ဗကပ ဗဟိုကို ဖြိုခွင်းခဲ့စဉ်က

၂၀၂၄ ဇူလိုင် ၂၈

    'သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ' စာအုပ်ကြီးမှာ ကွန်မြူနစ်တွေဟာ အချင်းချင်း ဖြုတ်ထုတ် သတ်လုပ်ခဲ့ပုံကို သွေးပျက်ဖွယ် ဖတ်ခဲ့ကြရပါတယ်။ ဝါရင့် ကေဒါကြီးတွေတောင်မှ ဘယ်နေ့င့ါအလှည့်လဲလို့တွေးပြီး သွေးပျက်ချောက်ချားလာကြတယ်။ ရဲဘော်ဘခက်တို့လို ဗဟိုလုံခြုံရေး ရုံးအုပ်တာဝန်ယူထားရသူတွေတောင် ထွက်ပြေးအလင်းဝင်ခဲ့ကြတယ်။ ဒါဟာ ဗကပရဲ့ ကျဆုံးခြင်း လမ်းစဖြစ်တယ်။ သခင်သန်းထွန်းဟာ ကိုယ်ဖော်တဲ့ဆေး ကိုယ်စားသွားရတာလို့ ပြောနိုင်ပါတယ်။ သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များဟာ ဗကပ ပြိုကွဲသွားပုံကို အလင်းဝင် ကေဒါဟောင်းကြီးတွေရဲ့ အမြင်နဲ့ ရေးထားတာဖြစ်ပါတယ်။ ပဲခူးရိုးမပေါ်က ဗကပ(ဗဟို) ပြိုကွဲသွားအောင် ဘယ်လိုတိုက်ခဲ့ရ သလဲဆိုတဲ့ တပ်မတော်ရဲ့ အိုင်အိုမောင်မောင်သွင်ပြုစုတဲ့ ]ဗကပ- ဗဟိုဖြိုခွင်းသည့် ပဲခူးရိုးမတိုက်ပွဲစဉ်} စာအုပ်မှာ ဖတ်ခဲ့ရပါတယ်။ ဒီစာအုပ်ရဲ့ ပုံနှိပ်မှတ်တမ်းမှာ ထုတ်ဝေနေ့စွဲ မပါရှိပေမယ့် စာအုပ် နောက်ဆုံးအခန်း ဗိုလ်မှူးနေမျိုး (အငြိမ်းစား)ရဲ့ ပေးစာအရ ၂၀၁၁ သို့မဟုတ် ၂၀၁၂ လောက်က ပုံနှိပ်ထုတ်ဝေခဲ့တာလို့ ယူဆနိုင်ပြီး မိုးကျော်သူစာပေက ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
    အရေးကြီးတဲ့ မှတ်တမ်းစာအုပ်ဖြစ်လို့ စာအုပ်ဖြစ်မြောက်ရေး ကော်မတီဖွဲ့ပြီး အချက်အလက်များကို ပြန်လည်စိစစ်ပြီးမှ အိုင်အိုမောင်မောင်သွင်က ပြုစုတင်ပြခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဗိုလ်မှူးချုပ်တင့် ဆွေ(အငြိမ်းစား)၊ စာရေးဆရာ(တင့်ဆွေ-ဖျာပုံ)က မိတ်ဆက်အမှာစကား ချီးမြှင့်ထားပါတယ်။
    'ကျွန်တော်သည် ၆-၆-၆၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သော မြန်မာ့တပ်မတော်၏ ပထမဦးဆုံးသော ခြေမြန်တပ်မဖြစ်သည့် အမှတ် (၇၇)ခြေမြန်တပ်မ၏ တပ်မမှူးဖြစ်သဖြင့် တပ်မ(၇၇)၏ မိဘသို့မဟုတ် တည်ထောင်သူ(Founder)ဆိုပါကလည်း မှန်ကန်ပါသည်။ ...ယခု အိုင်အိုမောင်မောင်သွင် ပြုစုသော စာအုပ်တွင် ရေးသားထားသည့် တိုက်ပွဲများ၊ ဖြစ်စဉ်များကို ကျွန်တော်ကောင်းစွာ သိရှိပါသည်။ ကျွန်တော့်အနေဖြင့် ဖြစ်စဉ်များတွင် ပါဝင်ခဲ့သော တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး မောင်မောင်သန်း(မဲလုံး)နှင့် တပ်ခွဲမှူး၊ တပ်စုမှူးများ၊ စစ်သည်များအား ဤစာအုပ်အား ဖတ်ရှုနေစဉ် ပြန်လည်သတိရ မြင်ယောင်မိပါသည်။'
    'ခမရ ၁၀၅ သည် ကျွန်တော်အားကိုးရသော၊ ကျွန်တော်ယုံကြည်ရသော၊ ကျွန်တော်ကြိုး ဆွဲရာသို့ စိတ်ကြိုက်လိုက်ပါနိုင်သော တပ်ရင်းဟုဆိုပါက မမှားပါချေ။ နေ့ညမရွေး တပ်ရင်းတစ်ရင်းလုံးအား တောင်ပေါ်တက်ခိုင်းလိုက်၊ ကိုင်းတောတိုးခိုင်းလိုက်၊ ချောင်းဖြတ်ခိုင်းလိုက်နှင့် မည်သည့်တာ ဝန်ပေးအပ်သည်ဖြစ်စေ အောင်မြင်အောင် ထမ်းဆောင်နိုင်သော တပ်ရင်းတစ်ရင်းအဖြစ် မှတ်တမ်း တင်အပ်ပါသည်။
    စာအုပ်ပြုစုသူ ဆရာအိုင်အိုမောင်မောင်သွင်ရဲ့ တင်ပြလွှာမှာတော့ ...'ဤစာအုပ်သည် အမှတ် (၇၇)ခြေမြန်တပ်မ၏ ကွပ်ကဲမှုဖြင့် ပဲခူးရိုးမ၌ အခြေပြု လှုပ်ရှားနေသော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗဟိုဌာနချုပ်)အား လိုက်လံရှာဖွေ ချေမှုန်းခဲ့သည့် တိုက်ပွဲပေါင်းများစွာအနက်မှ အမှတ် ၁၀၅ ခြေမြန်တပ်ရင်းပါဝင် ဆင်နွှဲခဲ့သော တိုက်ပွဲကြီးသုံးပွဲကို စုပေါင်းရေးသားထား ခြင်းဖြစ်ပါသည်}လို့ ဖော်ပြထားပါတယ်။ တကယ်တော့ ဗမာကွန်မြူနစ်ပါတီဟာ ပြည်တွင်းစစ်ကို စတင်မီးမွှေးခဲ့တဲ့ ပါတီဖြစ်ပါတယ်။ ၁၉၄၈ မတ်လ ၂၈ ရက်မှာ စတင်တောခိုခဲ့ပြီး ၁၉၄၈ ဧပြီ ၂ ရက်၊ ပဲခူးတိုင်းပေါက် ကုန်းကြီးကျေးရွာမှာ တပ်မတော်နဲ့ တိုက်ခဲ့တဲ့တိုက်ပွဲဟာ ပြည်တွင်းစစ်ရဲ့ ပထမဆုံးတိုက်ပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဗကပတွေဟာ မူလက ပျဉ်းမနားနယ်ကို အမာခံ နယ်မြေအဖြစ် တည်ဆောက်ခဲ့ရာက တဖြည်းဖြည်း ကျဆင်းလာပြီး ၁၉၅၂ မေလမှာ မသုံးလုံးနယ်မြေ(မြင်းခြံ၊ မိတ္ထီလာ၊ မန္တလေး)သို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
    ဒါပေမဲ့ တပ်မတော်ရဲ့ ထိုးစစ်ကြောင့် မသုံးလုံးနယ်မြေမှ ပခုက္ကူယောဒေသ၊ မုံရွာ ပုလဲ ဒေသတို့ဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။ ၁၉၅၆-၅၇ အထိ မုံရွာ၊ မင်းဘူး၊ ရွှေဘို၊ ယောချောင်းစတဲ့ နေရာတွေမှာ တဝဲလည်လည် ဖြစ်နေခဲ့ပြီး ၁၉၅၈ အကုန်မှာ ပဲခူးရိုးမသို့ ပြောင်းရွှေ့ လာခဲ့တယ်လို့ သိရပါတယ်။
    '၁၉၅၈ ဒီဇင်ဘာလအတွင်း၌ သခင်သန်းထွန်းသည် ဘုန်းကြီးဝတ်ဖြင့် ဘောက်တူတစ်စင်း ငှားရမ်းကာ မြောင်မြို့နယ် ရွှေပေါက်ပင်မှ ပြည်မြို့သို့ စုန်ဆင်းခဲ့သည်။ သခင်သန်းထွန်းနှင့်အတူ ဗိုလ်တုတ်ရွှေနှင့် စစ်ကိုင်းခရိုင်ကော်မတီဝင် ရဲဘော်မင်းသန်းတို့လည်းလိုက် ပါလာခဲ့သည်။ ပြည်မြို့ ဆိပ်ကမ်းသို့ ရောက်ရှိသည့်အခါ လူဝတ်လဲပြီး ပေါင်းတလည်၊ ပေါက်ခေါင်းဘက်မှတစ် ဆင့် ပဲခူးရိုးမသို့ ရောက်ရှိလာပြီး တောင်ငူနယ်ဖြူးချောင်းဖျား၌ ယာယီစခန်းချ၍ နေလေသည်။ ထိုအချိန်တွင် ပဲခူးနယ် မြောက်ပိုင်း တောင်ပေါ် ၁၄ ရွာကို အထက်ဗမာ ပြည်မှ ကြိုတင်ရောက်ရှိနေသော သခင်ဇင်နှင့် သခင်ချစ်တို့သည် သခင်သန်းထွန်းရှိရာသို့ လာရောက်ပူးပေါင်းခဲ့ကြသည်။' (စာ-၂၄)
    ၁၉၆၃ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီနှင့် ခြိမ်းချမ်းရေးဆွေး နွေးပွဲပျက်ပြားသွားပြီးနောက် ၁၉၆၄ ခုနှစ်မှာ 'စစ်အနိုင်တိုက်ရေး ၆၄ လမ်းစဉ်'ကို ချမှတ်ခဲ့ပါတယ်။ မူလက ၁၉၅၅ ခုနှစ်က ချမှတ်ခဲ့တဲ့ 'စေ့စပ်ဆွေးနွေးအဖြေရှာရေး ၅၅ လမ်းစဉ် (ငြိမ်းချမ်းရေးလမ်းစဉ်)' ကို လိုလားသူများနှင့် ပဋိပက္ခဖြစ်လာခဲ့ပါတယ်။ စစ်အနိုင်တိုက်ရေးလမ်းစဉ်ချ မှတ်ပြီးခါမှ စစ်ရှုံးလာတဲ့အခါ ဥက္ကဋ္ဌသခင်သန်းထွန်းက ရဲဘော်ဌေး၊ ရဲဘော်ဂိုရှယ်နှင့် ဗိုလ်ရန်အောင်တို့ကို ၁၉၆၆ မှာ အပြစ်ရှာ သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တရုတ်ပြည်က ဥက္ကဋ္ဌမော်စီတုံးရဲ့ ယဉ်ကျေးမှု တော်လှန်ရေး အရှိန်ကလည်း ဗကပကို ပြင်းပြင်းထန်ထန်ရိုက် ခတ်ခဲ့ပါတယ်။ သခင်သန်းထွန်းဟာ တပ်နီလူငယ်များ ဖြင့် 'ဘဝဟစ်တိုင်လှုပ်ရှားမှုများ'ကို ဖန်တီးကာ ဖြုတ်ထုတ်သတ်လမ်းစဉ်ဖြင့် ပဲခူးရိုးမကို သွေးချင်းချင်း နီစေခဲ့ပါတယ်။
    ၁၉၆၈ ခုနှစ်အတွင်း ...ပီကင်းပြန်ထွန်း ရှိန်(ခ) ဖေငြိမ်းတို့အပါအဝင် တောခိုတက္ကသိုလ် ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ စိုးဝင်း(ခ)ထွန်းကျော်(လူထု ဦးလှနှင့်လူထုဒေါ်အမာတို့ရဲ့သား)၊ ကျော်ခင်၊ သိန်းထွန်း၊ ခင်ဝင်းနှင့် အောင်သိန်းနိုင်တို့အား ထွန်းငြိမ်း၊ ထွန်းရှိန်ဂိုဏ်းသားများ၊ ပါတီဗဟို ဆန့်ကျင်ရေးသမားများ၊ ပြန်လည်ပြင်ဆင်ရေးသမားများဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့ပါတယ်။ (စာ-၂၆-ရှု)
    ဒါ့ကြောင့် အင်မတန် စိတ်ဓာတ်ခိုင်မာလှပါတယ်ဆိုတဲ့ ကွန်မြူနစ်တွေကြားမှာ ထွက်ပြေးတဲ့သူ၊ အလင်းဝင်တဲ့သူတွေ ရှိလာခဲ့ပါတယ်။ ကွန်မြူနစ်တွေ ဖြုတ်ထုတ်သတ်တစ္ဆေ အခြောက်ခံနေရချိန်မှာ ဥက္ကဋ္ဌသခင်သန်းထွန်းရဲ့လူယုံတော် ကရင်တိုင်းရင်းသား ဖထီး ဦးအေးရွှေ အလင်းဝင်လာခဲ့ပါတယ်။
    'တိုက်ပွဲကြီးမတိုင်မီ ခြောက်ရက်ခန့်က ဥက္ကဋ္ဌကြီးသည် အလွန်အရေးကြီးသည့် ကိစ္စတစ်ရပ်ဖြင့် မြို့ပေါ်သို့ ဆက်သားတစ်ယောက်စေလွှတ်ရန် အကြီးအကျယ် ဦးနှောက်ခြောက်နေသည်။ ဗကပ ဗဟိုစခန်းတစ်ခုလုံးမှာ အချင်းချင်း လည်ချောင်းသွေးဖြင့် ခြေဆေးထားခဲ့ သဖြင့် မည်သူ့ကိုမျှ စိတ်ချ၍ မရတော့။ အသက်ဘေးကြောင့် စခန်းထဲမှာ ဟန်မပျက် နေကြသော်လည်း မြို့ ပေါ်လွှတ်လိုက်သည် နှင့် ပြေးမှာသေချာသည်။ သစ္စာဖောက်ကြတော့မည်။ ရွေးစရာလည်း လူမရှိ၊ မတတ်သာ သည့်အဆုံး သစ္စာအရှိဆုံးနေလာခဲ့သည့် မိမိ၏လူယုံကြီးကိုသာ လွှတ်လိုက်ရတော့သည်။ စိတ်ချလက်ချတော့ ဟုတ်ပုံမရ၊ အချိန်ခုနစ်ရက် ပေးလိုက်၏။ အချိန်မီပြန် မရောက်လျှင် အဖမ်းခံရပြီ(သို့မဟုတ်) အလင်း ဝင်သွားပြီဟု ယူဆ၍ တပ်မတော်စစ်ကြောင်းနှင့်အတူ ပြန်ရောက်မလာမီ (ဝါ) တပ်မတော်က လာမတိုက်မီ စခန်းပြောင်း၍ ပုန်း အောင်းကြရမည်။'
    'ဖထီးဦးအေးရွှေကလည်း တိုင်းရင်းသားပီပီ အလွန်ရိုးသားစွာ သစ္စာရှိခဲ့ပါသည်။ သို့ရာတွင် သူ့မျက် စိအောက်မှာ အချင်းချင်း သတ်ဖြတ်နေကြသည့် မရှုမလှ သွေးသံရဲရဲ ဇာတ်တူသားစားသည့် ပွဲများမှာတစ် ယောက်ပြီးတစ်ယောက် များလှပြီ။ ချောက်ချားနေပြီ။ ဒီလိုသာ သတ်နေကြရင် တစ်နေ့ င့ါအလှည့်ရောက်လာမှာပဲဟု ရိုးရှင်းစွာတွေးမိတော့သည်။ သို့နှင့် တောင်ငူသို့ အမြန်ဆုံးလာခဲ့ပြီး သူ့ဆရာအရင်းဖြစ်သူ အလင်းဝင် ဦးမောင်မောင်သန်း(သစ်တောအရာရှိ)ထံ အခြေအနေကို လိုရင်းပြောလိုက်သည်။ ယခင် ဗကပတောင်ငူခရိုင် ဥက္ကဋ္ဌနှင့် ပဲခူးတိုင်းကော်မတီဝင်ဖြစ်သူ ဦးမောင်မောင်သန်းကလည်း ချက်ဆိုနားခွက်က မီးတောက်ပြီး ဖထီးကို ခေါ်ဆောင်ကာ ရန်ကုန်သို့ အမြန်ဆုံး သွား ရောက်၍ အထက်ဌာနချုပ်သို့ တိုက်ရိုက်ဝင်လိုက်သည်။' (စာ-၄၇)
    ဒီလိုနဲ့ ဗကပဗဟိုစခန်းတည်နေရာ အတိအကျသိရပြီး တိုက်ခိုက်ချေမှုန်းဖို့ စီမံချက်ရေးဆွဲခဲ့ရာ ခြေမြန်တပ်ရင်း ၁၀၅ မှ တပ်ရင်းထောက်လှမ်းရေးအရာရှိ (အိုင်အို) ဗိုလ်မောင်မောင်သွင်နှင့် ရှေ့ပြေးအဖွဲ့(ထောက် လှမ်းရေးတပ်စိတ် + လက်ဖြောင့်တပ်စိတ်)တို့ဟာ တပ် ရင်းမှူးရဲ့ တာဝန်ပေးချက်အရ ပင်မစစ်ကြောင်းထက် နှစ်နာရီစောပြီး ထွက်ခွာလာခဲ့ပါတယ်။ ဗကပဗဟိုဌာန ချုပ်စခန်းသို့ ညအချိန်ချီ တက်ရမည့် လမ်းကြောင်းကို ကြိုတင်ထောက်လှမ်း သတင်းစုဆောင်းနိုင်ဖို့ပဲ ဖြစ်ပါ တယ်။ ရန်ကုန်-မန္တလေးလမ်းမကြီး(လမ်းဟောင်း)ပေါ် က ၁၅၉ မိုင် ၂ ဖာလုံရှိ ဇီးကုန်းဆိုတဲ့ရွာကလေးကို ညနေစောင်းချိန် ရောက်ခဲ့ပြီး၊ ဗကပတွေရှိရာ လမ်းပြနိုင်လောက်တဲ့ ရွာသားသုံးဦးကို စုံစမ်းမေးမြန်း ခဲ့ပါတယ်။ ရွာသားသုံးဦးက နေ့ခင်းဘက်သာသွားတတ်ပြီး ညဘက် လုံးဝမသွားတတ်ကြောင်း ငြင်းဆိုကာ လမ်းပြနိုင်မယ့် မုဆိုးတစ်ဦးကို ညွှန်းဆို လိုက်ကြပါတယ်။ ကံကောင်းချင်တော့ မုဆိုးက နေ့ညမရွေး လမ်းပြပေးနိုင်ကြောင်း သဘောတူလိုက်ပါတယ်။ ည ၈ နာရီမှာ ဝမ်းအိုဖိုက်(ခြေမြန်တပ်ရင်း-၁၀၅) ဇီးကုန်းရွာကလေးကို ရောက်လာခဲ့ပြီး ချက်ချင်းပဲ တိုက်ပွဲအစီအစဉ်ကို တပ်ရင်းမှူးကြီးက မိန့်ကြားတော့တယ်။
    ဒီလိုနဲ့ ညကိုးနာရီမှာ စစ်ကြောင်းစတင်ထွက် ခွာလာခဲ့တယ်။ မှောင်နဲ့မည်းမည်း မိုးဖွဲဖွဲမှာ ခက်ခက်ခဲခဲ ချီတက်ကြရတယ်။ တစ်ညလုံးချီတက်ခဲ့ရာ မြရာပင် ကြောကို ဖြတ်ကျော်ပြီး 'စင်းချောင်း'ထဲ ဆင်းခဲ့ချိန်မှာ မိုးစင်စင်လင်းခဲ့ပေပြီ။ စင်းချောင်းရေက ချောင်းဖျားမှာပင် ခါးအထိနက်နေ ခဲ့ပြီ။ ၁၉-၉-၁၉၆၈ နံနက် ၅ နာ ရီမှာ ဗကပဗဟိုစခန်းကို စတင်တိုက်ရမည်ဆိုတဲ့ ရည် မှန်းချက်နဲ့လည်း လွဲချော်ခဲ့ပေပြီ။ ချောင်းဘယ်ညာကပ်ပြီး ချီတက်ခဲ့ရာ မြောင်ပေါက်ဝငယ်တစ်ခုအရောက်မှာ အလင်းဝင်ဖထီးဦးအေးရွှေက 'ဒီကဝင်'လို့ ညွှန်ပြခဲ့ပါတယ်။ ဝါးရုံတောကြီးထဲ သတိကြီးကြီးထားပြီး တိုးဝင်လာခဲ့ရာ ရှေ့မနီးမဝေးမှာ တဲသုံးလုံးကို တွေ့လိုက်ရပါတယ်။
    'အဲဒါ ဥက္ကဋ္ဌကြီး တဲ'
    အလင်းဝင်ဖထီးက အတည်ပြုပေးလိုက်တာနဲ့ အသေခံတပ်စိတ်ဟာ တောင်စောင်းအတိုင်း တဲများရှိရာသို့ တက်သွားခဲ့ပါတယ်။ ဗိုလ်ကြီးဝင်းမော်ဦးဆောင်တဲ့ အသေခံတပ်စိတ်ရဲ့ တာဝန်က (ဥက္ကဋ္ဌ သခင်သန်းထွန်းနှင့် ဗဟိုကော်မတီလူကြီးများကို လက်ရဖမ်းဆီးရန်ဖြစ်သည်။ အကယ်၍ ရန်သူက ထွက်ပြေးရန် ကြိုးစားပါက သူ့လူ ကိုယ့်လူ မခွဲခြားဘဲ ပစ်ခတ်ဖမ်းဆီးရမည်ဖြစ်ပါသည်။)လို့ သိရပါတယ်။ 'အကယ်၍ ရန်သူနှင့် လုံးထွေး သတ်ပုတ်ရမည်ဆိုပါက ရန်သူလွတ်မြောက်မသွားစေရန် ရန်သူနှင့် မိမိလူကိုပါ ပစ်ခတ်ဖမ်းဆီးရမည်'လို့ ဆိုပါတယ်။ (စာ-၄၂)
    'တပ်ရင်းမှူး ဗိုလ်မှူးမောင်မောင်သန်း ဦးစီးသည့် ခမရ ၁၀၅ ရှေ့တန်းဌာနချုပ် တပ်ခွဲများသည် မူလစီမံချက်အတိုင်း ဗဟိုစခန်းရှိရာသို့ တောင်ဘက်မှ တိတ်ဆိတ်စွာ ချဉ်းကပ်ခဲ့ကြပါသည်။ ဗဟိုစခန်းမှ တဲများနှင့် ကိုက် ၂၀ အကွာအဝေးအထိ ချဉ်းကပ်နိုင်ခဲ့ပါသည်။ ထိုအကွာအဝေးမှနေ၍ သခင်သန်းထွန်း၊ သခင်ချစ်တို့ နေထိုင်ရာတဲများကိုလည်းကောင်း၊ မဏ္ဍပ်လိုလိုဆောက် လက်စဝါးတဲကြီး (ဗဟို မာ့က်စ်လီနင်ဝါဒသင်တန်းကျောင်း)၏ အပေါ်ဝါးတန်းများပေါ်၌ တက်ရောက်အလုပ်လုပ်နေကြသည့် ရန်သူများကိုလည်းကောင်း တွေ့မြင်ရပါပြီ။ ထိုရန်သူများကို ပစ်ခတ်နိုင်မည့် ပစ်ကွင်းအကောင်းဆုံးနေရာကို ရွေးချယ်ကြရပါသည်။ ရှေ့ဆုံးမှ အသေခံချေမှုန်းရေး တပ်စိတ်(ကွန်မင်ဒို)အနေနှင့် ဗဟို ကော်မတီဝင်လူကြီးများကို အရှင်ဖမ်းမိနိုင်ရေးအတွက် ၎င်းတို့နေထိုင်ရာတဲများဆီသို့ တိတ်ဆိတ်စွာ တရွေ့ရွေ့ ချဉ်းကပ်လျက်ရှိကြပါသည်။} (စာ-၅၂)
    အဲဒီအချိန်မှာ အခြေအနေကို မရိပ်စားမိတဲ့ ဗကပအမျိုးသမီးနှစ်ဦး တောင်ဆွယ်ဘက်မှ သီချင်းဆိုပြီး ရေခပ်ဆင်းလာကြရာ ဗိုလ်နေဝင်းတပ်စုနဲ့ ပက်ပင်းတိုးပြီး မိန်းမနှစ်ယောက် အော်ဟစ်ထွက်ပြေးရာ ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ပါတယ်။ ကွန်မင်ဒိုတပ်စိတ်ကလည်း သခင်သန်းထွန်း၊ သခင်ချစ်နှင့် ဗဟိုကော်မတီဝင်လူကြီး များနေထိုင်ရာ တဲများဆီသို့ ဆက်တိုက်ပစ်ခတ်ခဲ့ကြပါတယ်။ တောင်ကမူတောအုပ်ဘက်က ရန်သူက ပြန်လှန် ပစ်ခတ်ခဲ့ပေမယ့် ရှေ့ကင်းပြိုသွားတဲ့အခါ ခံမပစ်တော့ဘဲ ထွက်ပြေးသွားကြပါတယ်။
    'အသေခံချေမှုန်းရေးတပ်စိတ်(ကွန်မန်ဒို)က တက်ရောက်စီးနင်းသည့် တောင်ကြော (ဗကပ ဗဟိုရုံးအဖွဲ့)ဘက်တွင်မူ ဆက်လက်ပစ်ခတ်နေသည်။ ၎င်းဘက်မှ အတွဲလိုက်ပစ်ခတ်သံများ ၁၀ မိနစ်ခန့် အပြင်းအထန်ကြားရပြီး တဖြည်းဖြည်း ပစ်ခတ်မှုရပ်စဲသွားပါပြီ။ ဥက္ကဋ္ဌ သခင်သန်းထွန်း၏တဲကို ကြမ်းပြင်အောက်မှ ဖောက်၍ မွစာကျဲအောင်ပစ်ရင်း တခြားဗဟိုကော်မတီဝင် လူကြီးများနေထိုင်ရာ တဲများကိုလည်း ပစ်ခတ်ရှင်းလင်းကာ ကုန်းကြောပေါ်သို့ ချက်ချင်းတက်စီးမိသည်။' (စာ-၅၆)
    ဗဟိုမာ့က်စ်လီနင်ဝါဒ သင်တန်းကျောင်းရဲ့ ခေါင်မိုးပေါ်မှာ အမိုးမိုးရန် တက်ရောက်နေသူတွေကိုလည်း လှမ်းပစ်ရာ တချို့ထိမှန်၊ တချို့ ခုန်ချထွက်ပြေး သွားကြပါတယ်။
    'ထိုအချိန်တွင် သခင်ချစ်သည် သခင်သန်းထွန်းတဲအနီး ဆွေးနွေးနေရာမှ မြောက်ဘက်တွင် ကပ်လျက်ရှိသော မိမိတဲသို့ အပြေးဝင်လာပြီး ပစ္စည်းများကို အလုအယက်ဆွဲ၏။ ခါးပတ်ကိုသာ အနိုင်နိုင်ဆွဲယူနိုင်တော့၏။ ကျောပိုးအိတ်နှင့် အရေးကြီးစာရွက်စာတမ်းများကို မယူနိုင်တော့ဘဲ လူလွတ်အောင် ကုတ်ကုတ်ကတ်ကတ် ထွက်ပြေးခဲ့သည်။ သခင်သန်းထွန်း၏ တဲအနီးတွင် ဆွေးနွေးနေကြသော ရဲဘော်သက်(ပဲခူးရိုးမတိုင်း)၊ ရဲဘော်စိုးဝင်း(ပီကင်းပြန်)နှင့် အခြားဆွေးနွေးပွဲ တက်ရောက်သူများလည်း ကိုယ်လွတ်ရုန်း ထွက်ပြေးကြ၏။ ရဲဘော်အောင်ကြီး(ပီကင်းပြန်)သည် ကာဘိုင် သေနတ်ကိုအရဆွဲပြီး ချောက်ထဲသို့ ခုန်ဆင်းပြေးတော့၏။' (စာ-၅၉)
    တပ်နီလူငယ်များ၊ တပ်နီအမျိုးသမီးများနှင့် ကြိုးမဲ့ကြေးနန်းစက်သမားများလည်း ထွက်ပြေးသွားကြလေပြီ။ ရဲဘော်မျိုးတင့်(ပီကင်းပြန်)ဟာ သခင်သန်းထွန်း ပြေးရာနောက်ကို အတင်းပြေး လိုက်သွားပါတယ်။ သခင်သန်းထွန်းသည် ပစ်ခတ်နေသော ကျည်ဆန်များအောက် မှာပင် ကုန်းလိုက်၊ ဝပ်လိုက်ဖြင့် ထွက်ပြေးနေသည်။ ထိုစဉ်တွင် တောင်ဘက်ကြောဆုံး၏ ထိပ်၌ရှိသော ရဲဘော်နှစ်ဦး (ရဲဘော်မြင့်နိုင်နှင့် ရဲဘော်ထွန်းအောင်)တို့က စက်ကလေးသေနတ်ဖြင့် ပစ်ခတ်ကာကွယ်ပေး၏။ ထို့ကြောင့် သခင်သန်းထွန်းသည် ကြောကွေ့အတိုင်း အနောက်ဘက်သို့ ကွေ့၍ ထွက်လိုက်နိုင်ပြီး ကျည်ကွယ်ကိုရသွားတော့၏'လို့ ဖော်ပြထားပါတယ်။(စာ-၆၀-ရှု)
    မြရာပင်ကြောကြီးတစ်လျှောက် သေနတ်သံတွေ မိုးကြိုးပစ်သလို တော်လဲသံလို မိနစ် ၂၀ ခန့်မြည် ဟိန်းနေပါတော့တယ်။ သေနတ်သံများ ရပ်စဲသွားတဲ့အခါ လျှိုထဲက တက်လာတဲ့ တပ်ရင်းမှူးကြီးက 'အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ}လို့ တစ်တောလုံး ပဲ့တင်သွားအောင် ဟစ်ကြွေးလိုက်ပါတယ်။
    'အဆိုပါ တိုက်ပွဲတွင် ဗကပတိုင်းကော်မတီဝင် အဆင့်ရှိ ဗိုလ်စိန်လွင်(ခ)စိန်ရိုး၊ တိုင်းကော်မတီဝင်ထွန်းရှိန်၊ ခရိုင်အတွင်းရေးမှူးဝင်းအောင်၊ ခရိုင်ကော်မတီဝင် အဆင့်ရှိ လှမြင့်နှင့် ခြောက်ဦးတို့အပြင် အမျိုးသမီးတပ်စုမှူး မညွန့်ညွန့်၊ မစိုးစိုး(ခ)စိုးစိုးသန်း၊ မသန်းစိန်တို့အပါအဝင် စုစု ပေါင်း ၁၃ ယောက်တို့ကို အသေရမိပြီး လက်နက်မျိုးစုံ ၂၂ လက်၊ ဖောက်ခွဲရေးကိရိယာများ၊ တရုတ်နိုင်ငံမှ ပေးပို့လိုက်သည့် ၁၀၂ အီးဆက်သွယ်ရေး စက်တစ်လုံးနှင့်အတူ သခင်သန်းထွန်း၏ နေ့စဉ် ဒိုင်ယာယီ မှတ်တမ်းများ၊ ပါတီအတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုများ၊ ပါတီတွင်း အကွဲအပြဲဇာတ်လမ်းများနှင့် အကျပ်အတည်းများ ပါဝင်သည့် အရေးကြီးစာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့ပါသည်။' (စာ-၆၄)
    ဗကပဗဟိုစခန်းကိုတော့ အောင်မြင်စွာသိမ်း ပိုက်နိုင်ခဲ့ပါပြီ။ သို့သော် ဥက္ကဋ္ဌကြီး သခင်သန်းထွန်းနှင့် သူ့လူများကား ထွက်ပြေးလွတ်မြောက်သွားခဲ့လေပြီ။ တပ်မတော်ကား ဆက်၍ ချီရပေဦးမည်။ ဆက်၍တိုက် ပွဲဝင်ရပေဦးမည်။ ငြိမ်းချမ်းရေးရောင်နီ သမ်းချိန်အထိ ခရီးကြမ်းကြီးကို ဆက်လက် ဖြတ်သန်းနေရဦးမှာ ဖြစ်ပါ တယ်။        ။ 
( မြတ်ဘုန်းသစ် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 423

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.