ပြည်ထောင်စုအတွက် ဆူးငြောင့်ခလုပ် မဖြစ်ပါစေနဲ့

၂၀၂၅ ၊ ဧပြီ ၂၄

    တိုင်းပြည်တစ်ပြည် စည်းလုံးညီညွတ်ဖို့ဆိုတာ အတော်ခက်ခဲတဲ့ကိစ္စ ဖြစ်ပါတယ်။ အရမ်းခက်ခဲတဲ့ကိစ္စလို့ ဆိုရမလားဆိုတော့လည်း အတော်ပြောရခက်ပါတယ်။ သာမန်အားဖြင့် သဘာဝအတိုင်း စဉ်ဆက်မပြတ်သွားနေတဲ့ နိုင်ငံတွေမှာ စည်းလုံးညီညွတ်တယ်ဆိုတဲ့ စကားဟာ ပြောစရာကို မလိုပါဘူး။ သို့သော်  သွေးခွဲခံထားရတဲ့၊ သွေးကွဲနေတဲ့ နိုင်ငံတွေမှာတော့ စည်းလုံးညီညွတ်ရေး ပြဿနာဟာ အတော်ကြီးပါတယ်။ ကမ္ဘာပေါ်ရှိ နိုင်ငံတွေထဲမှာ နိုင်ငံတစ်နိုင်ငံအတွင်း နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအရ ကွဲပြားနေတဲ့ နိုင်ငံတွေအများအပြား ရှိကြပါတယ်။ စနစ်မှန်ပြီး ပြန်လည် ညီညွတ်သွားကြတဲ့ နိုင်ငံတွေရှိသလို ဘယ်လိုမှ စိလို့မရလို့ ကွဲသွားတဲ့ နိုင်ငံတွေလည်း သင်ခန်းစာအဖြစ် တွေ့ရမှာ ဖြစ်ပါ တယ်။ 
    ဒုတိယကမ္ဘာစစ်အပြီး ၂၀ ရာစုနောက်ပိုင်း ကာလတွေမှာ နိုင်ငံတွေ ကွဲထွက်သွားကြတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ များသောအားဖြင့်၊ နိုင်ငံရေးအယူအဆ မတူညီမှု၊ လူမျိုးရေးကွဲပြားမှု၊ ဘာသာရေးကွဲပြားမှု များအရ ကွဲထွက်သွားကြတာတွေ့ရမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားဆိုရင် လူမျိုးတူ၊ ဘာသာတူ၊ အခြေခံယဉ်ကျေးမှုနဲ့ ဘာသာစကားကအစတူနေ ကြပေမယ့် ယခုချိန်ထိ စိလို့မရသေးတာ တွေ့ရမှာဖြစ်ပါတယ်။ အဓိကပြဿနာက နိုင်ငံရေး အယူအ ဆကို အခြေခံပြီး ပြည်ပပယောဂတွေကြောင့်လို့ ဆိုရမှာဖြစ်ပါတယ်။ ပြည်ပပယောဂကို ထည့်မတွက်ကြဘဲ  ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်သဘာဝ၊ ကိုယ့်ဓလေ့အရ ညှိနှိုင်းဆွေး နွေးမှုတွေအရ ပြန်လည်အဆင်ပြေ ပူးပေါင်းသွားကြတဲ့ နိုင်ငံတွေလည်း ရှိကြပါတယ်။ သင်ခန်းစာအဖြစ် ဗီယက်နမ်နဲ့ ဂျာမနီနိုင်ငံတွေပဲ ဖြစ်ကြပါတယ်။ အင်မတန်လေးစားစရာကောင်းပါတယ်။ ှအေုန့သိူနမျ  တွေရဲ့ ကိုယ်ကျိုးအတ္တထက် တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ရှေးရှုကြလို့ပဲ ဖြစ်ပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်၊ ရသင့်ရထိုက်တာထက် ပိုမလိုချင်ကြဘဲ အမြော်အမြင်ရှိရှိ စဉ်းစားခဲ့ကြတဲ့ အကျိုးပါ။ ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးခဲ့တဲ့ ဂျာမနီ၊ ဝါဒရေးအရ ကွဲပြားခဲ့တဲ့ ဗီယက်နမ်တို့ဟာ ယခုအချိန်မှာ စည်းလုံးညီညွတ်မှုရဲ့ အကျိုးကို ခံစားနေရပြီဆိုတာ သင်ခန်းစာယူသင့်လှပါတယ်။ 
    ကျွန်တော်တို့နိုင်ငံဟာ ဝါဒရေးအရသော် လည်းကောင်း၊ လူမျိုးရေး၊ ဘာသာရေး အရသော် လည်းကောင်း တိတိပပ အကွဲအပြဲနဲ့ သီးခြားနိုင်ငံငယ်လေးတွေဖြစ်သွားတဲ့အထိ မရောက်သေးတာ အကောင်းလို့ ဆိုရမလား၊ အဆိုးလို့ဆိုရမလား ယခုအချိန်ထိဝေခွဲလို့ မရသေးပါဘူး။ အကောင်းဘက် က ကြည့်ရင် လွတ်လပ်ရေးရတဲ့အချိန်က တည်ခဲ့တဲ့မြေပုံလေး ပျက်မသွားသေးတာ တည်ရှိနေသေး တာပေါ့။ အဆိုးဘက်ကကြည့်ရင် ပြည်ထောင်စုတစ်ဝန်းလုံး နေရာအနှံ့မှာ လက်နက်ကိုင်လမ်းစဉ် ကြီးထွားလာတာပဲ ဖြစ်ပါလိမ့်မယ်။ ဒီဆိုးကျိုးက တည်ငြိမ်အေးချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာ ဖို့ထက် နိုင်ငံငယ်လေးတွေအဖြစ် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားနိုင်တဲ့ အခြေအနေကို ရှေးရှုနေတာ တွေ့ရမှာဖြစ်ပါတယ်။ လက်တွေ့အခြေအနေကိုကြည့်ရင် သမင်မွေးရင်း ကျားစားရင်းဆိုတဲ့ အခြေအနေပါ။ စနစ်တစ်ခု ထူထောင်လိုက် ပျက်သွားလိုက်၊ တည်ငြိမ်အေး ချမ်းဖို့ကြိုးစားလိုက် ပန်းတိုင်မရောက်ခင် တိုက်ပွဲတွေ ပြန်ဖြစ်လိုက်နဲ့ ရှေ့ကိုမရောက်နိုင်တော့တဲ့ အခြေအနေ ဆိုးလို့ ဆိုရပါလိမ့်မယ်။ ဒီလိုဘာကြောင့် ဖြစ်နေရသလဲဆိုတာ ပြန်လည်ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ 
    အမြင်မတူတာ လက်ခံလို့ရပါတယ်။ ပြည်ထောင်စုအတွင်း အပြန်အလှန် ညှိညှိနှိုင်းနှိုင်း လုပ်ရမယ့်ကိစ္စတွေမှာ ကိုယ့်အမြင်၊ ကိုယ်လိုချင်တာ တစ်ခုတည်းနဲ့ ပေကပ်နေလို့ မရပါဘူး။ ဖြစ်သင့် ဖြစ်ထိုက်တဲ့ တောင်းဆိုမှုတွေဟာ လက်ခံလို့ရပေမယ့် မဖြစ်သင့်တဲ့ အခြေအနေတွေအပေါ်မှာ အတင်း တွယ်ကပ်ထားရင်တော့ ပြည်ထောင်စုအတွက် ဆူးငြှောင့်ခလုတ်သာ ဖြစ်ပါလိမ့်မယ်။ တိုင်း ရင်းသား လူမျိုးစုများပြားတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတာ သင့်မြတ်လျော် ကန်ပါတယ်။ သို့သော် တကယ်တမ်းမှာ အားလုံးက ဒီမိုကရေစီကို လက်ခံကြရဲ့လား၊ ဒီမိုကရေစီ အလေ့ အကျင့်ကောင်းတွေ ရှိနေကြပြီလားဆိုတာက ပြဿနာပါ။ အမှန်တကယ်ကြည့်ရင် ကျွန်တော် တို့နိုင်ငံမှာ ဒီမိုကရေစီ အကျင့်ကောင်းတွေ မရှိသေးတာကို လက်ခံရပါလိမ့်မယ်။  ဟိုလူဖျက်ခဲ့လို့၊ ဒီလူဖျက်လို့ဆိုပြီး ပုံချမနေကြဘဲ ငါကိုယ်တိုင် ဒီမိုကရေစီကို အမှန်တကယ်သိရဲ့လား၊  လိုက်နာရဲ့ လားဆိုတာ ပြန်လည်သုံးသပ်လိုက်နာကြဖို့ လိုပါတယ်။ 
