၂၀၂၄ ဒီဇင်ဘာ ၂၀
မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အလယ်မှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်နေခဲ့ခြင်းရဲ့ အဓိက အကြောင်းတရားဟာ လက်နက်ကိုင်လမ်းစဉ်ကြောင့်လို့ ဆိုရပါလိမ့်မယ်။ များသောအားဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးကို ကြည့်ရင် စစ်ရေးပြဿနာတွေနဲ့ ပြည့်နှက်နေတဲ့နိုင်ငံတွေဟာ ဆင်းရဲမွဲတေလျက် ရှိနေတာတွေ့ရမှာ ဖြစ်ပါမယ်။ လက်နက်ကိုင်တိုက်ပွဲတွေရဲ့ အစဟာ သဘောထားမတူ ညီမှုက စတာပဲ ဖြစ်ပါလိမ့်မယ်။ ဘာသာရေး၊ လူမျိုးရေး၊ ဝါဒရေးနဲ့ စီးပွားရေးကို အခြေခံပြီးဖြစ်တဲ့ စစ်ပွဲတွေမှာ ကြာရှည်တတ်တာကတော့ ဘာသာရေးနဲ့ လူမျိုးရေးကိစ္စတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လူမျိုးရေး မုန်းတီးမှုအရ ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ သားစဉ်မြေးဆက် ဖြစ်ပွားတတ်ကြပါတယ်။
ကမ္ဘာ့နိုင်ငံ အသီးသီးမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကိုကြည့်ရင် ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံကြတာ များပါတယ်။ ဘာသာရေးအရဆိုရာမှာ သမိုင်းကြောင်းအရ ပြန်ကြည့်ရင် ခရစ်ယာန်နဲ့ အစ္စလာမ်တို့ကြားမှာ ဖြစ်ပွားခဲ့ကြတဲ့ တိုက်ပွဲတွေ၊ အစ္စလာမ်အချင်းချင်းဖြစ် ပွားတဲ့ စစ်ပွဲတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အစ္စလာမ် အချင်းချင်းဖြစ်တဲ့ ဘာသာရေးအရ ပြဿနာဟာ ဘာသာရေး အယူအဆမတူညီတဲ့ ဆွန်နီနဲ့ ရှီးယိုက်ပြဿနာပါ။ အလ္လာကို အတူတကွ လက်ခံကြပေမယ့် တမန်တော်အယူအဆမှာ ပြဿနာရှိတာပါ။ တမန်တော် မိုဟာမက်ပြီးရင် တမန်တော် ထပ်မလာတော့ဘူး ဆိုတဲ့ အုပ်စုနဲ့ နောက်ထပ် တမန်တော်ထပ်ရှိနိုင်သေးတယ်၊ ထပ်လာဦးမယ်ဆိုတဲ့ ဘာသာရေးအယူအဆအပေါ်မှာ အခြေတည်ပြီး ဆွန်နီနဲ့ ရှီးယိုက်ကွဲကြတာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဆိုဆို တစ်နိုင်ငံတည်းမှာ အုပ်စုကွဲပြီး ဖြစ်ပွားကြတာတွေ၊ နိုင်ငံအချင်းချင်း ချနေကြတာတွေကို ယနေ့မျက် မှောက်ခေတ်မှာပင် တွေ့နေရဆဲပဲ ဖြစ်ပါတယ်။
ထိုဒေသတွေမှာ မူလအခြေခံသဘောအရ သဘောထားမတူညီမှု၊ ဘာသာရေးအယူအဆမ တူညီမှု၊ လူမျိုးရေး အမြင်ကျဉ်းမြောင်းမှုများအရ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပေမယ့် ပြည်ပပယောဂမပါရင် ပြဿနာ သိပ်ကြီးကြီးမားမား မရှိကြပါ။ သူ့နည်းသူ့ဟန်နဲ့ ပြဿနာကို ထိန်းသိမ်းဖြေရှင်း နိုင်စွမ်းရှိကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။ သို့သော် အားသာတဲ့အဖွဲ့က အားနည်းတဲ့အဖွဲ့ကို ဖိနှိပ်ထားတဲ့ သဘာဝရှိတဲ့အတွက် အတွင်းကျိတ်လေးတွေတော့ ကျန်နေမှာ ဖြစ်ပါတယ်။ စင်းလုံးချော ညီညွတ်အေးချမ်းမှုတော့ မဖြစ်ပါဘူး။ ဒီအချက်အပေါ် အခြေခံပြီး ပြည်ပပယောဂပါလာတာပဲ ဖြစ်ပါတယ်။ ဆက်ဒမ်ဟူစိန် ပြုတ်ကျသွားတဲ့ အီရတ်နိုင်ငံကိုကြည့်ပါ။ အီရတ်မှာ စွန်နီနဲ့ ရှီးယိုက်ပြဿနာ ရှိပါတယ်။ အုပ်စုအလိုက် အတွင်းကျိတ်ကွဲနေပေမယ့် ဆက်ဒမ်ရဲ့ ထိန်းချုပ်မှုအောက်မှာ တည်တည်ငြိမ်ငြိမ်ပဲလို့ ဆိုနိုင်တဲ့အခြေအနေမှာရှိခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ အီရတ်မှာ ဆွန်နီက အင်အားကြီးပါတယ်။ ဆက်ဒမ်အနေနဲ့က သာမန်ရှီးယိုက်တွေကို ထူးပြီးနှိပ်စက်နေတာ မရှိပါဘူး။ သာမန်အားဖြင့် အစွန်းရောက်မဟုတ်တဲ့ ရှီးယိုက်အုပ်စုတွေဟာ အတူတကွ အေးအေးဆေးဆေး နေထိုင်ခဲ့ကြတဲ့အတွက် ပြဿနာကြီးကြီးမားမား မရှိကြပေမယ့် အစွန်းရောက် ရှီးယိုက်တွေက နည်းမျိုးစုံနဲ့ တိုက်ခိုက်ဖို့ ချောင်းနေတဲ့ အခြေအနေမှာ အမေရိကန် ပယောဂပါလာတဲ့အတွက် အီရတ်နိုင်ငံ ချက်ချင်းလို ပြိုဆင်းသွားတာပဲဖြစ်ပါတယ်။
ယနေ့ခေတ်ကာလမှာ ဝါဒရေးအရ တိုက်ပွဲတွေဖြစ်ပွားတဲ့ နိုင်ငံတွေ မရှိကြတော့ပါ။ အတော်ရှားသွားပြီပဲ ဖြစ်ပါတယ်။ ၂၀ ရာစုနှောင်းပိုင်းမှာ ဆိုရှယ် လစ်စနစ်အရ စုစည်းထားခဲ့တဲ့ ပြည်ထောင်စုနိုင်ငံကြီးတွေ ပြိုကွဲသွားကြပြီး သီးခြားနိုင်ငံလေးတွေ ဖြစ်သွား တဲ့နောက်ပိုင်းလို့ ဆိုနိုင်ပါတယ်။ သို့သော် ကမ္ဘာ့အလယ်မှာ လက်ဝဲလက်ယာ ပြဿနာတွေ ကျန်နေဆဲပဲ ဖြစ်ပါတယ်။ ခေတ်သစ် ပထဝီနိုင်ငံရေးဟာ အဓိကအားဖြင့် ဒီအခြေအနေအပေါ်မှာမူတည်နေတာ တွေ့ရမှာဖြစ်ပါတယ်။ အဓိကအားဖြင့် လက်ယာအရင်းရှင် အမေရိကန်ဦးဆောင်တဲ့ နေတိုးအုပ်စုနဲ့ လက်ဝဲအင်အားကြီး နိုင်ငံတွေရဲ့ မဟာ မိတ်ပြုတွန်းလှန်မှုလို့ ဆိုရမှာဖြစ်ပါတယ်။
ဒီပြဿနာရဲ့အစဟာ ဒုတိယကမ္ဘာစစ်အပြီး ကိုလိုနီနိုင်ငံတွေကို လွတ်လပ်ရေးပေးရာက စတာလို့ ဆိုနိုင်ပါတယ်။ အရင်းရှင်တွေကို ကိုလိုနီနိုင်ငံတွေက တွန်းလှန်ရာမှာ ဘုံအကျိုးစီးပွားအရ လက်ဝဲစနစ်ကို အခြေခံခဲ့တာပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးပေးပြီး နောက်ပိုင်း ကိုလိုနီနိုင်ငံတွေမှာ လက်ဝဲ လက်ယာပြဿနာတွေ ရှိကြပါတယ်။ ကိုယ့်နိုင်ငံသားအချင်းချင်း အယူဝါဒအရ အပြန်အလှန် တိုက်ခိုက်နေကြတာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်အောင်လည်း မဖြစ်လို့သာ လွတ်လပ်ရေးပေးရပေမယ့် ကိုလိုနီနိုင်ငံတွေကို ဝါဒရေးအရ လက်ဝါးကြီးအုပ်၊ ထိန်းထားလိုတဲ့ အရင်းရှင်အုပ်စုက ဆောင်ရွက်ထားတာပါ။ သူ့ရဲ့ စနက်အရလို့ ဆိုရမှာဖြစ်ပါတယ်။ အမေရိကန်ရဲ့ရည်ရွယ်ချက်က ဒုတိယကမ္ဘာစစ်အပြီးမှာ ခေတ်သစ် ကိုလိုနီစနစ်နဲ့ ကမ္ဘာကြီးကို အုပ်စိုးခြယ်လှယ်ချင်တာက အဓိကပါ။
၁၉၇၀၊ ၈၀ နှစ်များ ဝန်းကျင်အထိ အာရှကိုလိုနီနိုင်ငံ အတော်များများမှာ လက်နက်ကိုင်ပဋိပက္ခအဖြစ် လက်ဝဲလက်ယာတိုက်ပွဲတွေ ပြည့်နှက်နေတာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံး အထင်အရှားနိုင်ငံတွေအဖြစ် တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုတို့ကို တွေ့ရမှာဖြစ်ပါတယ်။ တရုတ်ပြဿနာကိုကြည့်ရင် အမေရိကန်က လက်ယာယိမ်းတဲ့ ကူမင်တန်အုပ်စုကို ကူညီခဲ့တာ အခုချိန်ထိ ထိုင်ဝမ်ပြဿနာမှာ ထဲထဲဝင်ဝင် ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ တရုတ်ပြည်မကြီးထဲမှာ လက်ဝဲအုပ်စုက အနိုင်ရခဲ့တဲ့အတွက် အခုချိန်မှာ ကွန်မြူနစ်နိုင်ငံအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ကိုရီးယားကတော့ အနိုင်အရှုံးမပေါ်ဘဲ ယခုချိန်ထိ မြောက်ပိုင်းက လက်ဝဲ၊ တောင်ပိုင်းက လက်ယာအဖြစ် တည်ရှိနေဆဲပဲ ဖြစ်ပါတယ်။ အခုချိန်ထိ အမေရိကန်နဲ့ ပြည်ပ ပယောဂတွေ ရှိနေဆဲဖြစ်လို့ ကိုရီးယားပေါင်းစည်းရေး ဝေးနေဆဲပဲ ဖြစ်ပါတယ်။ ဗီယက်နမ်မှာလည်း လက်ဝဲလက်ယာ နှစ်ခြမ်းကွဲခဲ့ရာမှ အခုချိန်မှာ အောင်မြင်စွာ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီး တည်ငြိမ်အေးချမ်းစွာနဲ့ ဖွံ့ဖြိုးရေးကို ဆောင်ရွက်နေနိုင်ပြီ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး နောက်ပိုင်းကစခဲ့တဲ့ ခေတ်သစ်လက်ဝဲလက်ယာ ပြဿနာဟာ ခုချိန်ခါမှာ ပုံစံမျိုးစုံနဲ့ အုပ်စုဖွဲ့ ချဉ်းကပ်နေကြပြီ ဖြစ်ပါတယ်။ အစပထမပိုင်းမှာ လက်ယာအုပ်စုက တစ်ဖက်စောင်းနင်း အားသာခဲ့ရာကနေ အခုအခါမှာ မျှခြေအဆင့်နားထိကပ် လာနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ပြဿနာအသီးသီး၊ အဖွဲ့အစည်းအသီးသီးတွေကြားမှာ လက်ဝဲလက်ယာပြဿနာက ကပ်လိုက်လာနေပြီ ဖြစ်ပါတယ်။ ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ နည်းပညာတွေအရ သူ့အင်အား၊ ကိုယ့်အင်အား တည်ဆောက်နေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံချင်း အလိုက်ပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခု တည်းက အုပ်စုကွဲတွေမှာဖြစ်ဖြစ်၊ ဖြစ်ပေါ်နေတဲ့ အခြေအနေကိုလိုက်ပြီး လက်ဝဲလက်ယာ အားပြိုင်နေကြတဲ့ ခေတ်အခြေအနေလို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ဒီပြဿနာကို လွတ်လပ်ရေးမတိုင်မီမှာ စတင် ကြုံတွေ့ခဲ့ရတာ ဖြစ်ပေမယ့် ဖြေရှင်းနိုင်ခဲ့ခြင်း မရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှ အခုချိန်ထိ အခြေအနေကိုကြည့်ရင် အုပ်စုကွဲပြဿနာတွေ ပိုပိုဆိုးရွားလာခဲ့တာ တွေ့ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာဖြစ်တဲ့ ပြဿနာရဲ့ အစဟာလက်ဝဲလက်ယာ ပြဿနာသက်သက် မဟုတ်ဘဲ လက်ဝဲလက်ဝဲချင်းအကွဲ၊ လက်ဝဲလက်ယာအကွဲနဲ့ လူမျိုးရေး၊ ဘာသာရေးအကွဲတွေက စခဲ့တာပဲ ဖြစ်ပါတယ်။ ဖဆပလဟာလည်း လက်ဝဲအခြေခံစိတ်ရှိတဲ့အတွက် ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ရေးဆွဲရာမှာ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အခြေခံတဲ့ ပါလီမန်ဒီမိုက ရေစီစနစ်ကို ရေးဆွဲထားခဲ့တာပဲ ဖြစ်ပါတယ်။ တည့်တည့် ဝေဖန်ရရင် ကိုးလိုးကန့်လန့် ကြားချထားတဲ့စနစ်လို့ မြင်ပါတယ်။ ဗကပအနေနဲ့ လက်နက်ကိုင်လမ်း စဉ်ကို ရွေးချယ်ပြီး တောခိုသွားတဲ့ ပြဿနာကို ပြေလည်စေဖို့ ဦးနုကိုယ်တိုင်ကပင် လက်ဝဲညီညွတ်ရေးမူဝါဒ ထုတ်ပြန်ခဲ့တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ထိုဝါဒအရ လက်ဝဲချင်း ညီညွတ်ကြသလား ဆိုတော့လည်း 'နိုး'လို့ပဲ ဖြေရမှာပါ။
လက်ယာဘက်အုပ်စုနဲ့ အဆင်ပြေသလားဆို တော့လည်း KNDO ရဲ့ လက်နက်ကိုင်လမ်းစဉ် စတင်ခဲ့တာကိုကြည့်ရင် အသိသာကြီးလို့ ဆိုရပါလိမ့်မယ်။ နိုင်ငံကိုဦးဆောင်နေတဲ့ ဖဆပလအတွင်းမှာ ကြည့်ရင်လည်း အကွဲအပြဲနဲ့ အာဏာလုနေကြတာပဲ တွေ့ရပါမယ်။ အဲဒီအတွက် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းပြီး တော်လှန် ရေးကောင်စီ ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆောင်ရွက်ခဲ့တာ၊ လက်ဝဲစနစ်ကို အခြေခံတဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီး စနစ်ပြောင်းလဲပေးခဲ့တာ တွေ့ရပါတယ်။ သို့သော် လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းအောင်ထိ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါ။
မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်မှာ အခြေခံဥပဒေနဲ့ အစိုးရက လက်ဝဲယိမ်းခဲ့ပေမယ့် လွှမ်းမိုးမှုနဲ့ အကူအညီက အင်္ဂလိပ်ကို လွန်ဆန်လို့မရတဲ့ အခြေအနေပါ။ လက်နက်ဝယ်ယူရေး၊ တပ်မတော်တိုးချဲ့ရေး၊ လေ့ကျင့်ရေးတွေကအစ သူနဲ့ကင်းလို့မရတဲ့ အခြေအနေပါ။ ဘယ်လိုနည်းနဲ့မှ လက်ဝဲညီညွတ်ရေးကို ဆောင်ရွက်လို့ မရတဲ့အခြေအနေလို့ ဆိုနိုင်ပါတယ်။ မြန်မာ့နိုင်ငံရေး အစဟာ လက်ဝဲလက်ယာ တစ်ဖက်ဖက်ကို မယိမ်းတဲ့ ကြားနေရေးဝါဒလို့ ဆိုနိုင်ပါလိမ့်မယ်။ အဲ့ဒီအချိန် ဒေသတွင်းပြဿနာတွေ ပြင်းထန်နေတုန်းက မှန်တယ်လို့ဆိုနိုင်ပေမယ့် နောက်ပိုင်းမှာ တက်လာတဲ့ အစိုးရမှန်သမျှ လက်ဝဲလက်ယာ အဖွဲ့အစည်းအသီးသီးက ဝိုင်းတွယ်တာခံရတာ ငြင်းလို့မရတဲ့ အခြေအနေပါ။ ဒီပြဿနာကို အကျယ်အကျယ် မဖြစ်စေရအောင် ထိန်းထားရတာက အစိုးရအဆက်ဆက်သာ ပြောင်းသွားပေမယ့် မပြောင်းလဲဘဲ တည်ရှိနေတဲ့ တပ်မတော်ပဲ ဖြစ်ပါတယ်။ ကြာလာတာနဲ့အမျှ တိုင်းရင်းသားနဲ့ပြည်သူ တွေရဲ့အမြင်က တပ်မတော်ရဲ့တာဝန်လို့ပဲ မြင်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေ၊ လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ နှစ်ရှည်ဝါဒဖြန့်မှုတွေအပေါ် သက်ဝင်နေပြီဖြစ်တဲ့ တိုင်းရင်းသားတွေရဲ့အမြင်မှာ သူတို့ရချင်၊ တည်ဆောက်ချင်တဲ့ဘဝနဲ့ တိုးတက်ထွန်းကားမှုတွေကို ပိတ်ပင်ထားတာ တပ်မတော်ကဆိုတဲ့ အမြင်ဟာ တဖြည်းဖြည်းချင်း ခိုင်မာလာနေတာ ငြင်းလို့မရတဲ့ အခြေအနေပဲဖြစ်ပါတယ်။ အမှန်စင်စစ်က လက်နက်ကိုင်လမ်းစဉ်ရဲ့ ဆိုးကျိုးကြောင့်ဆိုတာကို လက်တွေ့ဖန်တီးနေသူတွေကအစ မမြင်နိုင်ကြတာဘဲ ဖြစ်ပါတယ်။
ဒီအခြေအနေတွေဟာ ပြည်တွင်းရေးသက်သက်အရလို့ မြင်ချင်မြင်နေကြမှာဖြစ်ပေမယ့် ပထဝီနိုင်ငံရေးအရ လက်ဝဲလက်ယာ အင်အားကြီးနိုင်ငံတွေရဲ့ ပယောဂပါနေတယ်ဆိုတာကို သတိချပ်ဖို့ လိုပါတယ်။ အထက်မှာတင်ပြခဲ့သလို လွတ်လပ်ရေးရပြီးကတည်းက အနောက်အုပ်စုရဲ့ လွှမ်းမိုးမှု၊ လက်ယာယိမ်းတဲ့တိုင်းရင်း သားတွေကို ဘက်တော်သား (Agent) အဖြစ် မွေးမြူမှုတွေရှိခဲ့သလို ဗကပနဲ့ ဗကပက ခွဲထွက်လာတဲ့တိုင်းရင်း သားတွေကိုလည်း လက်ဝဲကွန်မြူနစ်တွေက ဘက်တော်သား (Agent) အဖြစ် မွေးမြူခဲ့ကြပြီး Proxy တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေဟာ နှစ်ကြာရှည်လာတာနဲ့အမျှ အချင်းချင်းကို ရန်သူလို့ မြင်တဲ့အမြင်က ပိုမိုဖြစ်ထွန်းလာစေတာပဲ ဖြစ်ပါတယ်။ ဒါမှလည်း ကိုယ်လိုချင်တာ ခိုင်းလို့ရမှာ မဟုတ်ပါလား။
ပြည်ထောင်မိသားစုသဘာဝမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို အလေးအနက်ထားဖို့ လိုပါလိမ့်မယ်။ ဖြစ်ချင်တာတွေ၊ လိုချင်တာတွေ များနေမယ်၊ လိုချင်တာလည်း မရဆိုရင် သဘာ၀ အားဖြင့် ပုန်ကန်ချင်စိတ် ဖြစ်တတ်တာ သဘာဝပါ။ ဒီသဘာဝအရ လက်နက်ကိုင်လမ်းစဉ်နောက်ကို လိုက်ခဲ့ကြတဲ့ အပေါ်မှာ ကိုယ့်ရဲ့လုပ်ရပ်တွေဟာ မှန်ရဲ့လား၊ ပြည်ထောင်စုအတွက် အကျိုးရှိရဲ့လားဆိုတာ ဆန်းစစ်တတ်ဖို့ လိုပါတယ်။ တော်လှန် ရေး သဘာဝအရ လိုအပ်ချက်တွေ ရှိတဲ့အတွက် အကူအညီဆိုတာ ကြာလာတာနဲ့အမျှ ပိုမိုလိုအပ်လာမှာ အမှန်ပါ။ ဒီလိုအပ်ချက်အရ ကိုယ့်ရဲ့တော်လှန်ရေးဟာ Proxy ဖြစ်မှန်းမသိ ဖြစ်နေမှာကိုလည်း ပြန်လည်ဆန်းစစ်ကြဖို့ သတိပေးလိုပါတယ်။
မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်းများစွာ တိုက်ပွဲတွေနဲ့ ပြည့်နှက်နေနဲ့ နိုင်ငံ။ ဘယ်လိုလုပ်ပြီး တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုနိုင်ပါ့မလဲ။ မချမ်းသာတာ၊ မဖွံ့ဖြိုးတာ ဘာမှမဆန်း ဘူးလို့ဆိုရပါလိမ့်မယ်။ ဒါကို မမြင်တတ်ကြဘဲ သူပုံချ ကိုယ့်ပုံချ၊ သူ့အပြစ် ကိုယ့်အပြစ်ပြောပြီး တိုက်နေသမျှ၊ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်သမျှ ဘာမှဖြစ်လာမှာ မဟုတ်ပါ။ ကမ္ဘာ့အလယ်မှာ နစ်သည်ထက်နစ်နေ ဦးမှာပဲ ဖြစ်ပါတယ်။ မင်းလည်းရှုံး၊ ငါလည်းရှုံး ဇာတ်လမ်းတွေရပ်ပြီး မင်းလည်းနိုင် ငါလည်းနိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ရှေးရှုကြဖို့လိုပါလိမ့်မယ်။ အပြုတ်တိုက်ဖို့ တိုက်ပွဲတွေက အလုပ်မဖြစ်ပါဘူး။ တကယ်ပြုတ် ဖို့အလုပ်ဖြစ်မှာက နိုင်ငံရေးနည်းလမ်းပါ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အနာဂါတ်မျိုးဆက်သစ် လူငယ်လေးတွေရဲ့ ကောင်းကျိုးအတွက် စဉ်းစားကြစေလိုပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်နိုင်သေးရင်တောင် လက်နက်ကိုင် တိုက်ပွဲတွေရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်ကို အတိအကျလိုက်နာကြရင် ပြည်သူတွေရဲ့ဘ၀ အတန်သင့်လုံခြုံမှာ သေချာပါတယ်။ တိုင်းပြည်တည်ဆောက်ရေး၊ စီးပွားတိုးတက်ချမ်းသာရေး လုပ်ငန်းစဉ်တွေကိုလည်း လုပ်ဆောင်လာနိုင်မှာ ဖြစ်တဲ့အတွက် အရှုံးမရှိပါ။ ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )