၂၀၂၄ ဖေဖော်ဝါရီ ၄
နန်းတို့ရဲ့ ဘဝ
လက်ရှိအဖြစ်အပျက်များကို မြင်ရတွေ့ရ၊ ကြားနေရသည်များမှာ ရွာကဦးလေးကြီးတစ်ယောက် ပြောခဲ့သည့်စကားကိုပဲ ပြန်၍သတိရမိသည်ဟု ဆိုရမည် ဖြစ်သည်။ ၂၀၂၁ ခန့်က ဖြစ်သည်။ ထိုဦးလေးကြီးနှင့် ကွမ်းယာဆိုင်မှာ ကွမ်းယာဝယ်ရင်း ဆုံမိချိန် ဖြစ်သည်။ ထိုသို့ကွမ်းယာဝယ်နေချိန်တွင် ရွာထဲက နီနီတို့အဖွဲ့က ဆိုင်းဘုတ်ကြီးများ ကိုင်သူကကိုင်၊ Bluetoothဘောက်ကြီး ထမ်းသူကထမ်းလာပြီး ''ဘာညာအရေး တို့အရေး၊ ဟိုကိစ္စအရေး တို့အရေး''စသည်ဖြင့် ကြွေးကြော်ပြီး ရှင်လောင်းလှည့်သကဲ့သို့ လှည့်နေလေသည်။ ထိုဦးလေးကြီးက "တို့က ခေတ်ကျပ်ကြီးထဲ သူကြီးလုပ်ခဲ့ဖူးတော့၊ တို့အရေးဆိုလည်း ကြောက်နေရတယ်၊ လက်နက်ကိုင်ထားတဲ့သူလည်း ကြောက်နေရတယ်။ အထက်ကဆိုလည်း ကြောက်နေရတယ်"ဟု ထိုဦးလေးကြီး သူကြီးလုပ်ခဲ့စဉ်က အကြောင်းအရာနှင့်ယှဉ်၍ ဆန္ဒပြပွဲကိုမြင်ချိန်တွင် ရယ်ကာမောကာ ပြောပြလေသည်။
အထက်တွင် ဆိုခဲ့သည့်အတိုင်း လက်ရှိအဖြစ် အပျက်များကို မြင်ရ၊ တွေ့ရချိန်ဟုဆိုခဲ့ရာ မြို့မုံရွာက ကြော်ငြာချက်တစ်စောင်ကြောင့် ထိုအကြောင်းအရာကို သတိရမိခြင်းဖြစ်ပါသည်။ ကြေညာချက်များသာ ထုတ်တတ်ပြီး မြို့ရွာများကိုဖျက်ဆီးတတ်ကာ အယူဝါဒမတူ သူကို ဒလန်ခေါင်းစဉ်တပ် လူသတ်၊ ပြည်ပထွက်ပြေး ပြည်ပြေး၍ အစိုးရဟု ခံယူထားသူများ၏ လက်ဝေခံများက မြို့မုံရွာအကြောင်း စာထုတ်လာပြန်သည်။ စာထုတ်တာများ ဘာများခက်လိမ့်ဟု ဆိုရမည်ဖြစ်သည်။ သို့သော်လည်း မသိသူများ ရှိန်စေရန် ထုတ်ထားသည့် စာက "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် မုံရွာမြို့နယ်၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အမိန့်အမှတ်(၁/၂၀၂၄)"ဆိုကာ ခပ်တည်တည်ဖြင့် ထုတ်ပြန်လာလေသည်။ ကြေညာချက်စာအနှစ်ချုပ်ရလျှင် ဌာနဆိုင်ရာဝန်ထမ်းအသီး သီးကို ၂၀၂၃ ဇန်နဝါရီလက တစ်ကြိမ်ထုတ်ပြန်ခဲ့ပြီး ယခုအခါတွင်လည်း ၂၀၂၄ ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားကာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များထံ အလင်းဝင်ရမည်ဟု ကြေညာထားခြင်းဖြစ်သည်။ လိုက်နာရန် ပျက်ကွက်သူများကိုလည်း ပြင်းထန်ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း တင်းကျပ်စွာ သတိပေးထုတ်ပြန် လိုက်သည်ဟုကပါသေး၏။