    နိုင်ငံရေးပြဿနာတွေရဲ့ ဖြေရှင်းလို့မရတဲ့အဆုံးဟာ စစ်ပွဲတွေမှာ အဆုံးသတ်လေ့ ရှိတယ်ဆိုတာကလည်း လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေက သက်သေပြနေသလိုပါပဲ။ စတင်ခဲ့တဲ့ ပြဿနာက နိုင်ငံရေးအယူအဆ မတူညီကြတာတော့ မဟုတ်ဘူး။ အားလုံးကြွေးကြော်နေကြတာက ဒီမိုကရေစီပါပဲ။ သို့သော် တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ကျင့်သုံးကြတဲ့အခါမှာ ဒီမိုကရေ စီကို ခုတုံးလုပ်ပြီး  နိုင်ငံရေးကို လက်ဝါးကြီး အုပ်ချင်တာက အဓိကပါ။ စနစ်ကို အသက်သွင်းပေးရ မယ့်အစား စနစ်ကို ခုတုံးလုပ်ပြီး အာဏာရရှိရေး လမ်းကြောင်းကို ရွေးချယ်ကြတာကတော့ ကောင်းတဲ့ အလုပ်မဟုတ်ပါဘူး။ ဘယ်သူလုပ်လုပ် ရှုတ်ချရမယ့်ကိစ္စပါ။ ၂၀၂၁ မှာ ဖြစ်ပေါ်ခဲ့ရတဲ့ နိုင်ငံရေး ပဋိပက္ခ ဟာ ဒီအခြေအနေတွေအပေါ်မှာ အခြေခံပါ တယ်။ 
    အဓိက အချက်က နှစ်ချက်ပါ။ ပထမအချက်က ရထားပြီးသား စနစ်ကို တန်ဖိုး မထားကြတာဘဲ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေရော တချို့လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေပါ ပါပါတယ်။ အာဏာရ NLD ပါတီကိုကြည့်ရင် ထိုက်သင့်တဲ့လွတ်လပ်ခွင့်၊  ထိုက်သင့်တဲ့ နိုင်ငံရေးလှုပ်ရှားခွင့်တွေ ရှိနေတဲ့ စနစ်ကို တစ်ဆင့်ခြင်း ပြောင်းလဲပြင်ဆင်သွားရမယ့်အစား အတင်းအကျပ် ပြင်ဆင်ချင်ကြတဲ့အတွက် ယုံကြည်မှုတွေ ယိုယွင်းခဲ့ရတယ်လို့ ဆိုရပါလိမ့်မယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာရလာတဲ့ အပေါ် ဒီအခြေခံဥပဒေကို တန်ဖိုးထားရမယ့်အစား လိုတစ်မျိုး၊ မလိုတစ်မျိုး လုပ်ခဲ့တာ၊ ကိုယ်မ ကြိုက်တဲ့ အခြေအနေကို အတင်းပြောင်းလဲဖယ်ရှားဖို့ ကြိုးစားခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံ ရေး ဖိအားပေးဖို့ တပ်မတော်ကို အပုပ်ချပြီး ပြည်သူကို ဒီမိုကရေစီ ဗန်းပြစည်းရုံးခဲ့ကြတာ၊ သူတို့က ဒီမိုကရေစီကို မြတ်နိုးပြီး တပ်မတော်က ဒီမိုကရေစီကိုတန်ဖိုးမထားဘဲ အာဏာမက်သူတွေအဖြစ် မဟုတ်တမ်းတရား ပြောဆိုစည်းရုံးခဲ့ကြတာ၊ နိုင်ငံရေးပြဿနာ အတော်များများကို တပ်မတော်အပေါ် ပုံချခဲ့ကြတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ 
    လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို ကြည့်ရင်လည်း လက်နက်မစွန့်ဘဲ သီးခြားအာဏာ  တည်ဆောက်လိုကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်သူအများ ထောက်ခံဆန္ဒပြုထားတဲ့ ဒီအခြေခံဥပဒေကို လေးစားလိုက်နာဖို့ထက်၊ ပေးထားတဲ့ အခွင့်အရေးထက် ပိုလိုချင်ကြတာကို ပြည်သူတွေ ရှင်းရှင်းလင်းလင်း မြင်တတ်ဖို့လိုပါတယ်။ ကချင်မှာ ကချင်ပြည်နယ်ရှိတယ်။ ကရင်မှာ ကရင်ပြည်နယ်ရှိတယ်။ အလားတူတိုင်းရင်းသား ပြည်နယ်တွေရှိကြတယ်။ ပြည်နယ်မရှိတဲ့ (သမိုင်း ကြောင်းအရသော် လည်းကောင်း၊ လူဦးရေအချိုးအစား အရသော် လည်းကောင်း အခြေခံဥပဒေရေးဆွဲချိန်က အခြေအနေ အရသော်လည်းကောင်း ပြည်နယ်ပေးနိုင် တဲ့အခြေအနေမှာမရှိ) တိုင်းရင်းသားတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေ ပေးထားတယ်။ အဲဒီအတွက် စနစ်အပြောင်းမှာ လက်နက်ကိုင်လမ်းစဉ်စွန့်ဖို့ လိုပါ တယ်။ လက်နက်ကိုင်လမ်းစဉ်စွန့်ခိုင်းတာ လက်နက်စွန့် ခိုင်းတာမဟုတ်ပါ။ ဥပဒေအရ ကိုင်ထားခွင့်၊ ဖွဲ့စည်းခွင့် ပေးထားပြီး ဖြစ်ပါတယ်။ သို့သော် ဘယ်လိုပဲညှိနှိုင်းညှိနှိုင်း သြဇာအာဏာ ကျသွားမှာစိုးတဲ့အတွက် လက်မခံခဲ့ကြဘဲ ကန့်လန့်တိုက်ခဲ့ကြတာ တွေ့ရပါလိမ့်မယ်။ ဒီလိုစိတ်ထား ရှိနေသမျှ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ဖြစ်လာစရာရှိမယ်မထင်ပါ။ ဒီလို လက်နက်မစွန့်ချင်ကြတဲ့ အဖွဲ့တွေကို အခြေခံဥပဒေအရ ပြည်ထောင်စုအတွင်း အတူပါလာနိုင်စေဖို့ နိုင်ငံတော်က NCA လမ်းကြောင်းကို ချမှတ် ဆောင်ရွက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘာများ မှားနေလို့လဲ။ 
    ဒုတိယအချက်က အာဏာရရှိရေးအတွက် အခြေခံဥပဒေကို ခုတုံးလုပ်ပြီး မဲမသမာမှုဖန်တီး အာဏာရယူဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ ဒီလို အာဏာရယူရင် ဘာတွေဖြစ်မလဲ။ အခုလောက်ထိ အခြေအနေဆိုးသွား ပါ့မလားလို့ မေးချင်မေးနိုင်ပါတယ်။ ဆိုးချင်လည်း ဆိုးနိုင်တယ်။ ဆိုးချင်မှလည်း ဆိုးပါလိမ့်မယ်။ မကြုံခဲ့ရတဲ့ ကိစ္စအတွက် ဘယ်လိုစဉ်းစားစဉ်းစား ကြိုက်သလိုအဖြေ ပေးလို့ရပါတယ်။ သို့သော် ထိုသို့ အာဏာရယူခဲ့ရင်  တိုင်းပြည်အတွက် အင်မတန် အန္တရာယ်ရှိတဲ့အခြေအနေတွေတော့ မြင်နေရတာရှိတယ်။ မဲမသမာမှုကို ထောက် ပြကန့်ကွက်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အငြှိုးထားနိုင်တယ်။ အာဏာရလာတဲ့အခါ အာဏာကို  ပထမအကြိမ်ထက် ပိုအသုံးချလာနိုင်တယ်။ ပထဝီနိုင်ငံရေး တစ်ဖက်စောင်းသွားနိုင်တဲ့ အခြေအနေ၊ တပ်မတော်ကိုနိုင်ငံရေးက အတင်းထွက် အောင် လုပ်မယ့်အခြေအနေ၊ အစိုးရအဖွဲ့အတွင်းမှာ အနောက်အုပ်စုအကြံပေးတွေ များလာမှာ ဖြစ်တဲ့အတွက် ပြည်တွင်းလုံခြုံရေး ကျိုးပေါက်မယ့် အခြေအနေ၊ ဘာသာပေါင်း စုံချစ်ကြည် ရေးကတစ်ဆင့် ဗုဒ္ဓဘာသာ အဆင့်အတန်း နိမ့်ကျလာမယ့် အခြေအနေ၊ တပ်မတော်ခေါင်းဆောင်ပိုင်းတွေကို စစ် ရာဇဝတ်ကောင်ဖြစ်အောင် ဖန်တီးမယ့်အခြေအနေတွေအရ တပ်မတော်နဲ့ ပိုပြီး ထိပ်တိုက်တွေ့ လာနိုင်တယ်။ ပထမသက်တမ်းမှာ ဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေအပေါ် အခြေခံထားတာ ဖြစ်တဲ့အတွက် ဒီ့ထက်လည်း ပိုနိုင်ပါတယ်။ NLD အစိုးရ ဒုတိယသက်တမ်းမှာ အဲဒီအခြေအနေတွေအရ ထိပ်တိုက်ပြင်းထန်ပြီး တပ်က အာဏာသိမ်းခဲ့လိုက်ရင် လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေထက် ပိုဆိုးသွားနိုင်မှာ သေချာတယ်။ အဓိကက  ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်သွားမှာဖြစ်လို့ပါ။ ဒီလိုကြုံတာ မကြုံတာက အရေးမကြီးဘူး။ ကြုံလည်း မကြုံခဲ့ပါဘူး။ အဓိက အရေးကြီးတာက ဒီမိုကရေစီမသမာ မှုကို ပြန်လည် တည့်မတ်ပေးဖို့အတွက် လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ 
    ၂၀၂၁ ခုနှစ် အရေးပေါ်ကာလ အခြေအနေအရ နစကအစိုးရတစ်ရပ် ပေါ်လာပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ၊ တိုက်ပွဲတွေကိုကြည့်ရင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ပြောင်းလဲခဲ့တဲ့ နိုင်ငံ့အရေးနဲ့ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်မှု အခြေအနေ၊ အာဏာ ခွဲဝေမှုအခြေအနေ၊ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ရေး အခြေအနေတွေကို ၂၀၂၁ ခုနှစ် ပြဿနာအပေါ် အခွင့်ကောင်းယူခဲ့ကြတာပဲ ဖြစ်ပါတယ်။ အားလုံးတပ်မတော်ကို ပုံချခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီအတွက် ဖြစ်လာတဲ့ အကျိုးဆက်က လူငယ်တွေလမ်းမှားလိုက်ပြီး သူတို့ဘဝတွေလည်းဆုံး တိုင်းပြည်အတွက်လည်း နစ်နာပါတယ်။ အဆိုးဆုံးက အမုန်းတရားတွေ ကြီးထွားပြီး စည်းလုံးညီညွတ်မှုကို ပျက်ပြား သွားစေတာပဲ ဖြစ်ပါတယ်။ ပြန်လည်ကုစားရမယ့် အခြေအနေကို NUG က အခုချိန်ထိ စဉ်းစား ထားတာ မတွေ့ရပါဘူး။ 
    ဒီလိုအခြေအနေအမှန်တွေကို မှန်မှန်ကန်ကန် သိထားမှသာ အနာဂတ်အတွက် ကောင်းပါလိမ့်ယ်။ လက်ရှိဖြစ်ပျက်နေတဲ နိုင်ငံရေးပြဿနာကတစ်ဆင့်ဖြစ် ပွားလာနေတဲ့ တိုက်ပွဲတွေဟာ ဘယ်အချိန်မှာ ချုပ်ငြိမ်းမလဲ။ မချုပ်ငြိမ်းသမျှ၊ သက်တမ်းရှည်နေသမျှ တိုင်းပြည်ချည့်နဲ့သွားရုံကလွဲလို့ ဘာမှဖြစ်လာမှာမဟုတ်ပါ။ အမြန်ဆုံးချုပ်ငြိမ်းပြီး လမ်းမှန်အပေါ် ပြန်ရောက်မှသာ တိုင်း ပြည်အတွက် ကောင်းလိမ့်မယ်ဆိုတာ စဉ်းစားကြဖို့ လိုပါတယ်။ ဒီအခြေအနေ၊ ဒီသဘာဝကို နစကအစိုးရက မြင်ပါတယ်။ နိုင်ငံတကာကလည်း မြင်ပါတယ်။  အဲဒီအတွက်လည်း များမကြာမီကာလကစပြီး ဆွေးနွေးတာတွေ၊ အကြံပေးတာတွေ၊ ဝိုင်းဝန်းကူညီကြတာတွေကို တွေ့လာနေရပြီဖြစ်ပါတယ်။ ရက်ပိုင်းအ တွင်းမှာ အာဆီယံ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ မလေးရှားဝန်ကြီးချုပ်အနေနဲ့  နစကဥက္ကဋ္ဌနဲ့တွေ့တာ၊ NUG က မန်းဝင်းခိုင်သန်းနဲ့တွေ့ တာတွေဟာ အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုအဖြစ် ရှုမြင်ရမှာ ဖြစ်ပါတယ်။ 
    တိုင်းပြည်အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေအပေါ် မူတည်ပြီး ဘာလုပ်သင့်ကြပါ သလဲဆိုတာ ပြည်သူတွေအပါအဝင် အားလုံးဝိုင်းဝန်းစဉ်းစားကြဖို့၊ ပါဝင်ကူညီကြဖို့ လိုပါတယ်။ နစက ဥက္ကဋ္ဌရဲ့ နှစ်သစ်ကူး မိန့်ခွန်းနဲ့ မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံမှု သတင်းတွေ ဟာ၊ တိုင်းပြည်အတွက် အပြုသဘောဆောင်တယ်လို့ ဆိုနိုင်ပါတယ်။
    ဒူဝါလရှီးလရဲ့ မိန့်ခွန်းနဲ့ မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုအပေါ် ဒေါ်ဇင်မာအောင်ရဲ့ ပြောကြား မှုတွေကိုကြည့်ရင် တိုင်းပြည်ကို နွံထဲမှာ ဆက်နစ်စေဖို့ ဆွဲချနေတဲ့ အပြောလို့ မြင်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်းမှာ အပြုတ်တိုက်မယ် ဆိုတဲ့ ဒူဝါလရှီးလရဲ့ အပြောဟာ ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတာ  ကလေးသွားမေးတောင် သိနိုင်တဲ့ကိစ္စပါ။ ဒီရက်ပိုင်း တပ်မတော်က ပြည်သူတွေကို ဗုံးကြဲနေတယ်ဆို တဲ့ ဒေါ်ဇင်မာအောင်ရဲ့အပြောဟာ တပ်မတော် မုန်းတီးရေး ဝါဒဖြန့်နေတဲ့ မီဒီယာတွေနဲ့ တစ်သံတည်း ဖြစ်နေတာကို တွေ့ရတဲ့အတွက် ဘာကို ရည်ရွယ်နေတယ်ဆိုတာ ရှင်းပါတယ်။ ဒီလူတွေ တိုင်းပြည်နဲ့ လူငယ်တွေကို တကယ်ချစ်နေကြတာလား၊ ခုတုံး လုပ်နေကြတာလားဆိုတာ မြင်တတ်ဖို့တော့လိုနေပြီ။ (ဇော်နိုင်)
(TREND News ဂျာနယ် အတွဲ(၄)၊ အမှတ်( ၁၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 17

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42769

© 2022 - 2025 News. All Rights Reserved.