ဗေဒါရဲ့ ဘဝအလှနှင့် သံဝေဂ

၂၀၂၄ အောက်တိုဘာ ၁၅

    ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝကပင် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ရဲ့ ကဗျာတွေနဲ့ ရင်းနှီးခဲ့ပြီးဖြစ်ပါတယ်။ ဆရာဇော်ဂျီရဲ့ ရှေးခေတ်ပုဂံပြည်နဲ့ ဗေဒါလမ်းကဗျာများ၊ ဆရာမင်းသုဝဏ်ရဲ့ သပြေညိုနဲ့ ပျဉ်းမငုတ်တို ကဗျာများစသည်ဖြင့် ရသအလှနဲ့ ဘဝအားမာန်ကိုပေးခဲ့တဲ့ ကဗျာတွေအများကြီးပါ။ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတစ်ပုဒ်ဖြစ်တဲ့ 'ပန်းပန်လျက်ပဲ'နဲ့ ဆရာမင်းသုဝဏ်ရဲ့ 'ပျဉ်းမငုတ်တို'ကဗျာနှစ်ပုဒ်ဟာ လောကဓံကို ခုခံဝံ့စားအောင် အားသစ်မွေးပေးနိုင်တဲ့ ကဗျာတွေဖြစ်ပါတယ်။ ဆရာဇော်ဂျီရဲ့ 'ပန်းပန်လျက်ပဲ' ကဗျာဟာ 'ပန်းပန်လျက်ပါ' အမည်နဲ့ ရုပ်ရှင်ဇာတ်ဝင် တေးတစ်ပုဒ်အဖြစ် အလွန်အောင်မြင်ခဲ့ပါတယ်။ ဒီနေ့အထိလည်း အဆိုတော်တွေ ထပ်ကျော့ပြီး ဆိုနေကြတုန်းပါ။ စာပေဟောပြောပွဲတွေမှာလည်း ဒီကဗျာကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ကြ၊ သီဆိုခံစားပြနဲ့ ဗေဒါဋီကာ ဖွင့်ခဲ့ကြပါတယ်။
    ဆရာမင်းသုဝဏ်ရဲ့ ကဗျာစာသား 'တစ်ကျော့နှစ်ကျော့တေးကိုသီ'ဟာလည်း ရုပ်ရှင်ဇာတ်ကား အမည်ဖြစ်လာပြီး 'တစ်ကျော့နှစ်ကျော့ ...'ကို အခြေခံဖွဲ့သီတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးဟာလည်း ဒီနေ့အထိ အဆိုတော်များစွာ မရိုးနိုင်အောင် ထပ်ကျော့သီဆိုနေ ရတဲ့သီချင်းအဖြစ် အလွန်အောင် မြင်လျက်ရှိပါတယ်။ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေမှာ မေတ္တာ၊ ကရုဏာနဲ့ ဘဝအားမာန်ကို ပေးစွမ်းခဲ့သလို ဆရာမင်းသုဝဏ်ရဲ့ 'အင်းလျားကန်သို့ အိုကုတို့'မှာ ကဗျာရတနာတွေ တင်ဆောင်လာတာတွေ့ခဲ့ရပါတယ်။ ၂၀၁၃ ဖေဖော် ဝါရီမှာ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ 'အင်းလျားကန်သို့ အိုကုတို့' ကဗျာစာအုပ်မှာ မင်းသုဝဏ်ရဲ့ ဗေဒါ ကဗျာတစ်ပုဒ်ကို ရှားရှားပါးပါး တွေ့လိုက်ရပါတယ်။ ကဗျာခေါင်းစဉ်က 'ဒီချောင်းသံဝေ'တဲ့။ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာများကို သတိရဖွယ်ဖြစ်လာပါ တယ်။
    ဆရာဇော်ဂျီက ဗေဒါလမ်းကဗျာများကိုအခါ အခွင့်သင့်တိုင်းရေးခဲ့လေရာ 'ဗေဒါလမ်းကဗျာစု' အဖြစ် အလွန်ထင်ရှားလှပါတယ်။ ကျွန်တော့်စာအုပ်စင်မှာ ဗေဒါလမ်းကဗျာများကို သီးခြားထုတ်ေ၀ ထားတဲ့ စာအုပ်ရုတ်တရက်ရှာမတွေ့ပါ။ ဒါပေမဲ့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က ၁၉၉၁ မတ်လမှာ ထုတ်ဝေခဲ့တဲ့ 'ကဗျာမဂ္ဂဇင်း'မှာ ဗေဒါလမ်းကဗျာစု အပုဒ် ၄၀ တိတိ ဖော်ပြပေးထားလို့ အားပါးတရ ပြန်ဖတ်ခွင့်ရခဲ့ပါတယ်။ ဆရာမင်းသုဝဏ်ရဲ့ ကဗျာတွေမှာတော့ ဗေဒါကို ကဗျာ့ နိမိတ်ပုံအဖြစ် ဖန်တီးရေးဖွဲ့ခဲ့တာ 'ဒီချောင်းသံဝေ' တစ်ပုဒ်တည်းပဲ တွေ့ရပါတယ်။
    ကဗျာ့ဝိဒူဆရာကြီးနှစ်ပါးဟာ ကဗျာဉာဏ် ကျက်စားပြီး လောကအပေါ်ထားတဲ့ စေတနာကို ပေါ်လွင်အောင်ပြနိုင်ခဲ့ကြပါတယ်။ ဆရာကြီးနှစ်ပါးဟာ လူချင်းလည်း ချစ်ခင်ရင်းနှီးပြီး ပညာခရီး၊ စာပေခရီးကို အတူလျှောက်လှမ်းခဲ့ကြသူများ ဖြစ်ပါတယ်။ သို့သော် ကဗျာ့နိမိတ်ပုံ အာရုံကျက်စားရာမှာ ဆရာဇော်ဂျီက 'ဗေဒါ'ကို မြတ်နိုးဖွယ်၊ ကြင်နာဖွယ်၊ အားတက်ဖွယ်ဖြစ်အောင် ရေးဖွဲ့ခဲ့ပေမယ့် ဆရာ မင်းသုဝဏ်ကတော့ ဗေဒါကို သံဝေဂအမြင်နဲ့ ရေးဖွဲ့သွားတာ တွေ့ရပါတယ်။
    ဆရာဇော်ဂျီက ...
    ပန်းနီလာ
    ဗေဒါဆင်သလို့
    ယဉ်လှတယ်လေး ...လို့ ဗေဒါရဲ့အလှကို ဂုဏ်တင်ဖွဲ့ဆိုခဲ့ပါတယ်။ ဗေဒါကိုပဲ အမျိုးမျိုးဖွဲ့ လိုက်တာ 'ဗေဒါခင်'တဲ့။ 'ဗေဒါမော်'တဲ့။ 'ဗေဒါပျံ'တဲ့။ 'ဗေဒါဆွေ'တဲ့။ 'ဗေဒါခိုင်'တဲ့။ အဲဒီလို ဗေဒါအပေါ် မေတ္တာသက်ဝင် ချစ်ခင်လာအောင် ရေးပဲရေးတတ်နိုင်လွန်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ရေးသမျှလည်း ဆေးစက်ကျရာ အရုပ်ထင်ပြီး ရင်ထဲစွဲငြိစေခဲ့ပါတယ်။
    ပန်းပါဘိ ဗေဒါဆွေ
    ကျူရိုးရှင် ပီပီကလေး
    တေးသံကဝေ။
    စုဆန်ရတပေပေ
    ဒီရေနယ်တကျေး
    ဒီချောင်းရေဗေဒါလမ်း
    ပန်းဖွယ်တဲ့လေး။
    တပေပေ စုန်ဆန်နေရတဲ့ ဗေဒါရဲ့ဘဝကို ဗေဒါလမ်းကဗျာအများစုမှာ ထင်ဟပ်ရေးဖွဲ့ခဲ့ပါတယ်။ ဗေဒါလမ်းဟာ သံသရာဝဲသြဃထဲ ကူးခပ်နေရတဲ့ လူသားတွေရဲ့ ဘဝလမ်းပါပဲ။ ဘဝလမ်းခရီးတစ်လျှောက်မှာ အဆိုးလောကဓံတွေနဲ့ ကြုံလေတိုင်း မတုန်မလှုပ် ကျော်ဖြတ်စေချင်တာ ဗေဒါလမ်း ကဗျာများရဲ့ စေတနာအလှပါပဲ။
    ဗေဒါရဲ့ အလှကြွရွလာပြီး ချစ်ခင်နှစ်သက် လေးစားဖွယ်ဖြစ်အောင် ဆရာဇော်ဂျီက စကားလုံးတွေနဲ့ ပုံဖော်ခဲ့ရာမှာ ကဗျာရဲ့ တန်ဖိုး တန်ခိုးအရှိန်အစော်ဟာ အင်မတန်ပေါ်လွင်နေပါတော့တယ်။
    မြစ်ရိုးမှာတဲ့ မိုးသက်ဆင်
    လျှပ်ကြိုးပျံ မိုးသံထစ်
    မိုးစစ်ဘုရင်၊
    မိုးညစ်လို့ မြစ်မမြင်
    ဗေဒါခင်ဖြစ်နဲ့
    ရေလှိုင်းဗလဗွေနဲ့
    မိုးသက်လေ ရေတရိုးမှာ
    စိုးရွံ့မှာပဲ။
    စိုးမရွံ့တွန့်မတုန်
    မိုးနှင့်လေ ရေရှုပ်ထွေး
    ရွေးမျှမဖြုန်၊
    ဆန်လိုက်ပြန်တုံ စုန်လိုက်ပြန်ရ
    ခေါက်ပေါင်းမရေနိုင်လို့
    ဗေဒါခိုင်သည်မြစ်ထဲ
    ရဲခဲ့သည်ပါ့။    ။
    'လျှပ်ကြိုးပျံမိုးသံတစ်' 'စိုးမရွံ့တွန့်မတုန်'စတဲ့ စကားလုံးတွေဟာ ကျစ်လျစ်ပြီး အားကောင်းလှပါတယ်။ ကဗျာကောင်းတစ်ပုဒ်ကို ဘယ်လိုရေးရတယ်ဆိုတာ သင်ကြားပေးနေသလို ရှိပါတော့ တယ်။ ဗေဒါရဲ့ သတ္တိဂုဏ်ကိုလည်း ရင်ခုန်ကူးစက်စေခဲ့ပါတယ်။ ဗေဒါလမ်းကဗျာစုမှာ စကားလုံးတွေ၊ မြင်ကွင်းတွေပြောင်းသွားပေမယ့် ဗေဒါရဲ့ ဂုဏ်သတ္တိကတော့ ပြောင်းမသွားခဲ့ပါဘူး။
    ဒီတက်လျှင်ပျော်
    ဗေဒါမော် ရေကျော်ဆိုက်အောင်
    ဆန်လိုက်သည်ပဲ။
    ဒီကျလျှင်ရွှင်
    ဗေဒါခင် ပင်လယ်ဆိုက်အောင်
    စုန်လိုက်သည်ပဲ။
    တက်လည်းပျော်၊ ကျလည်းရွှင်တဲ့ ဗေဒါရဲ့ စုန်ရဲဆန်ရဲတဲ့ သတ္တိဂုဏ်ဟာ လေးစားအတုယူဖွယ် ကောင်းလှပါတယ်။ အများသတိတဲ့ 'ပန်းပန်လျက်ပါ' (မူရင်း-ပန်းပန်လျက်ပဲ)မှာလည်း ဒီသဘောပါပဲ။
    ညိုပြာပြာ
    လတာဖြင့် ခြေရင်း
    လှိုင်းတက်ရာ ဗေဒါတက်
    လှိုင်းသက်ရာဆင်း။
    လှိုင်းနဲ့အတူတက် လှိုင်းနဲ့အတူဆင်း၊ အဆင်းမှာ အုန်းလက်ကြွေက ဝင်ဆောင့်၊ ဒီရေကဖုံး၊ စုံးစုံးမြုပ်သွားတဲ့ မဗေဒါ၊ လှိုင်းအကြွခဏလေးပြန်ပေါ်ခိုက်မှာ ချောင်းအနွယ် မြောင်းငယ်ထဲကဘဲ ထွက်လို့လာ။
    ဘဲအုပ်မှာ တစ်ရာနှစ်ရာ
    ဗေဒါက တစ်ပင်တည်း
    အယက်အကန်ခံလို့
    ဗေဒါပျံ အံကိုခဲ
    ပန်းပန်လျက်ပဲ။
    ဘယ်လောက်ကောင်းလိုက်တဲ့ ဗေဒါလမ်းပါလဲ။ ဗေဒါကဗျာစုမှာ အဲဒီလို လွမ်းမောဖွယ်။ ပြီးတော့ တက်ကြွဖွယ်ဖြစ်အောင် ဆရာဇော်ဂျီက ရေးဖွဲ့ခဲ့ပါတယ်။
    ဆရာမင်းသုဝဏ်ရဲ့ တစ်ပုဒ်တည်းသော ဗေဒါကဗျာ ဒီချောင်းသံဝေ'မှာတော့ ဗေဒါရေ ...ဘယ် လောက်လှလှ၊ ဘယ်လောကကြွကြွ နောက်ဆုံးတော့ သံဝေဂရဖွယ်ပါတကားဆိုတဲ့ အမြင်နဲ့ သတိ ပေးရေးဖွဲ့ထားတာ ဖတ်ခဲ့ရပါတယ်။ ဆရာမင်းသုဝဏ်က ဗေဒါကို စဖွဲ့ကတည်းက ဗေဒါခင်၊ ဗေဒါဆွေ၊ ဗေဒါခိုင်၊ ဗေဒါပျံတွေ လုပ်မနေဘဲ ...'မြစ်ရေမှာလိုက် ဗေဒါဒိုက်'လို့ ဗေဒါကို ဒိုက်နဲ့ရူပကအလင်္ကာ ပြုပေးလိုက်ပါတယ်။ ဗေဒါဒိုက်ဆိုတာနဲ့ ဗေဒါဟာ တယ်ပြီးချစ်စရာမကောင်းတော့ဘူး။
    မြစ်ကြောင်းရေစီး၊ ခွန်အားကြီးနှင့်
    ခရီးအညာဆန်သောခါလျှင်
    ဗေဒါဟန်ကျင်း၊ မြစ်လုံးချင်းမျှ
    စစ်ခင်းသည့်ယောင်၊ မူယာဆောင်သည်
    ယဉ်ဘောင်ထက်တွင် တကြွားကြွား
    ဗေဒါဟန်လုပ်နေပုံ၊ ဟန်ရေးပြနေပုံက မြစ်နဲ့အပြည့်၊ မြစ်ကြောင်းအတိုင်း ဆန်တက်သွားပုံကလည်း စစ်ခင်းသလို တကြွားကြွားနဲ့တဲ့။
    မြစ်ကြီးအကြေ၊ စုန်ဆင်းလေသော်
    ဗေဒါဟန်ပြ၊ ရေတက်ကလျှင်
    မြစ်မ ကျေးဇူး၊ သူထိန်မြူးသည်
    ရေဦးရေထ အခါတကား။
    မြစ်ရေပေါ်မှာ စုန်ကာဆန်ကာ သွားလာနေ ပေမယ့်။ ဗေဒါဟာ မြစ်ရဲ့ကျေးဇူးကိုမသိ၊ ဟန်ရေးပြရုံ သက်သက် ကျေးဇူးကန်းဗေဒါ...။ (လောကမှာဆရာ မင်းသုဝဏ်ရဲ့ ဗေဒါလို လူစားတွေအများ ကြီးတွေ့ဖူး ကြပါလိမ့်မယ်။)
    ရေဆုတ်သက်သက်၊ ရေသေရက်ကြောင့်
    ရေတက်ရေကျ၊ အားပါးလျသော်
    မြစ်မထောင့်ကွေး၊ မြစ်ကမ်းဘေး၌
    ခွေးပုပ်လူပုပ်၊ မစင်ပုပ်နှင့်
    မလှုပ်ယှက်သာ၊ ဝပ်ကြို့ကာလျှင်
    ဗေဒါဂုဏ်ညှိုး၊ ခြုံတောတိုးသည်
    တန်ခိုးပျောက်ကွယ် လွမ်းလျက်တည်း။
    မြစ်ရေရဲ့ ကျေးဇူးကို မေ့လျော့ပြီး မာန်တကြွကြွနဲ့ ဟန်ပြသာဖြစ်ခဲ့တဲ့ ဗေဒါဟာ ရေအကျမှာ သူပါ လိုက်ကျပြီး 'ခွေးပုပ်၊ လူပုပ်၊ မစင်ပုပ်နှင့် မလှုပ်ယှက်သာ' တော့ဘဲ ချုံတောထဲတိုးဝင်သွားရပုံကို ဆရာမင်းသုဝဏ်က သံဝေဂရဖွယ် ရေးဖွဲ့ထားပါတယ်။ လောကသဘော၊ လူ့သဘောဟာလည်း ဆရာမင်းသုဝဏ်ရဲ့ 'ဒီချောင်းသံ ဝေ'ကဗျာထဲကလိုပါပဲ။ ဗေဒါဟာ ဆရာဇော်ဂျီရဲ့ ကဗျာထဲကလို အမြဲတမ်း ပန်းပန်နေနိုင်သည်မဟုတ်။ ခွေးပုပ်၊ လူပုပ်၊ မစင်ပုပ်တွေကြား မလှုပ်ယှက်သာ ဝပ်ကြို့ကာဖြင့် ဘဝနိဂုံးချုပ်သွားတတ်ပုံကိုလည်း သံဝေဂယူတတ်ကြဖို့ လိုပါတယ်။
မြတ်ဘုန်းသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 253

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.