ပန်းတိုင်ပျောက် တော်လှန်ရေး

၂၀၂၄ ဧပြီ ၂၅
    မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကြီး ပြီးဆုံးသွားပြီဖြစ်သည်။ တော်လှန်အနုပညာရှင်ကြီးတွေမှာတော့ သင်္ကြန်မတိုင်ခင်ကတည်းက အဖြူရောင်ပိတ်စကြီးပေါ်မှာ ရေမစိုသင်္ကြန်ဆိုပြီးရေး ဆေးနီရောင်တွေ ပက်ဖျန်း၊ လက်တွေမှာလည်း ဆေးနီတွေသုတ်ပြီး မျက်နှာငယ်လေးနဲ့ ရေမစိုသင်္ကြန်လုပ်ဖို့ တိုက်တွန်းခဲ့သေးသည်။ပြည်သူတွေကလည်း စကားနားထောင်လိုက်ပုံများ ရန်ကုန်ပြည်သူ့ရင်ပြင်က လမ်းလျှောက်သင်္ကြန်မှာလည်း လူတွေစည်ကားလှသည်။ ခြေချစရာ နေရာမရှိသလို မြို့တော်ခန်း မရှေ့မှာလည်း လူတွေများ၊ လူပင်လယ်ကြီးများ ဖြစ်နေသလား အောက်မေ့ရအောင် စည်ကားလှသည်။ ငါးထောင်စားတွေဟု ပြောရအောင်လည်း ပြည်သူ့ရင်ပြင်ထဲက လူတွေကို တစ်ယောက်ချင်းစီ ငါးထောင်လိုက်ပေးရင် တိုင်းဒေသကြီးအစိုးရတောင် အဆဲခံရနိုင်သည်။ ဘီယာတွေကလည်း ဈေး ကောင်းသလို အမြည်းဘူးတစ်ဘူး ကောက်ကိုင်လိုက်တာနဲ့ ငါးထောင်က အနိမ့်ဆုံးဖြစ်သည်။ ဒီနှစ်တော့ သင်္ကြန်လည်ကြသူတွေက ငါးထောင်စားတွေမဖြစ်နိုင်ခြေ၊ အနည်းဆုံးငါးသောင်း လောက်ပေးရမည် ထင်သည်။ ဒီလိုသာတစ်ယောက် ငါးသောင်းပေးရင် အစိုးရ ဒေဝါလီခံရနိုင်သည်။ ရေစိုရုံတင်မကသေး ဆပ်ပြာမြှုပ်တွေပါ စိုကုန်သည်။ ပြည်သူတွေများ ရေမစိုသပိတ်ကို မေ့သွားကြဟန်တူသည်။
    ဒီလိုဆိုတော့ ရပ်ကွက်ထဲတွေတော့ ရေမကစားလောက်ဘူးဆိုပြီး ထင်ရင် မှားသွားပေလိမ့်မည်။ နွေဦးကာလ မြူထတုန်းက ည ၈ နာရီဆိုရင် သံပုံးတီးပြီး 'ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး' အော်ခဲ့သည့် လမ်းထိပ်က အဒေါ်ကြီးလည်း ဟိုကြည့်ဒီကြည့်နဲ့ သံပုံးအပိန်ကြီး ကိုထုတ်ကာ ရေတွေပက်နေလေသည်။ 'ကျွန်တော်တို့က လူငယ်တွေပါ လူငယ်တွေမှာ အနာဂတ်ရှိတယ်'အော် ဟစ်ခဲ့ကြသော လူငယ်တစ်သိုက်လည်း အုန်းလက်မဏ္ဍပ်တွေထိုး 'ကျီစားသလား'သီချင်းကို အသံ ကုန်ဖွင့်ကာ ရေကစားနေကြသည်။ ဒီတော့မှ တော်လှန်ရေးတပ်သားကြီး ထူးမြတ်တစ်ယောက်လည်း သိမ်းထားသည့် ဂျင်းဘောင်ဘီထုတ်၊ နေကာမျက်မှန်တစ်လက်နဲ့ ရပ်ကွက်ထဲပက်ကာ ရေပက်ခံ ထွက်ရဲတော့သည်။ ကလေးတစ်သိုက် ကလည်း အိမ်ထဲက လေထိုးရေကူးကန်တွေကို ပစ်ခဲ့ပြီး ရေပြွတ်သေနတ်တွေကိုင်ကာ ရပ်ကွက်ထဲအုပ်စုဖွဲ့ကြတော့သည်။ ဒီလိုတွေ့ပြန်တော့ ထူးမြတ်လည်း မနေသာ တော့ပေ။ ခေါင်းဆောင်ကြီးတွေ ဖေ့စ်ဘုတ်မှာ တင်ထား သလိုရေပြွတ်သေနတ်ကိုင်ရင် ဖမ်းခံရမည်ဆိုသည့်သတင်းကို ကလေးတွေကို ပြောပြရလေသည်။ကလေးတွေ ကလည်း"ခုလေးတင် လမ်းထဲကိုဖြတ်သွားသည့် စစ်ကား ကို ရေပက်လာတာ ဘာမှမဖြစ်ဘူး"ဟု တုံ့ပြန်ကြလေသည်။ ခေါင်းဆောင်ကြီးတွေကို ဘယ်သူများဂျင်းထည့် လိုက်သည်မသိ ပြည်သူတွေ ရေပြွတ်သေနတ်မကိုင်ဖို့ အမေရိကားကနေ မေတ္တာတရားကြီးမားစွာ တားမြစ်ရ ရှာလေသည်။ ဒီလိုနဲ့ပဲ သင်္ကြန်ပွဲတော်ကြီးက ရေရွှဲရွှဲစို သင်္ကြန် ဖြစ်ရလေတော့သည်။
    မြန်မာနှစ်သစ်ရောက်ပြီဆိုတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဘာများလုပ်နေသလဲ ဆိုပြီး သွားကြည့်ရသေးသည်။ အရက်ကလေးမဆိုသလောက်လေး သောက်တတ်သည့် တော်လှန်ရေး ခေါင်းဆောင်ကြီးကတော့ ဖေ့စ်ဘုတ်ပေါ်ကိုတက်လာပြီး အင်မတန်ပြောင် မြောက်လှသော ကဗျာတစ်ပုဒ်ကိုရေးကာ တော်လှန်ရေးကို တပ်လှန့်လိုက်ပြန်သည်။ ထိုကဗျာက 'ဟိုဘက်ကမ်းက မီးထိန်ထိန်၊ ဒီဘက်ကမ်းက မီးထိန်ထိန်၊ အားလုံးငါတို့အိမ်' ဆိုသည့်ကဗျာဖြစ်သည်။ အင်မတန် ဉာဏ်ကောင်းသော ကဗျာဆရာ တော်လှန်ရေးသမားကြီးပင်ဖြစ်သည်။ တစ်တိုင်းပြည်လုံး စစ်စတန်ဘ ရိတ်ဒေါင်းလို့ မီးအချိန်မှန်မရတာကို မူးမူးရူးရူးနဲ့ မီးထိန်ထိန်ဟုများ ရေးနေသလားဟု အချို့ကလည်း ဝေဖန်ကြသည်။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်ကြီးကတော့ အင်မတန်ပြောင်မြောက်လှသော သူငယ်တန်းဖတ်စာကဗျာကို တော်လှန်ရေးကဗျာအဖြစ် ပြောင်းလဲလိုက်လေသည်။
    နောက်ထပ်တော်လှန်ရေးခေါင်းဆောင်ကြီး တစ်ဦးဖြစ်သော ဆရာကြီး ဇဝေဇဝါစိုးကလည်း 'သားအိမ်ပြန် ရောက်ပြီအမေ'ဆိုပြီး တစ်ကြောင်းတည်း ဖေ့စ်ဘုတ်ပေါ် တင်ကာ တော်လှန်ရေးကြီးကို ထပ်မံတပ်လှန့်ထားသေးသည်။ ဒါတင်မကသေးဘဲ မြန်မာ့ဒရုန်းဆိုပြီး သုံး၊ လေး နှစ်အတွင်းမှာ မိုင် ၄၀ ၊ ၅၀ သွားနိုင်သော ဒရုန်းတီထွင် နိုင်ကြောင်း ဖေ့စ်ဘုတ်ပေါ်မှာ ခပ်ကြွားကြွားလေးရေး ထားသေး သည်။ ဆရာကြီးရဲ့ စတေးတပ်အောက်မှာ လည်း ပြည်သူတွေက သောသောညံအောင် အားပေးကြသည်။ ဆရာကြီး ကျန်းမာပါစေ၊ ဆရာကြီး သက်တော် ရာကျော်ရှည်ပါစေဆိုတာ တွေ့ရသည်။ တော်လှန်ရေး ကြီးဟန်ချက်ညီပုံများ ခေါင်းဆောင်ကြီးတွေ ဖေ့စ်ဘုတ်ပေါ်မှာ ဘာရေးရေး အရေး တော်ပုံအောင်ရမည်တို့၊ ဆရာကြီးတို့ ကျန်းမာပါစေတို့ သွားမန့်ကြရတာ အလုပ်တစ်ခုဖြစ်နေကြသည်။ ဆရာကြီးတို့ ကျန်းမာမှ အလှူများများခံနိုင်မှာဖြစ်သည်။ ဒါမှလည်း အိမ်ပြန်ကြမယ်၊ ငါတို့အတူတူ ပြန်ကြမယ်ဟု ဟစ်ကြွေးနေသော ခေါင်းဆောင်ကြီးများ လေယာဉ်ပျံ စရိတ်စကရမှာဖြစ်သည်။ မဟုတ်ရင် အိမ်ပြန်လာမည့် ခေါင်းဆောင်ကြီးတွေကို မျှော်ရတာ လည်ပင်းရှည်နေကြပြီဖြစ်သည်။
    အခုတလော ကျောင်းသားခေါင်းရှောင်ကြီး တစ်ယောက်လည်း ပျောက်ချင်းမလှ ပျောက်နေသည်။ နိုင်မြင်းကြီးကိုစီးပြီး လှော်တက်တစ်ချောင်းနဲ့ အဆန်လှေ စီးကာ ဘယ်ရောက်နေမှန်းမသိတော့ သတိတော့ရမိသေးသည်။ ဖေ့စ်ဘုတ်ပေါ်မှာ အရင်လိုကဗျာတွေ၊ စာတွေ တက်မရေးတာကြာ ပြီဖြစ်သည်။ အမေရိကားက တော်လှန်ရေး ခေါင်းဆောင်မကြီးကတော့ သင်္ကြန်ရက်တွေတောင် မနားဘဲ အလှူခံနေတာ တွေ့ရသည်။တော် လှန်ရေးပရောဂျက်ဆိုပြီး အလှူလေးခံလိုက်၊ မြန်မာအစားအသောက်တွေ ရောင်းလိုက်နဲ့ အလုပ်ဖြစ်နေသည်။တော်လှန်ရေးတပ်သားတွေအတွက် ကျည်ကာ အင်္ကျီတွေ၊ ကျည်ကာဦးထုပ်တွေ ဝယ်ပေးဖို့ ပရောဂျက်လုပ်နေတာ ဟုဆိုပြန်သည်။ နှစ်ဆန်းတစ်ရက် နေ့ကလည်း တော်လှန် ရေးခေါင်းဆောင်မကြီးရဲ့ ဖေ့စ်ဘုတ်ကနေ ဇီဝိတဒါနအဖြစ် ကျည်ကာတွေ လှူကြဖို့လှုံ့ဆော်ခဲ့သေးသည်။ မြန်မာ့ရိုးရာ ဇီဝိတဒါနက ကျွဲ၊ နွားဘေးမဲ့ လွှတ်တာပဲကြားဖူး၊ မြင်ဖူး သည်။ ကျည်ကာလှူတာ ဇီဝိတဒါနဆိုတာ တော်လှန်ရေး ခေါင်းဆောင်မကြီးပြောမှ ကြားဖူးတော့ သည်။ အလှူခံဖို့အတွက် အတော်ပါရမီပါကြသူများ ဖြစ်သည်။
    ၂၀၂၁ ခုနှစ်ကတည်းကစလို့ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ အဆုံးသတ်နှစ်၊ အဆုံးအဖြတ်နှစ်၊ အဆုံးအဖြတ်ပေးမယ့် အဆုံးအသတ်နှစ်၊ ဘာနိဂုံး ၂၀၂၃ ဆိုပြီး ကြွေးကြော်လာခဲ့သည်။ ဒီနှစ်တော့ သင်္ကြန်စာအသစ်ထွက်သလို ဘာများကြွေးကြော်မလဲဟု မျှော်လာလိုက်တာ ၂၀၂၄ ဟာ ပန်းတိုင်ရဲ့ အနီးကပ်ဆုံး ရောက်မယ့်နှစ်ဟု ထပ်မံကြွေးကြော်လိုက်သည်။
    ထူးမြတ်တို့လို တော်လှန်ရေးတပ်သားတွေ မျက်စိလည်ကုန်ကြသည်။ ဟိုတလောကပဲ ငါတို့နိုင် နေပြီ၊ မြို့တွေ၊ ရွာတွေသိမ်းပြီး အိမ်ပဲပြန်တော့မလိုလို၊ ပြည်တော်ပဲ ဝင်ကြတော့မလိုလို ခေါင်းဆောင်ကြီးတွေပြောနေတော့ အဟုတ်ထင်နေမိသည်။ အခုတော့လည်း ၂၀၂၄ ဟာ ပန်းတိုင်မဟုတ် သေးကြောင်း ပန်းတိုင်နဲ့အနီးကပ်ဆုံးရောက်မယ့်နှစ်သာ ဖြစ်သေးကြောင်း ပြောပြန်လေသည်။ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက် ဂျပန်နဲ့အင်္ဂလိပ်ကို တော်လှန်တာ ခြောက်နှစ်နဲ့ ကိုးရက် လောက်ကြာသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ လောက် ဉာဏ်မကောင်းတော့ အဆုံးသတ်နှစ်တို့၊ ပန်းတိုင်နဲ့ အနီးကပ်ဆုံးနှစ်တို့ မပြောတတ်တော့ လွတ်လပ်ရေးမရခင် ကျဆုံးရလေသည်။ အဲ့ဒီအချိန်လောက်ကသာ  အခုလို တော်လှန်ရေးခေါင်းဆောင်ကြီးတွေများ မွေးဖွား ခဲ့ရင် စစ်ပညာတွေ တကူးတကသွားသင်၊ ကိုယ်တိုင်တိုက် စရာမလိုဘဲ ဖေ့စ်ဘုတ်ပေါ်ကနေ ထိုင်တိုက်ရုံနဲ့ မြန်မာ့ လွတ်လပ်ရေးက စောစောရနိုင်သည်။
( ထူးမြတ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 519

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42968

© 2022 - 2025 News. All Rights Reserved.