ပြည်ထောင်စု မပြိုကွဲအောင် ဘယ်လိုကြံဆောင်ကြမလဲ

၂၀၂၄ ဒီဇင်ဘာ ၂၇

    ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ နိုင်ငံတော်အာဏာကို ခေတ္တ ထိန်းသိမ်းခဲ့ရသည်ကို လက်မခံသည့် နိုင်ငံရေးသမားများ၏ လှုံ့ဆော်မှုအရ ပြည်တွင်းမှာ လက်နက်ကိုင်လမ်းစဉ် ပြန်လည်အသက်ဝင်လာခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ 
    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အရေးပေါ် အခြေအနေ ကြေညာပြီး နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီ ဖွဲ့စည်းကြေညာချိန်မှာ အေးချမ်းတည်ငြိမ်မှု ရှိခဲ့သော်လည်း လွှတ်တော်ခေါ်ရန် စုစည်းထားသည့် ကိုယ်စားလှယ်များကို ပြန်လည်စေလွှတ်ပေးလိုက်သည့်အခါ လမ်းပေါ်တွင်လူစုပြီး လှုပ်ရှားသည့် နိုင်ငံရေးနည်းလမ်းကို အသုံးပြုခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါသည်။ ထိုအချိန်ကစပြီး လူထုအုံကြွမှု ပုံသဏ္ဌာန်ကို ဖန်တီးခဲ့ကြသလို  လုံခြုံရေးအဖွဲ့များကို ပြန်လည်တိုက်ခိုက်ခြင်း၊ လမ်းများကိုပိတ်ပြီး ခံစစ်သဖွယ်ပြင်ဆင်ခုခံခြင်း၊ မလိုသူများကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြရာမှ လူစုခွဲ နှိမ်နင်းရသည့် အခြေအနေထိ ဖြစ်လာခဲ့ပါသည်။ ထိုအခြေအနေတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် အေးဆေးတည်ငြိမ်စွာ စောင့်ကြည့်လျက်ပဲရှိတာကို တွေ့ရပါသည်။
    မြို့ပေါ်တွင် လှုပ်ရှားသည့် လှုပ်ရှားမှုများ၏ အဓိကရည်ရွယ်ချက်သည် နိုင်ငံရေးနည်းအရ ကြည့်လျှင် ပြည်သူလူထုနှင့် တပ်မတော်ကို သွေးခွဲရေးလုပ်ဆောင်ချက်ပင်ဖြစ်ပါသည်။ နိုင်ငံရေးနည်းအရ လှုံ့ဆော်လှုပ်ရှားမှုများတွင် သွေးဆူနေသည့် လူငယ်များနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရသည့် လုံခြုံရေးအဖွဲ့အစည်းများကြားမှာ ပဋိပက္ခဖြစ်ကြရတာ၊ တည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေနှင့်အညီ လူစုခွဲရာမှာ လူအင်အားပမာဏနှင့် လှုပ်ရှားမှုအခြေအနေပေါ်မူတည်ပြီး ထိခိုက်မှုအနည်းအများ ဖြစ်ကြရတာတွေဟာ ဓမ္မတာပါ။ နိုင်ငံရေးသမားများအနေဖြင့် ဒီသဘာဝကို အသုံးချပြီး လူငယ်တွေကို လက်နက်ကိုင်လမ်းစဉ်ဆီ ရောက်အောင် တွန်းပို့ခဲ့ကြတာပဲ ဖြစ်ပါသည်။ ၎င်းတို့ ကိုယ်တိုင် အစိုးရဖွဲ့ပြီး လူငယ်များနှင့် ပြည်သူများကိုသူတို့၏ လက်နက်ကိုင်လမ်းစဉ်မှာ ပါဝင်စေခဲ့တာပဲ ဖြစ်ပါသည်။ ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအခြေအနေအရ လက်နက်ကိုင်လမ်းစဉ်အထိ လူငယ်များ ရောက်စရာ မရှိသလို အချိန်ကန့်သတ်ချက်အရ အချိန်တိုအတွင်းမှာပဲ စနစ်အပေါ် ပြန်ရောက်မှာ ဖြစ်ပါသည်။ သို့သော် လူငယ်အများ မလိုအပ်ဘဲ တောထဲရောက်သွားကြတာ တိုင်းပြည်အတွက် များစွာနစ်နာလှပါသည်။ ထိုအချိန်အရောက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ဖျာခင်းဖို့ စောင့်ကြည့်နေကြပြီ ဖြစ်ပါသည်။
    မြန်မာနိုင်ငံနေရာစုံက လူငယ်လေးတွေ တောခိုကြရာမှာ အဓိကအားဖြင့် စစ်သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးခဲ့တာက KIA ၊ KNU နှင့် KNPP တို့ပဲ ဖြစ်ကြပါသည်။ KNU ဖွဲ့စည်းပြီးနောက် စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး အမေရိကန်၏ အထောက်အပံ့ဖြင့် KNU (လက်အောက်ခံ PDF အပါအဝင်) အပေါင်း K3C  (KIA,KNU,KNPP နှင့် CNF )အဖြစ် မဟာမိတ်ပြု စစ်ရေးလှုပ်ရှားခဲ့ကြသည်ကို တွေ့ရမှာ ဖြစ်ပါသည်။ ထို့အပြင် KNU ၏ လှုံ့ဆော်မှုအရ KNU နှင့် ပူးပေါင်းခြင်းမရှိသည့် လက်နက်ကိုင် PDF အဖွဲ့များလည်း နေရာစုံမှာ ဖွဲ့စည်းလှုပ်ရှားလာခဲ့ကြပါသည်။ ကယားပြည်နယ် နှင့် KNU နယ်မြေများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအထက်ပိုင်းဒေသများတွင် စစ်ရေးလှုပ်ရှားမှုများကို စတင်ပြုလုပ်ခဲ့ကြတာတွေ့ရမှာ ဖြစ်ပါသည်။ ထိုအချိန်ထိ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေဖြင့် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ကြဘဲ ရှမ်းပြည်တစ်ဝန်း အေးချမ်းလျက်သာ ရှိခဲ့ပါသည်။ သို့သော် ထိုအချိန်တွင် အခွင့်သာပါက စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နိုင်ရန်  MNDAA က တပ်မဟာ (၆၁၁) ကို တိုင်းရင်းသား တပ်မတော်အဖြစ် ထပ်မံတိုးချဲ့ဖွဲ့စည်းပြီး စစ်သင်တန်းများပေးခဲ့တာ သတင်းများအရ သိရပါသည်။
    ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် MNDAA ၊ TNLA နှင့် AA တို့၏ ၁၀၂၇ စစ်ရေးလှုပ်ရှားမှုသည် တရုတ်နိုင်ငံ၏ လိုလားချက်အရ ကျားဖျန့်နှိမ်းနင်းရေး လုပ်ငန်းအဖြစ် အကြောင်းပြခဲ့သော်လည်း နောက်ကွယ်တွင် MNDAA ၊ TNLA နှင့် AA တို့အတွက် အထူးဒေသရရှိရေးကို ဦးတည်ခဲ့ကြသည်ကို တွေ့ရပါသည်။ ကြေညာချက်များ၊ မြေပြင်သတင်းများအရ လက်နက်ခဲယမ်းနှင့် လူအင်အားကို 'ဝ'(UWSA) မှ နောက်ကွယ်က အခကြေးငွေယူ ထောက်ပံ့ခဲ့ပြီး မိုင်းလား NDAA မှ အုပ်ချုပ်မှုကိစ္စရပ်များကို အဓိကထား ထောက်ပံ့ခဲ့သည်ဟု သိရှိရပါသည်။ 'ဝ'၏ လှုပ်ရှားမှု၊ ရပ်တည်မှုများ၊ ကြေညာချက်များအရ ထိုစစ်ဆင်ရေးများတွင် ပါဝင်ခြင်းမရှိဘဲ ကြားနေဟုဆိုသော်လည်း သတင်းများ၊ လှုပ်ရှားမှုများ၊ ပေါင်းစည်းထားရှိမှုများအရ ယုံကြည်ရသည့် အခြေအနေမှာမရှိပါ။  ထိုစစ်ရေး လှုပ်ရှားမှုသည် FPNCC အနေဖြင့် ဆောင်ရွက်ခဲ့ခြင်း မဟုတ်သည့်အတွက် KIA နှင့် SSPP/SSA တို့ ပူးပေါင်းပါဝင်ခဲ့ခြင်း မရှိခဲ့ကြပါ။ သို့သော် မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်းအတွင်းမှ မောင်ဆောင်းခ ဦးစီး ဗမာလူငယ်များသည် BPLA အမည်ဖြင့် အဆိုပါစစ်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်ကို တွေ့ရပါသည်။
    ၁၀၂၇ စစ်ရေးလှုပ်ရှားမှု၏အစသည် တရုတ်နိုင်ငံ၏ ပယောဂပါသည်ဟု ဆိုနေကြသော်လည်း ဗဟိုအစိုးရ၏ သဘောထားမဟုတ်ကြောင်း သိရပါသည်။ ထို့ကြောင့်လည်း ယခုအချိန်ထိ စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်ရန် ထိန်းသိမ်းပေးနေတာ တွေ့ရမှာဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုအရ ဟိုင်ဂင်ဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ၁၀၂၇ စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်စေခဲ့ပါသည်။ ထိုအချိန်တွင် ကိုးကန့်ဒေသနှင့် ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်းအပါအဝင်နယ်မြေအတော်များများ တပ်မတော်မှ လက်လွတ်ဆုံးရှုံးခဲ့ရပြီးဖြစ်ပါသည်။ 'ဝ' UWSA ကို နယ်မြေထိန်းသိမ်းရေးအရ ဟိုပန်ကို ဝင်ရောက်စေခဲ့ပါသည်။ နိုင်ငံတော်၏ လိုအပ်ချက်အရ ထိန်းသိမ်းစေခဲ့သော်လည်း ယခုအခါမှာ 'ဝ' အဖွဲ့က ကိုယ်ပိုင်ဒေသလို နိုင်ငံတော်ပိုင်အစိုးရရုံးဌာန အဆောက်အအုံများကို ဖျက်ဆီးပြီး 'ဝ'အထူး ဒေသအုပ်ချုပ်ရေးပုံစံအတိုင်း အဆောက်အအုံများကို စိတ်ကြိုက် တည်ဆောက်နေခြင်းသည် သူ့လိုလားချက်၏ အဖြေပဲဖြစ်ပါသည်။ အပစ်အခတ်ရပ်စဲပြီး ဟိုင်ဂင်ဆွေးနွေးပွဲများ ကျင်းပလျက်ရှိရာမှာ ထိုသဘောတူညီမှုသည် ရှမ်းပြည် (မြောက်ပိုင်း)အတွက်သာ ဖြစ်သည်ဟုဆိုကာ AA ကို ခေါင်းတည်ပြီး MNDAA ၊ TNLA နှင့် PDF အဖွဲ့များသည် ရခိုင်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်ခဲ့ကြရာ ယခုအချိန်ထိပင် ဖြစ်ပါသည်။ ဟိုင်ဂင်ဆွေးနွေးပွဲများ ကျင်းပလျက်ရှိချိန်မှာ ထိုအဖွဲ့များ၏ သဘောထားသည် ရိုးသားမှုမရှိသည်ကို တွေ့ရပါသည်။ ဒဏ်ရာရလူနာများကုသခြင်း၊ လူသစ်ထပ်မံစု ဆောင်း ပြင်ဆင်ခြင်းနှင့် နောက်ထပ် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန် ကြိုတင် ပြင်ဆင်လျက် ရှိသည်ကို တွေ့ရမှာဖြစ်ပါသည်။
    ၁၀၂၇ ဒုတိယပိုင်းစစ်ရေးလှုပ်ရှားမှုတွင် 'ဝ' UWSA သည် နောက်ကွယ်ကနေ လူအား၊ လက်နက်ခဲ ယမ်းအားများဖြင့် ထဲထဲဝင်ဝင် အကူအညီပေးခဲ့သည်ကို ထင်ရှားစွာ တွေ့ရမှာ ဖြစ်ပါသည်။ ၁၀၂၇ ဒုတိယပိုင်း စစ်ရေးလှုပ်ရှားမှုကို ရှမ်း/မန်း စစ်ဆင်ရေးဟုဆိုပြီး ဆောင်ရွက်ခဲ့ကြရာမှာ 'ဝ' (UWSA) သာမက၊ KIA နှင့် မြန်မာပြည်အလယ်ပိုင်းက PDF များ အင်အားများပြားစွာဖြင့် ပါဝင်လာကြသည်ကို တွေ့ရပါသည်။ UWSA သည် စစ်ရေးလှုပ်ရှားမှုတွင် ယူနီဖောင်းအဖြစ် MNDAA နှင့် TNLA ယူနီဖောင်းကိုသာ ဝတ်ဆင်ခဲ့ကြပါသည်။ ထိုစစ်ဆင်ရေးမှစပြီး NUG အပါအဝင် တော်လှန်ရေး အင်အားစုအချင်းချင်း ပေါင်းစည်းသွားသည့် အသွင်သဏ္ဌာန် ပေါ်လာသည်ကို တွေ့ရမှာဖြစ်ပါသည်။ ၁၀၂၇ ဒုတိယ စစ်ရေးလှုပ်ရှားမှု မစမီ "ပန်ဆန်းတွင် FPNCC အဖွဲ့ အစည်းအဝေးကျင်းပခဲ့ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုတွင် 'ဝ'ပြည်နယ်အဖြစ် ရရှိရေးနှင့် 'ဝ'ပြည်နယ်အတွင်းမှာ KIA မပါ ကျန်လက်နက်ကိုင်အဖွဲ့များမှ အထူးဒေသများအဖြစ် ပါဝင်ကြမည်ဟု သဘောတူခဲ့ကြကြောင်း၊ 'ဝ' ပြည်နယ်အဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြင်ဦးလွင်မြို့နယ်အစပ်ထိ သတ်မှတ်သိမ်းပိုက်ထားမည် ဖြစ်ကြောင်း" သတင်းရရှိခဲ့ပြီး တိုက်ပွဲကာလ အတွင်း စစ်ရေးလှုပ်ရှားမှုများနှင့် အုပ်ချုပ်ထောက်ပံ့မှုများကို ကြည့်ပါက ၎င်းင်းတို့၏ ရည်မှန်းချက်အတိုင်း ဆောင်ရွက်ခဲ့သည် တွေ့ရမှာ ဖြစ်ပါသည်။
    ၁၀၂၇ ဒုတိယစစ်ရေးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး တရုတ်အစိုးရမှ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များကို ဖိဖိစီးစီး ဖိအားပေး ဆောင်ရွက်လာခဲ့သည့်အတွက်  ယခုအခါ ၁၀၂၇ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းသွားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိပါသည်။ ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်ရန်စီစဉ်နေသည့်အချိန်မှာပဲ 'ဝ' (UWSA) နယ်မြေအတွင်းမှာ FPN CC အဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေးကို မြန်မာပြည်မမှ PDF အဖွဲ့များလည်း တက်ရောက်ခဲ့ကြောင်း၊ လတ်တလော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေသော်လည်း ၂၀၂၅ ခုနှစ်တွင် ၁၀၂၇ တတိယ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ထားကြကြောင်း၊ ထိုစစ်ဆင်ရေးအတွက် လားရှိုးတွင် ခဲယမ်းများ ဖောကားအစီး ၈၀ စာ စုပုံထားပြီးဖြစ်ကြောင်း၊ လက်နက်အဆင့်မြှင့်တင်ရေးအတွက် 'ဝ' လက်နက်စက်ရုံများတွင် ထိုင်ဝမ်မှ လက်နက်ပညာရှင်များငှားရမ်း ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိခဲ့ ပါသည်။
    သတင်းအဆင့်အတန်းအရ မှန်သည်ဖြစ်စေ၊ မှန်ကန်မှု အားနည်းသည်ဖြစ်စေ ၁၀၂၇ ပထမစစ်ရေးလှုပ်ရှားမှု ရပ်စဲထားစဉ်ကာလနှင့် အလားသဏ္ဌာန်တူသည့် အခြေအနေမျိုးသာ ဖြစ်သည်ကို တွေ့ရှိရမှာဖြစ်ပါသည်။ တရုတ်၏ ဖိအားကို မလွန်ဆန်နိုင်သည့်အတွက် သော်လည်းကောင်း၊ လူအင်အားအရ ထိခိုက်ဆုံးရှုံးမှု၊ ဒဏ်ရာရရှိမှုများအရ အနာပေးဆေးဝါးကုသခြင်း၊ လူအင်အားစုဆောင်း စစ်ရေးသင်တန်းပေးခြင်းများ ဆောင်ရွက်လိုသည့်အတွက်သော်လည်းကောင်း ၎င်းတို့ ပါဝင်သည့် တိုက်ပွဲများကို ခေတ္တရပ်ဆိုင်းထားခြင်းသာဖြစ်ပါသည်။ ယခုကဲ့သို့ အပစ်အခတ်မရပ်မီ ၎င်းတို့နှင့် အတူတိုက်ခဲ့သည့် မောင်ဆောင်းခ၏ BPLA အဖွဲ့များကို မန္တလေးတိုင်းအတွင်းစေလွှတ်ပြီး စစ်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်စေခဲ့ခြင်းကိုကြည့်လျှင် စစ်ရေးရည်မှန်းချက် မပြီးဆုံးသေးသည်ကို တွေ့ရမှာ ဖြစ်ပါသည်။ လက်ရှိဆွေးနွေးမှုများတွင်လည်း ပြည်ထောင်စုအတွက် မဖြစ်နိုင်သည့် အခြေအနေများကို တောင်းဆိုပြီး အစိုးရဘက်မှ မလိုက်လျောလို့ ဆိုသည့်သဘောဖြင့် အပြစ်ရှာမှာဖြစ်ပါ သည်။
    မြန်မာပြည်အနှံ့ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကိုကြည့်လျှင် NUG လက်အောက်ခံဗမာ PDF များ သော် လည်းကောင်း၊ သီးခြားဖွဲ့စည်းထားသည့် ဗမာလက်နက်ကိုင် အဖွဲ့များသော် လည်းကောင်း ပါရှိနေသည်ကို တွေ့ရမှာဖြစ်ပါသည်။ ထိုစစ်ရေးလှုပ်ရှားမှုများကို ကြည့်လျှင် တပ်မတော်တစ်ရပ်အနေဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ပုံသဏ္ဌာန်မျိုးမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းစီ၏ လိုလားချက်အရ ကူတိုက်ပေးခြင်းနှင့် NUG အလိုကျ တပ်မတော်ပြိုကွဲရေးကိုသာ ရှေးရှုနေခြင်း ဖြစ်သည်ကိုသာ တွေ့ရပါသည်။ ဇရက်တောင်ပံကျိုးနှင့် ကြောင်ခံတွင်းပျက် ပေါင်းစည်းနေသည့်ပုံသဏ္ဌာန်သာ ဖြစ်ပါသည်။ လက်ရှိအချိန်မှာ စစ်ရေးအရ အားသာနေသည့်အချိန်၊ လိုလားချက်အပြည့်အ၀ မရသေးသည့် အချိန်ဖြစ်သည့်အတွက် ညီညွတ်သယောင်ရှိသော်လည်း တပ်မတော် ပြိုကွဲသွားပြီဆိုပါက နေရာစုံမှာ နယ်မြေလုသည့် ဖြစ်စဉ်များ အကြီးအကျယ်ဖြစ်ပြီး ပြည်ထောင်စုကြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားမည့် အလားအလာကို တွေ့နေရပြီ ဖြစ်ပါသည်။ သွေးဆူနေသည့် ဗမာလူငယ်များကို ရှေ့ကအသေခံတိုက်ခိုင်းနေခြင်းသည် အလကားမဟုတ်ပါ။ မြှောက်ပေးပြီး ယာလည်း ညက်စေ၊ ကြက်လည်း ပန်းစေ ဆိုသည့်သဘောဆောင်ရွက်နေတာကို နားလည်ဖို့ လိုပါလိမ့်မည်။ မနေ့တစ်နေ့က ထိုင်းနိုင်ငံမှာ ဖြစ်သွားခဲ့သည့် ရခိုင်-ဗမာပြဿနာကို သင်ခန်းစာယူ သတိထားသင့်ပေသည်။ ပြည်ထောင်စု မပြိုကွဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၊ မျိုး ချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဆိုလျှင် တပ်မတော်သားများနှင့် ဗမာတွေက မြန်မာနိုင်ငံ မြေပုံနှင့်လူမျိုး ၁၃၅ မျိုးကို တစ်မျိုးတည်းအဖြစ် မြင်တတ်ကြပေမယ့် ကျန်တိုင်းရင်းသားများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေမှာ ဒီလိုအမြင်မျိုးရှိကြရဲ့လားဆိုတာ သတိထားသင့်ပါသည်။ ရှိတော့ရှိပါသေးသည်။ သို့သော် လက်နက်နှင့်အာဏာ တည်ဆောက်လိုသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၊ အာဏာရလိုသည့် နိုင်ငံရေးသမားများ၊ မြန်မာနိုင်ငံကို ချုပ်ကိုင်ထားလိုသည့် ပြည်ပပယောဂများ၊ ပြည်ပမီဒီယာနှင့် ပြည်ပသြဇာခံ မီဒီယာများ၏ လှုံ့ဆော်မှုများအရ အတော် နည်းသွားပြီဟု ဆိုရပေမည်။ ပြည်ထောင်စု မပြိုကွဲဖို့ဆိုလျှင် မြန်မာတွေမကွဲဖို့ လိုပါမည်။ မြန်မာတွေ မကွဲဖို့ဆိုလျှင် အမာခံဗမာတွေ မကွဲဖို့နှင့် အင်အားတောင့်တင်းဖို့ လိုပါသည်။ တိုက်ခိုက်နေကြရင်း အင်အားတွေ ပြုန်းတီးနေမည့်အစား နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် လိုလားချက်များကို ညှိနှိုင်းကြစေလိုပါသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုတာကို လေးလေးနက်နက် စဉ်းစားဖို့လိုပါသည်။ လတ်တလော ဖြစ်ပွားနေသည့် ထိုင်းနှင့် 'ဝ' နယ်စပ်ပြဿနာသည် ခေတ်အဆက်ဆက်က မပြီးပြတ်သေးသည့် ဆွေးနွေးဆဲကိစ္စရပ်တစ်ခုဖြစ်သော်လည်း ယခုမှထ ပြဿနာရှာခြင်းသည် မည်သည့်အတွက်ကြောင့်ဖြစ်မည် ထင်ပါသနည်း။   (ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 214

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42975

© 2022 - 2025 News. All Rights Reserved.