ဘိန်းနှင့်မူးယစ်ဆေးဝါး သို့မဟုတ် လက်နက်ကိုင်တပ်ဖွဲ့များရဲ့ အသက်သွေးကြော

၂၀၂၄ ဖေဖော်ဝါရီ ၂၆

    မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန် နိုင်ငံတော်ရဲ့ ပထမဆုံး သမ္မတကြီးဖြစ်လာတဲ့ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့သား စဝ်ဆေးယောင်ဝေ(ခေါ်) ယူဂျင်းသိုက်က ပြည်ပြေးဘဝမှာ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တစ်အုပ် ရေးခဲ့ပါတယ်။ စာအုပ်အမည်က THE SHAN OF BURMA ... Memoris of a shan Exile ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်က ရေးသားပြီးစီးခဲ့ပြီး ၂၀၀၆ မှာ အင်္ဂလိပ်ဘာသာနဲ့ ဒုတိယ အကြိမ်ပုံနှိပ်ခဲ့တဲ့ စာအုပ်ကို ဆရာမင်းအောင်မင်းက 'ရှမ်းတော်လှန်ရေးသမားတစ်ယောက် အမှတ်ရ ချက်များ'အမည်နဲ့ ဘာသာပြန်ဆိုကာ ၂၀၁၅ အောက်တိုဘာမှ ယဉ်မျိုးစာပေက ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်မှာ မာတင်စမစ်နဲ့ဟန်ယောင်ဝေတို့က အမှာစာများ ရေးသားချီးမြှင့်ထားတာတွေ့ရပါတယ်။
    ဒီစာအုပ်မှာ နိုင်ငံရေးပြဿနာများအပြင် မူးယစ်ဆေးဝါး ပြဿနာများလည်း နက်နက်ရှိုင်းရှိုင်း ပါဝင်နေပုံကို မာတင်စမစ်က ထောက်ပြထားပါတယ်။ ဒီစာအုပ်ရေးသူ စဝ်ဆေးယောင်ေ၀ (ယူဂျင်း သိုက်)ဟာ 'မြန်မာနိုင်ငံရေးနှင့် မူးယစ်ဆေးဝါးကိစ္စများအပေါ် လေ့လာဆန်းစစ်နိုင်သူအဖြစ် နိုင်ငံတ ကာ ကွန်ဖရင့်များနှင့်အခြား ထုတ်ဝေပွဲများသို့ မကြာခဏ တက်ရောက်လာရသည့်'လို့ ဖော်ပြထားပါ တယ်။ ဟန်ယောင်ဝေရဲ့ အမှာ စာမှာတော့ ...
    'စာရေးသူတို့၏ မိသားစု၏ အဖေ(သမ္မတစဝ် ရွှေသိုက်) အကျဉ်းထောင်၌ ကွယ်လွန်ပြီးနောက် စဝ်ဆေး(ယူဂျင်းသိုက်) ရှမ်းလက်နက်ကိုင် လှုပ်ရှားမှုထဲရောက်သွားသည်။ တောထဲ၌ ပြောက်ကျား ခေါင်းဆောင် တစ်ဦးအဖြစ် ၁၂ နှစ်ကြာ နေခဲ့သည်။ စစ်ပွဲမအောင်မြင်မှုက သူ့ဘဝကို ထပ်မံပြောင်း လဲစေသည်။ ထိုင်းတွင် နိုင်ငံမဲ့ ဒုက္ခသည်တစ်ဦးဘဝသို့ ရောက်ခဲ့သည်။ လူစိမ်းများ၊ မိတ်ဆွေများ၏ အကူအညီဖြင့် နေထိုင်ခဲ့သည်။ သူနှင့် ဇနီးဖြစ်သူတို့ သားတစ်ယောက် သမီးတစ်ယောက်ရလာချိန်တွင် ကနေဒါက လက်ခံခဲ့သည် (၁၉၈၉)။ ပညာဆက်သင်ဖို့ ဆုံးဖြတ်ပြီး Ph.D ဘွဲ့ရခဲ့သည်'လို့ ရေးသထားပါတယ်။
    စာရေးသူ စဝ်ဆေးယောင်ဝေ(ယူဂျင်းသိုက်) ကိုယ်တိုင်ရဲ့ အမှာစာမှာတော့ ...
    'ရှမ်းပြည်နယ်နိုင်ငံရေး အခြေအနေသည် အရေးပါသည်။ ဘိန်းစစ်ပွဲများ၊ မူးယစ်ဆေးဝါး စစ်တပ်များ၊ မူးယစ်ကုန်သွယ်မှု၊ စစ်ဘုရင်၊ ဘိန်းဘုရင်တို့ဖြင့် သတင်းများ ကျယ်ပြန့်လာသည်'လို့ တင်ပြထားပြီး 'ရှမ်းလက်နက်ကိုင် လှုပ်ရှားမှု၌ ကျွန်တော် ၁၉၆၃ မှ ၇၆ အထိ ပါဝင်ခဲ့သည်'လို့ ဝန်ခံထားပြီး ဒီစာအုပ်ဟာ 'ကိုယ်တိုင်ပတ်သက်ခဲ့သော သမိုင်းအမှန်တရားများဖြစ်သည်'လို့ ဆိုပါတယ်။ ယူဂျင်းသိုက်ဟာ အသက် (၆၅) နှစ် အရွယ် ၂၀၀၄ ဇူလိုင်လမှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ မှတ်မှတ်ရရ တင်ပြခဲ့တဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေ ကြားက မူးယစ်ဆေးဝါးနှင့် ဘိန်းလုပ်ငန်းများအကြောင်း ကို လေ့လာကြည့်ရအောင် ...။
    သူ့စာအုပ်မှာ 'ရှမ်းပြည်နယ် နိုင်ငံရေးနှင့် ဘိန်းပြဿနာ'ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
    'ရန်ကုန်အစိုးရနှင့် အနောက်တိုင်း မီဒီယာများအကြား ထင်ရှားသော ကျယ်ပြန့်သည့် အမြင်မှာ ရှမ်းပြည်နယ်၌ ဘိန်းစိုက်ပျိုးခြင်းသည် ရှမ်းသူပုန်များနှင့် စစ်ဘုရင်များက ဘိန်းစိုက်ပျိုးရန် အားပေးမှုကြောင့် ကျယ်ပြန့်လာခြင်း ဖြစ်သည်။ ထိုမှရရှိလာသော ဘိန်းတို့ကို သူပုန်တပ်ဖွဲ့များက အစောင့်အရှောက်ဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်သည်။ ထိုနေရာတွင် ဘိန်းဖြူချက်လုပ်ပြီး သင်္ဘောဖြင့် တင်ပို့ကြသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ မြို့ကြီးများသို့ ပို့ကြသည်။ ငွေကြေးရရှိလာသောအခါ အစိုးရကို ဆန့်ကျင်ဖို့ အသုံးပြုကြသည်' (စာ-၆၃)
    'ရှမ်းပြည်နယ်မှ ဘိန်းလုပ်ငန်းနှင့် နိုင်ငံတကာ ဘိန်းဖြူရောင်းဝယ်မှုသည် နိုင်ငံရေးနှင့် မပတ်သက်သော အရာဖြစ်သည်'လို့ ရေးသားထားတာကတော့ ဘိန်းလုပ်ငန်းဟာ စီးပွားရေးသက်သက်သာ ဖြစ်တယ်လို့ ပြောချင် ပုံရပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေ ကြွေးကြော်နေ တဲ့ 'ဖက်ဒရယ်'၊ 'ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်'စတဲ့ နိုင်ငံရေးစကား လုံးတွေဟာ အပေါ်ယံမျှသာဖြစ်ပြီး အတွင်းသဘောကတော့ စီးပွားရေး၊ လက်နက်ကိုင် ခေါင်းဆောင်တွေ ကြွယ်ဝချမ်းသာရေး ဖြစ်တယ်လို့ ဆိုချင်ပုံရပါတယ်။
    'ထိုလုပ်ငန်း (မူးယစ်ဆေး၊ ဘိန်း) ငွေကြေးပြု လုပ်ပေးခြင်းသည် လူတန်းစားအလွှာတစ်ရပ်၏ ကုန်သွယ်မှုနှင့် အကျိုးအမြတ်ဘဝ၊ အကျိုးစီးပွားဖြစ်သည်။ အဓိကဖြစ်သော တရုတ်လူမျိုးများ၊ သူတို့၏ ဆွေမျိုးများ၊ ပါတနာများ၊ မိတ်ဆွေများ၊ အဖွဲ့အစည်းများ၊ ငွေကြေး ဆိုင်ရာ ပတ်သက်မှုများ၊ သစ္စာခံသူများ၊ အကျိုးစီးပွား ပါဝင်သူများ၊ နယ်နိမိတ်များပေါ်တွင် တာဝန်ရှိသော သူများဖြစ်ကြသည်' (စာ-၆၄)
    သူတို့ရဲ့ ခံယူချက်က စီးပွားရေးသည် စီးပွားရေးသာဖြစ်ပြီး ကိုယ်ကျင့်သိက္ခာတွေ၊ ဥပဒေတွေ လာမပြောနဲ့၊ အနောက်နိုင်ငံ(အင်္ဂလိပ်)လည်း ဘိန်းစီးပွားရေးကို အကြီးအကျယ် လုပ်ခဲ့တာပဲ။ တရုတ်နဲ့ ဘိန်းစစ် ပွဲနှစ်ကြိမ်ဖြစ်တဲ့အထိ ကြီးကျယ်ခဲ့တယ်လို့ ဆိုပါတယ်။
    'တရုတ်တို့၏ ကုန်သွယ်မှုပုံစံ သို့မဟုတ် ငွေကြေးပတ်သက်ရောင်းဝယ်မှုတို့ကို ထောက်ပြရန် ခက်ခဲသည်။ အဘယ့်ကြောင့်ဆိုသော် ပုံစံတကျ မဟုတ်သော ဖွဲ့စည်းမှု သို့မဟုတ် အဖွဲ့အစည်းမှ မဟုတ်သော ချေးယူမှုနှင့် တရုတ်လူမျိုးတို့အကြား ရင်းနှီးမြှုပ်နှံပုံအလေ့ အထများကြောင့် ဖြစ်သည်။ တရုတ်ဆင်ဒီကိတ်တို့သည် ပုံစံတကျမဟုတ်ဘဲ ဒေသအလိုက်ဖြစ်ကြောင်း ရှင်းလင်းနေသည်။ ထိုအဖွဲ့ ဝင်များစွာသည် စီးပွားရေးလုပ်ငန်း များစွာအတွင်းသာမက ဥပဒေပြင်ပ လုပ်ငန်းများအထိ အင်အားကောင်းစွာ ရှိကြသည်' (စာ-၆၅)
    ဘိန်းလုပ်ငန်းကို အဓိက ချုပ်ကိုင်ထားတာ တရုတ်(ထိုင်ဝမ်တရုတ်ဖြူ)တွေဖြစ်ပြီး ရှမ်းသူပုန်များအနေနဲ့ ဘိန်းစိုက်သူတွေဆီက အခွန် ကောက်ခြင်း၊ နယ်စပ်သို့ အစောင့်တပ်ဖွဲ့အဖြစ် လိုက်ပါ ပို့ဆောင်ပေးရခြင်း၊ ကိုယ်စားလှယ်အဖြစ် ဘိန်းဝယ်ယူစုဆောင်းပေးရခြင်းတွေသာ အကန့်အသတ်နဲ့ လုပ်ခဲ့တာလို့ ဆိုပါတယ်။
    'ဘိန်းဘုရင်ဟု ကျော်ကြားသော လော်စစ်ဟန်ပင် ကိုးကန့်ကာကွယ်ရေးအဖွဲ့ကို ၁၉၆၅ မှ ၁၉၇၃ အထိ ခေါင်းဆောင်ခဲ့သော်လည်း ဘိန်းရောင်းဝယ်မှု အားလုံး သူ့ကိုယ်ပိုင်မဟုတ်သလို သန့်စင်ချက်လုပ်မှု များ၌လည်း သူမပါဝင်ပေ။ အလားတူ နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့မှုအပြင် ရှမ်းနယ်နိမိတ်ကိုကျော်၍ ဘိန်းဖြူတို့ကို ထိန်းချုပ်နိုင်မှုလည်း နည်းပါးသည်။'
    ရှမ်းပြည်နယ်တစ်ခွင် ဘိန်းစိုက်ခင်းတွေ တိုးပွားများပြားလာနေပေမယ့် ဘိန်းစိုက်တောင်သူတို့ရဲ့ ဘဝကတော့ ဒုံရင်း ဒုံရင်း ဆင်းရဲခြင်းသံရာလည်နေတာ တွေ့ရပါတယ်။
    'တောင်သူမိသားစုတစ်စုသည် လုပ်သားအများဆုံး လေးဦးရှိပြီး ရာသီဥတုနှင့် မြေအခြေအနေ ကောင်းမွန်သဖြင့် သူတို့ထွက်ရှိနိုင်သည်မှာ တစ်နှစ်လျှင် ဘိန်း ၁၂ ကီလိုဂရမ်ဖြစ်သည်။ ဒေသဈေးနှုန်း ကိုကြည့်လျှင် ဘိန်းတစ်ကီလိုဂရမ်လျှင် ၁၉၆၀ နှစ်များက ကျပ်သုံးရာ၊ ၁၉၇၀ အစောပိုင်းတွင် ကျပ်ခြောက်ရာ၊ ၁၉၈၀ အစောပိုင်းတွင် ကျပ်တစ်ထောင်ဖြစ်သည်။ တရားဝင် မဟုတ်သော်လည်း (ထိုစဉ်က) ဘတ်ငွေနှင့် ကျပ်ငွေတန် ဖိုးညီမျှသည်။ မိသားစုတစ်စုအနေဖြင့် အများဆုံးပမာဏ ထုတ်လုပ်နိုင်သည်မှာ ၁၉၈၀ ပြည့်နှစ်က ၁၂ ကီလိုဂရမ် ဖြစ်သည်။ သူတို့ တစ်နှစ်ဝင်ငွေမှာ ကျပ်တစ်သောင်းနှစ် ထောင်ဖြစ်သည်။ ထိုနှစ်က ထိုင်းတွင် ထဘီတစ်ထည် ဘတ် ၃၀ ရှိပြီး မြန်မာတွင် ကျပ် ၉၀ (ဘတ် ၉၀)ဖြစ် သည်။ ဈေးပေါသော ဆပ်ပြာတစ်ခဲ ထိုင်းတွင် သုံးဘတ် ဖြစ်ပြီး မြန်မာတွင် ကိုးကျပ်ဖြစ်သည်။ မိသားစုတစ်စု၏ ဝင်ငွေဝယ်နိုင်စွမ်းအားမှာ တစ်နှစ်လျှင် အများဆုံးဘတ် လေးသောင်းဖြစ်၍ တစ်နှစ် ဒေါ်လာ ၂၅၀ အောက်သာ ရှိသည်။'
    'ထိုအချိန်က နိုင်ငံတကာဈေး ဘိန်းတစ်ကီလို ဂရမ်လျှင် ဒေါ်လာငါးသိန်းခန့်ရှိသည်။ ၁၉၈၈ ကာလ ရရှိသော ဝင်ငွေအနေအထားကို ချိန်ထိုးကြည့်ခြင်းဖြစ်၏။ အရှေ့တောင်အာရှတွင် အများဆုံး စိုက်ပျိုးသူများ ဖြစ်နေခြင်းမှာ အဝယ်တော်များ၏ အကြွေး သို့မဟုတ် စိုက်ပျိုးချိန်မတိုင်မီ ငွေချေး သူတို့ထံမှ ပေါင်နှံချေးယူ ထားခြင်းတို့အတွက် တစ်ရာသီတိုင်း ရာခိုင်နှုန်း ၃၀ မှ ၅၀ အထိ ပြန်ဆပ်နေရ၍ ဖြစ်သည်။ ရှမ်းနှင့် လူမျိုးစု တောင်သူများ ဘိန်းစိုက်ပျိုးခြင်းမှ အကျိုးအမြတ် တိုးတက်လာခြင်း မရှိသည်မှာ ရှင်းလင်းပါသည်။' (စာ-၆၆)
    ၁၉၅၈ ခုနှစ်က တစ်နှင်လျှင် ဘိန်း ၁၈ တန်သာ ထုတ်လုပ်ခဲ့ရာက ၁၉၇၀ ရောက်တဲ့အခါ ဘိန်းတန် ချိန် ၄၀၀ နဲ့ ၆၀၀ ကြားထုတ်လုပ်လာတယ်လို့ အမေရိကန်နှင့် ကုလသမဂ္ဂက ခန့်မှန်းခဲ့ တယ်လို့ ဆိုပါတယ်။ ၁၉၆၃-၆၄ ကာလက စာရေးသူ ယူဂျင်းသိုက်ဟာ မိုင်းနန်၊ မိုင်းပန်၊ လဲချား ဒေသတွေဆီ ရောက်ခဲ့တယ်။ မိုင်းရယ်၊ သီပေါ၊ သိန္ဒီတို့ကိုလည်း လှည့်လည် စစ်ဆေးခဲ့ရာ ဘိန်းစိုက်ပျိုးမှု ပိုမိုများလာတာ တွေ့ရတယ်ဆိုပါတယ်။ ၁၉၆၉ မှာတော့ နေရာတိုင်းမှာ ဘိန်းစိုက်လာကြပြီး အိမ်ခြံနောက်ဖေးမှာတောင် စိုက်လာတဲ့အထိ ဖြစ်လာတယ်လို့ တင်ပြထားပါတယ်။ ဘိန်းထုတ်လုပ်မှု များပြားလာတာနှင့်အမျှ ရှမ်းပြည်နယ်ရှိ ရှမ်း၊ ကချင်၊ 'ဝ' စတဲ့ လူမျိုးစုတွေရဲ့ လက်နက်ကိုင် အင်အားလည်း ပိုမိုတိုးပွားလာတယ်လို့ ဆိုပါတယ်။
    ဘိန်းနှင့် လက်နက်ကိုင်တို့ရဲ့ အဆက်အစပ်ဟာ တရုတ်ဖြူ KMT တပ်တွေ ဝင်ရောက်လာချိန်ကစပြီး ကြီးထွားခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်ဖြူတပ်တွေဟာ ဘိန်းလုပ်ငန်းကို လုံးဝထိန်းချုပ်ထား ခဲ့ပါတယ်တဲ့။
    'ထိုနိုင်ငံခြားအင်အားစုများက ရည်ရွယ်ချက်မျိုးစုံဖြင့် အခြေခံစခန်းများ တည်ထောင်သည်။ ထိုင်ဝမ် နှင့် အမေရိကန်ထောက်လှမ်းရေး အေဂျင်စီမှ အေးဂျင့်များ တရုတ်ပြည်ထဲသို့ စေလွှတ်နိုင်ရန်၊ ဘိန်းသိုလှောင်ရန်နှင့် ချက်လုပ်သန့်စင်ရန် ဘိန်းအဝယ်စခန်းများ၊ မှောင်ခိုပစ္စည်းများ ဖြန့်ဖြူးသိမ်း ဆည်းနိုင်ရန် ဒေသခံတပ်မှူးကိုယ်ပိုင် အသုံးပြုရန် ရည်ရွယ်ချက်များဖြင့် အခြေခံစခန်းများ တည်ထောင်ခြင်းဖြစ်သည်။ ရှမ်းပြည်နယ်၏ ဧရိယာသုံးပုံတစ်ပုံ စတုရန်းမိုင် နှစ်သောင်းနီးပါး လွှမ်းခြုံသော ဧရိယာဖြစ်သည်။ သိန္ဒီရှိ ယခင် KMT စခန်းများ ကိုးကန့်နှင့် လောက်ဆောက်တို့တွင် ရှိကြသည်။ သံလွင်အရှေ့ဘက် ပန်နားမှ ကြီးမားသော ဧရိယာမှာ အောက်ဘက် ပန်ဆန်းအထိဖြစ်သည်။'
    'သံလွင်အနောက်ဘက် မိုင်းရှူး၊ မိုင်းစံ၊ ကျိုင်း တုံမြောက်ဘက် မိုင်းယန်း၊ မိုင်းညှင်း၊ မိုင်းပေါက်၊ ကျိုင်း တုံအရှေ့ဘက် မိုင်းမ၊ မိုင်းဟီ၊ မိုင်းခမ်း၊ မိုင်းယောင်း ကျိုက်လပ်၊ ကျိုင်းတုံအနောက်ဘက် မိုင်းပု၊ မိုင်းဆတ်၊ မိုင်းပြင်းတို့တွင် ဖြစ်သည်။ ထို ဧရိယာအားလုံးတွင် ဘိန်းထွက်ရှိမှု ထူးခြားစွာ တိုးပွားလာ သည်။ ထိုင်းနိုင်ငံရှိ မဲစလွန်းနှင့် တစ်နော့တွင် အခြေစိုက်သော KMT အမှတ်-၃ နှင့် အမှတ်-၅ တပ်မဌာ နချုပ်တို့က သူတို့ကို ကောင်းစွာ စုစည်းထားသည်။ ထိုတပ်မနှစ်ခုအပြင် ထိုင်ဝမ်နှင့် အမေရိကန်တို့ ကျေးဇူးလည်းပါသည်။ ထိုင်းနိုင်ငံတွင် ပုံမှန်မဟုတ်သော တရုတ်တပ်မတော်တစ်ခု ထိုင်းဘုရင့် တပ်မတော်အတွက် ကွန်မြူနစ်ဆန့်ကျင်ရေး အထူးမဟာမိတ်တစ်ခု ရှိလာခြင်းဖြစ်သည်။' (စာ-၁၃၇)
    KMT (တရုတ်ဖြူ)တို့ ထိန်းချုပ်ထားသော နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ကျယ်ပြန့်လာသည်။ တရုတ်ဗိုလ်ချုပ်များနှင့် ဗိုလ်မှူးကြီးများမှာ စီးပွားရေးတွင် ချမ်းသာသော သူဌေးများဖြစ်လာသည်။ သူတို့၏ ကုန်သွယ်ဖက်များမှာ တရုတ်ကုန်သည်ကြီးများနှင့် ငွေကြေးလုပ်ငန်း ကွန်ရက်များဖြစ်ကြသည်။ အင်ဒိုချိုင်းနားတွင် အမေရိကန်တို့ တည်ရှိမှု ကြီးမားလာသည့် အလျောက် ဘိန်းဖြူဝယ်လိုအား က ပိုကောင်းလာခဲ့သည်။ ရှမ်းပြည်နယ်တွင် KMT ဟောင်းကုန်သည် စစ်ဘုရင်များက စီးပွားရေးနှင့် စစ်ရေးကို လွှမ်းမိုးထားခြင်းက နောက်ပိုင်းတွင် ရှမ်းသူပုန် ခေါင်းဆောင်များအတွက် ရွေးချယ်စရာနှစ်ခု ဖြစ်လာခဲ့သည်။ ပထမက ထိုနိုင်ငံ ခြားကျူးကျော်သူတို့ ထိန်းချုပ်သည်ကို လက်ခံ၍ သတ် မှတ်ပြဋ္ဌာန်း မည်လား၊ သို့မဟုတ် ဖယ်ရှားမည်လားဆိုသည်နှင့် အညံ့ခံမလားဟု ဖြစ်သည်။' (စာ-၁၃၈)
    'သူပုန်အဖွဲ့များစွာနှင့် ခေါင်းဆောင်များမှာ KMT ဟောင်း စစ်ဘုရင်များကို စိန်ခေါ်နိုင်သည့် အနေအထားတွင် မရှိကြ။ ထိုအခါ မကြာမီ ယင်းတို့သည် ယခင် KMT ဟောင်းများနှင့် အခြားတရုတ် စီးပွားရေး အကျိုးစီးပွားတို့အတွက် ရှေ့ပြေးအဖွဲ့ သို့မဟုတ် အကူတပ်ဖွဲ့များ ဖြစ် လာကြသည်။' (စာ-၁၃၈)
    ယူဂျင်းသိုက်က သူကြုံတွေ့ခဲ့ရသမျှ ပွင့်ပွင့်လင်းလင်း တင်ပြသွားခြင်း ဖြစ်ပါတယ်။ မြန်မာ အစိုးရကို ပုန်ကန်သူတွေဟာ တရုတ်ဖြူတွေ အလိုကျ အသုံးတော် ခံနေရပုံတွေ ပေါ်လွင်လှပါတယ်။ ကိုးကန့်တပ်ဖွဲ့ဆိုတာလည်း ဒီပုပ်ထဲက ဒီပဲဆိုတာ ကွက်ကွက်ကွင်းကွင်း ဖော် ပြထားပါတယ်။ ကိုးကန့် တပ်တွေဟာ ...
    'တရုတ်ကုန်သည်များ၊ ငွေကြေးထိန်းချုပ်ရာများ နိုင်ငံများစွာနှင့် ကုန်သွယ်မှုကို ထိန်းချုပ်ထားသည့် စစ်ဘုရင်များ၏ အကူအင်အားများသဖွယ် ဖြစ်လာခဲ့သည်။ နိုင်ငံတကာ မူးယစ်ဆေးဝါးဈေး ကွက်တို့နှင့် အခြားအထောက်အပံ့ဖြစ်ရာတို့သို့ ဝင်ထွက်နိုင်သော သူများအတွက်လည်းဖြစ်သည်။ ကိုးကန့်တပ်ဖွဲ့များသည် တရုတ်အစုရှယ်ယာရှင်များနှင့် မူးယစ်ဆေးဝါး ကွန်ရက်အတွက် စိုက်ပျိုး သူများထံမှ ဘိန်းများ ဝယ်ယူသည်။ နယ်စပ်သို့ ရောင်းချရာတွင် အစောင့်အဖြစ် လိုက်ပါပေးသည်။ အဖွဲ့ငယ်များက လားတန်းများဖြင့် လိုက်ပါပို့ဆောင်ပေးပြီး အဖွဲ့ကြီးများက ယာဉ်တန်းဖြင့် တာချီလိတ်ကို ဖြတ်၍ နယ်စပ် သို့မဟုတ် မိုင်းနင်းသို့ ပို့သည်။'
    'နယ်စပ်သို့ ရောက်ရှိရေး တာဝန်ယူရသော ကိုးကန့်အဆင့်အားလုံးသည် သူတို့ကိုယ်တိုင် တက်ကြွစွာ လုပ်ဆောင်လေ့ရှိပြီး ထိုင်းနယ်စပ်သို့မဟုတ် တရုတ် ကွန်ရက်ရှိရာ လာအိုတို့တွင် ချထားရေးလုပ်ငန်းပြီးဆုံး ပြီးနောက် အပြန်ခရီးအတွက် ပြင်ဆင်ရသည်။ အပြန်ခရီးတွင် ကျိုင်းတုံ၊ မိုးနဲ၊ တောင်ကြီး၊ တန့်ယန်း၊ လားရှိုးတို့၌ သိုလှောင်မည့် စားသုံးကုန်နှင့် အခြားကုန်ပစ္စည်း များပို့ဆောင်ပေးရသည်။ ကိုးကန့်တပ်ဖွဲ့သည် တစ်နှစ် လျှင် ပျမ်းမျှ ခရီးနှစ်ကြိမ်သွားရသည်။ အဖွဲ့ငယ်များက ၁၀ ရာခိုင်နှုန်းရသည်' (စာ-၁၄၂)
    ခေါင်းဆောင်ပိုင်းက ဘိန်းနှင့် အခြားမှောင်ခို ပစ္စည်းများအတွက် ရာခိုင်နှုန်း ၅၀ ယူတယ်လို့ ဆိုပါတယ်။ ၁၉၇၃ မှာ အစိုးရက ကာကွယ်ရေးတပ်တွေ ဖျက်သိမ်းလိုက်တဲ့အခါ ဘိန်းဈေးကွက် ကမောက်ကမ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဗကပတွေ အင်အားကောင်း လာချိန် ဘိန်းဈေး ကွက်လမ်းကြောင်းတစ်ခု ပြန်ပွင့်လာ တယ်လို့ဆိုပါတယ်။
    'ထို ဘိန်းဈေးကွက်သည် နယ်စပ်တစ်ခုတည်း၌ ထိုင်းငွေကြေး ဘတ်သန်းရာချီအောင် ရှိနေ သည်။ ဘိန်းဖြူဈေးက ဘိန်းထက် အဆ ၂၀ ပိုများသည်။ ချက်လုပ်သန့်စင်ပြီး ဘန်ကောက်ဈေးနှုန်းက လေးဆပို များသည်။ နယူးရောက်သို့ ရောက်သွားလျှင် ဈေးနှုန်းက အလွန်ကြီးမားသွားသည်။ အကျိုးအမြတ်များ ဒေါ်လာဖြင့် ပြန်လည်ရရှိသည်။ ၁၉၆၄ က ဂျာမနီတွင် ဖမ်းမိသော ဘိန်းဖြူ ၃၂ ကီလို ဂရမ်သည် တန်ဖိုးဒေါ်လာ သန်းနှစ်ဆယ်ရှိသည်။ တစ်ကီလိုဂရမ်တန်ဖိုးက ဒေါ်လာ သုည ဒသမ ၆ သန်းဖြစ်သည်။ ဤသို့ ဒေါ်လာသန်း ချီလည်ပတ်နေသော နိုင်ငံတကာလုပ်ငန်းထဲ ရှမ်းသူပုန်များနှင့် ဆင်းရဲသော စိုက်ပျိုးသူတောင်သူများ ပါဝင်နေကြခြင်း ဖြစ်သည်။} (စာ-၁၄၄)
    စဝ်ဆေးယောင်ဝေ(ယူဂျင်းသိုက်)က စစ်ပွဲတွေဖြစ်နေတာ အစိုးရအတွက်ရော တိုင်းရင်းသား လက်နက်ကိုင်တွေအတွက်ပါ အကျိုးမရှိဘူးလို့ ဆိုပါတယ်။ အစိုးရကလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မလုပ်နိုင်၊ တိုင်းရင်းသား လက်နက်ကိုင်များကလည်း သူတို့ဇာတိ ဒေသတိုးတက်အောင် မလုပ်နိုင် ကြောင်း ထောက်ပြထား ပါတယ်။
    'မြန်မာနိုင်ငံဖြစ်ရပ်မှာ အဓိပ္ပာယ်မရှိသော စစ်ပွဲဖြင့် အချိန်နှင့် ခွန်အားများ ပြုန်းတီးခဲ့ခြင်းသာ ဖြစ်၏။ ရှမ်း၊ ကချင်၊ ကရင်နှင့် အခြားသူတို့မှာ ဗမာတို့ထံမှ ဗဟိုချက်အာဏာကို သိမ်းပိုက်ရန် တိုက်ခိုက်နေခြင်း မဟုတ်၊ ဗမာတို့၏ အာဏာဗဟိုချက်က တစ်နိုင်ငံလုံးကို ထိန်းချုပ်နေခြင်းကို ဆန့်ကျင်နေခြင်းဖြစ်သည်။ သူတို့၏ ဇာတိမြေအတွင်းမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒီဂရီအဆင့်အတွက် မဟုတ်လျှင် ဘာအတွက် တိုက်ခိုက်နေ ပါမည်နည်း။ ထိုအချက်မှာ ပဋိပက္ခတွင် လက်ရှိဆွေးနွေးနေသော အရေးအကြီးဆုံး အချက်ဖြစ်သည်။' (စာ-၁၅၁)
    စစ်ပွဲရှည်ကြာနေသမျှ 'တရုတ်ကုန်သည်များ ထိန်းချုပ်ထားသော မှောင်ခိုဈေးကွက် လှုပ်ရှား မှုတွင် မြန်မာနိုင်ငံ ဆက်လက်မျောပါနေမည် ဖြစ်သည်'လို့ဆို ပါတယ်။ ယူဂျင်းသိုက်ပြောတဲ့ မှောင်ခို ဈေးကွက်ထဲမှာ ဘိန်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုလည်း အလိုလိုပါ သွားပြီလို့ နားလည်ရပါတယ်။ 'စစ်ပွဲဖြစ်ပွားနေခြင်းမှာ ဗမာမဟုတ် သူတို့အပေါ် ဗမာဗဟိုချက်ထိန်းချုပ်မှုအား ဖြည့်ပါဝင်ခြင်း ဖြစ်သည်ကို နားမလည်သော အမြင်လည်း ရှိကြသည်။ ဆင်းရဲတွင်းနက်မှုကို စဉ်းစားလျှင် နိုင်ငံသည် နစ်မြှုပ်နေသည်။ အစိုးရအတွက်ရော သူပုန်ခေါင်းဆောင်များအတွက်ပါ အလွန်သတိထားစဉ်းစားရမည့် အချိန်ဖြစ်သည်'လို့ ဝေဖန်သုံးသပ်ထားပါတယ်။
    ယူဂျင်းသိုက်က စစ်ရေးနည်းဟာ အဖြေမဟုတ်၊ စစ်ရေးအောင်ပွဲရသည်ထားဦး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တာရှည်ထိန်းထားနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးရှုထောင့်က ကြည့်မြင်ဆွေး နွေးထားပါတယ်။
    'ပြည်ထောင်စုအတွင်းမှ ပြည်သူများ နိုင်ငံရေးပဋိပကတစ်ခုအတွင်း ပိတ်မိနေသည်မှာ ရှည်ကြာလှပြီဖြစ်သည်။ ထိုအနိဋ္ဌာရုံသံသရာထဲမှ လွတ်မြောက်အောင် ဗမာ၊ ရှမ်း၊ မွန်၊ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ ရခိုင် စစ်ပွဲပဋိပက္ခ၏ သနားစရာသားကောင်အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်ပါသည်'လို့ စဝ်ဆေး ယောင်ဝေ(ယူဂျင်းသိုက်)က တိုက်တွန်းထားပါတယ်။
( မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 343

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42956

© 2022 - 2025 News. All Rights Reserved.