၂၀၂၄ ဒီဇင်ဘာ ၂၈
ဂျပန်ပြည်သို့ ရေးတဲ့စာ
တေးရေးဆရာ ဇော်မင်းလေးရေးပြီး နွဲ့ယဉ်ဝင်းဆိုထားသည့် 'ဂျပန်ပြည်သို့ ရေးတဲ့စာ'ဆိုသည့် သီချင်းမဟုတ်ကြောင်း ပြောရမည်ဖြစ်သည်။ သည်ရက်ပိုင်း မတွေ့သည်မှာ ကြာပြီဖြစ်သည့် မိတ်ဆွေတစ်ယောက်နှင့် လက်ဖက်ရည်ဆိုင်တွင် ဆုံဖြစ်သည်။ ပြောမနာဆိုမနာ သူငယ်ချင်းများ ဖြစ်သောကြောင့် ရောက်တတ်ရာရာများ ပြောဖြစ်ရင်း သူက နေခြည်ဦး၏ မင်္ဂလာဆောင် ခမ်းခမ်းနားနား ကျင်းပသည့်အကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောလေသည်။ မင်္ဂလာဆောင်သည့်သတင်းက မင်္ဂလာရှိကြောင်း ပြောရင်းမှ သည်ခေတ်သည်ကာလကြီးတွင် တော်လှန်ရေးသမားများ အမြင်ကပ်အောင် မင်္ဂလာဆောင်ခြင်းကို အနည်းငယ် မကျေနပ်ဟန်ပြောလေသည်။ သူများမင်္ဂလာဆောင်သည်ကို မကျေနပ်ကြောင်း ပြောသည်ဆိုကတည်းက ထိုသူသည် မည်ကဲ့သို့သူဆိုသည်ကို ခန့်မှန်းမိကြမည် ထင်ပါသည်။ ရှင်းရှင်းပြောရလျှင် နီနီတို့ ရပ်ကွက်ကဟု ဆိုရမည်ဖြစ်သည်။ နီနီတို့ ရပ်ကွက်ဆိုမှဖြင့် သိတော်မူကြသည့်အတိုင်း သူများမင်္ဂလာဆောင်လျှင် အပြစ်ပြောပြီး သူတို့ရပ်ကွက်က မင်္ဂလာဆောင်ပြီဆိုလျှင် မသိချင်ယောင်ဆောင်ကြသူများ မဟုတ်ဘူးလားဗျ။ သို့မို့ကြောင့် အနည်းငယ် အမြင်ကပ်လာသည်နှင့် "သူတို့ဟာသူတို့ ပိုက်ဆံရှိလို့ ဘယ်လိုဆောင်ဆောင် ကိုယ့်အရေးလားဗျာ၊ သူတို့ပိုက်ဆံရှိလို့ ဆောင်တာက ဘာဟုတ်သေးလဲ၊ မောင်ရင်တို့လူရဲ့ မင်္ဂလာဆောင်ကိုရော သိရဲ့လား"ဟု ဘုတော လိုက်ရာ "ဘယ်သူ့ မင်္ဂလာဆောင်လဲ"ဟု မျက်လုံးလေးပေက လပ်ပေကလပ်နှင့် စဉ်းစဉ်းစားစား ပြန်မေးလေသည်။ သို့နှင့် "ဂျပန်ပြည်သို့ ရေးတဲ့စာ"ဆိုသည့် အကြောင်းကို ပြောဖြစ်လေတော့သည်။
ခါးကြားတွင် ထိုးထားသည့်ဖုန်းကိုထုတ်ပြီး အင်တာနက်ဖွင့် TikTok အကောင့်တစ်ခုကို ပြလိုက်လေသည်။ မအူမလည်နှင့် ကျွန်တော်ပြသည့် မင်္ဂဆောင်သည့် ဓာတ်ပုံများ၊ Movie များကို အူကြောင်ကြောင် ကြည့်နေရှာလေသည်။ မြန်မာဝတ်စုံအမျိုးမျိုးနှင့် ဂျပန်နိုင်ငံရှိ အထင်ကရနေရာများတွင် မင်္ဂလာဓာတ်ပုံမျိုးစုံ၊ Movie မျိုးစုံကို ရှုစားနေလေသည်။ ထို့အပြင် မြန်မာဝတ်စုံသာမက အနောက်တိုင်း ဝတ်စုံနှင့်တစ်ဖုံ ရှုစားပြီးသကာလ ဘာတွေလာပြနေတာလဲဟူသော အထာဖြင့် 'ဘာတုန်းဟ'ဟု မေး လာလေသည်။ ထိုအခါမှ နေခြည်ဦးတို့ကဲ့သို့ ငွေကြေးမချမ်းသာဘဲ နေခြည်ဦးတို့နီးပါး မင်္ဂလာဆောင်သည့် ဂျပန်နိုင်ငံရောက် မြန်မာစုံတွဲအကြောင်းကို ရှင်းပြရလေသည်။
ထိုကလေးမလေးနှင့် သူ၏သတို့သားသည် ဂျပန်နိုင်ငံတွင် အလုပ်အကိုင် မယ်မယ်ရရ လုပ်ကိုင်ခြင်းမရှိဘဲ ဤကဲ့သို့ အဘယ့်ကြောင့် မင်္ဂလာဆောင်နိုင်သနည်းဟု ကျွန်တော်ကထပ်၍ မေးခွန်းထုတ်ရာ ပို၍အူကြောင်ကြောင် ဖြစ်သွားပြန်၏။ မသိဟုဆိုတော့မှ "အဲဒါ တော်လှန်ရေးအတွက်ပြောပြီး အမြဲအလှူခံနေ တဲ့ကလေးမလေး"ဟု ပြောလိုက်မှ ဇက်ကလေးအနည်းငယ် ပုသွားလေသည်။ အဲသည်လောက်တောင်မှ ဟုတ်ရောဟုတ်ရဲ့လားဟုမေးရာ အင်တာနက်ဒေတာ ကုန်ခါမှကုန်ရော သဘောထားကာ ထိုကလေးမလေး၏ မင်္ဂလာမဆောင်ခင်က နေ့စဉ် အလှူခံနေသည့် Movie များကို တမျှော်တခေါ် ပြန်ကာ ပြလိုက်လေတော့သည်။ ဂျပန်စတိုင်ပေါ့ဗျာ။ ခါးကလေး ညွှတ်ကာ ညွှတ်ကာနှင့် လမ်းဘေးတွင် လာသမျှလူများကို အလှူငွေထည့်ရန် တောင်းခံနေသည့် သူမကိုကြည့်ပြီး "ဒင်းကလေးကိုကြည့်စမ်း၊ အလှူခံတုန်းကရုပ်နဲ့ မင်္ဂလာဆောင်တဲ့ရုပ် တူသေးလား"ဟုမေးရာ "ဘာများ ကွာလို့လဲ"ဟုဆိုလေသည်။
အလှူခံစဉ်က သားရွှေအိုး ခိုးသွားသည့်ရုပ်၊ မင်္ဂလာဆောင်ချိန်တွင် သားရွှေအိုး ထမ်းလာသည့် ရုပ်ဟုပြောလိုက်မှ မင်းမို့လို့ ပေါက်ပေါက်ရှာရှာပြောသည်ဟု စကားရောဖောရော လုပ်လေတော့သည်။ သည်အချိန်အကွက်ဆိုက်ပြီဟုဆိုကာ "မောင်ရင်တို့ကို ပြောပါတယ်။ သူများ မင်္ဂလာဆောင်ရင် အပြစ်ပြောချင်ပြီး မောင်ရင်တို့လူ အလုပ်မရှိ အကိုင်မရှိ လူကြားကောင်းအောင်အလှူခံစား၊ တကယ်က တောင်းစားတဲ့သူမင်္ဂဆောင်တော့ ဘာတဲ့ တော်လှန်မျိုးဆက်ဆိုပြီး ကြံဖန်ဂုဏ်ယူရဲ့ မဟုတ်လား"ဟု ဆိုလိုက်သောအခါ အလုပ်ကိစ္စပေါ်လာသဖြင့် နောက်မှ ဆက်ဆွေးနွေးမည်ဟု ပြောကာ ဖုတ်ဖက်ခါ၍ ထသွားလေတော့သည်။ ကိုယ်ကတော့ ဒင်းဘာတတ်နိုင်တုန်းဟု မိန့်မိန့်ကြီးပြုံးနေပြီး သည်ကောင် လက်ဖက် ရည်ဖိုးရှင်းမသွားဘဲ ကိုယ့်ကို ဂျင်းထည့်သွားပါပကောဟု အိတ်ကတ်ထဲက ဖွတ်ကလိဒင်္ဂါး အချို့ ခုန်ထွက်ကုန်ကြ လေတော့သည်။
ဧရာတိုင်း၏ သံစုံများ
တော်လှန်ရေးခေါင်းစဉ်အောက်တွင် အပြောအဆို အခံရဆုံးဖြစ်သည့် တိုင်းဒေသကြီးကိုပြပါဆိုလျှင် ဧရာဝတီတိုင်းဒေသကြီးဖြစ်သည်။ ဒါက တော်လှန်ရေးဆိုသူများ၏ တည်ငြိမ်အေးချမ်းနေမှုကို မကြိုက်သည့် သဘောဖြစ်ပြီး ကျွန်တော်တို့ကဲ့သို့ မတည်ငြိမ်သည့် ဒေသအညာသားများအဖို့ ထိုဧရာဝတီတိုင်းဒေသကြီး၏ တည်ငြိမ်မှုကိုများစွာ အားကျရသည်ဟု ဆိုနိုင်ပါသည်။ ဧရာဝတီတိုင်း၏ တည်ငြိမ်မှုကို မကျေမချမ်း အဖြစ်ကြဆုံးသော သူများထဲတွင် ပြည်ပသို့ထွက်ပြေးနေသူများက အဆိုးရွားဆုံးဟု ဆိုနိုင်ပါသည်။ ထိုအဆိုးရွားဆုံး ဆိုသူများထဲမှ သူများထက် နည်းနည်းပိုသူများကို ပြပါဆိုလျှင် လူမြတ်ကျော်တို့၊ ငစည်ဆိုသူတို့၊ စိုးလွင်ဆိုသူ တို့ဖြစ်ကြ၏။ သူတို့ဆိုသည်မှာလည်း အလှူခံစားလိုက် YouTube ပေါ် ပေါက်တတ်ကရပြောမှ လူကြည့်များပြီး ဝင်ငွေရလိုက်ဖြင့် လုပ်စားသူများဟု ဆိုနိုင်ပါသည်။ ကွဲချင်ကွဲပါစေ ကိုယ့်အိုးလေးမှမဟုတ်တာ ဆိုသည့်အတိုင်း အများပြည်သူ ဒုက္ခရောက်လည်း သူတို့က ပြည်ပနိုင်ငံများတွင် နေသူများဖြစ်သောကြောင့် တို့မီးရှို့မီးလုပ်နေကြသူများလည်း ဖြစ်သည်။ ထို့အပြင် ပြည်တွင်းမှ အွန်လိုင်းပေါ်က မြှောက်ပင့် ပြောဆိုနေသူများသည်လည်း ဘယ်သူသေသေ ငတေမာလျှင် ပြီးရော စိတ်ဓာတ်ဖြင့် တို့မီး ရှို့မီးလုပ်ကုန်ကြ၏။ ထိုသို့ တို့မီးရှို့မီးကြားထဲတွင် ဧရာဝတီတိုင်းအတွင်း နေထိုင်ကြကုန်သော ဧရာဝတီတိုင်း သူတိုင်းသားတို့၏ အသံအစစ် အသံအမှန်ကို သိရန်လည်းလိုအပ်သည်။ သူတို့၏ အသံနှင့်ပတ်သက်ပြီး လူမှုကွန်ရက်တွင် စာတစ်စောင် ပျံ့နှံ့လာ၏။ အကြောင်းက "ဧရာဝတီတိုင်းကို တိုက်ပွဲဖော်ဆောင်မည့် PDF နှင့် အပေါင်းအဖွဲ့များသို့ ပန်ကြားခြင်း၊ ငါတို့ဧရာဝတီသားတွေ ပေါင်းစုပြီး ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ် Black People PTS သည် ငြိမ်းချမ်းသောအရာကို လိုလားသောအဖွဲ့ ဖြစ်သည်နှင့်အညီ အရင်က လမ်းမှားပြီး PDF ထဲရောက် ခဲ့ကြသည့်သူများနှင့် ဖွဲ့စည်းထားသော အဖွဲ့ကြီးတစ်ခုဖြစ်သည်။ သို့ပါသောကြောင့် တိုက်ပွဲများဖော်ဆောင်ပါက သင်တို့မိသားစု၊ ဆွေမျိုးတွေပါ မကျန်လိုက်ရှင်းမည်။ ပြီးလျှင် တပ်မတော်ဘက်မှ လိုအပ်လာလျှင် ပါဝင်၍ ကူတိုက်ပေးမည်။ ပြီးတော့ ငါတို့အဖွဲ့သည် အစိုးရသည် ပင်လျှင်မသိသော အဖွဲ့ဖြစ်သောကြောင့် မင်းတို့မိသားစုကို အထူးဂရုစိုက်ပါ၊ တိုက်ပွဲဖော်ဆောင်ပါက ငါတို့အဖွဲ့က မင်းတို့နဲ့ မင်းတို့မိသားစုကို အာမ မခံကြောင်း သတိပေးခြင်းသာဖြစ်သည်"ဟူသည့် ဧရာ၀တီတိုင်းသားတို့၏ အသံအစစ် အသံအမှန် ဖြစ်သည်။ ဧရာဝတီတိုင်းကို စစ်မီးမွှေးချင်သူများ၏အကြောင်း အရာများစွာတွင်လည်း ဧရာဝတီတိုင်းသားတို့က သူတို့၏ မြို့ရွာများကို စစ်မီးမမွှေးရန် တက်ညီလက်ညီ တုံ့ပြန်ကြသည်ကို တွေ့မြင်နေရသည်။ မည်သို့ပင်ဆိုစေကာမူ စစ်ဆိုသည်မှာ မဖြစ်လျှင်ကောင်းသည်ဟု မြန်မာနိုင်ငံကို အေးချမ်းစေချင်သူ တစ်ယောက်အနေဖြင့် ဆိုချင်ပါသည်။
အို့ …ဒီဇင်ဘာ
ဒီဇင်ဘာကျောင်းပိတ်ရက်တွင် အမေပြောသည့်စကားကို သွားသတိရမိသည်။ ငယ်ငယ်က မြို့ပေါ်သို့သွားစဉ် အမေကပြောသည်။ "တို့လိုများ ခရီးမသွားရင် ကားသမားတွေ ဘာလုပ်စားမယ် မသိဘူး"ဟူ၏။ ဟုတ်လည်းဟုတ်သည်။ အမေတို့က တစ်နှစ်နေ၍ မြို့ပေါ်သို့ တစ်ခေါက် ရောက်ခဲလှပြီး အခြားသော မြို့ကြီးပြကြီးများသို့လည်း သိပ်ပြီး သွားလေ့သွားထမရှိသောကြောင့် သူ့အကြောင်းပြချက်နှင့် သူ့စဉ်းစားပုံအရ ဟုတ်ပေမပေါ့။ ယခုလည်း ထိုစကားကဲ့သို့ ဖြစ်သည်။ ဒီဇင်ဘာ ကျောင်းငါးရက် ပိတ်သည်။ ကျောင်းရက်ရှည်၊ ရုံးရက်ရှည်ပိတ်ရက်ဖြစ်သောကြောင့် ဘုရားဖူးခရီးသွား သူတို့ လမ်းမများပေါ်တွင် စည်ကားကုန်ကြ၏။ အထူးသဖြင့် ကျိုက်ထီးရိုးဘုရားနှင့် ပုဂံဘုရားဖူး သွားသူများ ပြောစမှတ်တွင်အောင် စည်ကားနေသည်ကို အင်တာနက်ခေတ်ဖြစ်သောကြောင့် အချိန်မဆိုင်းသိကြကုန်၏။သိတော်မူကြသည့်အတိုင်း ထိုကဲ့သို့ စည်ကားပြီဆိုလျှင် နီနီတို့က တီကောင်ဆားပက်၊ ငါးပြေမကုန်းပေါ်တင်ထားသကဲ့သို့ ဆတ်ဆတ်ထိမခံနိုင်ဖြစ်ကာ ယမ်းခါနေကြကုန် သည်။ သို့မို့ကြောင့် တည်ငြိမ်မှု ပျက်စေရန် စွမ်းနိုင်သမျှ အားထုတ်ကြပြန်၏။
ထိုအထဲတွင် ၂၀၂၄ ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် ၃၁၈ တွင် လက်နက်ကိုင် PDF အဖွဲ့များက အိမ်စီးယာဉ်ငယ်တစ်စီးကို ပြန်ပေးဆွဲ ဖမ်းဆီးသွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။ သည်လုပ်ရပ်သည် ဒီဇင်ဘာရုံးပိတ်၊ ကျောင်းပိတ်ရက်ရှည် ခရီးသွားသူများကို တိတိပပခြိမ်းခြောက်ခြင်းဟုလည်း ဆိုနိုင်ပါသည်။ ထိုပတ်ဝန်းကျင်သည် ယခုမှမဟုတ် ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရဲကင်း စခန်းငယ်တစ်ခုကို ဝင်ရောက်တိုက်ခိုက်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖော်ဆောင်ရန် အခွင့်အခါကို အစဉ်စောင့်နေသည့်နေရာဟု ဆိုနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာတို့သည် ဤကဲ့သို့ ရက်ရှည်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ခရီးသွားလိုသူများကို မတားဆီးနိုင်ဟု ဆိုနိုင်ပါသည်။ အထက်တွင်ဆိုခဲ့သည့်အတိုင်း ကျိုက်ထီးရိုး၊ ပုဂံနှင့် တည်ငြိမ်အေးချမ်းသည့်နေရာဒေသများသို့ သွားရောက်လည်ပတ်သည်မှာ အားလုံးမြင် တွေ့နိုင်ကြသည်။ ထိုသို့သွားလာကြသူတို့အား မရှုဆိတ် နိုင်သူတို့ကလည်း "ပုဂံမှာ ဆွဲနေတယ်ဆို ပါမသွားကြဘူးလား" ဟု ရသည့်နေရာက ဖျက်ဆီးလိုသည့် အသံ ဟစ်သေး၏။ ထိုကဲ့သို့ ပြောသူများကိုလည်း "ဆွဲတယ်ဆိုတဲ့ စကားတစ်ခုက မလာအောင်၊ မစည်ကားအောင်၊ အပျော်တွေ မရှိအောင်၊ အပြင်မထွက်အောင် လုပ်နည်းတစ်ခု"ဟူ၍ တုံ့ပြန်သူများလည်း ရှိကြသည်။
မည်ကဲ့သို့ ခြိမ်းခြောက်ခြိမ်းခြောက် ခရီးသွားများ၊ မများက 'နိုင်ငံတစ်ဝက်က ပုဂံမှာ၊ တစ်ဝက်က ကျိုက်ထီးရိုးမှာ၊ ငါတို့ပဲအိမ်မှာ'ဟု ခရီးသွားသူများ၏ အပျော်ကူးစက်ပြီး ခရီးသွားချင်သူများကလည်း မှတ်ချက်ပြုကြသည်။ ရုံး၊ ကျောင်းပိတ်ရက်ရှည် ခရီးသွားသူများလည်း ဘေး အန္တရာယ်ကင်းရှင်းပြီး ရန်အန္တရာယ်များကင်း ရှင်ကြပါစေကြောင်းလည်း ဆုတောင်းနေပါသည်။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )