၂၀၂၅ ဇန်နဝါရီ ၁၁
တစ်ချိန်တုန်းက ဒေါက်တာအေးကျော် ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း သတိရမိတယ်။ ဘူမိဆိုတာ မြေကြီး၊ ရက္ခိတဆိုတာ ဗုဒ္ဓဘာသာနဲ့ မြေကြီးကို စောင့်ရှောက်ရမယ့်သူတွေ၊ ပုတ္တရ ဆိုတာကတော့ ဒီမြေကြီးမှာ မွေးဖွားလာတဲ့ နောင်သားစဉ်မြေးမြစ် သားသမီးတွေ၊ အထူးသဖြင့် ရခိုင်တိုင်းရင်း သား တွေပေါ့။ ရခိုင်အစွန်းရောက်သူ အတော်များများ ဖုံးကွယ်ထားတဲ့ အရာတစ်ခုကတော့ အမျိုးချစ်တာကို လိုအပ်တာထက် ကျော်ပြီး ရခိုင်ပြည် နယ်တစ်ခုလုံးကို ရခိုင်လူမျိုးကသာ ပြန်လည်အုပ်စိုးမယ်။ ရခိုင်မင်းဆက်ကို ဖြုတ်ပစ်တဲ့ ဗမာကို လူမျိုးရေးအရ စိတ်နာမုန်းတီးတယ် ဆိုတာပါပဲ။ ဒါက လူမျိုးရေး အစွန်းရောက်တဲ့ ရခိုင်တော်တော်များများမှာရှိတဲ့ စိတ်ခံစားချက်ပါပဲ။ ဒီကနေ့ဖြစ်နေတဲ့ ရခိုင်ပြည်နယ် စစ်ပွဲမှာ မပြီးဆုံးနိုင်တဲ့ အမုန်းကြောရှည်စေတဲ့ အကြောင်းတရားကလည်း အထက်ကဆိုခဲ့တဲ့ ဖြစ်ရပ်သမိုင်းကိုပဲ အခြေခံတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ရမှာဖြစ်တယ်။
ဘာဖြစ်လို့ ဒီလို ဆိုရသလဲဆိုတော့ ရခိုင်အစွန်းရောက်သူ တော်တော်များများဟာ ဗမာမုန်းတီးရေးကို အခြေခံပြီး စစ်အာဏာရှင် ဖယ်ရှားရှင်းလင်းရေးဆိုတာကို ခေါင်းစဉ်တပ်၊ ရခိုင်ပြည်နယ်ကို အနောက်ဘင်္ဂလားရန်က အဓိက အကာအကွယ်ပြုနေကြတဲ့ တပ်မတော်သားတွေကို ရခိုင်ပြည်နယ်ကနေ ဖယ်ရှားရှင်းလင်းချင်နေတာ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ ဒါကြောင့်လည်း ရခိုင်ပြည်မှာ အေးချမ်းတည်ငြိမ်ခဲ့မှုတွေကို မျက်ကွယ်ပြုပြီး တစ်ကျော့ပြန် ပြည်တွင်းစစ်ကို အကြမ်းဖက် AA တွေ ဖန်တီး ပုံဖော်လာခဲ့ကြတာ ဖြစ်တယ်။ ဒီလို ပုံဖော်ခဲ့ကြရာမှာလည်း ရခိုင်လူထုတစ်ရပ်လုံးကို လူမျိုးရေး စိတ်ရိုက်သွင်းပြီး အမျိုးသမီးတွေပါမကျန် စစ်ပွဲထဲကို ပါဝင်စေအောင် လှုံ့ဆော်စည်းရုံး ပါဝင်စေခဲ့တာမျိုး တွေ့ရတယ်။ ခက်တာက ရခိုင်ပြည်နယ်မှာ တပ်မတော်ဟာ ပြည်ပ ကျူးကျော်စစ်အတွက်သာ ရှိနေပေမယ့် လူမျိုးရေးအရ ရခိုင်လူမျိုးစုပြီးရင်…ဒုတိယ အများဆုံးဖြစ်တဲ့ ဘင်္ဂါလီအရေးကိစ္စကိုတော့ ရခိုင်အစွန်းရောက်သူတွေ သတိပြုဖို့ မေ့လျော့နေခဲ့ကြတယ်။ ဗမာ-ရခိုင် မုန်းတီးစိတ် အခြေခံအ ကြောင်းတရားကို ခပ်နာနာ ဇာတ်ကြောင်းပေးလိုက်တဲ့အခါမှာ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ် နေပါရက်နဲ့တောင် ရခိုင်ပြည်ပြန်ရေးဆိုတဲ့ ဘင်္ဂါလီတွေ နှတ်ကြောင်းပေးနေတာ သာမန်မဟုတ်ဘူး ဆိုတာမျိုးတော့ စဉ်းစားကြဖို့ လိုအပ်တယ်။ ဆိုလိုတာက ရခိုင်ပြည်နယ်စစ်ပွဲ ကြောင့် ရခိုင်တိုင်းရင်းသားနဲ့ တပ်မတော်တို့အထိနာနေချိန်မှာ အချိန်ကိုက် ဝင်လာမယ့် အနောက်အန္တရာယ် အတိမ်အနက်ကို ကြိုပြင်ထားဖို့ လိုနေပြီဆိုတာကို မီးမောင်းထိုးပြနေခြင်းသာ ဖြစ်တယ်။
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေရှ့်မှာ CAI အလိုကျ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာပြည် အနောက်ဘက် နယ်မြေတချို့ ပူးပေါင်းပြီး ခရစ်ယာန်နိုင်ငံတစ်ခု ထူထောင်မယ်ဆိုတဲ့ ရှိတ်ဟာစီနာရဲ့ ထုတ်ဖော် ဝန်ခံချက်ဟာ အကြောင်းမဲ့ ဟုတ်ဟန်မတူဘူး။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှာ ရိုဟင်ဂျာတွေအတွက် လုံခြုံရေးဇုန် (Safe Zone) သတ်မှတ်ပေးဖို့ ဘင်္ဂလားဒေရှ့် အစိုးရခေါင်းဆောင် ဒေါက်တာ ယူနွတ်စ်က နိုင်ငံတကာကို တောင်းဆိုတယ်ဆိုတဲ့ သတင်းမျိုးက အကြောင်းမဲ့ တိုက်ဆိုင်မှု မဟုတ်ဘူးဆိုတာ နားလည်ထားရမှာ ဖြစ်တယ်။ ယူနွတ်စ်ရဲ့ တောင်းဆိုမှု နောက် ဆက်တွဲမှာ ဘင်္ဂါလီ(မူရင်းအဆို ရိုဟင်ဂျာ) ပဋိပက္ခနဲ့ မြန်မာ့အရေးဆိုင်ရာ နိုင်ငံတကာ အထူးညီလာခံတစ်ရပ်ကို ၂၀၂၅ ခုနှစ် ပထမသုံးလအတွင်းမှာပဲ ကျင်းပနိုင်ဖို့ ကုလသမဂ္ဂဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီးနဲ့ မလေးရှားနိုင်ငံ သံအမတ်ကြီးတို့နှစ်ဦးကို ပူးတွဲတာဝန်ခံအဖြစ်နဲ့ ခန့်အပ်လိုက်တယ်ဆိုတဲ့ သတင်းလည်း တွေ့လိုက်ရတယ်။ သေချာတာကတော့ ရခိုင်ပြည်နယ်က အပြင်းအထန် ဖြစ်နေတဲ့ စစ်ပွဲတွေရဲ့ နောက်ကွယ်မှာ ဘင်္ဂါလီတွေ နေရပ်ပြန်ဖို့ဆိုတဲ့ ဖိအားတစ်ရပ်ကို ၂၀၂၅ ခုနှစ်မှာပဲ နိုင်ငံတကာက အကောင်အထည် ဖော်လာနိုင်တာမျိုး တွေးမိတယ်။ စောစောကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ တပ်မတော်ရဲ့ နယ်ခြားစောင့်စခန်းတွေရှိနေခဲ့လို့သာ တရားမဝင် ခိုးဝင်မှုတွေကို ထိန်းနိုင်ခဲ့ချိန်မှာ နခခ (၅)လိုမျိုး စခန်းတွေ မရှိတော့ချိန် ရခိုင်မြောက်ဘက်က မောင်တောမြို့တွေကို အကြမ်းဖက် AA အနေနဲ့ ဘယ်လိုထိန်းချုပ်မလဲဆိုတာ အတော်လေးစိတ်ပူစရာ အခြေအနေဖြစ်တယ်။ ဒီကြားထဲ အကြမ်းဖက် AA ကို တန် ပြန်တိုက်နေတဲ့ ဘင်္ဂါလီလက်နက်ကိုင်လေးဖွဲ့ ပူးပေါင်းမှုဟာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးသွားနိုင်တာ တွေ့ရတယ်။
တကယ်တော့ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ကိုပေးပို့တဲ့ ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းသဝဏ်လွှာထဲမှာပါတဲ့ စကားလုံးလိုပဲ နိုင်ငံရေးပြဿနာဟာ နိုင်ငံရေးနည်းလမ်းနဲ့သာ ရိုးသားစွာ အဖြေရှာတာ အကောင်းဆုံးဖြစ်တယ်။ ခုလို ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲ တိုက်ပွဲတွေ မဖော်ဆောင်သေးခင် ရခိုင်ပြည်နယ်ဟာ ဂျပန်ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဆာဆာကာဝါရဲ့ ဦးဆောင်မှုအောက်မှာ အတော်လေး တည်ငြိမ်အေးချမ်းခဲ့ရတယ်။ ဒီငြိမ်းချမ်းရေး အကျိုးဆက်ကြောင့်လည်း ၂၀၂၃ ခုနှစ် မဟာနှစ်သစ်ကူးသင်္ကြန်လိုမျိုး ပွဲတော်တွေကို ရခိုင်ပြည်နယ်မှာ အေးအေးချမ်းချမ်းနဲ့ ရက်ရှည်လများ ကျင်းပခွင့်ရခဲ့တယ်။ ရခိုင်ပြည်နယ်ဟာ သာမန်အားဖြင့် မြစ်ချောင်း၊ အင်းအိုင်ပေါများပြီး ကမ်းလွန်ပင်လယ်မှာ သဘာဝဓာတ်ငွေ့ ထွက်ရုံကလွဲပြီး ချင်းပြည်နယ်လိုပဲ တိုးတက်မှုနှုန်း အတော်နှေးကွေးတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲလွန်းတဲ့ အခြေ အနေရှိတဲ့ ရခိုင်ပြည်နယ်ဟာ သဘာဝဘေးအန္တရာယ်ကိုလည်း အထိုက်အလျောက် ခံစားရလေ့ရှိတတ်တဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်နေပြန်သေးတယ်။ ဥပမာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရဲ့ မြို့ရွာ တော်တော်များများ ပျက်စီးခဲ့ရတာမျိုး ကြုံတွေ့ခဲ့ရတယ်။ မိုခါကြောင့် ရခိုင်ပြည် နယ်ရှိ မြို့နယ် ၁၇ မြို့နယ်ထဲက နေအိမ် ၁၈၂၅၉၈ လုံး၊ ရုံးပေါင်း ၃၀၀ ၊ စာသင်ကျောင်း ၁၃၅၂ ကျောင်း၊ ဆေးရုံ၊ ဆေးခန်းပေါင်း ၂၂၀ ၊ ဘာသာရေး အဆောက်အအုံ ၁၇၀၁ လုံးနဲ့ အခြားပျက်စီးမှု ၁၀၁၄ ခုရှိခဲ့သလို၊ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၀ မြို့နယ်ထဲမှာ ကျွဲ ၄၂၀၆ ကောင်၊ နွား ၇၅၉၃ ကောင်၊ ဝက် ၂၂၈၃ ကောင်၊ ဆိတ် ၇၃၈ ကောင်နဲ့ ကြက် ၄၈၉၂၀၅ ကောင် ပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ်။
ဒီလိုပျက်စီးမှုတွေ ရှိခဲ့တယ်ဆိုပေမယ့် အစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အားကောင်းခဲ့လို ရခိုင်ပြည်နယ်ရဲ့ ပျက်စီးဆုံးရှုံးမှုဟာ ဒီလောက်ခံသာခဲ့တာဖြစ်တယ်။ မုန်တိုင်းဖြစ်ပြီးပြီး ချင်း မေ ၁၅ ရက်မှာပဲ ရခိုင်ပြည်နယ်ထဲက မုန်တိုင်းဒဏ်သင့်ခဲ့ကြတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရဲ့ အလှူငွေလက်ခံမှုမှာ နံနက် ၉ နာရီကနေ နံနက် ၁၁ နာရီ အတွင်းမှာပဲ ပြည်မထဲက အလှူရှင်တွေဟာ အလှူငွေ ကျပ်သိန်းပေါင်း ၁၃၁၈၁၀ သိန်းအထိ လာရောက်လှူဒါန်းခဲ့ကြတာ တွေ့ရတယ်။ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက မုန်တိုင်းသင့် ပြည်သူတွေအတွက် ပြန်လည်ထူ ထောင် ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့စား သောက်ကုန်တွေ၊ ဆေးဝါးတွေ၊ လူသုံးကုန်တွေ၊ အိမ်ဆောက်ပစ္စည်းတွေ၊ ဆက်သွယ်ရေးဆိုင် ရာပစ္စည်းတွေ၊ လျှပ်စစ်ဓာတ်အားလိုင်း ပြင်ဆင်ရေး ပစ္စည်းတွေအပြင် စက်သုံးဆီတွေကိုပါ တပ်မတော်စစ်ရေယာဉ်၊ လေယာဉ်တွေနဲ့ အားချင်းပို့ဆောင် ကူညီရိုင်းပင်းခဲ့ကြတယ်။ ရခိုင်ပြည်နယ်ကြီး မုန်တိုင်းဒဏ်ကနေ ပြန်လည်နာလန်ထူနိုင်ဖို့အတွက် ဌာနဆိုင်ရာအလိုက် ကျွမ်းကျင်ပညာရှင်တွေ၊ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ တပ်မတော်က ကြိုတင်စုဖွဲ့ထားတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ အင်ဂျင်နီယာတပ်ဖွဲ့တွေ၊ ဆေးကုသရေးအဖွဲ့တွေ၊ ထောက်ပံ့ရေးအဖွဲ့တွေနဲ့ တက်ညီလက်ညီ ကူညီပေးခဲ့ကြတယ်။
ဒါပေမဲ့ အကြမ်းဖက် ရခိုင်လက်နက်ကိုင်တပ် ဖွဲ့ AA အနေနဲ့ကတော့ တပ်မတော်သားတွေကို သာမကဘဲ လူမျိုးရေးအရ မုန်းတီးမှုနဲ့ပါ ရခိုင်တစ်ပြည်လုံးကို အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေကတော့ နေ့ရက်မှတ်တမ်းအလိုက် ထင်ထင်ရှားရှား ကျူးလွန်ခဲ့ကြတယ်။ ဧရာဝတီသတင်းဌာနနဲ့လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အကြမ်းဖက် AA ရဲ့ ခေါင်းဆောင် ထွန်းမြတ်နိုင်က (2020 Arakan Dream) ဆို တဲ့ခေါင်းစဉ်နဲ့ လက်နက်ကိုင် တော်လှန်ရေးလုပ်ငန်းစဉ်တွေကို လူမှုကွန်ရက် စာမျက်နှာပေါ်ကတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့တယ်။ တိုက်ဆိုင်မှုမဟုတ်တဲ့ ဖြစ်ရပ်တစ်ခုကတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)မှာ အကြမ်းဖက် AA လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ ဒီတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး အသက်ဆုံးရှုံးခဲ့ပြီး ကိုးဦးဒဏ်ရာရရှိကာ လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့် ဆုံးရှုံးခဲ့ရတယ်။ AA အဖွဲ့ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အချို့ မီးလောင်ပျက် စီးခဲ့ရတယ်။ တကယ်တော့ အကြမ်းဖက် AA တိုက်ခဲ့တဲ့ ခထီးလှရွာဆိုတာ မြိုနှင့် ခမီတိုင်းရင်းသားတွေ မှီတင်းနေထိုင်ကြတဲ့ နတလရွာဖြစ်သလို လက်နက်ကြီးပစ်ကူယူပြီး ရက်ရက်စက်စက် AA တိုက်ခိုက်ခဲ့ တဲ့ ဂုပ္ပိရဲကင်းစခန်းဆိုတာ ရခိုင်တိုင်းရင်း သားတွေနေတဲ့ ရွာဖြစ်တယ်။ ဆိုလိုတာက အကြမ်းဖက် AA ဟာ ရခိုင်ပြည်နယ်ထဲက အခြားတိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွတ်ရေးဆိုတာ မဆိုထားနဲ့၊ ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုတောင် သက်ညှာခြင်းမရှိဘူးဆိုတာ ရှင်းရှင်းလင်း လင်း တွေ့ရတယ်။
နောက်တစ်ခါ ၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက်မှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက တွင်းကင်းအလောင်းရွာမှာ ဆုထူးစံကုမ္ပဏီဝန်ထမ်းတွေ လမ်းလုပ်ငန်းဆောင်ရွက်နေတာကို အင်အား ၁၇၀ နီးပါးရှိတဲ့ ရက္ခိုင့်တပ်(AA) က ဝန်ထမ်း ၁၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်။ နောက်ထပ် ရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်စဉ်တစ်ခုကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ပလက်ဝတံတား စီမံကိန်းအတွက် သံပေါင်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်းကို မတ် ၁၆ ရက်၊ နိုဝင်ဘာ ၂၂ ရက်နဲ့ နိုဝင်ဘာ ၂၉ ရက်တို့မှာ ကုလားတန်မြစ်အတွင်း ချောင်းမြောင်း ပစ်ခတ်ခဲ့ပြီး ရေယာဉ်ဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်စဉ် ကျူးလွန်ခဲ့ကြဖူးတယ်။ နောက်ထပ် နိုဝင်ဘာ ၃၀ ရက်မှာလည်း ပလက်ဝ - ဇိုရမ်ပူလမ်း စီမံကိန်းအတွက် ယာဉ်၊ ယန္တရားတွေ တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်းကို ကုလားတန်မြစ်အတွင်း ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့တယ်။ အကြမ်းဖက် AA အဖွဲ့ဟာ တပ်မတော်တစ်ခုတည်းကိုပဲ သီးသန့်တိုက် ခိုက်ခဲ့တာမျိုး မဟုတ်ဘဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ချင်းပြည်နယ် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်မျိုးကိုလည်း ပေါ်ပေါ်ထင်ထင် ကျူးလွန်ခဲ့တယ်။ အလားတူ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်အတွက် သွားရောက်ဖြေရှင်းနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်ရန် စီစဉ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကို ဒီဇင်ဘာ ၁၂ ရက်က ဖမ်းဆီးပြီး သတ်ဖြတ်ပစ်ခဲ့တယ်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၈ ရက်မှာလည်း အကြမ်းဖက် AA အဖွဲ့က ကျောက်တော်မြို့တွင်းရှိ စိုက်ပျိုးရေး သိပ္ပံကျောင်းအနီး၊ ကျောက်တော်ကားကွင်းအနီးနဲ့ လျှပ်စစ်ဓာတ်အားပေးရုံ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြတဲ့အတွက် ကျောက်တော် မြို့အတွင်းရှိ လူနေရပ်ကွက်အတွင်းနဲ့ မဟာကံကြီးသျှင် ဘုရားအနီးကို လက်နက်ကြီးဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အမျိုး သားသုံးဦး ဒဏ်ရာရရှိခဲ့သလို မဟာကံကြီးသျှင်ဘုရားရဲ့ မုခ်ဦးနဲ့ သာသနိက အဆောက်အအုံတွေပါ ထိခိုက် ပျက်စီးခဲ့ရတယ်။ အလားတူ မင်းပြားမြို့နယ်ထဲက ရာမောင်တံတားကို ဒီဇင်ဘာ ၃၀ ရက် နံနက်မှာ AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နှောင့်ယှက်ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်။ အပေါ်က ဖြစ်စဉ်တွေအားလုံးကိုကြည့်ရင် အကြမ်းဖက် AA အနေနဲ့ အရပ်သားအစိုးရ ဝန်ထမ်းတွေအပါအဝင် ရခိုင်ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ ယဉ်ကျေးမှုအမွေအနှစ်နဲ့ ဘာသာရေး အဆောက်အအုံတွေကိုပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တယ်ဆိုတာ ထင်ရှားတယ်။ ဒါ့ကြောင့်လည်း NLD အစိုးရလက်ထက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ ကြေညာခဲ့တာ ဖြစ်တယ်။
အချုပ်ဆိုရရင်တော့ ရခိုင်ပြည်နယ်မှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်း အရေအတွက်ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်အထိ စာရင်းအရ ၁၁၉ ခုရှိပြီး လူပေါင်း ၄၃၀၀၀ ကျော် နေရပ်စွန့်ခွာ စခန်းတွေမှာ နေထိုင်လျက်ရှိတယ်ဆိုပြီး UNORCA က ထုတ်ပြန်ခဲ့ဖူးတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်း ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် အရေအတွက်က ခြောက်သိန်းလောက် ရှိပြီလို့ လည်း ဆိုထားတယ်။ မိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ အခြေအနေတစ်ခုအောက်မှာ ရခိုင်ပြည်နယ်ကို ပြည်ထောင်စုက ခွဲထွက်ပြီး Confederate တည်ဆောက်မယ်ဆိုတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အမြော်အမြင် နည်းပါးမှုအောက်မှာ မိုခါကြောင့်၊ စစ်ကြောင့် ဘယ်လိုပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ လုပ်မှာလဲဆိုတဲ့ မေးခွန်းကတော့ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ မဖြစ်မနေ ဖြေဖို့လိုအပ်နေပြီဖြစ်တာ တွေ့ရတယ်။ ပြီးခဲ့တဲ့ရက် ပိုင်းတုန်းကလည်း ARSA အဖွဲ့တွေက အကြမ်းဖက် AA အဖွဲ့တွေကို ချောင်းမြောင်းသတ်ဖြတ်ခဲ့တဲ့ ရုပ်သံတွေကိုကြည့်ရင် ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ရခိုင်ပြည် နယ်(မြောက်ပိုင်း)မှာ အခြေချနေထိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုကိုလည်း သဘောပေါက် နားလည်လောက်ပြီလို့ မျှော်လင့်တယ်။ ဒီကြားထဲ ပလက်ဝမြို့လို ချင်းပြည်ပိုင်နေရာကို နယ်မြေချဲ့ထားတဲ့ အကြမ်းဖက် AA ရဲ့လုပ်ရပ်ဟာ နောင်ဘက်ပေါင်းစုံက အကျပ်အတည်း ဖြစ်လာနိုင်တဲ့အချက်တွေလည်း တွေ့မိတယ်။ ပိုဆိုးတာက မောင်တောဘက်မှာ အကြမ်းဖက် AA က ဘင်္ဂါလီတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ရုပ်သံတွေရယ်၊ တပ်မတော်သား စစ်သုံ့ပန်းတွေကို ဂျနီဗာကွန်ဗင်းရှင်းတွေ ဖောက်ဖျက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေကို မဖြစ်မနေ တာဝန်ယူ၊ တာဝန်ခံပေးရမှာလည်း ဖြစ်တယ်။ စစ်ကြောင့် ရခိုင်ပြည်နယ်ထဲက ဒေသခံပြည်သူတွေဟာ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို အလူးအလဲခံစားနေရသလို လူမျိုးရေးကို ခုတုံးလုပ်ပြီး ဗမာမုန်းတီးရေး အခြေခံစိတ်နဲ့ ဒိ့ထက်ပိုတဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံရေးနည်းလမ်းကနေ သွေဖည်ပြီး စစ်ရေးနည်းကိုပဲ တောက်လျှောက်ရွေး ချယ်မယ်ဆိုရင်တော့ ဘူမိရက္ခိတ ပုတ္တရ မူဝါဒဟာ ဘာလဲ ဘယ်လဲဆိုပြီး မေးရတော့မှာပဲ ဖြစ်တယ်။
နရီမိုး
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )