နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းများ အောင်မြင်ပြီးစီးပါက လျှပ်စစ်မီးများ လုံလောက်စွာ ရရှိလာနိုင်မည် 

နေပြည်တော်၊ ဇန်နဝါရီ ၁၅
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း စီမံကိန်းများကို အားပေးဆောင်ရွက်ခဲ့ပြီး အဆိုပါ စီမံကိန်းများ အောင်မြင်ပြီးစီးပါက လျှပ်စစ်မီးများ လုံလောက်စွာ ရရှိလာနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ 
    "နိုင်ငံတော်အနေနဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ လျှပ်စစ်ဓာတ်အားပေး စက်ရုံများအနေနဲ့ စွမ်းအားပြည့် ထုတ်လုပ်နိုင်မှု မရှိခြင်းနဲ့  အကြမ်းဖက်သမားတွေက လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ တာဝါတိုင်တွေကို  ဖျက်ဆီးခဲ့တာတွေ ရှိပါတယ်။ ဓာတ်ငွေ့တွေ လုံလုံလောက်လောက် မရရှိတာကြောင့် နိုင်ငံတော်အနေနဲ့ လျှပ်စစ်ဓာတ်အား ပြည့်ပြည့်၀၀ ဖြန့်ဖြူးပေးဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် နိုင်ငံတော်က ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းများမှာလည်း ကန့်ကွက်မှုများနဲ့ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှုရပ်တန့်သွားရတာတွေလည်း ရှိပါတယ်။ ၂၀၀၅ ခုနှစ်က စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်တဲ့ စီမံကိန်းတွေသာ အောင်မြင်ခဲ့မယ်ဆိုရင် အခုအချိန်မှာ  ကျွန်တော်တို့နိုင်ငံအနေနဲ့ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရရှိနေမှာ ဖြစ်ပါ တယ်။ သို့ပေမယ့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းစီမံကိန်းတွေကို နည်းလမ်းအမျိုးမျိုးနဲ့ အနှောင့်အယှက်ပေးခဲ့တာတွေကြောင့် စီမံကိန်းတွေ ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်ယူချိန်မှာ လျှပ်စစ်နဲ့ပတ်သက်လို့  အခက်အခဲတွေ ရှိတာကြောင့် အချိန်တိုအတွင်း အောင်မြင် ပြီးမြောက်နိုင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း စီမံကိန်းများကို အားပေးဆောင်ရွက်ခဲ့ပါတယ်။ အဲဒီစီမံကိန်းတွေ အောင်မြင်ပြီးစီးခဲ့မယ်ဆိုရင် လျှပ်စစ်မီးတွေ လုံလုံလောက်လောက် ရရှိလာနိုင်မှာ ဖြစ်ပါတယ်"ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြော သည်။ 
    ဇန်နဝါရီ ၁၁ ရက်က မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားရာတွင် ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။ 
    ယခုအခါ နိုင်ငံတော်အနေဖြင့် သွင်းအားစုတွင်ပါဝင်သည့် စက်သုံးဆီများကိုလည်း နှစ်စဉ် ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာ သုံးစွဲနေရခြင်းကြောင့် ပြည်တွင်းမှ ထုတ်လုပ်သည့် စားသောက်ကုန်များ၊ လူသုံးကုန်များနှင့် အဝတ်အထည်များကို အသုံးပြု၍ ပြည်တွင်းဖြစ်ကို အားပေး ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားတိုးတက်ရေးကို များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကွန်းဈာန်

Total Views ~ 120

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42920

© 2022 - 2025 News. All Rights Reserved.