ဒင်းတို့အကြောင်းတွေးမိလျှင် ရယ်လည်းရယ် ချင်မိသည်၊ သနားလည်းသနားမိ၏၊ မြင်ပြင်းလည်း ကပ်လှသည်ဟု ဆိုရမလိုဖြစ်သည်။ ဌာနဆိုင်ရာဝန်ထမ်း နန်းတို့ပေါ့။ သူတို့ထဲကမှ ကျန်းမာရေးဝန်ထမ်းများ CDM လုပ်လျှင် ဘယ်မြို့နယ် ပအဖတို့၊ ပကဖတို့က ဆေးကုပေးမှာလဲမေးလျှင် ဒင်းတို့က ခွေးအမြီးကို တက်နင်းလိုက်သကဲ့သို့ အော်ကြပြန်ဦးမည်ဖြစ်သည်။ အကယ်၍ ရွာကိုပြန်ဖြစ်ခဲ့လျှင် "ဦးလေးတို့ခေတ်က သူကြီးလုပ်ရသူမို့ ဟိုကြောက်ရ၊ ဒီကြောက်ရပါဗျာ၊ ဒီခေတ်မှာတော့ ကိုယ့်ပညာနဲ့ကိုယ် ဝန်ထမ်းဘ၀ လုပ်စားတဲ့သူကလည်း ဦးလေးတို့ထက်တောင် ပိုကြောက်နေရပါတယ်"ဟု ပြော လိုက်ချင်သေးသည်။
နန်းတို့အတွက်ရင်လေးမိ
နန်း CDM တွေအတွက်စိတ်ပူမိသကဲ့သို့ မိတ်ဆွေပအိုဝ်းမလေး နန်းတို့မြေက အဖြစ်အပျက်များအတွက်လည်း ရင်လေးမိသည်။ ယမန်နှစ် ၂၀၂၃ ဇန်နဝါရီ ပြောရလျှင် ယခုအချိန်ခန့်က အေးချမ်းနေသည့် နန်းတို့၏ တောင်ပိုင်းရှမ်းပြည်နယ်ကို အလည်ရောက် ဖြစ်ခဲ့သည်။
"အခုမြင်နေရတဲ့ တမျှော်တခေါ် စိုက်ခင်းကြီးတွေရဲ့နောက်ကျောက တောင်ကြီးတွေမှာ ဘိန်းတွေစိုက်ကြတာ"ဟု ရှင်းပြနေသည့် သူငယ်ချင်းနန်းဖြစ်သူ၏သွင်ပြင်ကို မြင်ယောင်မိပါသေးသည်။ ရှုမျှော်မဆုံးသည့် နာနတ်စိုက်ခင်းများ၊ ထောပတ်ခင်းများ၊ နေကြာ၊ ပြောင်း၊ ပဲစင်းငုံ စသည့် စိုက်ခင်းများကို လိုက်ပြရင်းရှင်း ပြခြင်းဖြစ်သည်။ မဝေးသေးသည့် အချိန်ကာလဖြစ်သောကြောင့် အရာအားလုံးကို မှတ်မိနေသည်ဟု ဆိုနိုင်ပါသည်။ ယမန်နှစ်နှင့် ယခုနှစ်ဆိုသည့် အချိန်ကာလသည် ဘာမျှမကြာသေးဟု ဆိုနိုင်ပါသည်။ ထိုစဉ်က အခြားသော မြို့ရွာများက မအေးချမ်းသောကြောင့် အေးချမ်းသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ ခရီးမထွက်ဖြစ်သည်မှာ ကြာသဖြင့် သူငယ်ချင်းများနှင့်စု၍ အလည်အပတ်သွားခြင်းဖြစ်သည်။ အောင်ပန်း၊ ကလော၊ ပင်းတယ၊ တောင်ကြီး၊ ဟိုပုန်း၊ ဆီဆိုင်၊ ဆိုက်ခေါင် စသည့် ဒေသများအပြင် ခရီးသွားများ မသွားဖြစ်သည့် ကျေးလက်ဒေသများအထိပါ ရောက်ဖြစ်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ အေးချမ်းသည့် ဒေသဖြစ်သောကြောင့်မို့ထင်သည်။ မွေတော်ကက္ကူဘုရားသည်လည်း ဘုရားဖူးရာသီသီးသန့် မဟုတ်သော်လည်း လူစည်ကားကြသည်။ ဆိုက်ခေါင် ဈေးလေးထဲက ရှမ်းရိုးရာ အစားအသောက်ပစ္စည်းများ လေ့လာဝယ်ယူဖြစ်သည်။ အေးချမ်းချိန်ဖြစ် သောကြောင့် သူတို့၏ သွင်ပြင်လက္ခဏာများမှာ အပြစ်ကင်းပြီး အပူအပင်မဲ့စွာ ကိုယ့်အလုပ်ကိုယ် လုပ်နေကြသည့် မြင်ကွင်းကို မအေးချမ်းသည့်ဒေသက လာသူမို့လားမသိ အလွန်ပင် အားကျခဲ့ရ သည်။ ကြည်လင်စိမ်းမြပြီး သဘာ၀ချောင်းရေဖြင့် လည်ပတ်သည့် ဆီကြိတ်နေမှုများ၊ အေးစိမ့်နေသည့် ထိုချောင်းရေကို ဘဝအမောများပြေ စေရန် ရေတစ်ဝကြီးချိုးခဲ့ဖူးသည့် ဒေသဖြစ်သောကြောင့် ယနေ့ ထိုဒေသက မငြိမ်းချမ်းဟု အသံကြားသောအခါ ငြိမ်းချမ်းခြင်း ပျောက်ကွယ်မည်ကို စိုးရိမ်နေ မိခြင်း ဖြစ်သည်။
နန်းပြောခဲ့ဖူးသည့် စကားတစ်ခွန်းရှိသည်။ သူတို့ငယ်စဉ်က စစ်ဘေးရှောင်ဆိုသည်မှာ ဘာမျှမထူးဆန်းတော့ ဟုဆိုသည်။ ဘူး၊ ဖရုံ၊ မုန်ညင်း စသည့်သီးနှံ များစိုက်ပျိုးပြီး ထိုအသီးအနှံများကို ဖြစ်သလိုစားကာ တောထဲတွင် ကြုံသလိုအိပ်ခဲ့ရသည်များလည်း မထူးဆန်းခဲ့ဟုဆိုလေသည်။ ကျွန်တော်တို့ကဲ့သို့ အညာသားများက စစ်ကိုနဖူးတွေ့၊ ဒူးတွေ့ကြုံတွေ့ရသည်မှာ သူတို့အတွက် ရယ်ဖွယ်ဖြစ်နေလေသည်။ နန်းက "ပြည်မက စစ်ဘေးမကြုံဖူးတော့ ကျွန်မတို့ငယ်ငယ်က စစ်ဖြစ်တဲ့အခါ ကူညီရကောင်းမှန်း သိပ်မသိကြဘူး။ ဒါကြောင့်မို့ စစ်ရဲ့ဘေးထွက်ဆိုးကျိုးကို ငယ်ငယ်ကတည်းက ကြုံခဲ့ဖူးတာမို့ စစ်ဘေးရှောင်ချင်ရင် နန်းတို့ဆီကို မိသားစုလိုက်လာခဲ့ပါ။ နန်းတို့စားသလို စားနိုင်ရင် ပေါ့"ဟု သူ၏ဘဝနှင့် ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကြောင့် ကျွန်တော်တို့ကို ဖိတ်ခေါ်ခဲ့ဖူးသည်။ လွန်ခဲ့သည့်လက နန်းနှင့် ဖုန်းဆက်စကားပြောဖြစ်သေးသည်။ သူတို့လယ်များ ရိတ်သိမ်းနေရာ စပါးငါး ရာခန့်ရသည်ဟု ဆိုလေသည်။ ဒီခေတ်၊ ဒီဈေးနှင့်ဆိုလျှင် နန်းတို့ခိုင်ပြီဟုစလိုက်ရာ နန်းက "မရောင်းပါဘူး၊ ဝမ်းစာအတွက်နဲ့ စစ်ရှောင်လာ သူတွေကိုကူညီဖို့"ဆိုသဖြင့် ရိုးသားသည့် နန်းတို့ကို လေးစားသကဲ့သို့ အေးချမ်းနေသည့် နန်းတို့မြေကိုအား ကျခဲ့ရသည်။ ယခုတော့ ထိုသို့မဟုတ်။ စစ်ပွဲကိုလိုလားသူနှင့် စစ်ပွဲကိုမလိုလားသူများအကြား နန်းတို့၏ချယ်ရီ မြေသည်လည်း စစ်ပွဲများဖြစ်ပွားလာနေလေပြီ။ "PNLA ကို PNO က ချမှာလို့ ကြားနေတယ်"ဟု စစ်ရိပ်စစ်ငွေ့သန်းနေသည့်စကားများ ရှမ်းတောင်တွင် ကြားနေရသည်ဟု ဆိုလေသည်။
စစ်ကိုလိုလားပြီး စစ်သွေးကြွများက မည်သို့ ပင်ပြည်သူ့အတွက်ဟု ကြွေးကြော်နေပါစေ၊ စစ်ပွဲဖြစ်ပွားရာဒေသသည် ပျက်စီးခြင်းကို ဖြစ်ပေါ်ကြရသည်မှာ ဓမ္မတာပင် မဟုတ်လော။ စစ်ကိုခေါ်၍ စစ်ရောက်ရှိလာပြီး စစ်ပွဲဖြစ်ပွားရာ ထန်တလန်မြို့သည်လည်း ပျက်စီးခဲ့ရပြီ မဟုတ်လော၊ လွိုင်ကော်သည်လည်း များစွာကြေမွသွားပြီ မဟုတ်လော၊ တင်းတိံရံ၊ ထီးလင်း၊ မိုးမိတ် စသည့် ဒေသများသည်လည်း အပျက်အစီးများအကြား ပြည်သူ့များသာ ထိခိုက်ခဲ့ကြရသည် မဟုတ်လား။ ပြည်သူ့အတွက်ဟု ကြွေးကြော်ကာ လက်နက်ကိုင်ကြသူများ သည်လည်း ကိုယ့်အတ္တကြောင့် ပြည်သူများ နစ်မွန်း ဒုက္ခရောက်သည့်လမ်းကို ရွေးချယ်ခြင်းက ပြည်သူ့အတွက် အမှန်ဟုတ်မဟုတ် သိသင့်၊ ဆန်းစစ်သင့်ပြီဟု ဆိုရမည်ဖြစ်သည်။ အေးချမ်းသည့် နန်းတို့ဒေသသည်လည်း စစ်မီးတောက်ကူး စက်လာနေရာ ထိုစစ်မီးတောက်များ အမြန်ငြိမ်းချမ်းပါစေဟုသာ ဆုတောင်းရုံမှ အခြားမရှိဟု ဆိုရ မည်ဖြစ်သည်။
ပြည်သူ့စစ်သို့မဟုတ် ပြည်သူ့လုံခြုံရေး
အချို့ကပြောကြသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာတစ်ရွာလျှင် ရွာအကြီး၊ အသေးအပေါ်မူတည်ပြီး တစ်ရွာလျှင် လူဘယ်နှဦး ပြည်သူ့စစ်ထဲ မဝင်မနေရဟုဆိုသဖြင့် ပြည်သူလူထုမှာ ကြောက်လန့်နေကြကြောင်း စသည်ဖြင့် ပြောကြလေသည်။ အချို့ဆိုသည်ထက် ပြည်တွင်းကို စစ်မီးတောက်လောင်စေချင်သော တိုင်းပြည်ကို ဖရိုဖရဲဖြစ်စေချင်သော၊ ပြည်ပြေးတစ်သိုက်နှင့် ဒေါ်လာစား မီဒီယာနောက်လိုက်များဟုဆိုလျှင် ပိုမှန်မည်ဖြစ်သည်။ အညာဒေသကို ကြည့်စေချင်သည်။ PDF များကြီးပဲ ကြီးစိုးနေသယောင် အလွန်အမင်း ပုံဖော်နေကြ သည်မဟုတ်လော။ အညာသားမို့ အချို့သော အညာဒေသက အကြောင်းအရာများကို သိသည်ဟု ဆိုနိုင်ပါသည်။ ဥပမာ နှစ်ရွာ၊ သုံး ရွာက PDF ကြီးစိုးလျှင် PDF ကြီးစိုးသည့်ရွာဝယ် အခြားသောသူများမှာ PDF အတွင်းသို့ မဖြစ်မနေဝင် ရောက်ကြရသည်။ ထိုအခြေအနေကို မကျေနပ်သောသူများနှင့် ပတ်ဝန်းကျင်ကရွာများသည်လည်း PDF ဆန့်ကျင်သည့် ရွာများဖြစ်လာကြသည်။ ထိုသို့ဖြစ်လာသည့်ရွာများကို မည်သူမျှ အမည်နာမ ခေါင်းစဉ်မပေးရချိန် အထက်တွင် ဆိုခဲ့သည့် ပြည်ပလက်ဝေခံမီဒီယာများက ပျူဟုခေါင်းစဉ်တပ်ကာ သတ်ရန်၊ ဖြတ်ရန် ကြိုးစားအားထုတ်လာ သကဲ့သို့ သတ်ဖြတ်ခဲ့သူမှန်သမျှကိုလည်း ဒလန်၊ ပျူဟု အမည်တပ်လိုက် ကြသည်။ PDF တို့၏ တရားမဲ့ပြုလုပ် နေမှုကို မကျေနပ်၍ သူတို့လမ်းစဉ်မလိုက်လျှင် ထိုကဲ့သို့ အမည်တပ်ခံရသည်မှာ အားလုံးအသိပင်ဖြစ်သည်။ PDF တို့၏လုပ်ရပ်ကို မကျေနပ်သဖြင့် ကိုယ့်ရပ်ကိုယ့် ရွာကို ကာကွယ်သည့်နေရာတွင် ပန်းဆက်ရွာက ပထမဦးဆုံးဖြစ်မလား မသိပေ။
ဆိုလိုချင်သည်က မြန်မာနိုင်ငံတွင် ပြည်ပြေးများ ပြောသကဲ့သို့ NUG နှင့် PDF တို့ကိုပဲထောက်ခံသူ ရှိနေသယောင် ပြောဆိုနေမှုကို PDF များကို ဆန့်ကျင်နေသည့် ရွာပေါင်းများစွာ၊ ဒေသပေါင်းများစွာရှိသည်ကို ဆိုလိုရင်းဖြစ်သည်။ လက်ရှိတွင်လည်း ကြည့်လျှင် မြင်နိုင်ပါသည်။ PDF တို့၏ တရားမဲ့ လုပ်ရပ်များကို မကျေနပ်သဖြင့် ပြည်သူ့စစ်၊ တစ်နည်းအားဖြင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထဲသို့ ဝင်ရောက်လာသည့်ဦးရေမှာ သောင်းနှင့်ချီ၍ ရှိနေသည်မှာ အမှန်တရားပင်မဟုတ်လော။ ထိုသူတို့မှာ အတင်းအဓမ္မ ဆွဲသွင်းထားသူများ မဟုတ်ကြဘဲ ကိုယ့်တိုင်း၊ နိုင်ငံ၊ ပြည်ရွာကို ဖျက်ဆီးနေ သူများကို ချေမှုန်းရန် တိုင်းနိုင်ငံ၊ ပြည်ရွာကိုကာကွယ် ရန်ဆိုသည့် အသိစိတ်ဖြင့် တပ်မတော်နှင့် လက်တွဲကာ တက်တက်ကြွကြွ ပါဝင်လာကြသူများဖြစ်သည်။
မကြာသေးမီက ထိုပြည်သူ့စစ်၊ ပြည်သူ့လုံခြုံရေး ပြည်ချစ်သားများ သင်တန်ဆင်းလာ ကြလေပြီဖြစ်သည်။ တစ်ဖက်ကမ်းပြိုလျှင် တစ်သောင်ထွန်းဆိုသည့် စကား အကြောင်းမဲ့ပေါ်လာခဲ့ခြင်း မဟုတ်ပေ။ PDF များချည်းပဲ အားကောင်းကြသည်မဟုတ်၊ ပြည်သူများကြားက ပေါက်ဖွားလာသည့် ပြည်သူ့စစ်များလည်း အားကောင်းကြောင်း တွေ့မြင်လာကြရပြီ မဟုတ်လော။ ပြည်သူ့စစ်ဆိုသည်မှာ လည်း မိမိအသက်အန္တရာယ်၊ မိမိ၏မိသားစု အသက်အန္တရာယ်၊ မိမိရပ်ရွာဒေသ အန္တရာယ်မ ကျရောက်ရန် ကာကွယ်ကြသည့် အဖွဲ့အစည်များဖြစ် သောကြောင့် မွန်မြတ်လှ၏။ ပြည်သူ့စစ်သည် PDF များကဲ့သို့ အများပြည်သူ သွားလာသည့်လမ်းတွင် မိုင်းထောင်မည့်အဖွဲ့မဟုတ်၊ ပြည်သူပိုင်ပစ္စည်း တာဝါတိုင် ချိုးမည့် သူမဟုတ်၊ လမ်းတံ၊ တား၊ ယာဉ်၊ ရထားများ ဖောက်ခွဲ ဖျက်ဆီးမည့် အဖွဲ့မဟုတ်၊ ကိုယ့်ဒေသကိုယ် မြင့်မြင့်မြတ်မြတ် ကာကွယ်သည့်အဖွဲ့ဟု ဂုဏ်ယူစွာ ပြောနိုင်သည့် အဖွဲ့အစည်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
ရွှေထီး
( TREND News ဂျာနယ်အတွဲ (၃)၊ အမှတ် (၃) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်သည်။