ဘူးသပိတ်နဲ့ အထူးရိတ်ကြသူတွေ

၂၀၂၄ ဩဂုတ် ၂

    တော်လှန်ရေးခေါင်းဆောင်ကြီးတွေ တပ်လှန့်လိုက်ပြန်သည်။ အမေရိကားက တော်လှန်ရေးခေါင်းဆောင်ဆရာကြီး ဇဝေဇဝါစိုးက ပြည်သူတွေ 'ဘူး'သပိတ်ဆင်နွှဲဖို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ ဘယ်ကနေဘယ်လို သတင်းရသည်မသိ တော်လှန်ရေးကြီးက အောင်ပွဲတွေအလီလီရနေပြီဟုဆိုကာ အစွမ်းကုန် အရှိန်တင်ပြီး 'ဘူး'သပိတ်လုပ်ကြဖို့ လိုတယ်ဟု ဆိုပြန်သည်။ လက်မခံ'ဘူး'၊ မပူးပေါင်း 'ဘူး'၊ မနာခံ'ဘူး' အခွန် အခမပေး'ဘူး'၊ အစိုးရပိုင်ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ကိုမသုံး'ဘူး'၊ မဝယ်'ဘူး'၊ မသယ်'ဘူး'၊ မရောင်း'ဘူး'၊ အစိုးရထောက်တိုင်တွေကို လက်မခံ'ဘူး'အစချီကာ ရွေးကောက်ပွဲကို လက်မခံ'ဘူး'၊ မဲထွက်မပေး'ဘူး'ဟုဆိုကာ ပြည်သူတွေကို ဘူးတစ်လုံးဆောင်ခိုင်းလိုက်ခြင်းဖြစ်သည်။ ဒီတစ်ခါတော့ နည်းနည်းတော့ စိုးရိမ်မိသည်။နွေဦးကာလ ဖုန်ထတုန်းကလည်း မီတာခတွေမဆောင် ဘူးဆိုပြီး မောင်ထူးမြတ်လေးတစ်ယောက် သပိတ်မှောက်လိုက်တာ EPC က မီးလာဖြတ်တာကြောင့် မိန်းမနားကပ်လေးပေါင်ကာ တစ်နှစ်စာမီတာခလေး၊ ငါးသိန်း ဆောင်ခဲ့ရဖူးသည်။ ဒါတင်မကသေး ဘယ်သူ ပြန်လာမှ ဆေးထိုးမယ်၊ အစိုးရထိုးပေးတဲ့ ကာကွယ်ဆေး မထိုးဘူးလို့ တောင့်ခံလိုက်တာ ကိုဗစ်ဖြစ်ပြီး မသေတာ ကံကောင်းသွားသည်။ နောက်တော့လည်း သူပြန်လာ လာမလာလာ ကိုယ်က ထိုးရမှာဆိုပြီး ကာကွယ်ဆေးထိုး လိုက်ရသည်။
    ခုလည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဘူးသပိတ်ဆိုပြီး ပြည်သူတွေကို ဘူးခိုင်း ပြန်သည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ရွှေဉာဏ်တော်စူးရောက်ပုံများ ထူးမြတ်တစ်ယောက် အထင်ကြီးမိပြန်သည်။ အစိုးရကို အခွန်အခဆောင်ပြီး ပြည်တွင်းကထုတ်ကုန်တွေကို အမေရိကားပို့ကာ စတိုးဆိုင်ဖွင့်ရောင်းနေတဲ့ တော်လှန်ရေးခေါင်းဆောင်မကြီးရဲ့ ထုတ်ကုန်တွေကြတော့  တော်လှန်အစားအသောက်တွေဟု ဆိုပြန်သည်။ ပြည်တွင်းက လူတွေကြပြန်တော့လည်း မဝယ်ရဘူး၊ မစားရဘူးဆိုတော့ နည်းနည်းကသိကအောက် နိုင်လှသည်။ သို့သော် ထူးမြတ်တို့လို တော်လှန်ရေးဘက်တော်သားတွေကတော့ ခေါင်းဆောင်ကြီးတွေ စကားနား ထောင်ရပေတော့မည်။ ကားပျက်သပိတ်၊ ပန်းသပိတ်၊ သနပ်ခါးသပိတ်၊ အပြင်မထွက်သပိတ်၊ လမ်းသလားသပိတ် သပိတ်ပေါင်းစုံတို့ လိုက်လုပ်ကြလို့ အထဲရောက်ကုန်တာတောင် ခေါင်းဆောင်ကြီးတွေ သပိတ်တွေက မကုန်သေးတာကြောင့် အင်မတန် ရွှေဉာဏ်တော်စူး ရောက်ကြပေသည်။ တော်လှန်ရေးခေါင်းဆောင်ကြီး တွေကိုကြည့်ရင်း ကြက်ဥကြီးကြောင်းကြွားတဲ့ ပုံပြင်တောင် သတိရမိသေးသည်။ ငါ့ကြက်မကြီးဥတဲ့ ကြက်ဥက ဖရဲသီးလောက်ရှိတယ်ဆိုကာ ငြင်းခုံကြရင်း ငါ့ကြက်မကြီး ဖင်ကွဲရင်ကွဲပါစေ ဒီထက်မလျှော့နိုင်တော့ ဘူးဟုဆိုသလို ဖြစ်နေသည်။
    ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲဆိုတာက ဘာပဲဖြစ်ဖြစ် မသိဘူး၊ မရှိဘူး၊ မလုပ်ဘူး ဘူးခံငြင်းရင် တစ်သက်လုံး ဆင်းရဲဒုက္ခမရောက်ဟု အဓိပ္ပာယ် ဖွင့်ကြသည်။ ဟုတ်တာမဟုတ်တာ အပထား တော်လှန်ရေးခေါင်းဆောင်ကြီးတွေက ပြည်သူအပေါ် စေတနာထားလို့ ဟိုးအမေရိကားဆီက လှမ်းညွှန်ကြားတာဖြစ်သည်။ အမေရိကားမှာကတော့ အမေရိကားအစိုးရပဲရှိ တာဆိုတော့ မြန်မာအစိုးရနဲ့ ကင်းကင်းနေလို့ရသလို ဘူးတစ်လုံးက ထိုင်ဆောင်လို့ရသည်။ ငါ့သား၊ ငါ့သမီးတွေကို မြန်မာပြည်က ကျောင်းတွေ မတက်ခိုင်းဘူးဆိုရင် အမေရိကားမှာ ကျောင်းတက်လို့ရသည်။ မြန်မာနိုင်ငံ ထုတ်တဲ့အရက်တွေ မသောက်ဘူးဆိုပြီး နိုင်ငံခြားဖြစ်အရက်အကောင်းစားတွေ သောက်လို့ရသည်။ မြန်မာပြည်က အနုပညာရှင်တွေကို အားမပေးဘူးဆိုပြီး အမေရိကားက နာမည်ကြီးအဆိုတော်တွေ ရှိုးပွဲကို မိသားစုလိုက်ကြီး သွားကြည့်လို့ရသေးသည်။ အမေရိကားကတော့ အဟောသုခံ ချမ်းသာလေစွပါတကား။
    ထူးမြတ်တို့လို အမေရိကားမပြေးနိုင်သူတွေကတော့ ဘူးတစ်လုံးဆောင်ဖို့ နည်းနည်းခက်သည်။ အစိုးရနဲ့ပတ်သက်တဲ့ ကုန်ပစ္စည်းတွေ မသုံးဘူးဆိုရင် ထမင်းတောင်စားလို့ မရချေ။ အစိုးရ စိုက်စရိတ်ချေးငွေတွေနဲ့ စပါးစိုက်တာကြောင့်ဖြစ်သည်။ အခွန်မဆောင်ဘူး ဆိုပြန်တော့လည်း အခွန် ရှောင်တယ်ဆိုပြီး အရေးယူခံရ နိုင်သည်။ မီတာခ၊ ရေခွန်မဆောင်ရင်လည်း မဆောင်ရင် မသုံးနဲ့ဆိုပြီး လျှပ်စစ်မီတာ၊ ရေမီတာတွေလာဖြုတ် သွားနိုင်သည်။ ယုတ်စွအဆုံး အခပေးအိမ်သာတွေတောင် အစိုးရကို အခွန်ဆောင်ထားတာဆိုတော့ အင်အင်းတောင်ပါဖို့မလွယ်တော့တဲ့ အခြေအနေ ရောက်သွားနိုင်သည်။
    အရင်က သပိတ်တွေကတော့ လိုက်လုပ်ဖို့ လွယ်သေးသည်။ ပန်းသပိတ်ဆိုရင် လိုက်ပန်းလိုက်ကြ ဖမ်းတော့လည်း ခံလိုက်ကြရုံဖြစ်သည်။ အသံတိတ် သပိတ်ဆိုတော့လည်း ကိုယ်အိမ်မှာ ကိုယ်နေပြီး ဝဇီပိတ် ကျင့်လိုက်ကြရုံဖြစ်သည်။ သနပ်ခါးသပိတ်ဆိုတော့လည်း သနပ်ခါးလေးလိမ်း လိုက်ကြရုံဖြစ်သည်။ နောက်မှ ရွှေဘတို့ အစွမ်းပြလို့ တယ်လီဂရမ်မှာ ငိုမဲ့မဲ့ပုံတွေ တက်လာတာကတော့ ကိုယ်ဒေါသနှင့်ကိုယ်သာ ဖြစ်သည်။
    တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဒီတစ်ခါမှာတော့ အရမ်းကို 'ဘူး'ချင်နေကြပြီထင်သည်။ ပြည်သူတွေက မ'ဘူး'သေးခင် မဲဆောက်က တော်လှန်ရေးခေါင်းဆောင် ပေါက်စလေးတွေ'ဘူး'သပိတ် စလုပ်နေကြပြီဟု ကြားမိသေးသည်။ တချို့တော်လှန်ရေးခေါင်းဆောင် ပေါက်စလေးတွေက တောထဲကပဒက်မလေးတွေနဲ့'ဘူး' ကြသည်။ တချို့ကလည်း ထောက်ပို့မလေးတွေနဲ့ ပုလင်းတူဘူးဆို့လုပ်ပြီး 'ဘူး'ကြသည်။ ခေါင်းဆောင်ကြီးတွေ ပြောတာက 'ဘူး'တစ်လုံးဆောင်ဆိုတာကို သူတို့တွေက နှာဘူးထခိုင်းတာထင်ပြီး 'ဘူး'ကုန်ကြသည်။ အချိန်လေးများရရင် ခေါင်းဆောင်ကြီးတွေရဲ့တပည့် 'ဘူး' သပိတ် လုပ်နေကြသူများကို နည်းနည်းတော့ ထိန်းပေးစေချင်သည်။ တချို့ကလည်း မြန်မာပြည်ကို ပြန်မလာဘူး သြဇီပဲသွားချင်တယ်၊ မြန်မာပြည်ကို ပြန်မလာဘူး အမေရိကားပဲသွားချင်တယ်ဆိုပြီး 'ဘူး'သပိတ် ဆင်နွှဲနေကြ သည်။
    ခေါင်းဆောင်ကြီးတွေ အနေနဲ့လည်း မြို့တွေ သိမ်းရတာ ပင်ပန်းလာကြပြီထင်သည်။ ခေါင်းဆောင်ကြီးတွေ ပြန်လာမယ်အထင်နဲ့ မြို့တွေသိမ်းသိမ်းပေးထားပြီး ခေါင်းဆောင်ကြီးတွေ ပြန်မလာတော့ တပ်မတော်က စေတနာနဲ့ ပြန်ပြန်သိမ်းပေးနေရတာနဲ့ အလုပ်တွေ ရှုပ်ကုန်ကြသည်။ ခေါင်းဆောင်ကြီးတွေက မြန်မာပြည်နဲ့ အလှမ်းဝေးတော့ မသိကြတာဖြစ်မည်ထင်သည်။ တချို့ကလည်း ခေါင်းဆောင်ကြီးတွေ ဖေ့စ်ဘုတ်ပေါ်က သိမ်းထားတဲ့ မြို့တွေကို ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်ပြန်လာစေချင်ကြသည်။ တချို့ကလည်း သပြေပန်းနဲ့ ကြိုဖို့ ပြင်နေကြသည်။ အောင်ပွဲတွေ အလီလီရနေကြတယ် ဆိုပြီးတာတောင် ခေါင်းဆောင်ကြီးတွေ ပြန်မလာတာကလည်း ဘူးသပိတ်ကို ဆင်နွှဲနေကြတာဖြစ်မည်ထင်သည်။ တစ်လှိုင်းပြီးတစ်လှိုင်း အိမ်ပြန်မယ့်လှိုင်းဆိုပြီး ဟစ်ကြွေးနေသော်လည်း ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်က အမေရိကားကနေ တစ်သက်လုံးပြန်မလာတော့ဘူးဆိုပြီး သပိတ်မှောက်နေကြသလား ထင်ရပြန်သည်။ သို့သော် ဘူးသပိတ်မှာက အလှူမခံတော့ဘူး၊ ပရော ဂျက်မဆွဲတော့ဘူး၊ စတိုးဆိုင်ထပ်မဖွင့်တော့ဘူး၊ အိမ်မဝယ်တော့ဘူးဆိုတာတွေ မပါသေးတော့ တော်လှန်ရေးက မပြီးသေးဘူးလို့ ယူဆ လို့ရနိုင်သည်။ ဘူးသပိတ်က လက်လွန်ပြီး ငါတို့မနိုင်တော့ဘူး လို့ထအော်ပြီး ဟိုအလှူ ငွေလေးတွေ မရှိတော့ဘူးဆိုတာ ဖြစ်မှာတော့ စိုးရိမ်မိသေးသည်။ ( ထူးမြတ် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 300

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.