ပုံရိုက်ထွက်ပြေး တော်လှန်ရေး

၂၀၂၄ မေ ၃
    "အမေ သားအိမ်ပြန်ရောက်ပြီ အမေ့သားကိုတော့"ဆိုပြီး သူ့အမေက သူ့ကို ငယ်နာမည် 'ကိုတော့'လို့ခေါ်ကြောင်း စတေးတပ်တော်ကြီးကို တော်လှန်ရေး ခေါင်းဆောင်ကြီးရဲ့ ဖေ့စ်ဘုတ်စာ မျက်နှာပေါ်မှာ တင်လိုက်တော့ ထူးမြတ်တို့လို တော်လှန်ရေးဘက်တော်သားတွေ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ မလှုပ်ရှားဘဲ ခံနိုင်ရိုးလား တော်လှန်ရေးအသိုင်းအဝိုင်း တစ်ခုလုံးလေးစားရတဲ့ ဆရာကြီး ဇဝေဇဝါစိုးတစ်ယောက်လုံး အိမ်ပြန်ရောက်ပြီဆိုတဲ့သတင်းက ထိပ်တန်းသတင်းဖြစ်တာကြောင့်ဖြစ်သည်။ တချို့ကလည်း ညတွင်းချင်း ဆရာကြီး အိမ်ကိုသွားကြည့်ရအောင် အဖော်ညှိကြသည်။ တချို့ကလည်း ရန်ကုန်မြို့လမ်းတွေပေါ်မှာ ကားတွေပိတ်တာ ဆရာကြီး ပြန်လာတာကို သွားကြိုကြတာဖြစ် နိုင်တယ်ဆိုပြီး မှတ်ချက်ပေးကြသည်။ တချို့ကလည်း ဒါမှ ငါတို့ခေါင်းဆောင်ကြီးကွ ပြောထားတဲ့ စကားတည်တယ်ကွ၊ ပြည်တော်ပြန်ဝင်လာပြီ ဆရာကြီးကိုဝိုင်း ရှာကြ၊ ဆရာကြီးမေတ္တာ ရိပ်အောက် ခိုလှုံကြဆိုပြီးဖြစ်ကုန် တော့သည်။
    ခေါင်းဆောင်ကြီးတွေ တော်လှန်ရေးခရီးအစ ကတည်းက ဘာမပြောညာမပြောနဲ့ ထွက်သွား လိုက်တာ  သုံးနှစ်ကျော်လို့ လေးနှစ်ထဲရောက်ပြီဆိုတော့ သတိတရ မျှော်နေကြတာလည်းဖြစ်သည်။ ဒီတော့ အမေ့သားအိမ် ပြန်ရောက်ပြီဆိုတဲ့ စာကြောင်းလေးတစ်ကြောင်းတင်တာ နဲ့တင် တော်လှန်ရေး အသိုင်းအဝိုင်းကြီး တစ်ခုလုံးတပ် လှန့်လိုက်သလိုဖြစ်ကုန်ပြီး လေဆိပ်ကပဲ ပြန်လာမလား၊ သင်္ဘောဆိပ်ကပဲ ပြန်လာလေမလား၊ ဘူတာရုံကပဲ ထိုင်စောင့်ရမလား၊ အောင်မင်္ဂလာ အဝေးပြေးကွင်း ကိုပဲသွား ကြိုရမလား ဝေခွဲမရဖြစ်ကြရသည်။ ရက်ပိုင်းလောက် ကြာတော့ အစအနပျောက်နေသည့် ခေါင်းဆောင်ကြီး သတင်းက သြစတြေးလျနိုင်ငံမှာ ပြန်ပေါ်လာသည်။တချို့ကလည်း ခေါင်းဆောင်ကြီး အမေက သြစတြေးလျ မှာနေတာဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ တချို့ကလည်း နာမည်ကြီး မျက်လှည့်ဆရာ မစ္စတာတော့ပ်လိုကိုတော့ မျက်လှည့်ပြတာဖြစ်သည်ဟု သက်ပြင်းလေးချကာ နေရရှာလေတော့သည်။
    တော်လှန်ရေး ခေါင်းဆောင်ကြီးတွေဆိုတာ ကလည်း အတိုက်အခိုက်က အများသားဖြစ်သည်။ တော်လှန်ရေးအစကတည်းက ဖလားလေးတစ်လုံးကိုင်ပြီး စွမ်းစွမ်းတမံ အလှူခံနေတဲ့ တော်လှန်ရေး မိခင်ကြီး ခြောက်ထောက်မှာ GPS ankle monitor တပ်ဆင်ထားပြီး အမေရိကန်ရဲတပ်ဖွဲ့က စောင့်ကြည့်နေကြောင်း သတင်းလွှင့်ကြပြန်သည်။ ထိုကိရိယာလေးက အချုပ်ကျပြီး တရားရုံး အဆုံးအဖြတ်စောင့်နေ သည့် အခါမျိုးမှာ ခံဝန်ဖြင့်နေတုန်း တရားခံထွက်ပြေးခြင်းကို ကာကွယ်ရန် အသုံးပြုကြခြင်းဖြစ်သည်။ ဒါက တော်လှန်ရေးမိခင်ကြီး ကို သက်သက်သိက္ခာချတာ ဖြစ်သည်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အမေရိကားကို ရောက်အောင်သွား ဟိုရောက်တော့ တော်လှန်ရေးအသိုင်းအဝိုင်း ကြိုက်သည့် စကားတွေပြော၊ တပ်မတော်ကိုကလော်တုတ်၊ အရှိန်လေးရလာတော့ မြန်မာပြည်က သယ်လာတဲ့ ဖလားကြီး ကိုထုတ်ပြီး အလှူခံလာလိုက်တာခုဆိုရင် တော်လှန်ရေးအတွက် စက္ကူဂျပ်ဖာဒရုန်းကြီးတွေ တီထွင်နိုင်အောင် ဒေါ်လာသန်းချီ ထောက်ပံ့ထားနိုင်ပြီဖြစ်သည်။ တော်လှန်ရေးမိခင်ကြီးခမျာ၊ တစ်ဖက်မှာ စတိုးဆိုင်ကြီးဖွင့် စီးပွားရှာရသလို၊ အိမ်ဝယ်ထားတဲ့ အရစ်ကျအကြွေးတွေကို မအားလပ် အောင် ဆပ်နေရသေးသည်။ ဒီလောက် အလုပ်တွေများနေသူကို အမေရိကန်ရဲတပ်ဖွဲ့က ခြေထောက်စက်တပ်ထားတယ်ဆိုတဲ့ သတင်းကြောင့် မနေသာတော့ဘဲ ခြေထောက်ကို ဓာတ်ပုံရိုက် ဖေ့စ်ဘုတ်ပေါ် တင်လိုက်မှ အသံတွေ တိတ်ကုန်ကြသည်။ တော်လှန်ရေးမိခင်ကြီးဆိုတာက နှယ်နှယ်ရရ မဟုတ်ချေ။ တစ်ကမ္ဘာလုံးက နီပေါတွေရဲ့ ဦးနှောက်ကို စက်တပ်ထားပြီး လကုန်ရင် စင်ကာပူကအမျိုးတို့ရေဆိုပြီး အလှူခံတာကိုပဲ ကြည့်ရင်သိနိုင်သည်။
    တော်လှန်ရေးလုပ်တဲ့နေရာမှာ ဖေ့စ်ဘုတ်ကလည်း အားထားရာဖြစ်သည်။ ဒီတော့ ခေါင်းဆောင်ကြီးတွေမှာ မအားလပ်ချေ။ နွေဦးကာလမြူထစဉ်ကတည်းက ဆန္ဒပြလူအုပ်ကြီးကြားထဲ ဓာတ်ပုံတွေဝင်ရိုက်၊ ဖေ့စ်ဘုတ်ကနေ Live တွေလွှင့် ရဲမဖမ်းရအောင် ဟိုပြေးဒီပြေး ပြေးရင် အမေရိကားတို့၊ သြဇီတို့အထိ ရောက်သွားရရှာလေသည်။ အခုလည်း တော်လှန်ရေးခေါင်းဆောင်မကြီး ဒေါ်ဖလူဖလူ သင်းတစ်ယောက် တော်လှန်ရေးတွေ မအားလပ်တဲ့ကြားက ညဝတ်အင်္ကျီကြီးဝတ်ကာ တပ်မတော်စခန်းရှေ့ကို ဓာတ်ပုံလေးအပြေးအလွှားလေး လာရိုက်ပေးရှာသည်။ ဒီတော့မှလည်း တော်လှန်ရေးအသိုင်းအဝိုင်းက ဟောငါတို့ခေါင်းဆောင်မကြီး ကိုယ်တိုင်တိုက်ပွဲတွေ ဦးဆောင်ပြီး တိုက်နေတာ ဟေ့ လာကြည့်ကြ ဒီတစ်ခါ အလှူခံရင်များများ လှူကြဟေ့ တောထဲမှာ စားဝတ်နေရေးအဆင်ပြေရဲ့ လားမသိဘူး။ ခေါင်းဆောင်မကြီး ကျန်းမာပါစေဆိုပြီး မေတ္တာထိုင်ပို့ကြသည်။ တော်လှန်ရေးအသိုင်း အဝိုင်းရဲ့ အပျော်တွေကလည်း ကြာရှည်မခံပေ။ ရက်ပိုင်းအတွင်း တပ်မတော်က မြဝတီတစ်ခွင် ပြဲပြဲစင်အောင် တီးထုတ်လိုက်တော့ တော်လှန်ရေးခေါင်း ဆောင်မကြီးများ အန္တရာယ်ကင်းရဲ့လား စိတ်ပူမိသေးသည်။ ဘာပဲဖြစ်ဖြစ် ဒေါ်ဖလူဖလူသင်း၏ သမိုင်းဝင် ဓာတ်ပုံကြီးကိုကြည့်ကာ ထူးမြတ်တို့ကတော့ ကြံဖန်ဂုဏ် ယူမိသေးသည်။ တို့ခေါင်းဆောင်ကြီးတွေ တော်လှန်ရေးအတွင်း ညအိပ် ဝတ်တဲ့ ဝတ်စုံကြီးနဲ့တောင် တော်လှန်ကြတာကွ စခန်ကုန်းက သမိုင်းဝင်ဓာတ်ပုံဆိုပြီး ပုံကြီးချဲ့ သိမ်းထားလိုက်ချင်သည်။
    တော်လှန်ရေး ခေါင်းဆောင်ကြီးတွေဆိုတာကလည်း ဓာတ်ပုံရိုက်တာ အလွန်ဝါသနာပါကြသူများ ဖြစ်သည်။ ဟိုအရင်အချိန်တွေကလည်း မွှေမွှေနဲ့ ဓာတ်ပုံတွဲ ရိုက်ဖူးမှ ပါတီဝင်အဖြစ်၊ အနီအဖြစ် သတ်မှတ်မယ်ဆိုတော့ ကြုံရင်ကြုံသလို ဓာတ်ပုံတွဲရိုက်ကြသည်။ ဒီလိုပုံရ ပြီဟေ့ဆိုတာနဲ့ ဖေ့စ်ဘုတ် ပရိုဖိုင်းမှာထားပြီး ရပ်ထဲရွာထဲမှာ ဆရာကြီးပင်ဖြစ်သည်။ တချို့ကလည်း ဓာတ်ပုံတွဲ ရိုက်ချင်တာ ရောဂါလိုဖြစ်ခဲ့ကြသည်။ ဒီလိုပုံမျိုးတစ်ပုံ လောက်ရတာနဲ့ လုပ်စားလို့ ကောင်းတာကြောင့်ဖြစ်သည်။ အခုပဲကြည့် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဓာတ်ပုံလေး တစ်ပုံကောင်းမှု အကြောင်းပြုကာ အမေရိကားတို့၊ ဘန်ကောက်တို့မှာ ကောင်းစားနေကြတာဖြစ်သည်။ မွှေမွှေသိရင်တော့ စိတ်ကောင်းမှာ မဟုတ်ချေ။ စိတ်မကောင်းလည်း မတတ်နိုင်ပေ။ ဒါက တော်လှန်ရေးလုပ်တာသာ ဖြစ်သည်။
    အခုရက်ပိုင်း ထုံးစံအတိုင်း မြန်မာပြည် နယ် စပ်တစ်လျှောက် အရက်ပတ်သောက်နေသော တော်လှန်ရေးခေါင်းဆောင်ကြီး ဦးရီဝေမူးတစ်ယောက် ပြင်ဦးလွင်နဲ့ ၁၀ မိုင်အကွာကို ရောက်နေေ ကြာင်း ပုံတွေတက်လာသည်။ ဒီတော့ တော်လှန်ရေးရပ်ကွက် တစ်ဖန် အားတက်သွားကြပြန်သည်။ ငါတို့ဝန်ကြီးတွေ့လား တစ်လ သိန်းတစ်ရာ့ငါးဆယ်ယူပြီး မင်းတို့ပြော သလို အရက်ဝယ်သောက်နေတာ မဟုတ်ဘူး။ တကယ် အလုပ်လုပ်နေတာကွဆိုပြီး ပြောကြပြန်သည်။ ထူးမြတ်ကတော့ ခေါင်းဆောင်ကြီးတွေ ၂၀၂၄ ခုနှစ် အစမှာ လုပ်ပြတဲ့အကွက်တွေကို သဘောကျမိသည်။ ဟိုနေရာ ရောက်လိုက် ဓာတ်ပုံလေးရိုက်လိုက် ပျောက်သွားလိုက်၊ ဒီနေရာရောက်လိုက် ဓာတ်ပုံလေးရိုက်လိုက် ပျောက်သွားလိုက်နဲ့ မျက်လှည့်ပွဲကြည့်ရသလို ဖြစ်နေသည်။ ဒီနေ့ ၂၀၂၄ ခုနှစ်ကို ခေါင်းဆောင်ကြီး တွေအတွက် ရည်ရွယ် ပြီး ဆောင်ပုဒ်လေးတစ်ခု ရေးပေးချင်သည်။ 
    ခေါင်းဆောင်ကြီးတွေများ စိတ်မဆိုးရင် "ပုံ ရိုက်ထွက်ပြေး တော်လှန်ရေး"လို့ ကင်ပွန်းတပ်ပေးချင်သည်။
( ထူးမြတ် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 291

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42975

© 2022 - 2025 News. All Rights Reserved.