ပွဲလန့်တုန်း ဖျာခင်းသူများ

၂၀၂၃ ဒီဇင်ဘာ ၁

    လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများသည် ပုံစံအမျိုးမျိုး၊ ရည်မှန်းချက်အမျိုးမျိုးဖြင့် ဆောင်ရွက်နေကြသည်ကို သတိထားမိပါသည်။ ရည်မှန်းချက်၊ ရည် ရွယ်ချက်များ မတူကြသော်လည်း ငါ့ရန်သူ၏ ရန်သူသည် ငါ၏မိတ်ဆွေဆိုသည့် သဘာဝအရ ယခုချိန်မှာ ကျင့်သုံးနေကြခြင်းသာ ဖြစ်ပါသည်။ ယခင်ကလည်း ကျင့်သုံးခဲ့ကြပါသည်။ ထိုသဘာဝသည် ကိုယ့်ရည်မှန်း ချက်ပြည့်ပြီးသည့်နောက်မှာ ငါ့မိတ်ဆွေသဘာဝမှ ငါ၏ပြိုင်ဘက်ဖြစ်လာပြီး မကြာခင်မှာပင် ရန်သူဖြစ်သွားပါလိမ့်မည်။
    လက်ရှိ ရှမ်းပြည်(မြောက်ပိုင်း)မှာဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်အဖြစ်  Freelance Journalist  သက်ထွေးနိုင်က MNDAA ပြောခွင့်ရ လီကျားဝင်းကို မေးမြန်းထားတာတွေ့ရပါသည်။ ထိုတင်ဆက်မှုနှင့်ပတ်သက်ပြီး သက်ထွေးနိုင်က "ကိုးကန့်ဒေသကို တိုက်နေတာ ကိုးကန့်တို့လက်ထဲကိုရောက်ဖို့ လက်တစ်ကမ်းပဲလိုတော့ တယ်လို့ MNDAA က ကြေညာထားတာ တွေ့ရပါတယ်"ဟူ၍ အစပျိုးထားပါသည်။ ကိုးကန့်ဒေသ ကိုးကန့်တို့လက်ထဲပြန်ရောက်ဖို့ဆိုသည်မှာ ဘာကိုဆိုလိုပါသနည်း။ ဖုန်ကြားရှင်ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင်အဖွဲ့ MNDAA လက်ထဲပြန်ရောက်မှ ကိုးကန့်လက်ထဲ ပြန်ရောက်တာဟု ဆိုချင်ပုံရပါသည်။
    ၁၉၈၉ ခုနှစ် တပ်မတော်အစိုးရလက်ထက်မှာ ဖုန်ကြားရှင်သည် ဗကပကို တော်လှန်ပြီး တပ်မတော်နှင့် ငြိမ်းချမ်းရေးယူခဲ့သည့်အတွက် ရှမ်းမြောက်အထူးဒေသ (၁) ၏ ခေါင်းဆောင် ဖြစ်လာခဲ့ခြင်းဖြစ်ပါသည်။ တပ်မတော်၏ ကောင်းကျိုးဖြင့် ဗကပ၏ ခိုင်းဖတ်ဘဝမှ နယ်စားပယ်စားဖြစ်ခဲ့ခြင်းပါ။ တိုင်းပြည်နှင့် တိုင်းရင်းသားများ အကျိုးထက် ကိုယ်ကျိုးသက်သက်ကိုသာ စဉ်းစားသူသာ ဖြစ်ပါသည်။ နဂိုကတည်းကပင် လက်နက်နှင့်အာဏာ တည်ဆောက်လိုသူသာ ဖြစ်ပါသည်။ ကိုးကန့်လူမျိုးအားလုံး၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု၍မရပါ။ သာဓကအားဖြင့် တပ်မတော်နှင့် ငြိမ်းချမ်းရေးရယူပြီးနောက်မှာ ကိုးကန့်ခေါင်းဆောင်အချင်းချင်း အာဏာလုသည့် ပြဿနာများ အထင်အရှားရှိခဲ့သည် မဟုတ်ပါလား။ ကိုးကန့်အဖွဲ့အတွင်းမှာ သူ့အဖွဲ့နှင့်သူ၊ သူ့အင်အားနှင့် သူရှိခဲ့ကြပါသည်။ ၁၉၉၀ ပြည့်နှစ် ဝန်းကျင်ကာလများမှာ ကိုးကန့်တစ်ဖွဲ့တည်းဖြစ်သည့် အထူးဒေသအတွင်းမှာ ဖုန်ကြားရှင်နှင့် ရန်မိုးလျှံ(ဖုန်၊ ရန်)တို့ ပြဿနာအကြီးအကျယ် ဖြစ်ခဲ့ကြဖူးပါသည်။ ယခုချိန်ထိလည်း သူ့ အုပ်စုနှင့်သူပါ။ ထိုပြဿနာကို ကြားဝင်ဖြေရှင်းပေးခဲ့ရတာက တပ်မတော်ပဲ ဖြစ်ပါသည်။ တပ်မတော်ကြား မဝင်ပါက လူမျိုးစုအတွင်း သွေးချောင်းစီးမည့်ပြဿနာ များဖြစ်ပွားခဲ့မှာ အမှန်ပင်ဖြစ်ပါသည်။ နောက်ပိုင်းမှာ ရန်အုပ်စုခေါင်းဆောင်များက လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး အေးဆေးစွာနေထိုင်ခဲ့ကြသည့်အတွက် ဖုန်ကြားရှင်အနေဖြင့် အသက်ရှူချောင်ခဲ့ရသည်ဟု ဆိုရပေလိမ့်မည်။
    သို့သော် များမကြာမီကာလများမှာ ကိုးကန့်ဒေသမှာဖြစ်ပွားခဲ့သည့် တချို့ပြဿနာများသည် ကိုးကန့် အဖွဲ့အစည်းအချင်းချင်း ဖြစ်ပွားခဲ့သည့် ပြဿနာများအရ တပ်မတော်က ကြားဝင်ခဲ့ရခြင်းပင် ဖြစ်ပေသည်။ ဖုန်၊ ရန်ပြဿနာအပြီးမှာ ဖုန်ကြားရှင်အနေဖြင့် ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးနှင့် ကာစီနိုဝိုင်းများ ဖွင့်လှစ်ငွေရှာပြီး လက်နက်အင်အား တည်ဆောက်လာခဲ့ပါသည်။ အင်အားခိုင်မာလာပါက အထူးဒေသ(၁) နယ်မြေကို ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်အုပ်ချုပ်ဖို့ ရည်မှန်းထားရှိခြင်းဖြစ်ပါသည်။ လိုအပ်လျှင် ပြည်ထောင်စု အတွင်းက ခွဲထွက်ဖို့ပင် ရည်မှန်းထားပုံရပါသည်။ သူ၏ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး လက်မခံနိုင်သည့် သူ့လက်အောက်ကခေါင်းဆောင်များရှိပါသည်။ ဖုန်၊ ရန် အရေးအခင်းအပြီးမှာ ဖုန်ကြားရှင်နှင့် ထပ်မံကွဲထွက်သွားတာက ပယ်စောက်ချိန် ဦးစီးသည့်အဖွဲ့ပဲ ဖြစ်ပါသည်။ 
    ပယ်စောက်ချိန် ဦးစီးသည့်အဖွဲ့သည် နိုင်ငံတော်က အတည်ပြုချမှတ်ထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်အညီ ကိုးကန့်အထူးဒေသကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် လက်ခံကျင့် သုံးနေခြင်းသာ ဖြစ်ပါသည်။ သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သလို နယ်စပ်ဒေသဖြစ်သည့်အတွက် ဖုန်;ကြားရှင်လက်ထက်က ဆောင်ရွက်ထားရှိသည့် လောင်းကစားဝိုင်းများနှင့်ပတ်သက်ပြီး ယခုချိန်ထိ နိုင်ငံတော် ကလက်လှမ်းမမီသည့် အခြေအနေမှာရှိခဲ့တာ တွေ့ရမှာဖြစ်ပါသည်။ ယခုတရုတ်အစိုးရမှ နှိမ်နှင်းလိုသော အွန်လိုင်းမှ ငွေလိမ်သည့်ကျားဖြန့် လုပ်ငန်းများသည် ထိုကာစီနိုဝိုင်းများက စတင်ခဲ့သည့် အွန်လိုင်းလောင်း ကစားခြင်းပင်ဖြစ်ပါသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် အစပထမပိုင်းက ထိုရှမ်းမြောက်ဒေသမှာ အာဏာရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တရုတ်နိုင်ငံသားများက စတင်ခဲ့ခြင်းသာဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ် ဝန်းကျင်ခန့်ကစပြီး မြန်မာအစိုးရ လက်လှမ်းမမီသည့်ဒေသများဖြစ်သည့် တရုတ်-မြန်မာနယ်စပ်များမှာ ထိုလောင်းကစားလုပ်ငန်းများ စတင်ခဲ့ခြင်းကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ မသိမရှိပါ။
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံအစိုးရတက်လာပြီး ရှမ်းမြောက် ကိုးကန့် အထူးဒေသ (၁) ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံအစိုးရ၏ အာဏာစက်တည်တံ့ရာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ်ဖန်တီးရာမှာ လက်ခံသည့် ပယ်စောက်ချိန်အဖွဲ့နှင့် လက်မခံသည့် ဖုန်ကြားရှင်အဖွဲ့ကြားမှာ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ မူးယစ်ဆေးဝါးများနှင့် နာမည်ပျက်နေပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုမလိုက်နာသည့် ဖုန်ကြားရှင်၏ MNDAA ကို တိုက်ထုတ်ခဲ့ ခြင်းသာ ဖြစ်ပါသည်။ ရန်သူသဖွယ် ဆောင်ရွက်ခဲ့ခြင်းမျိုးမဟုတ်ဘဲ ကိုးကန့်ဒေသကို အချုပ်အခြာအာဏာတည်အောင် နိုင်ငံတော်၏မူဝါဒအရ ဆောင်ရွက်ခဲ့ခြင်းပဲ ဖြစ်ပါသည်။ ကိုးကန့်ဒေသကို ဖက်ဒရယ် ပြည်ထောင်စု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်နေခြင်းသာဖြစ်ပါသည်။
    "မကြာမီမှာ လောက်ကိုင်ကို သိမ်းပိုက်ပြီး ကိုး ကန့်ဒေသကို ပြန်လည်ရရှိပါက ကိုးကန့်ဒေသကို အထူးဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သွားမှာလား၊ ပြည်နယ်အဖြစ် သွားမှာလား"ဆိုသည့် သက်ထွေးနိုင်၏ မေးခွန်းကို လီကျားဝင်းက ၁၉၈၉ ခုနှစ်က စတင်ခဲ့သည့် အထူးဒေသ (၁) ပုံစံမျိုးဖြင့် သွားမှာဖြစ်ကြောင်းဖြေဆို ထားပါသည်။ မေးခွန်းမေးသည့် သက်ထွေးနိုင်က ငြိမ်းချမ်းရေးယူထားစဉ်က သတ်မှတ်ပေးထားသည့် အထူးဒေသနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသကို သဲကွဲဟန်မရှိပါ။ သို့သော် မည်သို့ပင်ဆိုစေ။ လီကျားဝင်း၏အဖြေအရ MNDAA မှန်းထားသည်မှာ ဖက်ဒရယ်ပြည်ထောင်စုအတွင်းက စစ်အာဏာရှင် ဒေသသာဖြစ်ပါသည်။ ထိုဒေသ၏ ခေါင်းဆောင်သည်  လက်နက်ကိုင်အဖွဲ့၏ အကြီးအကဲသာ ဖြစ်ပါလိမ့်မည်။  ဗကပကို သစ္စာမရှိတော်လှန်ခွဲ ထွက်ခဲ့ပြီးနောက် တပ်မတော်နှင့်စစ်မတိုက်ရဘဲ ထိုဒေသမှာလုပ်ချင်တာလုပ်လို့ရ နေခဲ့တာကို သာယာနေပုံရပါသည်။ ဒေသခံများ၏ဆန္ဒအရ အရွေးချယ်ခံမည့်သဘောမဟုတ်ဘဲ သားစဉ်မြေးဆက် အာဏာလွှဲသွားပေးမည့် သဘောပဲဖြစ်ပါသည်။ ထိုအခြေအနေမျိုးကို စစ်အာဏာရှင် (War Lord) ဟုမခေါ်လျှင် မည်သို့ခေါ်မည်နည်း။ အခုချိန်မှာ ဖုန်ကြားရှင်သေဆုံးသွားပြီးနောက် MNDAA ၏ ခေါင်းဆောင်ဟာ မည်သူဖြစ်သည်ကို သတိထားကြည့်လျှင် အဖြေပေါ်ပါလိမ့်မည်။ အလားတူပါပဲ။ TNLA နှင့် AA တို့၏ ဆောင်ရွက်ချက်များသည်လည်း ကိုယ့်တိုင်းရင်းသားများအရေးထက် လက်နက်နှင့် အာဏာ တည်ဆောက်နေသည့် လုပ်ရပ်များသာ ဖြစ်ပါသည်။
    ရှမ်းမြောက်ဒေသမှာဖြစ်ပွားနေသည့်တိုက်ပွဲများကို NUG က သူတို့၏မဟာမိတ်များ၊ သူတို့၏ ရည်မှန်းချက်အရ နွေဦးတော်လှန်ရေး ဆင်နွှဲနေသူများအဖြစ် ပုံဖော်နေတာ တွေ့ရမှာဖြစ်ပါသည်။ သက်ထွေးနိုင်က ဂျပန်နိုင်ငံမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဇင်မာအောင်က ဒီ ၁၀၂၇ စစ်ဆင်ရေးနှင့်ပတ်သက်ပြီး NUG က ထဲထဲဝင်ဝင် ပါဝင်နေတယ်လို့ ပြောကြားခဲ့ကြောင်းမေး မြန်းခဲ့တဲ့အပေါ် လီကျားဝင်းက NUG နှင့်ပတ်သက်၍ဒီအချိန်မှာ ထွေထွေထူးထူး ဖြေကြားစရာမရှိသေးပါဟု ဆိုပါသည်။ ထိုအဖြေအရ MNDAA အနေဖြင့် NUG ၏ သြဇာခံမဟုတ်တာ၊ မဟာမိတ်မဟုတ်တာ ရှင်းပါသည်။ MNDAA နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ဆောင်ရွက်ချက်များသည် နယ်မြေအပိုင်ရယူထားလိုသည့် ဖျာခင်း သည့် ဇာတ်လမ်းသာ ဖြစ်ပါသည်။ 
    NUG ၏ ရည်မှန်းချက်ပြည့်လျှင်တောင် ထိုအဖွဲ့များက NUG ကို ဖုတ်လေသည့်ငပိ ရှိမည်မထင်ပါ။ သူတို့၏ လိုလားချက်အတိုင်းသာ စစ်အာဏာရှင်ဒေသအဖြစ် တည်ထောင်သွားမှာ အမှန်ပင်ဖြစ်ပါလိမ့် မည်။ သူတို့၏ လိုလားချက်ကို မလိုက်ပါက ထိုအချိန်မှာ NUG ဟာ ကျိန်းသေပေါက် သူတို့၏ ရန်သူဖြစ်သွားပါလိမ့်မည်။ ထိုသို့ဆောင်ရွက်သွားမှာကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုလို့ သတ်မှတ်မည်လား၊ စစ်အာဏာရှင် ဖက်ဒရယ်ပြည်ထောင်စုလို့ သတ်မှတ်မည်လား"ဆိုလျှင် NUG အနေဖြင့် မည်သို့ဖြေမည်မသိ။ NUG ၏ ဆောင်ရွက်ချက်များသည် သာမန်အားဖြင့်ကြည့်လျှင် စစ်အာဏာ ရှင်ချုပ်ငြိမ်းရေး ကြွေးကြော်နေပေမယ့် အမှန်တကယ်ဆောင် ရွက်နေသည့်လုပ်ရပ်များကို လေးလေး နက်နက် စဉ်းစားကြည့်လျှင် တိုင်းပြည်အလုံးစုံပျက်သုဉ်းရေးနှင့် ဒေသအသီးသီးမှာ စစ်အာဏာရှင်စနစ်ဖြစ်တည်ရေးကို ဦးတည်နေခြင်းဖြစ်ကြောင်း မြင်နေရပါသည်။ NUG အနေဖြင့် မှန်းထားသည့် အခြေအနေမျိုးရရှိပြီး ဒီမိုကရေ စီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ထိန်းချုပ်ရမည်ဆိုလျှင် ထိုတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကို ထိန်းနိုင်မည်မထင်ပါ။ ယုတ်စွအဆုံး ကိုယ်မြှောက်ပေးခဲ့သည့် PDF အဖွဲ့များကိုပင် ထိန်းနိုင်လိမ့်မည်မဟုတ်ပါ။ သေချာသည်ကတော့  မြန်မာနိုင်ငံအတွင်းမှာ ပတ်စ်ပို့နှင့် ဗီဇာယူပြီးသွားရမည့်ဒေသတွေ အတော်များလာပါလိမ့်မည်။ လက်ရှိအချိန်သည် တပ်မတော်အင်အားချည့်နဲ့ပြိုကွဲ၍ လုံးဝမဖြစ်သည့်အခြေအနေဟူ၍ ဆိုရပါလိမ့်မည်။ ပြည်ထောင်စု မပြိုကွဲရေးအတွက် ပြည်သူများအနေဖြင့် တပ်မတော်ကို ဝိုင်းဝန်းကူညီပံ့ပိုးဖို့ လိုပါလိမ့်မည်။

ဇော်နိုင်

(TREND News ဂျာနယ် အတွဲ(၂)၊ အမှတ် (၄၅) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)

Total Views ~ 209

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42856

© 2022 - 2025 News. All Rights Reserved.