နောင်အခါ ရဲမှူးချုပ် ဗိုလ်မှူး ကြီးတင်စိုး)က ဒီတိုက်ပွဲကို ဘာ့ကြောင့်တိုက်ခဲ့ရသလဲဆိုတာ အောက်ပါအတိုင်း အဖြေပေးထားပါ တယ်။
'အမိမြန်မာနိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအပေါ် သြဇာသက်ရောက်မှု၊ အချုပ်အားဖြင့် အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှုများမှသည်ဒေသတွင်း နိုင်ငံတော်၏ ပိုင်နက်နယ်မြေ (မြေထု၊ ရေထု၊ လေထု)ဖြစ်တည်မှုအရ အန္တရာယ်ရှိသည့် နေရာဒေသများအပေါ် အစိုးရနှင့် တပ်မတော်အတွက် အလေးထားရမည့်တာဝန်များသည် ထင်သာမြင်သာ ရှိလှပါသည်။ အရေးအကြီး ဆုံးသည် ပြည်ပ၊ ပြည်တွင်းမှ ပယောဂများ၏ ပြင်းထန်သော လုပ်ဆောင်ချက်မြင့်မား လာမှုများအရ ဧရိယာအကျယ်အားဖြင့် ဧက ၁၅၀ မျှသာရှိသော ဤအိုမီဂါ (ဝါးခသစ်စခန်း)အား နိုင်ငံတော် အစိုးရ၏ တရားဥပဒေစိုးမိုးသည့် ပိုင်နက်နယ်မြေအဖြစ် ထင်ရှားစေရန် လိုအပ်ခဲ့ပါသည်'။ (စာ - ၁၀၈)
ဗိုလ်မှူးကြီးက ဓမ္မအမြင်ဖြင့်လည်း ဒီလိုသုံး သပ်ထားတာ တွေ့ရပါတယ်။
'လောကသုံးပါး၏ ဖြစ်တည်မှုသည် အကြောင်း တရားတို့၏ အကျိုးတရားများသာ ဖြစ်ပါ၏။ အကြောင်းတရားကို သတ္တဝါတို့ (လူတို့) ပြုကြ၏။ ကာယကံ၊ ဝစီကံ၊ မနောကံဖြင့်ပြုသော အကြောင်းတရားကြောင့် အကျိုးတရား ပေါ်လာ၏။ အရိယာသူတော်စင်တို့မှအပ လူတို့သည် ကာလ၊ ဒေသ၊ ပယောဂတို့ဖြင့် သမုတိသစ္စာ (Relative Truth) ဖြင့် ငါမှန်သည်၊ သူမှန်သည် လက်ခံကြ၏၊ ငြင်းခုံကြ၏။ ဝိရောဓိ ပဋိပက္ခမှသည် စစ်ပွဲများအထိလို့ လေးလေးနက်နက် ရှုမြင် သုံးသပ်ထားပါသည်။
မှတ်ချက် ။ ။ ဆရာရဲကျော်ရဲ့ 'ချစ်သော အိုမီဂါ'စာအုပ်ပါ ဝါးခသစ်တိုက်ပွဲအကြောင်းကို ဆရာ ယုံလေး (ဗိုလ်ကြီးဝင်းကို-ငြိမ်း)က စာအုပ်ရေးပြီး ၂၀၁၈ နိုဝင်ဘာမှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ စာအုပ်နာမည်က 'တပ်ချုပ်ကြီးနှင့်အတူ တွဲတိုက်ခဲ့ရတဲ့ ဝမ်ခသစ်(ကော့မူးရာ)စခန်း တိုက်ပွဲ}နှင့် ဝမ်းနားဘွေ၊ မိုင်းနင်းတိုက်ပွဲ}ဖြစ် ပါတယ်။ တိုက်ပွဲတစ်ခုတည်းအပေါ်မှာ အကြောင်းအရာ ကွဲလွဲမှုများ တွေ့ခဲ့ရပါတယ်။ ဗိုလ်ကြီးဝင်းကိုရဲ့ စာအုပ်မှာ တပ်ချုပ်ကြီး (ထိုစဉ်က တပ်ခွဲမှူးဗိုလ်ကြီး မင်းအောင်လှိုင်) ပါဝင်တိုက်ခိုက်ခဲ့ပုံတွေ ဖော်ပြထားပေမယ့် ဆရာရဲကျော်ရဲ့ စာအုပ်မှာ တပ်ချုပ်ကြီး ပါဝင်ခဲ့ကြောင်း မတွေ့ရပါ။ ဘယ်လို ဖြစ်တာပါလိမ့်၊ အလျဉ်းသင့်ရင် ဗိုလ်ကြီးဝင်းကိုရဲ့ စာအုပ်ပါ 'ဝမ်ခသစ် (ကော့မူးရာ)စခန်းတိုက်ပွဲ' အကြောင်း ဆက်လက်တင်ပြသွားပါမယ်)။ မြတ်ဘုန်းသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )