၂၀၂၄ ဇန်နဝါရီ ၁
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဂုဏ်သတင်းကြီးမားခြင်း၊ ဘုန်းတန်ခိုးကြီးမားခြင်းတို့ရဲ့ အကြောင်းရင်းတွေထဲမှာ 'အထူးသန့်ပြန့်သော သီလကို အမြဲအစဉ် ဆောင်နိုင်တော်မူခြင်း'ဟာလည်း အကြောင်းတစ်ခုအနေနဲ့ ပါဝင်လျက်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ တောထွက်တဲ့ နေ့ကစပြီး ယနေ့ သက်တော် (၈၀) ကျော်လာသည့်တိုင်အောင် ငွေကြေးတစ် ကျပ်တစ်ပြားကိုသော်မှ ထိတွေ့ကိုင်တွယ်ဆောင်ယူ အသုံးပြုခြင်း အလျဉ်းမရှိခဲ့ပါပေ။ ဘုရားခွင့်ပြုထားသော သပိတ်တစ်လုံး သင်္ကန်းသုံးထည်ကလွဲပြီး အပိုသိုမှီးထားသော အရာဟူ၍ ဘာမျှမရှိပါလေ။ ရဟန်းဖြစ်စမှာပင် တောထွက်လာခဲ့ရာ သာစည်ဘူတာမှာ ညကြီးမှောင်မှောင် ဆင်းနေခဲ့ပြီး ...နံနက်လင်းတာနဲ့ ဆွမ်းခံရင်း ဦးတည်ရာ တောတောင်များဆီ ကြွလှမ်းတော်မူခဲ့ပါချေပြီ။
ပြာရီမှိုင်းညိုနေတဲ့ ရှမ်းရိုးမတောင်တန်းကြီးတွေကို သာစည်မြို့ပေါ်ကပင် အတိုင်းသား မြင်နေရပါတယ်။ တောင်တန်းကြီးများရဲ့ မြောက်ဘက်စွန်းမှာ ဂငယ်ပုံ မို့မောက်နေတဲ့ တောင်ကုန်းကလေးဆီ သပိတ်ပိုက်လျက် ဦးတည်လျှောက်လှမ်းလာခဲ့ပါတယ်။ အမြင်သာနီး ခရီးဝေးသည့်တောင်ဆိုတဲ့ စကားအတိုင်း အဲဒီ တောင်စွယ် တောင်ကုန်းကလေးဆီရောက်ဖို့ နေမွန်းတည့်ချိန်အထိ လျှောက်လှမ်း ရပါတယ်။ မြို့ခံရွာခံတွေ ပင်သာစည်မှ ထိုတောင်ကုန်းအထိ မိုင် ၂၀ နီးပါး ခရီးကို ဘယ်သူတစ်ဦးတစ် ယောက်မျှ ခြေလျင်ခရီး မသွားဖူးခဲ့ကြပါ။ မဟာဗောဓိမြိုင်လောင်းလျာကား လမ်းမှာတွေ့သူ တစ်ယောက်စ၊ နှစ်ယောက်စကို မေးမြန်းရင်း တောလမ်းခရီးနှင်လာခဲ့ရာ စမုံချောင်းအနီးမှာ ဆွမ်းစား၊ ချောင်းရေသောက်ပြီး ဆက်လျှောက်လာခဲ့ရာ မြိုင်သာရွာဘုန်းကြီးကျောင်းကို နေမွန်းတည့်ချိန်မှာ ရောက်ခဲ့ပါတယ်။
'တပည့်တော် သည်ရွာကို ဆွမ်းအမှီပြုပြီး တောရ အကျင့် ကျင့်ခွင့်ပြုပါဘုရား'
မြိုင်သာဘုန်းကြီးက လက်မခံပါ။ မြောက်ဘက်က အင်တိုင်းသာရွာကိုသွား၊ အဲဒီရွာရဲ့ မြောက်ဘက်မှာ ဘုရားအို၊ ဘုရားပျက်တွေ အများကြီးရှိတဲ့ 'ဘုရားတိုက်'ကိုသွားလို့ လမ်းညွှန်လိုက်ပါတယ်။
'အညာဒေသ၏ နေပူချစ်ချစ်တောက်ထဲဝယ် ဖိနပ်ဗလာ၊ ထီးဗလာဖြင့်သွားရရာ ညနေ ၃ နာရီခန့်တွင် ရွာမရောက်မီ သရက်ဥယျာဉ်နှင့် ယာတောတစ်တောသို့ ဆိုက်၏။ ရေဆာ၊ ရေငတ်လှသဖြင့် ဝင်ရောက်၍ အလှူခံသော်ရ၏။ ထိုယာတောထဲ၌ပင် သရက်ဥယျာဉ်ပိုင်ရှင် ဖိုးသူကြီးခေါ်သော ရှေးခေတ်သူကြီးဟောင်း ဦးအောင်မြင့်နှင့် တွေ့ရ၏။ တရားမေး၏။ ကိစ္စကိုလည်း မေး၏' (၂၀၁၂ စက်တင်ဘာလထုတ် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၊ စာ-၂၇၅)
ဖိုးသူကြီးရဲ့ အကြံပေးချက်အရ အင်တိုင်းသာဘုန်းကြီးဆီမှာ ခွင့်တောင်းပြီး ...ချုံနွယ်တွေအုပ်ဆိုင်း ပိန်းပိတ်နေတဲ့ ဘုရားတိုက်သို့ ၁၃၄၁ ခု သီတင်း ကျွတ်လပြည့်နေ့မှာ ရောက်ခဲ့ပါတယ်။ ဘုရားတိုက်ဆိုတာ အလွန်အစောင့်ကြမ်းတဲ့နေရာ၊ နွားကျောင်းသားများတောင် မသွားရဲတဲ့နေရာ၊ ခွေးနက်ကြီးတစ်ကောင် ထွက်လာပြီး ကိုက်လွှတ်တတ်တဲ့ နေရာ၊ မဟာဗောဓိမြိုင် လောင်းလျာကား ခြောက်မှန်းလည်းမသိ၊ ကြောက်ရမှန်း လည်းမသိ...နေမိခဲ့လေပြီ။ နံနက် ...အင်တိုင်းသာ ရွာမှာ ဆွမ်းခံ၊ ရလာသမျှ ဆွမ်းတွေကို ရွာဦးကျောင်း မှာ ဦးဦးဖျားဖျားလှူ၊ တစ်ပါးစာချန်ပြီး တောထဲပြန်လာ၊ တရားအားထုတ်၊ သုံးရက်ပဲရှိသေးတယ်။ ဘုန်းကြီးတစ် ပါးက ..."ဘယ်လောက်ကြာကြာနေမှာလဲ"လို့ မေးလေပြီ။
"တရားအားထုတ်လို့ ကောင်းသလောက်နေ လိုပါသည် ဘုရား"
"သည်မှာ ကြာကြာနေလျှင် ဒကာတွေ ကွဲကုန်လိမ့်မယ်။ အရင်တစ်ခါ တစ်ပါးလာတုန်းက လည်း ကွဲ ထားကြတာ"
"သည်လိုဆို တပည့်တော်အား တစ်ပတ်မျှ ခွင့်ပေးပါဘုရား"
ရွာဘုန်းကြီးက တောရနေကိုယ်တော်လေးကို နှင်နေပြီဆိုတဲ့ သတင်းစကား ချက်ချင်းပင် တောမီးပမာ ပျံ့နှံ့သွားတော့ရာ ဖိုးသူကြီးက အရင်ဦးဆုံး လာရောက် ပင့်ဆောင်ပါတော့တယ်။ သူ့ရဲ့ သရက်ဥယျာဉ်ထဲမှာ လာနေပါတဲ့။ အားလုံး တာဝန်ယူပါတယ်။ အခြားဒေသ သွားလိုကလည်း ရထား လက်မှတ်၊ ကားလက်မှတ် ဒကာ ခံပါမယ်လို့ လျှောက်တယ်။ ထနောင်းကန်ရွာက ဦးဟန် ခင်ကလည်း သူတို့ရွာအနီး သိမ်ကုန်းဘုရားမှာ နေနိုင်ပါတယ်။ အခြားကြွမည်ဆိုပါကလည်း ခရီးသွားလက်မှတ် ဆက်ကပ်ပါမည်လို့ လျှောက်ထားပါတယ်။
တစ်ညနေမှာတော့ လှည်းတန်းကြီးရဲ့ လှည်း သံတကျွီကျွီကို ကြားနေရတယ်။ 'ဦးပဉ္စင်း ...တပည့်တော်မတို့ သွားပြီဘုရား'လို့လည်း အော်ဟစ်နှုတ်ဆက်သွားတယ်။ 'ငါတို့ကား အမျှမေတ္တာ လှမ်းလင့်ပေးပို့ လျက်က ကျန်ရစ်ခဲ့၏'လို့ မှတ်ချက်ရေးထားပြီး ဘယ်သူ ဘယ်ဝါ ဘယ်လို အကြောင်းအရာဆိုတာ ဖော်ပြထားခြင်းမရှိပါ။ ဒီလိုနဲ့ နောက်တစ်နေ့ ဆွမ်းခံက အပြန်မှာ တော့ 'ကိုယ်တော် ...တစ်ပတ်ပြည့်ပြီလေ၊ ပြန်တော့'လို့ နှင်ပါတော့တယ်။ ပြန်မယ်ဆိုတော့လည်း ဖိုးသူကြီးကို ကတိအတိုင်း သွားရောက်နှုတ်ဆက်ရပါတယ်။ ဖိုးသူကြီးကလည်း ဦးဟန်ခင်တို့နောက် ပါသွားမှာစိုးလို့ တပည့်တော်က အရင်ပင့်ထားတာ တပည့်တော်ဆီမှာပဲ အရင် သီတင်းသုံးပါဦး၊ ဟောဟို ခေါင်းရင်းက သရက်ပင်ကြီး နှစ်ပင်ကို အရှင်ဘုရားတစ်သက်လုံးနေ၊ တစ်သက်လုံးပင် လှူပါတယ်ဘုရား'လို့ လျှောက်ထားပါတယ်။

ဒီလိုနဲ့ သရက်နှစ်ပင်အောက် ကွပ်ပျစ်တစ်လုံးပေါ်မှာ သီတင်းသုံးအားထုတ်ခဲ့ရပါတယ်။ အင်တိုင်းသာ၊ အုတ်တွင်း၊ နန်းတော်ကုန်းစတဲ့ ရွာက ဒကာဒကာမ တွေ သရက်ဥယျာဉ်ထဲအထိလာပြီး ဆွမ်းလောင်းကြပါတယ်။ သရက်ပင်ရိပ်ကနေ ရွှေကျောင်းကုန်းတောင်ကို မျှော်ငေးနေမိပါလေရဲ့။ ဒီလိုနဲ့ တောင်ပေါ်မရောက်မီ တောင်ခြေမှာ တဲကျောင်းလေးတစ်ကျောင်း ဆောက်ပေး ကြလေရာ ... ၁၃၄၁ ခု တန်ဆောင်မုန်းလဆန်း ၆ ရက်နေ့ တဲကျောင်းကလေးသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ပတ်ဝန်းကျင်ရွာများမှ ဆွမ်းခံပင့်ကြလေရာ အုတ်တွင်း၊ နန်းတော်ကုန်း၊ သာယာကုန်း၊ ဇဝင်း၊ ရေတွင်းကြီး၊ မြိုင်သာ ...စသည်ဖြင့် တစ်ရွာပြီးတစ်ရွာ ဆွမ်းခံကြွရင်း ...တရားလည်း ဟောရပါသေးတယ်။ သြကာသ ရဲ့ အဓိပ္ပာယ်ကအစ သရဏဂုံ၊ သီလ၊ ဒါန အကြောင်းတို့ကို အခြေခံကျကျ ဟောပြလေရာ ဆွမ်းခံပင့်သော ရွာတွေပိုများလာပါတယ်။ ဒကာဒကာမတွေအတွက် အကျိုးများသလောက် ရွာခံဘုန်း ကြီးများ စိတ်အနှောင့်အယှက်ဖြစ်တယ်ကြားရလို့ ဆင်ခြင်ရပါတယ်။
မကြာမီမှာပင် ဖိုးသူကြီးက တစ်စခန်းထလာ ပါတော့တယ်။ တောင်ထိပ်မာ ဘုရားတည်ပေးပါ ဘုရား တဲ့။ တောင်ထိပ်မှာ ယခင်က စေတီဟောင်းလေး ရှိခဲ့ ဖူးတယ်။ အဲဒီ စေတီဟောင်းလေးနေရာမှာ သူ့ဇနီးဟောင်း မလှကြည်ရှိနေတယ်လို့ အတပ်ပြောပြီး ကျွတ်လွတ်စေချင်တဲ့ စေတနာနဲ့ ဘုရား တည်ချင်ပုံရပါတယ်။
'ငါတို့ကား ရဟန်းဖြစ်သဖြင့် ဘုရားတည်ရန်ကိစ္စ၊ ငွေကြေးကိစ္စကား ငါတို့နှင့်မဆိုင်ပြီ။ တည်မှုကိစ္စ၊ တည်ပုံအခြင်းအရာမျှကိုသာ တတ်နိုင်ပါ၏ပြောရာ ... ထိုအတိုင်းဖြင့်ပင် စေတီတည်ရန်ကိစ္စ ဖြစ်ပေါ်လာ၏။ တာဝန်ယူမိသည်နှင့် ထိုတောင်၊ ထိုစေတီ၏ ရာဇဝင်များ (အိပ်မက်ပေးသဖြင့်) တသီတတန်းကြီး ပေါ်လာ ချေတော့၏။'
'အစကား ပျူခေတ်၏ ပျူမင်းများ ကိုးကွယ်သော ရွှေကျောင်းကြီးဆရာတော် ဦးဝိမလ ( ယခုငါတို့၏ အဘဦးဝိမလ) တက်ရောက် တရားအားထုတ်ရာတောင် ဖြစ်သဖြင့် ရွှေကျောင်းကုန်း တောင်အမည်တွင်သောဟူ၏။ ယခု အဘဝိမလနှင့် ငါတို့ကား ထိုဘဝကပင် ဆရာတပည့်တော်ခဲ့ကြ ဆို၏။ ပျူခေတ်၌ စေတီအမြင့်ကား ခြောက်တောင်ခန့်မျှတည်း' (စာ-၂၇၈)
မဟာဗောဓိမြိုင်လောင်းလျာ သာစည် ရွှေကျောင်းကုန်းတောင်သို့ ဘာ့ကြောင့် ရောက်လာရသနည်း။ မြန်မာပြည်မှာ တရားအားထုတ်စရာ တောတောင်တွေ အများကြီးရှိသည့်အနက် ရွှေကျောင်း ကုန်းတောင်ကိုမှ ဘာ့ကြောင့် ရွေးချယ်ခဲ့ရသလဲဆိုတာ ဒီမှာ အဖြေရလိုက်ပြီ ထင်ပါတယ်။ ပျူခေတ်ကပင် အဘဝိမလတရား အားထုတ်ခဲ့တဲ့နေရာ၊ အဘဝိမလနှင့် ဗောဓိမြိုင်လောင်း လျာတို့ဟာ ပျူခေတ်ကပင် ဆရာတပည့်တွေ ဖြစ်ခဲ့ကြ တာ၊ ပါရမီဆက်၊ ပဋ္ဌာန်းဆက်၊ ကုသိုလ်ဆက်တို့ရဲ့ကြောင်း ကျိုးကွင်းဆက်တွေ မြင်လာထင်လာခဲ့ပြီ ဖြစ်ပါတယ်။
'တစ်ဖန် ရှမ်းခေတ်တွင်ကား ရှမ်းမိဖုရားစောဥမ္မာ၏ ပစ္စယာနုဂ္ဂဟဖြင့် ရက်ကန်းစင်တောင်ဆရာ တော်တက်ရောက်၍ တရားအားထုတ်သွားခဲ့ဆို၏။ ရှမ်းခေတ်၌ စေတီအမြင့်ကား ရှစ်တောင်ခန့်တည်း။ တစ်ဖန် ပုဂံခေတ်တွင်ကား သေလည်ကြောင်မင်း၏ ပစ္စယာ နုဂ္ဂဟာကို ခံယူ၍ ရှင်မထီးဆရာတော် တက်ရောက်၍ တရားအားထုတ်သွားခဲ့ဆို၏။ ထိုခေတ်၌ စေတီအမြင့်ကား ကိုးတောင်ခန့်အထိ တက်လာပြီတည်း။ (ထိုစဉ်က ရှင်မထီးဆရာတော်ကြီးနှင့် တွဲဖက်၍ တာဝန်ယူကြီးကြပ် ပြီး တည်ခဲ့ရသောသူမှာ ဖိုးသူကြီးဖြစ်ခဲ့သည်ဆို၏။)' (စာ-၂၇၉)
ဖိုးသူကြီးလည်း ခေသူမဟုတ်ပါပေ။ ပဋ္ဌာန်း ဆက်ကြီးလှပါပေတယ်။
'ယခုတစ်ဖန် အသစ်ပြန်လည်တည်ဆောက်ရာ၌လည်း ထိုဖိုးသူကြီးပါမှ အထမြောက်မည်ဆို၏။ ပုံတော်၏ ပုံစံကိုလည်းကောင်း၊ ဉာဏ်တော်ကို လည်းကောင်း၊ ရက်ကန်းစင်တောင် ဆရာတော်အိပ်မက်ဖြင့် ညွှန်ကြားသောအတိုင်း တည်ဆောက်ရပြီး ဘွဲ့တော်ကိုကား 'လောကမုနိ'ဟူ၍ မြောက်ဘက်မှ ကမ္ပည်းတပ် ထားလေသည်ကို မြင်မက်ရရာ ထိုအတိုင်းလျှင် ငါတို့ အကောင်အထည်ဖော်ပေးရ၏။' (စာ-၂၇၉)
'အင်း ...သည်ဘုရား ပြီးလျှင်တော့ ငါ့အလုပ် ဟုတ်တိပတ်တိ လုပ်ရတန်ကောင်းပါရဲ့။ ထိုမျှော်စိတ်ဖြင့် ဘုရားတည်ဆောက်မှု စီမံပေး၏။ ဉာဏ်တော်ကား ဆယ့်တစ်မီးငြိမ်း အဓိဋ္ဌာန်ဖြင့် ဆယ့်တစ်တောင်၊ ဆယ့်တစ်လက်မ၊ ဘွဲ့တော်ကား လောကမုနိ၊ ထိုဘုရားတည်သည်မှစ၍ ယနေ့တိုင် ဆွမ်းစားရာ၌ ဆယ့်တစ်လုပ်မျှသာ သုံး၏။ ငါသည်လည်း ဆယ့်တစ်မီး ငြိမ်းစေသတည်း၊ ငါ့ဝေနေယျ အားလုံးသည်လည်း ဆယ့်တစ်မီး ငြိမ်းစေသတည်း။ ဤစေတီ၊ ဤတောင်တော်နှင့် ပတ်သက်ဆက်စပ်သမျှတို့လည်း ဆယ့်တစ်မီး ငြိမ်းစေသတည်း။ လောကမုနိ စေတီတော်ကား ဘုရားရှင်၏ ပါရမီတော်သုံးဆယ်ကို ကျေးဇူးဆပ်သောအားဖြင့် ရက် ပေါင်းသုံးဆယ်ဖြင့်ပင် အပြီးအစီး တည်ဖန်မည် အဓိ ဋ္ဌာန်အတိုင်း တစ်လဖြင့်ပင် ပြီးစီးသွား၏။ တပေါင်းလ ပြည့်နေ့တွင် ထီးတင်ပွဲကြီး နယ်လုံးကျွတ်မျှ ကျင်းပခဲ့၏။' (၂၀၀၁၊ အောက်တိုဘာထုတ်၊ ရတနာစစ်တမ်း၊ စာ-၈၂)
ဘုရားဖူးပရိသတ်များ၊ တရားအားထုတ်လိုသူ ယောဂီများဖြင့် ရွှေကျောင်းကုန်းတောင်သည် စည်ကား ခဲ့လေပြီ။
'ဘုရားဖူးဧည့်ခံ၊ တရားပြဖြင့် အားရသည်မရှိခဲ့၊ အသစ်ကျပ်ချွတ် 'ရွှေကျောင်းကုန်း တောင်ဆရာတော်' အမည်ကလည်း ရပ်တကာ၊ ရွာတကာဆီ တဟီဟီ ဟုန်တက်နေ၏။ မခံသာသည့်အဆုံး ဝါဆိုပြီးလျှင်ကား မည်သူ့ကိုမျှ အတွေ့မခံ၊ တံခါးပိတ်နေတော့မည်ဟူ၍ ကြေ ညာလိုက်၏။'
]ငါသည် ၁၃၄၂ ခုနှစ် ဝါဆိုလပြည့်ကျော် ၁ ရက်မှစ၍ ဆွမ်းခံလည်း မထွက်တော့ပြီ၊ ဂူပိတ်လျက် နံနက် ၃ နာရီမှ ၅ နာရီအထိ တစ်ကြိမ်၊ နံနက် ၆ နာရီ မှ ၁၂ နာရီအထိ တစ်ကြိမ်၊ ထိုင်လျက်အားထုတ်၏။ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိတစ်ကြိမ်၊ ညနေ ၆ နာရီမှ ည ၁၂ နာရီအထိ တစ်ကြိမ် အားထုတ်၏။ ထိုမှနောက် နံနက် ၁ နာရီမှ ၃ နာရီတိုင်အောင် ထိုင် တစ်လှည့်၊ ရပ်တစ်လှည့်ဖြင့်သာ ဂူတွင်းအောင်း အကျင့် ကျင့်၏။ မအိပ်ဖြစ်ရန် ကျင့်စ၌ မီးအလင်းထွန်းပေးထား ၏။ အိပ်ချင်သော် နားရွက်လေတိုက်ခံရရန် ဂူပြင်ထွက် ပေးရ၏။ အိပ်ချင်ပြေက ပြန်ဝင်၏။ ဤသို့ဖြင့် တစ်ပတ် ကြာညောင်းသွား၏' (ရတနာစစ်တမ်း၊ စာ-၈၅)
'ထိုသို့ကျင့်ရန် အကြံဖြင့် ဝါမဝင်မီကပင် ဆွမ်းကျန်များကို အခြောက်လှန်းထားပြီးဖြစ်၏။ သိုမှီး ခြင်း သိက္ခာပုဒ်လွတ်လာရောဟဲ့ဆိုပြီး နံနက်တိုင်း လက်ဖက်ရည် ပန်းကန်လုံး သုံးလံုံးမျှ ရေဖြင့်စိမ်၍ ဘုရားအား ဆက်ကပ်၏။ ဗုဒ္ဓဝေယျာဝစ္စအတွက် ပြုလုပ်ထားသော ဆွမ်းခြောက်ဟူ၍ အာရုံရစေ ရန် ...။ နံနက် ၆ နာရီမှစတင်ပြီး ဂူပိတ်လျက်ကထိုင်ရာ နေ့ ၁၁ နာရီမှ နားသက်၏။ ထိုအခါကျလေမှ ဘုရားထံမှ စွန့်ကာ သုံးဆောင်၏။ ပြီး ...ပြန်ထိုင်၏။ နေ့အလုံး၊ ညအလုံးတည်း။ ထိုအခါ တစ်နယ်လုံး ကောလာဟလများ ကြီးစိုး လာတော့၏။'
'ယဲ့ယဲ့လေး ကျန်တော့သတဲ့'
'စကားတောင် မပြောနိုင်တော့ဘူးတဲ့'
ထိုသတင်းများကြောင့် သီတင်းနေ့(ဥပုသ်နေ့)တိုင်း လူရှုပ်လာ၏။ ထိုသီတင်းညကား နေသေဇ္ဇိ က ဓူတင်ကျသွားချေပြီ။ ထို့နောက် ရမြဲလျှင်ရ၏။ နေ့နှင့်ညသည် အတူတူသာဖြစ်၏။ နေ့ဟူ၍မရှိ၊ ညဟူ၍မရှိ၊ ရွေ့ ရွေ့မျှသော အချိန်သည်သာရှိချေ၏။ နေ့ဟူ၍လည်း မတွေ့ရ၊ ညဟူ၍လည်း မတွေ့ရ၊ အအေးခိုး၊ အပူခိုးတို့၏ အပြန်အလှန် တိုက်ခိုက်နေခြင်းများကိုသာ တွေ့ရ၏။' (ကိုယ်တိုင်ရေးအတ္ထု ပ္ပတ္တိ၊ စာ-၂၈၁)
ကျင့်လို့ကောင်းနေဆဲမှာ လူတွေက ဆရာ တော် ကျန်းမာရေးအတွက် စိုးရိမ်စိတ်ပူကြပြီး လိုက်လာ ကြပါတယ်။ လူတွေအတွက် နာရီဝက်မျှ အချိန်ပေးပြီး သီလကထာ ဟောပြောရ၊ အဲဒီ နာရီဝက်ကလေးဟာ တစ်ပတ်စာအကျင့်ကို ဖဲ့ခြွေသွားခဲ့လေပြီ။
'သတိသည် ရဟန်းအသက်၊ သတိမြဲနေသမျှ ရဟန်းသက်မထွက်ချေ။ သတိကင်းမဲ့ စိတ်ရင်း လမ်းဖဲ့နေသော် သင်္ကန်းဝတ်မပျက် ရဟန်းအသက်ထွက်၏။ ထိုဥပုသ်...လူတို့နှင့် ရောနှော ဆက်ဆံ လက်ခံမိရာ၌ စကားပြောတိုင်း ပြောလိုရာစကား ပညတ်ကြား စိတ်ကစားပေးရခြင်း၊ ပြောလိုရာ အာရုံဘက် စိတ်ထွက်ပေး ရခြင်းများကြောင့် လူတို့လည်း ပြန်၊ ကိုယ့်ထံ စိတ်မရှိ၊ ရဟန်းသက် ဓားချက်ထိနေပြီ။' (ရတနာစစ်တမ်း၊ စာ-၈၆)
ဒီလိုနဲ့ ...ကျင့်လိုက်၊ ဟောလိုက်နဲ့ သမင်မွေးရင်း ကျားစားရင်းပဲလို့ ဆိုပါတယ်။ တော်သလင်း လမှာတော့ ရန်ကုန်က ဒကာဒကာမတွေ လိုက်လာဖူးမြော် ကြတဲ့အခါ 'လူတွေအုံစု ငါဘိက္ခု'ဖြစ်ခဲ့ရပြီး ဝါကျွတ်သော်မှ ငါမကျွတ်ခဲ့ပါတကားလို့ ရိုးသားစွာ မှတ်တမ်းတင်တော်မူခဲ့ပါတယ်။ တကယ်တော့ ရွှေကျောင်းကုန်းတောင်ဟာ နွေမှာမပူ၊ ဆောင်းမှာ မအေးဘဲ သမနွေး ဥတုမျိုးဖြစ်ရာ အားထုတ်လို့ အလွန်ကောင်းတဲ့နေရာပါ။ 'လူဝင်မရှုပ်က ဟုတ်တိပတ်တိဖြစ်၏'လို့ ဆိုပါတယ်။ ဆောင်းရာသီအား ထုတ်ခဲ့ပုံမှာ ...ညတွင် ရုက္ခမူဓူတင်ဖြင့် သစ်တစ်ပင်ရင်း၌ မအိပ်မနေ အားထုတ်၏။ နေ့တွင်ကား ဂူတွင်းအောင်းလျက်က သတိမပျက် ထိန်းကျောင်းလျက်ကသာ ပြုကျင့်၏။'
ကျင့်လေ နာမည်ကြီးလေ၊ လူအုံလေဖြင့် အကျင့်လမ်းမတန်းတော့ပါပြီ။ အဲဒီနှစ်မှာပဲ 'သာသနာ သန့်ရှင်းရေး'ဆိုတဲ့ လှိုင်းလုံးကြီးက ဆရာတော်ကို ဝင်ဆောင့်ပါတယ်။ ရပ်/ကျေး၊ မြို့နယ် သံဃာ့အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီးချိန်တွင် ဆရာတော်ကို ခုံရုံးတင်စစ်မယ်ဆိုတဲ့ အသံတွေ ကြားလာရပါတယ်။ တစ်ဆက်တည်းမှာ 'အမွှေဓာတ်'တစ်ခုနဲ့လည်း ကြုံခဲ့ရပြန်ပါတယ်။ အဲဒီ အမွှေ ဓာတ်ကတော့ မိန်းမအနှောင့်အယှက် ဖြစ်ပါတယ်။
'ထို သမီးငယ်ကား အရွယ်အားဖြင့် ၁၇ နှစ် ခန့်မျှ မှန်း၍ရ၏။ ငါတို့ကား ၃၉ နှစ် ရှိချေပြီကော။ ထို မယားပစ် သက်ကြားအိုကြီးကိုလျှင် ငြိတွယ်နေရာ၏။ တစ်ယောက်တည်း ...လူသူကင်းစဲ၊ တောအုပ်ကြားထဲမှ လာရောက်ကြိုဆို၏။ သူ့မိသူ့ဖများကလည်း ကြည် ဖြူစွာ ခွင့်လွှတ်ထား၏။ ဆွမ်းခံသွားရင်း ငှက်သင့်တော့ မည့်အရေး တဖြည်းဖြည်း နီးကပ်လာ၏။'
'ငါတို့ကား ထိုသမီးငယ်ထံ၌ သူ့စိတ်နှင့် အတု စိတ်ခွဲခြားသိမြင်နေ၏။ ထို့ကြောင့် ထိုသမီးငယ်ကား တရားခံအစစ်မဟုတ်၊ တရားခံအစစ်ကား သူမနောက် ကွယ် မမြင်ကွယ်ရာမှသာ၊ သူမကား တည်ကြက်မျှသာ တည်း။'
'ပရလောက ဘူမိယ သိုက်ဆက်များက သမီးလေးစိတ်ကိုဝင်ပူးပြီး ဆရာတော်ကို နှောင့်ယှက်နေခြင်း လို့ဆိုနိုင်ပါတယ်။) ထိုအခင်းကား ငါတို့သာသိ၊ သူမ မသိ။ ငါတို့သာမြင် သူမကား မဆင်ခြင်နိုင်ရှာပြီ။ အမှောင်ကြားမှ ခရီးသွားနှင့် အလင်းကြားမှ ခရီးသွား ပက်ပင်းကြီးသား ခရီးရင်ဆိုင်တို့အကြားဝယ် အမှောင်သမား ကား မမြင်ရလေသူပီပီ ဝင်တိုက်မှာသေချာ၏။ အလင်း သမားကသာ တားနိုင်လျှင်တား၊ မတားနိုင် ရှောင်ရှားရုံ သာရှိချေသည်။' (စာ-၂၈၂)
ဒါ့ကြောင့် သာစည်ရွှေကျောင်းကုန်းတောင်မှ ထွက်ခွာဖို့ အဆောတလျင် စီစဉ်ပြင်ဆင်ခဲ့ရပါ ကြောင်း ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး က 'ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ'မှာ ဖော်ပြရေးသားတော် မူခဲ့ပါတယ်။ ။ မောင်သွေးချွန်
( TREND News ဂျာနယ်အတွဲ (၂)၊ အမှတ် (၄၉) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )