ဘယ်သူတွေ ဖျက်ဆီးနေတာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိကြဖို့ ကောင်းပြီ

၂၀၂၅ ဖေဖော်ဝါရီ ၆

    စစ်အာဏာသိမ်းခြင်း လေးနှစ်မြောက်ဆိုပြီး NUG အုပ်စု၊ ပြည်ဖျက်မီဒီယာတွေနဲ့ NUG အလိုကျ လော်ဘီတစ်စုက အုံနဲ့ကျင်းနဲ့ ဝါဒဖြန့် ထုတ်လွှင့်နေကြတာ တွေ့ရပါတယ်။ တစ်ဖက်ကကြည့်ရင် လက်ဖဝါး၊ တစ်ဖက်ကကြည့်ရင် လက်ဖမိုးဆိုတာ မှန်ကန်တဲ့ ကိစ္စရပ်တစ်ခုကို မတူတဲ့ရှုထောင့်က မြင်တဲ့အမြင်ပါ။ လိုရာဆွဲတွေးတဲ့ အမြင်မဟုတ်ဘဲ ပကတိအရှိတရားကို မတူတဲ့ ရှုထောင့်က ကြည့် မြင်ခြင်းဖြစ်တဲ့အတွက် မင်းလည်း မှန်တယ်၊ ငါလည်း မှန်တယ်လို့ ဆိုရမှာပါ။ အခုကိစ္စက  မင်းလည်း မှန်တယ်၊ ငါလည်းမှန်တယ်ဆိုတဲ့ အခြေအနေ မဟုတ်ပါ။ အမှန်တကယ် အမှန်အတိုင်း မြင်ရက်၊ သိရက်သားနဲ့ တမင်သက်သက်သက် သိသိကြီးနဲ့ ဝါဒဖြန့် တိုက်ခိုက်ခြင်းသာ ဖြစ်ပါတယ်။ အခြေအနေ မှန်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့အညီ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒီအပြော၊ ဒီအရေးကို ဘက်အမြင်အရ ရေးတယ်လို့စွပ်စွဲကောင်း စွပ်စွဲကြပါလိမ့်မယ်။ ဘယ်လိုပဲစွပ်စွဲ စွပ်စွဲပါ။ ပြည်သူတွေအနေနဲ့ အခြေအနေမှန်ကို နားလည်ပြီး ပြန်လည်တည့်မတ်ပေးရေး လမ်းကြောင်းမှန်အပေါ်ရောက်စေဖို့က အဓိကပါ။ 
    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရတာက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုကို အဓိက အခြေခံပါတယ်။ ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ကာလမှာပင် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်နိုင်တယ်ဆိုတဲ့အသံ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ တည်ဆဲအစိုးရရဲ့ ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ပေါင်းပြီး ရွေးကောက်ပွဲအတွက် ဆောင်ရွက် နေတာတွေ၊ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ မဲရုံအလိုက် သူတို့လူ ထည့်ထားတာတွေ၊ ကြိုတင်မဲကောက်ယူရာမှာ မသမာမှု ဖြစ်လာမှာတွေကို ပြိုင်ဘက်ပါတီတွေအားလုံး သိကြပါတယ်။ ကိုယ်တိုင်တားမြစ်ဖို့ မစွမ်းနိုင်တဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို မဏ္ဍိုင်ထား တိုင်တည်ကြတာတွေ့ရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥအဒေအရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်ဖို့၊ လမ်းလွဲနေတာကို တည့်မတ်ပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှာ တာဝန်ရှိပါတယ်။ အဲဒီအတွက်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မဲမသမာမှု ဖြစ်လာနိုင်ကြောင်းနဲ့ မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့အတွက် ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်နေဆဲကာလမှာကတည်းက သတိပေးခဲ့တာ အများ အသိပါ။ 
    တစ်ပိုင်းကကြည့်ရင် ၂၀၁၆ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် ကာလအတွင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက တက်လာတဲ့ ဦးဆောင်ပါတီ NLD နဲ့ တပ်မတော်ကြားမှာ ပွတ်တိုက်မှုတွေရှိခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီပွတ်တိုက်မှုတွေဟာ ၂၀၂၁ ခုနှစ် အရေးပေါ်ကာလ ကြေညာရတဲ့ အခြေအနေရဲ့ အစပျိုးမှုများလို့ ဆိုမယ်ဆို ဆိုလို့ရနိုင်ပါလိမ့်မယ်။ အဲဒီကာလမှာ အဓိကဖြစ်ခဲ့တဲ့ ပြဿနာက တပ်မတော်ကို နိုင်ငံရေးက ဖယ်ရှားလိုခြင်းပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေ ကိုယ်တိုင်ကပင် အတိအလင်း ပြောကြားတာတွေ၊ ဆောင်ရွက်တာတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထီမဲ့မြင် မထိခလုတ် ထိခလုတ် လုပ်တာတွေ တွေ့ရမှာ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီအရေးမှာ တပ်မတော်က ဦးဆောင်အခန်းကဏ္ဍမှာ ကန့်လန့်ကန့်လန့်ပါနေတာ ကြည့်မကောင်းဘူး၊ မဖြစ်သင့်ဘူးဆိုတာ မူအားဖြင့် လက်ခံလို့ ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ သမိုင်းကြောင်းကို အခြေခံပြီး လက်ရှိ မပြီးပြတ်သေးတဲ့ ကိစ္စတွေအရ လတ်တလော လက်ခံလို့မရသေးဘူးလို့ ဆိုရပါလိမ့်မယ်။ စိတ်ကူးယဉ်တာတွေ၊ ပုံတူကူး ချတာတွေထက် အရှိတရားကို လက်ခံဖို့ လိုပါလိမ့်မယ်။ အခု လေးနှစ်တာ ကာလမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တွေရဲ့ လိုလားချက်နဲ့ သဘာဝကိုကြည့်ရင် ပိုရှင်းပါလိမ့်မယ်။ 
    ဒီလိုမျိုး တပ်မတော်ကို ဘေးထုတ်ချင်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အရေးပေါ် အခြေအနေ ကြေညာပြီး နိုင်ငံတော်အာဏာကို ရယူခဲ့တာ မဟုတ်ဘူး။ ဒီမိုကရေစီနည်းအရ အင်အား ကြီးပြီး ပြည်သူတွေထောက်ခံလို့ နိုင်ငံတော်အာဏာကို ရယူတာ လက်ခံရမယ့် ကိစ္စပါ။ သို့သော် အင်အားကလည်းကြီးသေး၊ မဲမသမာမှုနဲ့ ကျန်သူတွေကို ထီမထင်ဘဲ ငါလုပ်ချင်ရာ လုပ်မယ်ဆိုတာကတော့ မဖြစ်သင့်တဲ့ ကိစ္စပါ။ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ငါးနှစ်တာကာလ အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘာတွေလုပ်ခဲ့သလဲ။ တိုင်းရင်းသားအရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးဘာတွေ လုပ်ခဲ့သလဲ။ အများအမြင်ပါ။ ထိထိရောက်ရောက် ထဲထဲဝင်ဝင် ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ ဖက်ဒရယ်ပြည်ထောင်စုရဲ့အသက်ဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ဘာတစ်ခုများ စွမ်းဆောင်ခဲ့ပါသလဲ။ တပ်မတော်ကို နိုင်ငံရေးကဖယ်ရှားပြီး အလုံးစုံ အာဏာတည်မြဲရေးကိုသာ ရှေးရှုခဲ့တာပဲမဟုတ်လား။ အခြေခံဥပဒေမှာ သူတို့ပြင်ချင်တဲ့ အချက်တွေကို ပြန်ကြည့်ပါ။ Decentralization လို့ခေါ်တဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ပြီး ပြည်နယ်တွေကို အာဏာပိုပေးမယ့်ကိစ္စ လုံးဝမလုပ်ခဲ့ဘဲ အာဏာကြီးမား ခိုင်မာရေးကိုသာ ကြိုးစားခဲ့တာ တွေ့ရပါလိမ့်မယ်။ တပ်မတော်က တိုင်းရင်းသား အခွင့်အရေး ပိုရဖို့ ပြည်နယ်တွေမှာ မဲနိုင်တဲ့ပါတီအစိုးရ ဖွဲ့ဖို့ ကြိုးစားပေးခဲ့တာ NLD က ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ပြန်ကြည့်ပါ။ ပြည်ထောင်စုအပေါ်မှာထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့စေတနာကို အထင်အ ရှား တွေ့ရပါလိမ့်မယ်။ ၂၀၂၀  ရွေးကောက်ပွဲရဲ့ လုပ်ရပ်ကို သေချာပြန်လည်သုံးသပ်ကြည့်ရင် ဒီမိုကရေစီကို တန်ဖိုးထား၊ မထား အဖြေပေါ်ပါတယ်။ 
    ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အငြင်းအခုံတွေ အများကြီး တွေ့ရပါတယ်။ များသောအားဖြင့် ကြည့်ရင် အခြေအနေမှန်ထက် ဖုံးကွယ်ပြီး ဝါဒဖြန့်ဖြေ ရှင်းတာတွေက များနေတာ တွေ့ရလိမ့်မယ်။ မဲမသမာမှု အမှန်တကယ် ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဖူးလားဆိုတာ အခု NUG က လူတွေ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ပုံချနေတဲ့ မီဒီယာတွေနဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ အသိဆုံးပါ။ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဦးဝင်းမြင့်တို့၊ ဒေါက်တာဇော်မြင့်မောင်တို့ ဘာ တွေ ဆွေးနွေးကြတယ်၊ ဘာတွေ ခိုင်းကြတယ်ဆိုတာ NLD အောက်ခြေ ရပ်/ကျေးအထိ သိကြပါတယ်။ အမှန်တကယ် ဖြစ်ခဲ့တာမှာ မဖုံးနိုင်မဖိနိုင် ဖြစ်ခဲ့ရတာဟာ ပေါ်ပြူလာ ဘုတ်နဲ့ မဲခိုးမှု မမျှလို့ ဘူးပေါ်သလို ပေါ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ် အထိ လေးနှစ်တာ အစိုးရကာလမှာ NLD ထောက်ခံမှု ကျသွားတာ အများအသိပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေလည်း သိကြပါတယ်။ အားလုံးရဲ့ တွက်ဆမှုက NLD မဲနိုင်မယ်။ သို့သော် ၂၀၁၅ တုန်းကလို သောင်ပြို ကမ်းပြိုမနိုင်ဘဲ တစ်ဦးတည်း အစိုးရထက် သူဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရသာ ဖြစ်လိမ့်မယ်လို့ တွက်ဆကြပါတယ်။ ပြဿနာက အဲဒီအခြေအ နေက စတာပါ။ သတင်းများအရ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပင် မဲအပြတ်အသတ် နိုင်တာပဲလိုချင်တယ်လို့ ညွှန်ကြားခဲ့ကြောင်း လူသိရှင်ကြား ပြောခဲ့တယ်။ အဲဒီအတွက် မဲနိုင်အောင် အကြံအဖန်လုပ်တာနဲ့ တကယ်တမ်း မဲပေးတဲ့အခါ ဘုတ်ကျတာမှန်ပေမယ့် ပြည်သူတွေက ကျန်ပါတီတွေနဲ့၊ တပ်မတော်နဲ့ နီးစပ်တဲ့ပါတီတွေကို မဲမပေးချင်လို့ NLD ကို ပေးလိုက်တဲ့အခါ ရသွားတဲ့ရလဒ်က မတန်တဆဖြစ်ပြီး ဘူးပေါ်သလို ပေါ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို အားလုံး သိကြပါတယ်။ သိသိကြီးနဲ့ တစ်ဖက်ကို ပုံချတာ ဘယ်တော့မှ အခြေအနေမှန်ကို ပြန်မရောက်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပြဿနာက အမှန်တကယ် အမှန်အတိုင်းသိရက်နဲ့ စိတ်ခံစားချက် နောက်လိုက်တဲ့ ပြဿနာပါ။ နိုင်ငံရေးမှာ စိတ်ခံစားချက် နောက်လိုက်နေသရွေ့ ဒီလိုပဲ လုံးချာလည်နေပြီး ဘယ်တော့မှ ရှေ့ကို ရောက်မှာမဟုတ်ပါဘူး။ 
    သံသယဖြစ်စရာအခြေအနေကို သံသယကင်း အောင်လုပ်ဖို့၊ မှားနေတာကို ပြင်နိုင်စေဖို့၊ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်နိုင်စေဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အကြိမ်ကြိမ် ကြိုးစားခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ သို့သော် NLD က ရထားတဲ့ Result ကိုအသေ စွဲကိုင်ပြီး လွှတ်တော်ခေါ် အစိုးရဖွဲ့ဖို့ လုပ်တဲ့အတွက် ဒီဇာတ်လမ်း ဖြစ်လာခဲ့ရတာပါ။  တစ်ဖက်က ပြောမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဆက်လုပ်တာ ဖြစ်တဲ့အတွက် တပ်မတော်အနေနဲ့ လုပ်လို့မရဘူးလို့ဆိုကြပါလိမ့်မယ်။ မှန်ပါတယ်။ တပ်မတော်ကလည်း မလုပ်ပါဘူး။ အရေးပေါ်အခြေအနေ ကြေညာပြီး အာဏာရယူတာ တပ်မတော်က မဟုတ်ပါ။ ၂၀၂၀ ရွေးကောက်ပွဲကာလမှာရှိတဲ့ တည်ဆဲအစိုးရဟာ သမ္မတဦးဝင်းမြင့် အစိုးရလို့ဆိုနိုင်ပေမယ့် ပြည်ထောင်စုလွှတ်တော်မှာ ပါဝင်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ တင်မြှောက်ထားတဲ့ ဒုသမ္မတတစ်ဦးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးရတဲ့ တပ်မတော်သား ဝန်ကြီးတွေလည်း အစိုးရအဖွဲ့ မှာရှိပါတယ်။ ရွေးကောက်ပွဲဟာ ကော်မရှင်မှာ တာဝန်ရှိတယ်ဆိုပေမယ့် တည့်မတ်စွာဖြစ်စေဖို့ သမ္မတမှာလည်း တာဝန်ရှိပါတယ်။ တာဝန်ခံပေးရမှာ ဖြစ်ပါ တယ်။ သမ္မတဖြစ်တဲ့ သူကိုယ်တိုင်က သိသိကြီးနဲ့ ဆောင်ရွက်နေတဲ့ကိစ္စကို ဘယ်သူက တည့်မတ်ပေးမှာလဲ။ စဉ်းစားစရာပါ။ ဒါကို တပ်မတော်က တင်မြှောက်ထားတဲ့ ဒုသမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေက လက်ခံလို့ မရပါဘူး။ လက်ခံရင် ပုလင်းတူဘူးဆို့ ဖြစ်သွားမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံထားရသူတွေ မဟုတ်တဲ့အတွက် ပါတီမျက်နှာ ထောက်စရာမလိုဘဲ ပြည်သူနဲ့ ပါတီစုံစနစ်ကိုသာ ထောက်ထားရမှာ ဖြစ်ပါတယ်။ ပြည်သူအများက NLD ကို လိုလားတာမှန်ပေမယ့် NLD ကို မနှစ်သက်သူတွေ မတရားခံနေရတာကို မျက်ကွယ်ပြုလို့ မရပါဘူး။ တပ်မတော်သားတွေကို အစိုးရအဖွဲ့ဝင်အဖြစ် အမည်စာရင်းပေးရတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာလည်း တာဝန်ရှိတယ်လို့ မြင်ပါတယ်။ ဒါကြောင့်လည်း အရေးပေါ် အခြေအနေ ကြေညာရတဲ့အထိ ရောက်သွားရတာပဲ ဖြစ်ပါတယ်။ 
    ဒီအခြေအနေမှန်ကို NLD ခေါင်းဆောင်တွေ ကောင်းကောင်း သိကြပေမယ့် ပါးစပ်ထဲ ရောက်ခါနီး ထမင်းလုပ် ပုတ်အချခံရတယ်လို့ ခံစားနေကြတာပဲ ဖြစ်ပါတယ်။ NLD စတည်ထောင်ကတည်းက တပ်မတော်ကို ရန်သူလို သဘောထားခဲ့တာ၊ သူတို့ အာဏာရရှိရေး လမ်းကြောင်းမှာ တပ်မတော်က အဟန့်အတား ဖြစ်နေတာလို့ ခံယူထားတဲ့အတွက် လက်ရှိပြဿနာတွေအထိ ဖြစ်လာခဲ့ရတာပဲ ဖြစ်ပါ တယ်။ သေချာပြန်ကြည့်ရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အရေးပေါ်ကာလ ကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်ပေးအပ်ချိန်မှာ အေးအေး ဆေးဆေးပါပဲ။ ဘယ်ပြည်သူတွေကိုမှ ဖမ်းဆီးခဲ့တာတွေ၊ ဖိနှိပ်ခဲ့တာတွေ ဘာမှမရှိခဲ့ပါဘူး။ သက်ဆိုင်ရာပါတီနဲ့ သက်ဆိုင်သူတွေကိုသာ ထိန်းသိမ်းခဲ့တာပဲ ရှိပါတယ်။ အဲဒီလို ထိန်းသိမ်းစိစစ်ပြီး နှစ်ရက်၊ သုံးရက်ခန့် ကြာတဲ့အခါမှာ ပြန်လွှတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ နစကအစိုးရရဲ့ ရည်ရွယ်ချက်က ညင်ညင်သာသာနဲ့ တစ်နှစ်အတွင်း အာဏာပြန်လွှဲပြီး မျှတတဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ တိမ်းစောင်းသွားတာကို တည့်မတ်ပေးလိုပုံ ရပါတယ်။ 
    ဒီလိုညင်သာစွာ ကိုင်တွယ်တဲ့အပေါ်မှာ ပြန်လည်စေလွှတ်ပေးလိုက်တဲ့ NLD ခေါင်းဆောင်တချို့နဲ့ ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေ၊ ရပ်/ကျေးစည်း ရုံးရေးမှူးတွေ၊ NLD လိုလားသူတွေရဲ့ လှုံ့ဆော်မှုအရ ပြည်သူတွေ လမ်းပေါ်ရောက်လာတာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ထိလည်း နစကက ပြည်သူတွေကို ဟန့်တားခဲ့တာ မရှိခဲ့သေးပါဘူး။ လမ်းပေါ်ကိုပြည်သူတွေ ရောက်လာတဲ့ ပမာဏများလာအောင် လှုံ့ဆော်တာတွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသားတွေကို CDM လုပ်ဖို့ လှုံ့ဆော် စည်းရုံးတာတွေ၊ SP လုပ်တာတွေ လုပ်လာတဲ့အခါမှာ လွှတ်ထားပေးလို့ မရတော့တဲ့အတွက် လူစုလူဝေးမလုပ်ဖို့၊ ဝန်ထမ်းတွေကို မနှောင့်ယှက်ဖို့ ဥပဒေအရ တားမြစ်တာတွေ စတင်ဆောင်ရွက်ခဲ့ တာပဲ ဖြစ်ပါတယ်။ အဆိုးဆုံးက နေပြည်တော်မှာ ဝန်ထမ်းသယ်ယူ ပို့ဆောင်တဲ့ကားတွေကို လူစုလူ ဝေးနဲ့တားပြီး ခြိမ်းခြောက် စည်းရုံးတာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ဖမ်းတာ ဆီးတာတွေ၊ တားမြစ်တာတွေ၊ လူစုလူဝေး မလုပ်ဖို့ ဖြိုခွဲတာတွေ  လုံခြုံရေးအဖွဲ့တွေက စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူးအပါအဝင် မြို့ကြီးတွေမှာ လူစုလူဝေးကနေ ဆူပူအုံကြွတဲ့အထိ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာ လူစုရုံတင်မကတော့ဘဲ မြို့ပေါ်မှာ ရရာလက်နက်နဲ့ ပြန်လည်ခုခံလာခဲ့တာ၊ သဲအိတ်တွေချပြီး ခံစစ်စခန်းသဖွယ် ပြင်ဆင်ဆောင်ရွက်လာတာတွေ အထိ ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် မသိနားမလည်တဲ့ လူငယ်လေးတွေကို ဂျန်ဇီးတွေလုပ်မှ စစ်အာဏာရှင်စနစ် ကျဆုံးမှာ ဘာညာနဲ့ မြှောက်ပင့်ပေးတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဆက်တိုက်ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီကတစ်ဆင့် လူငယ်လေးတွေ လက်နက်ကိုင်လမ်းစဉ်ထဲကို ရောက်ရှိ သွားခဲ့တာပဲ ဖြစ်ပါတယ်။ 
    ဒီလေးနှစ်တာကာလရဲ့ သရုပ်ကို ပုံဖော်မယ်ဆိုရင် တိုင်းပြည်ရဲ့နေရာ အစိတ်အပိုင်း အတော်များများမှာ တိုက်ပွဲတွေနဲ့ ပြည့်နှက်နေတဲ့အတွက် ခေတ်အဆက်ဆက်မှာ အဆိုးရွားဆုံး လက်နက်ကိုင် လမ်းစဉ်ရဲ့ ဆိုးကျိုးကို ခံစားနေရခြင်း ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ NUG ရဲ့ လိုလားချက်က ဘာလဲ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လိုလားချက်ကဘာလဲ၊ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတယ်ဆိုတာ အမည်ခံသက်သက်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လိုလားချက်က  သီးခြားနယ်မြေ ရရှိရေးပါ။ ခေတ်အဆက်ဆက် သူတို့ လုပ်လာခဲ့တာနဲ့ လက်ရှိဖြစ်နေတာတွေကို ချိန်ထိုးကြည့် ရင် သိနိုင်တဲ့ကိစ္စပါ။ NUG ရဲ့ လိုလားချက်က ဘာလဲ။ သူ့အမှားကို တပ်မတော်ကိုပုံချပြီး အာဏာရရှိရေးပဲဖြစ် ပါတယ်။ လိုလားချက်ခြင်း မတူကြဘဲ အခုချိန်မှာ ကိုယ့်လောဘနဲ့ကိုယ် ရှိကြပေမယ့် အတူတွဲမှ ဖြစ်မှာမို့လို့ တွဲနေတဲ့သဘောပဲ ရှိတယ်။ တပ်မတော်ပြိုကွဲသွားရင်၊ စစ်အာဏာ ရှင်စနစ် ကျဆုံးသွားရင် တော်လှန်ရေးအောင် မြင်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်လာမယ် ဆိုတာ ဝေလာဝေးပါ။ အဲဒီအချိန်ကျမှ နယ်မြေလုတဲ့ပြည်တွင်း စစ်ပွဲတွေဖြစ်လာပြီး တိုင်းပြည်အ စိတ်စိတ် အမြွှာမြွှာကွဲသွားမယ်ဆိုတာကို မြင်ဖို့ လိုပါတယ်။ ကျိန်းသေပေါက်ပြောနိုင်တာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG ၊ PDF တွေ ထချကြပါလိမ့်မယ်။ ဒါတွေကို ဘယ်သူတွေ မြင်နေကြသလဲဆိုရင် တပ်မတော်ကိုလည်း ကျဆုံးစေချင်တယ်၊ ဖြစ်လာမယ့် အန္တရာယ်ကိုလည်း မြင်နေတဲ့ လက်ဝဲနိုင်ငံရေး သမားဟောင်းတွေ၊ နိုင်ငံရေး ပါးဝသူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ပြော ပြောနေတဲ့စကားတွေထဲမှာ ပဋိညာဉ်ပေါ်ဖို့၊ လက်နက် ကိုင်အင်အား တစ်စုတည်းဖြစ်ဖို့ဆိုတာတွေ ပါနေကြ တာပဲဖြစ်ပါတယ်။ ဘယ်လိုမှ ဖြစ်လာနိုင်မယ့် အခြေအနေ မဟုတ်တာကို နားလည်ဖို့လိုပါတယ်။ ရထားပြီးသား အခြေခံဥပဒေက တစ်ဆင့် နိုင်ငံရေး ဆွေနွေးပွဲတွေကို အခြေခံပြီး ပြောင်းလဲမှသာလျှင် စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလေးနှစ်တာကာလကို ပြန်ကြည့်ရင် စစ်အာဏာရှင်စနစ် ဖယ်ရှားပြီး ဖက်ဒရယ်ပြည်ထောင်စုကို ချီတက်နေတယ်ဆိုတဲ့ အပြောနဲ့ ဆောင်ရွက်နေသူတွေရဲ့ လုပ်ရပ်တွေကြောင့် ပြည်ထောင်စု မပြိုကွဲရေးနဲ့ ပြည်ထောင်စုအတွင်း နေရာစုံမှာ Warlord  တွေ မပေါ်ပေါက်စေရေး တပ်မတော်က ကျားကန်ပေးနေရတယ်လို့ မြင်ပါတယ်။ ထို့အပြင် စစ်ပွဲတွေကြောင့် ယိုယွင်းလာနေတဲ့ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို ပိုမိုယိုင်နဲ့ မသွားရအောင် အစိုးရအနေနဲ့ ဖိဖိစီးစီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပေးနေ ရတယ်လို့လည်း မြင်ပါတယ်။ ဘယ်သူကပြုသူ၊ ဘယ်သူက ဖျက်သူဆိုတာ ရှင်းရှင်းလင်းလင်း မြင်ဖို့လိုပါတယ်။ စစ်မှန်ပြီး ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည် ထောင်စုကို အမှန်တကယ် လိုချင်တယ်ဆိုရင် တပ်မ တော်ကို ဝိုင်းဝန်းကူညီဖို့ လိုပါလိမ့်မယ်။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 158

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42874

© 2022 - 2025 News. All Rights Reserved.