ဗိုလ်စံဖဲ ဝင်စားတယ်ဆိုတဲ့ ကိုးကန့် ဘိန်းဘုရင်မ

၂၀၂၃ နိုဝင်ဘာ ၂၄

    မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကို ကိုးကန့်ဦး ဆောင်ပြီး ထောင်ထားခြားနားလျက်ရှိတာနဲ့ ဆက်စပ်ပြီး သုံးသပ်ဝေဖန်ချက်တွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ သူတို့ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ တရုတ် ဘာသာဖြင့် ]ကျားဖြန့်}လို့ ခေါ်တဲ့ အွန်လိုင်းပေါ်က ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုတာ ဒီနေ့ နည်းပညာခေတ်မှာ ပေါ်လာတဲ့ ဒုစရိုက်မှုတစ်မျိုးသာ ဖြစ်တယ်။ ကျားဖြန့်ထက် အဆပေါင်းရာထောင်မက ဆိုးရွားလှတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိုတော့ ထည့်မပြောဘူး။ ဘယ်ပြောမလဲ မူးယစ်ဆေးဝါးက သူတို့ရဲ့ အသက်သွေး ကြောဖြစ်နေတာကိုး။ သူတို့တပ်တွေ လက်နက်တပ် ဆင်ထားတာ မူးယစ်ဆေးဝါးကရတဲ့ ပိုက်ဆံတွေအပေါ် မှာ အဓိကအားပြုထားရတယ် မဟုတ်ပါလား။ ကိုးကန့် လက်နက်ကိုင်အဖွဲ့ကို စတင်တည်ထောင်ခဲ့တဲ့ 'ယန်း မိသားစု၊ ယန်းမျိုးဆက်'ထဲမှာ အလွန်အရေးပါတဲ့ အောလစ်ဖ်ယန်း အကြောင်းကို ၂၀၂၃ ဇူလိုင်လထဲမှာ မြန်မာပြန် စာအုပ်တစ်အုပ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
    မူရင်းစာအုပ်အမည်ကိုက 'The Opium Queen' (ဘိန်းဘုရင်မ)လို့ ဖြစ်ပေမယ့် ဘာသာပြန်သူ ဆရာနိုင်ဦးက 'ကိုးကန့်မင်းသမီး'လို့ သက်သက်ညှာညှာ အမည်ပေးထားတယ်။ မူရင်းစာအုပ်ရေးသူ ဂတ်ဘီ(ဂါဘရီယယ်ပေါလ်လပ်) Gabrielle Paluch မှာ အမေရိကန်နိုင်ငံသူတစ်ဦးဖြစ်ပြီး မြန်မာပြည်တွင် 'မြန်မာတိုင်းမ်'သတင်းစာထုတ်ဝေစဉ်က သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူလို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ် မီဇိုရီပြည်နယ် စိန့်လူးဝစ်မြို့ ဝါရှင်တန်တက္ကသိုလ်မှ တရုတ်ဘာသာ အဓိကဖြင့် ဘွဲ့ရခဲ့သူ 'ဂတ်ဘီ'ဟာ 'မြန်မာတိုင်းမ်' (Myanmar Time) မှာ လက်ထောက်အကူ အယ်ဒီတာလုပ်ရင်း အော်လစ်ဖ်ယန်း အကြောင်း ကြားမိရာက စိတ်ဝင်စားလာခဲ့ပါတယ်။ အော်လစ်ဖ်ယန်းအကြောင်း စာ အုပ်တစ်အုပ်ဖြစ် အောင် ဂတ်ဘီကြိုးစားခဲ့ပါတယ်။ အောလစ်ဖ်ယန်းနဲ့ ပတ်သက်သမျှ စာအုပ်စာတမ်းများကို ဖတ်မှတ်ကိုးကားခဲ့သလို အော်လစ်ဖ်ယန်းနဲ့ အနွယ်တော် သွေးချင်းမောင်နှမများ၊ အခြားသက်ဆိုင်သူ များနဲ့လည်း ခက်ခက်ခဲခဲတွေ့ဆုံမေးမြန်းခဲ့ပြီး တစ်ဆင့်ကြား အကြောင်းအရာတွေကိုလည်း ထည့်သွင်း ရေးသား ခဲ့တယ်လို့ သိရပါတယ်။
    ဂတ်ဘီရဲ့စာအုပ်မှာ ဖြစ်ရပ်မှန်တွေကို အား ပြုရေးသားခဲ့ပေမယ့် စိတ်ကူးယဉ်ဆန်ဆန်၊ ပုံပြင်ဒဏ္ဍာ ရီဆန်ဆန် အရေးအဖွဲ့တွေလည်း ရောနှောပါဝင်နေတာကို ဝန်ခံထားပါတယ်။ ဂတ်ဘီက ပွင့်ပွင့်လင်းလင်းရေး သားခဲ့တာတွေကို စာအုပ်အစပိုင်းမှာပဲ တွေ့ခဲ့ရပါတယ်။ မြန်မာပြည်မှာ ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပနေချိန် တုန်းက သူမဟာ ဗွီအိုအေသတင်းဌာနမှာ အလုပ်လုပ် နေချိန်ဖြစ်ပါတယ်။ 'အမေရိကန် ဗွီအိုအေရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာနမှာ အမေရိကန် စီအိုင်အေ အဖွဲ့ကြီးအတွက် နောက်ကွယ်မှ အလုပ်လုပ်ပေးနေသော သတင်းဌာန'လို့ စာမျက်နှာ-၂၆ မှာ ဖော်ပြထားပါတယ်။
    မြန်မာတိုင်းမ် သတင်းစာတိုက်တွင် အလုပ်လုပ်နေစဉ် အံ့သြချောက်ချားဖွယ် သိခဲ့ရသော သတင်း တစ်ပုဒ်မှာ ရှမ်းပြည်ဒေသတွင် ခိုးကြောင်ခိုးဝှက် အလုပ်လုပ်နေသော အမေရိကန် စီအိုင်အေ၏ ကျဆုံးခန်းတွေ ပဲဖြစ်သည်။ စစ်အေးကာလအတွင်း အမေရိကန်အစိုးရ နိုင်ငံခြားရေး ပေါ်လစီအရ တရုတ်ကွန်မြူနစ်ဆန့်ကျင် ရေးအတွက် ဒေသခံတိုင်းရင်းသားတွေကို စီအိုင်အေမှ လက်နက်နှင့် ငွေကြေးအလုံးအရင်းနှင့် အကူအညီပေး ခဲ့ရာ အဆိုပါ အုပ်စုသည် မြန်မာနယ်ခြားဒေသတွင် ၁၀ စုနှစ်ပေါင်းများစွာ အခိုင်အမာ ခြေကုပ်ယူ၍ စစ်ရေး အရ ခြိမ်းခြောက်နေသည်။ အပြန်အလှန်အားဖြင့် လက်နက်ကိုင် အုပ်စုတွေဘက်ကလည်း စီအိုင်အေ အတွက် ဘိန်းစိုက်ပျိုးထုတ်လုပ်ပေးရသည်။ စီအိုင်အေ အထောက်အပံ့ယူထားသော ကွန်မြူနစ်ဆန့်ကျင်ရေး ပြောက်ကျားအဖွဲ့တွေကလည်း ထောက်လှမ်းရေးသတင်း တွေ စုဆောင်းပေးရသည်။ အဆိုပါ ဖြစ်ရပ်မှာ မြန်မာ နယ်ခြား၌သာမက မြောက်ဗီယက်နမ်တွေကို ဆန့်ကျင် တိုက်ခိုက်နေကြသော လာအိုနိုင်ငံတွင်လည်း အလားတူ ဖြစ်သည်။ ကွန်မြူနစ်ဆန့်ကျင်ရေး လျှို့ဝှက်တိုက်ပွဲများ တွင် လူနည်းစု တိုင်းရင်းသား ကြေးစားလက်နက်ကိုင်တွေ ပါဝင်ကြသည်။ သို့တိုင် အရှေ့တောင်အာရှဒေသ အမေ ရိကန်အစိုးရ နိုင်ငံခြားရေး ပေါ်လစီမှာ မအောင်မြင်၊ အကွဲကွဲ အပြဲပြဲ ရှုံးပွဲနှင့်သာ အဆုံးသတ်ခဲ့သည်။' (စာ-၃၁)
    '၇၀ လွန် ဆယ်စုနှစ် အစောပိုင်းကာလ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော ဘိန်းဖြူ အများ အပြား နယူးယောက်စီးတီးတွင် ဖမ်းဆီးမိရာ စုံစမ်းစစ် ဆေးချက်အရ အမေရိကန် စီအိုင်အေနှင့် ချိတ်ဆက်နေ သော အဖွဲ့များထံမှ ဘိန်းဖြူများဖြစ်ကြောင်း သိရ၍ စီ အိုင်အေ အထောက်အပံ့ပေးထားသော ကွန်ရက်အား လုံး အဆိုပါကိစ္စအတွက် အမေရိကန်ကွန်ဂရက်မှ ပြစ် တင်ဝေဖန်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်မှာ ရှမ်းပြည်နယ် တထိုမှ ဘိန်းရာဇာတွေနှင့် အမေရိကန် စီအိုင်အေတို့၏ ပဏာမအချိတ်အဆက်ပင် ဖြစ်တော့သည်။' (စာ-၃၁)
    ဂတ်ဘီဟာ အောလစ်ဖ်ယန်းရဲ့ အကြောင်း ရေးနိုင်ဖို့ မြန်မာ့အရေးကျွမ်းကျင်သူဆိုတဲ့ ဘာတေးလ် လစ်တနာကိုလည်း သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါ တယ်။
    'အောလစ်ဖ်နှင့် စီအိုင်အေ ပတ်သက်ခဲ့သည် ဆိုသော သတင်းကို နောက်ဆုံးမေးခွန်းအနေနှင့် ဘာ တေးကို အရဲစွန့်မေးသည်။
    'အောလစ်ဖ်ဟာ စီအိုင်အေရဲ့ လျှို့ဝှက်တပ်ဖွဲ့ တွေအတွက် အရေးပါတဲ့ လူတစ်ယောက်ဆိုတာ ယုံ ကြည်ရမယ့် အထောက်အထားတွေ အများကြီး ရှိပါတယ်'လို့ ဘာတေးလ်လစ်တနာက အဖြေပေးပါတယ်။ (စာ-၆၇-ရှု)
    ကိုးကန့်မင်းသမီး (ဝါ) ဘိန်းဘုရင်မ အော လစ်ဖ်ယန်းရဲ့ ဇာတိမြေနှင့် ကြီးပြင်းလှုပ်ရှားခဲ့ရာ 'ကိုး ကန့်ဒေသ'အကြောင်းကိုလည်း ဒီလိုမိတ်ဆက်ပေးထားပါ တယ်။
    'ကိုးကန့်ဆိုသည်မှာ တရုတ်နိုင်ငံ နယ်နိမိတ်နှင့် ထိစပ်နေသော ရှမ်းပြည်(မြောက်ပိုင်း) တောင်ထွတ် တောင်တန်း၊ လျှိုကြီးချောက်ကြီးတွေ ပတ်ချာလည်တွင် ခပ်မြောင်မြောင် ရှည်လျားသွယ်တန်းနေသော ဒေသဖြစ် သည်။ အဆိုပါဒေသတွင် ကိုးကန့်တိုင်းရင်းသားများနှင့် တရုတ်နွယ်ဖွား လူဦးရေ အနည်းငယ် နေထိုင်ကြသည်။ ကုလသမဂ္ဂအေဂျင်စီများ၏ အဆိုအရ ကမ္ဘာတွင် ဘိန်း အများဆုံး စိုက်ပျိုးထုတ်လုပ်ရာ ရွှေတြိဂံနယ်မြေ၏ အစိတ်အပိုင်းလည်း ဖြစ်သည်' (စာ-၁၉)
    'ကိုးကန့်ဒေသမှာ ဘိန်းစိုက်ပျိုးသူတို့၏ မဟာ အိပ်မက်ကမ္ဘာကြီးဖြစ်တော့သည်။ ဘိန်းပန်းပွင့်တို့၏ စည်းချက်သံစဉ်များမှာ ဘိန်းစိုက်သူတောင်သူတို့၏ နား ဝင်ပီယံ ဂီတသံများဖြစ်သည်။ သူတို့လိုအပ်သော အရာ ရာကို အထောက်အပံ့ပေးနေသော နတ်စောင်းညင်းသံ လည်း ဖြစ်သည်။ ဘိန်းစားခြင်း၊ ဘိန်းရှူခြင်းမှာ ကိုယ် ကျင့်တရားပျက်စီးစေသော အမှုကိစ္စအဖြစ် သဘော မထား၊ ရှေးရိုးအစဉ်အလာ အပြုအမူတစ်ခုဖြစ်သည်။ ကိုးကန့်ဒေသတွင် ဘိန်းစိုက်ပျိုးသူများမှာ သူတို့ရရှိသော ဘိန်းစိမ်းတန်ချိန်၏ ငါးပုံတစ်ပုံကို ကိုးကန့်စော်ဘွားထံ သို့ အခွန်အတုပ်အနေဖြင့် ပေးဆောင်ရသည်။ ကိုးကန့် ဆော်ဘွားမှာ ကိုးကန့်ဒေသတစ်နယ်လုံးတွင် တစ်ဦး တည်းသော လက်ကားဘိန်းကုန်သည်ဖြစ်သည်။' (စာ-၄၃)
    အဲဒီသမိုင်းကြောင်း နောက်ခံအပေါ်မှာ နောင်အခါ ဘိန်းဘုရင်မလို့ သတင်းကြီးလာမယ့် အော လစ်ဖ်ယန်းကို ၁၉၂၇ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒီ ကလေးမလေး မွေးဖွားချိန်မှာ မြန်မာပြည်တစ်ဝန်းမှာ ဟိုလေးတစ်ကျော် နာမည်ကြီးနေတာက 'တောပုန်းကြီး ဗိုလ်စံဖဲ' ဖြစ်ပါတယ်။ ဗိုလ်စံဖဲရဲ့ သတင်းကို ကိုလိုနီ ခေတ် မြန်မာသတင်းစာများက နေ့စဉ်လို ဖော်ပြခဲ့ရာ ဗိုလ်စံဖဲဟာ အင်္ဂလိပ်ဆန့်ကျင်တော်လှန်သူ သူရဲကောင်း ကြီးအဖြစ် ကျော်ကြားခဲ့ပါတယ်။ ဗန္ဓုလသတင်းစာကြီး ဟာ ဗိုလ်စံဖဲသတင်းတွေ အရေးကောင်းလို့ စောင်ရေ သိန်းချီရိုက်နှိပ်ခဲ့ရတဲ့အထိ အောင်မြင်ခဲ့တယ်လို့ ဆရာ တော်မာဂဓီ(သာစည်)ရဲ့ မှတ်တမ်းမှာ တွေ့ရပါတယ်။
    ဆရာကြီးသခင်ကိုယ်တော်မှိုင်းကပင် 'ရဲသော ဇာနည် ...မဲတော သာစည်ကရှင့်' အစချီတဲ့ လေးချိုး ကြီးရေးကြီး ဗိုလ်စံဖဲကို ဂုဏ်ပြုခဲ့ပါတယ်။ အဲဒီခေတ် အငြိမ့်သီချင်းများမှာလည်း မင်းသမီးတွေက ဗိုလ်စံဖဲအ ကြောင်း သီဆိုရင်းကပြ ဖျော်ဖြေတာကို ပွဲကြည့်ပရိသတ် ကြီး အလွန်နှစ်ခြိုက်စွာ သြဘာပေးခဲ့ကြပါတယ်။
    'မာမီရယ် ...ပါပီရယ် ...သာစည်နယ် အတွင်း...နေရင်းမတော့၊ မဲတောရွာတွင် ဗိုလ်စံဖဲပွဲ ကြည့်လာတာမြင် ...' ယနေ့တိုင် ရံဖန်ရံခါ သီဆိုလေ့ ရှိတဲ့ အငြိမ့်သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ဗိုလ်စံဖဲအကြောင်း ရုပ်ရှင်ရိုက်ပြရာ မှာလည်း ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်။ 'ဗိုလ်စံဖဲ'၊ 'တောပုန်းကြီးစံဖဲ'ဆိုပြီး ရုပ်ရှင်နှစ်ကား အပြိုင်အဆိုင် ရိုက်ကူးခဲ့ရာ ရွှေဘ သရုပ်ဆောင်တဲ့ ဗိုလ်စံဖဲက အထူး အောင်မြင်ခဲ့ပါတယ်။ (တောပုန်းကြီး စံဖဲအဖြစ် မောင်သင် သရုပ်ဆောင်ပါတယ်။) ဒီဘက်ခေတ်မှာလည်း ဒါ ရိုက်တာမောင်မျိုးမင်းက မင်းဟိဏ်း၊ ပြေတီဦးတို့နဲ့ ဗိုလ် စံဖဲ ဗီဒီယိုဇာတ်ကား ရိုက်ကူးခဲ့သလို နေထူးနိုင်ကလည်း ဗိုလ်စံဖဲကို ပုံစံတစ်မျိုးနဲ့ သရုပ်ဆောင်ရိုက်ကူးခဲ့ပါတယ်။ ဒီနေ့ခေတ်အထိ မေ့မရအောင် တသသပြန်ပြောရတဲ့ ဗိုလ်စံဖဲဇာတ်ကြောင်းဟာ ၂၀၁၅ မေလ စတုတ္ထအကြိမ်ထုတ် 'မြန်မာပြည်နိုင်ငံရေးရာဇဝင်' စာအုပ်ကြီးမှာလည်း ခေါင်းစဉ်တစ်ခုအနေနဲ့ မှတ်တမ်းတင် ဖော်ပြခဲ့ပါတယ်။ ဆရာတော်မာဂဓီ(သာစည်)ရဲ့ နယ်ချဲ့တော်လှန်ရေး သမား ဗိုလ်စံဖဲစာအုပ်ကတော့ စာပေဗိမာန်ပထမဆု ဆွတ်ခူးသွားခဲ့ပါတယ်။
    ဗိုလ်စံဖဲရဲ့ ဂုဏ်သတင်းဟာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကျော်ကြားခဲ့လေရာ အင်္ဂ လိပ်ခေတ် ကိုးကန့်တောင်တန်းဒေသအထိပါ ဖုံးလွှမ်းသွားပါတယ်။ နောင်အခါ ရွှေတြိဂံဒေသမှာ မင်းသမီး တစ်ပါးသဖွယ် လျှမ်းလျှမ်းတောက်လာမယ့် အောလစ်ဖ် ယန်းကလေးကို ဗိုလ်စံဖဲဝင်စားတယ်လို့ ယုံကြည်ယူဆ ကြတယ်လို့ ဂတ်ဘီရဲ့ စာအုပ်မှာ ဖော်ပြထားတာဟာ အတော်ထူးဆန်းနေပါတယ်။
    'ဗိုလ်စံဖဲကို အင်္ဂလိပ်ဗာရာ စစ်သား တစ်ထောင်ဖြင့် လိုက်လံဖမ်းဆီးပါသော်လည်း မရနိုင်၊ လွတ် မြောက်နေပြီး ဗိုလ်စံဖဲနှင့်ပတ်သက်၍ ပုလိပ်ဌာနတွင် အမှုတွဲများအဖြစ်သာ မှတ်တမ်းအဖြစ် ရှိနေသည်။ ဓား ပြကြီး ဗိုလ်စံဖဲကို အင်္ဂလိပ်အစိုးရမှ ဆုတော်ငွေပေး၍ ဖမ်းဝရမ်းထုတ်ထားသော်လည်း ဗိုလ်စံဖဲမှာ တုတ်ပြီး၊ ဓားပြီး၊ ကျည်ဆန်ပြီးသော အဆောင်အယောင်လက်ဖွဲ့ နှင့် ထိုးကွင်းမင်ကြောင်တွေရှိသဖြင့် မည်သို့မျှ သတ်၍ မသေနိုင်ကြောင်း ဒေသခံပြည်သူတွေ ယုံကြည်ကြသည်'(စာ-၃၉)
    ဗိုလ်စံဖဲငှက်ဖျားရောဂါ အသည်းအသန်ခံစား နေရချိန် အင်္ဂလိပ်တွေ ဖမ်းမိသွားပြီး မြင်းခြံထောင်ကို ပို့လိုက်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကိုယ်တိုင် မြင်းခြံထောင်ကိုသွားရောက် တွေ့ဆုံအားပေးခဲ့ ပြီးနောက်မှာတော့ ဗိုလ်စံဖဲကို ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ အမေရိကန် သတင်းစာဆရာမ ဂတ်ဘီက 'ဗိုလ် စံဖဲ ကိုးကန့်မိသားစုတွင် အောလစ်ဖ်အဖြစ် လူပြန်ဝင် စားလာတာပဲလို့ ယုံကြည်ကြသည်'လို့ ရေးသားဖော်ပြ ထားပါတယ်။
    ဒီနေရာမှာ ပြောစရာရှိတာက ဗိုလ်စံဖဲက အင်္ဂလိပ်အစိုးရ ယန္တရားကို ကိုင်လှုပ်ခဲ့သူ အညာကျေး တောသား၊ ပုန်ကန်ရေးသမား၊ အောလစ်ဖ်ယန်းက ဘိန်း  ဘုရင်မဖြစ်လာလေရာ အများကြီး အလှမ်းကွာနေတယ် ဆိုတာပါပဲ။ ပြီးတော့ ဂတ်ဘီက ဗိုလ်စံဖဲကို 'ဓားပြကြီး' လို့ ရေးတယ်။ ဗြိတိသျှ မှတ်တမ်းတွေမှာ မြန်မာတော် လှန်ရေးသမားတွေကို လူဆိုးသူခိုးဓားပြအဖြစ် မှတ်တမ်းတင်ထားလေ့ရှိတာကို ယူရေးပုံရပါတယ်။
    အောလစ်ဖ်မွေးလာချိန်မှာ ကိုးကန့်ဟော်နန်း အတွင်း အာဏာလုပွဲတွေနဲ့ မငြိမ်မသက်ဖြစ်နေချိန်ဖြစ် ပါတယ်။ အောလစ်ဖ်ရဲ့ ဖခင်ရဲ့ စော်ဘွားအရာကို ဝမ်း ကွဲအစ်ကို တော်စပ်သူက လုယူဖို့ ကြိုးစားတယ်။ နယ် ရှင်ပယ်ရှင် စဝ်ဟုန်ဖက သူပုန်တွေကို အားပေးကူညီ တယ်။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရရဲ့ အကူအညီနဲ့ သူပုန် တွေကို နယ်နှင်ဒဏ်ပေးလိုက်တယ်။ ဒါပေမဲ့ လားရှိုး- အင်္ဂလိပ် စာသင်ကျောင်းမှာ ပညာသင်ဖို့ သွားခဲ့တဲ့ အောလစ်ဖ်ရဲ့အစ်ကို (စော်ဘွားအရိုက်အရာဆက်ခံမည့် သူ)ဟာ အဆိပ်ခပ်ခံရပြီး သေဆုံးသွားတယ်။ သူပုန် အဖွဲ့ရဲ့ လုပ်ကြံမှုပဲဖြစ်တယ်။
    ကိုးကန့်ဟော်နန်းပေါ်မှာ ကံကြမ္မာဆိုးကြီးက အမြဲလို ရစ်ဝဲနေပါတယ်။ နတ်ဝင်သည်ကလည်း ယန် စော်ဘွား မိသားစုရဲ့ နန်းဆက်ဟာ အဋ္ဌမမြောက်မျိုး ဆက်ပြီးလျှင် ပျက်စီးခြင်းသို့ ရောက်လတ္တံ့လို့ ဟောထား တယ်။
    ဟုတ်ပါတယ်။ နတ်ဝင်သည် ဟောတာမှန် တယ်လို့ ဆိုရပါတယ်။ အောလစ်ဖ်တို့ရဲ့ အဋ္ဌမမြောက် ကိုးကန့်ဟော်နန်းမျိုးဆက်ကြီးဟာ နောက်ဆုံးမှာ ပျက်သုဉ်းသွားပြီး လော်စစ်ဟန်နဲ့ ဖုန်ကျားရှင်တို့လက်ထဲ ရောက်သွားတယ်လို့ ဆိုပါတယ်။ အောလစ်ဖ်ယန်းကတော့ နေဝင်ချိန် တိမ်တောက်သလို ယန်မျိုးဆက်ရဲ့ နောက်ဆုံးလူအနေနဲ့ မီးကုန်ယမ်းကုန် သောင်းကျန်းခဲ့ပါ တော့တယ်။ အောလစ်ဖ်ဟာ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် မြင်းစီး၊ သေနတ်ပစ်တာတွေ ငယ်ငယ်က တည်းက ဝါသနာပါတယ်။ လားရှိုးခရစ်ယာန် မယ်သီလ ရှင်ကျောင်းကိုပို့တော့ သေနတ်တစ်လက် ဝှက်ယူသွား တယ်။ အဲဒီတုန်းက အောလစ်ဖ်(၁၀) နှစ်သမီးပဲ ရှိသေး တယ်။ သီလရှင်ကျောင်းမှာ အပြာရောင်ကြိုးသိုင်းရင် စည်း ဂါဝန်ရှည်ဝတ်ရတာကိုမကြိုက်။ ယောက်ျားလေး တွေလို ဘောင်းဘီရှည်ပဲ ဝတ်တယ်။ ဆံပင်ပုံစံကလည်း ဘိုကေပုံ၊ ကျောင်းစည်းကမ်းမလိုက်နာ၊ တစ်မူထူးခြားနေတဲ့ အောလစ်ဖ်ကို စကြပြောင်ကြ အနိုင်ကျင့်ကြတော့ ကျောပိုးအိတ်ထဲက သေနတ်ထုတ်ချိန်လိုက်တာနဲ့ အား လုံးငယ်သံပါအောင် အော်ပြီး ထွက်ပြေးကုန်ပါလေရော၊ အောလစ်ဖ်ကျောင်းထုတ်ခံရပြီး တရုတ်ပြည် ကူမင်းမြို့ ကို ပို့လိုက်တယ်။ ကူမင်းမှာ အစ်ကိုအက်ဒွပ်ရဲ့ ယောက္ခ မနဲ့အတူနေရင်း ပညာဆက်သင်တယ်။
    ဒါပေမဲ့ မကြာခင်မှာပဲ ကူမင်းကို ဂျပန်တွေ ဗုံးကြဲတော့တယ်။ အောလစ်ဖ်က လေယာဉ်ပျံတွေကို မကြောက်မရွံ့ ထွက်ကြည့်တတ်တယ်။ အဲဒီ ဂျပန်တွေ ဟာ ၁၉၄၂ မှာ မြန်မာပြည်ထဲသို့ အလုံးအရင်းနဲ့ ဝင် ရောက်လာပြီး အင်္ဂလိပ်တပ်တွေကတော့ အိန္ဒိယသို့ ဆုတ်ခွာနေပြီဖြစ်တယ်။ ဂျပန်တွေဟာ မြို့တွေ၊ ရွာတွေ ကို မီးရှို့၊ လူသတ်နဲ့ ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက်လာ ရာ ၁၉၄၂ မေလမှာ ကိုးကန့်တောင်ပိုင်းအထိ ရောက် လာတယ်။ ကိုးကန့်ဟော်နန်းအတွင်း တွေ့သမျှပစ္စည်း တွေဖျက်ဆီးပြီး ဟော်နန်းကိုလည်း မီးရှို့ဖျက်ဆီးလိုက် ကြတယ်။
    'တရုတ်ပြည်နယ်စပ်သို့ ချဉ်းကပ်လာနေသော ထောင်ပေါင်းများစွာသော ဂျပန်တွေကို ခံခံတိုက်ခိုက်ဖို့ မဖြစ်နိုင်၊ တော်ဝင်မိသားစုတွင် အမျိုးသမီးနှင့် ကလေး တွေအားလုံး လုံခြုံသောနေရာတွင် ပုန်းခိုကြသည်။ ကိုး ကန့်ဗဟိုဌာနချုပ်တွင်မူ ကိုးကန့်စော်ဘွားနှင့်အတူဒေသ ခံအကြီးအကဲတွေ စည်းဝေး၍ အရေးပေါ်အခြေအနေ ကြေညာကာ ဒေသတွင်းမှာ လူငယ်တွေကို စုစောင်း၍ ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကြသည်။ အင်အား ၁၅၀၀ ခန့်ရှိသည်' (စာ-၅၉)
    ဂျပန်တော်လှန်ရေးအတွက် တရုတ်ဖြူ ဗိုလ်ချုပ်ချန်ကေရှိတ်ဆီမှာ အကူအညီတောင်းကြတယ်။ အောလစ်ဖ်ကပါ ဝင်တိုက်ခိုက်ချင်ပေမယ့် ငယ်ငယ်ရွယ် ရွယ် မိန်းကလေးမို့ သူ့ဖခင်က ခွင့်မပြုပါဘူး။ တိုက်ပွဲ သတင်းတွေကိုတော့ ရေဒီယိုက အမြဲနားထောင်နေခဲ့ တယ်။ စစ်ကာလအတွင်းမှာပဲ ကိုးကန့်တပ်တွင်း ပုန် ကန်မှုကြီး ပေါ်ပေါက်ပြန်တယ်။ ၁၉၄၃ စက်တင်ဘာလ ထဲမှာ ကိုးကန့်မိသားစုဝင် ဆွေမျိုးရင်းချာတစ်ဦးက တရုတ်တွေနဲ့ ပူးပေါင်းပုန်ကန်တယ်။ အရေးတော်ပုံ အောင်ရင် သူက ကိုးကန့်စော်ဘွားလုပ်ပြီး ကိုးကန့်နယ် မြေတစ်ခုလုံးကို တရုတ်ပြည်မကြီးကို လွှဲပေးဖို့ စီစဉ်ရည် ရွယ်ထားတယ်။ (နောင်အခါ ၁၉၅၈ ခုနှစ်မှာ စော်ဘွား တွေ ရာထူးစွန့်ရမယ်ဆိုတော့ တရုတ်ကွန်မြူနစ်ပါတီက မြန်မာအစိုးရကို ပြန်တိုက်ဖို့ ကိုးကန့်ခေါင်းဆောင်တွေ ကို ဆက်သွယ်စည်းရုံးတယ်။ စစ်သင်တန်းနဲ့ လက်နက် ပေးမယ်။ ဒါပေမဲ့ ကိုးကန့်တစ်နယ်လုံးကို တရုတ်ပြည်ထဲ ဆွဲသွင်းဖို့ ရည်ရွယ်ထားတယ်လို့ စာမျက်နှာ ၂၂၉ မှာ ဖော်ပြထားပါတယ်။ သတိပြုဖို့ပါ။) ၁၉၄၃ ပုန်ကန်မှုကြီးကိုတော့ ဦးရီးတော် ယန်ဝေခမ်က မိမိတပ်ဖွဲ့နဲ့အတူ အမေရိကန်ထောက်လှမ်းရေးတပ်ဖွဲ့ (OSS 101) ရဲ့ အကူအညီနဲ့ နှိမ်နင်းနိုင်ခဲ့ပါတယ်။ ပုန်ကန်သူတွေတစ် ယောက်မကျန် အသတ်ခံရတယ်။
    ကိုးကန့်ဟော်နန်းအတွင်း ပုန်ကန်မှုတွေ၊ အာဏာလုပွဲတွေကြား ကြီးပြင်းဖြတ်သန်းခဲ့ရတဲ့ အောလစ်ဖ် ယန်းရဲ့ ရည်မှန်းချက်ဟာ 'ဘိန်းဘုရင်မ'ဖြစ်လာရေးဆီ ဦးတည်နေပါတော့တယ်။
    'ရွှေတြိဂံဒေသသည် ကမ္ဘာလုံးဆိုင်ရာ မူးယစ် ဆေးဝါးအရောင်းအဝယ် ဗဟိုချက်ဖြစ်လာချိန် အော လစ်ဖ်ယန်းအသက် (၃၀)၊ ...ရှမ်းပြည်(မြောက်ပိုင်း) အောလစ်ဖ်ယန်းပိုင်ဆိုင်သော ဝန်တင်လားတွေ မျက်စိ တစ်ဆုံး၊ မိုးတစ်ဆုံး မယုံနိုင်စရာ။ ဒေသတွင်း ထွက်သမျှ ဘိန်းတွေကို အောလစ်ဖ်ယန်းတို့အဖွဲ့က အလျဉ်မီရောင်း ချဖြန့်ဖြူးပေးနေသည်။ အောလစ်ဖ်ယန်းပိုင်ဆိုင်သော ရွှေချောင်း၊ ရွှေတုံးတွေ တောင်လိုပုံလာသည်။ တစ်အိမ် လုံး၊ တစ်ဝင်းလုံး သေတ္တာကြီးတွေနှင့် အပြည့်။' (စာ-၁၁)
    အောလစ်ဖ်ယန်းတစ်ယောက် ဘယ်လောက် ထိ ရမ်းသလဲ၊ ဘယ်လောက်ထိ စွမ်းသလဲဆိုရင် ]၁၉၅၃ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အောလစ်ဖ်ယန်းကို စီအိုင်အေ ကျောထောက်နောက်ခံပေးထားသော ကွန် မြူ နစ်ဆန့်ကျင်ရေး ပြောက်ကျားတွေအတွက် လက်နက် မှောင်ခို အရောင်းအဝယ်သမားအဖြစ် တိုင်ကြားခံရ'တဲ့ အထိပါပဲ။ (စာ-၁၁-ရှု)
    'အောလစ်ဖ်ယန်း၏ ဘဝတစ်ဆစ်ချိုးတွင် ရွှေ တြိဂံဒေသကို နာမည်ဆိုးနှင့် ကျော်ကြားစေခဲ့သူ၊ ဘိန်း ဘုရင်အသီးသီးကို တင်မြှောက်ရာတွင်လည်းကောင်း၊ ဆယ်စုတစ်ခုကျော်အထိ ကမ္ဘာ့ဘိန်းဖြူသုံးစွဲသော ရာ ခိုင်နှုန်းအများဆုံးကို ဖြည့်ဆည်းပေးရာတွင် လည်း ကောင်း အဓိကနေရာမှ ပါဝင်ခဲ့သည်။' (စာ-၁၂)
    ဒါဟာ ကိုးကန့်တပ်ဖွဲ့တွေရဲ့ လာရာလမ်း ကြောင်းဖြစ်ပြီး 'အောလစ်ဖ်ယန်းဟာ ယနေ့တိုင် ပထဝီ နိုင်ငံရေးရဲ့ အရေးပါသောအကြောင်းအရာ ဖြစ်တယ်'လို့ အမေရိကန်သတင်းစာဆရာမ ဂတ်ဘီက သုံးသပ် ရေးသားထားပါတယ်။   (  ဆက်လက်ဖော်ပြပါဦးမည်။ )

မြတ်ဘုန်းသစ်
 

Total Views ~ 409

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42856

© 2022 - 2025 News. All Rights Reserved.