၂၀၂၄ ဇူလိုင် ၆
ဆေးစက်ကျရာ အရုပ်ထင်ဆိုသလို ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ရှုကွက်ထဲမှာ အရာရာဟာ တရားနဲ့မလွတ်တော့ပါဘူး။ ရဟန်းတစ်ပါးရဲ့ သွားရာလမ်းဟာ တရားလမ်းပဲ ဖြစ်ရမယ်၊ တရားအားမထုတ်နိုင်ရင် စာသင်စာချ ပဋိပတ္တိလုပ်ငန်းကို စွမ်းစွမ်းတမံ ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။ ဆရာတော်ကြီးကိုယ်တိုင်ဟာ ဓမ္မာစရိယတန်းအထိ စာပေသင်ကြားခဲ့ပြီး တောထွက်၍ အားထုတ်တော်မူခဲ့ရာ ခန္ဓာဝန်စွန့်သည့်တိုင်အောင်ပါပဲ။ တောတောင်အရပ်ရပ်၌ နှစ်ပေါင်း ၄၀ ကျော်ကျော် လှည့်လည်အားထုတ်တော်မူခဲ့ရာ ခေါင်းရိတ်ဆံချတာလည်း ကိုယ်တိုင်ပဲ ပြုလုပ်လေ့ရှိပါတယ်။ တစ်ခါတစ်ရံတောင် ကုန်းမြင့်မြင့်ပေါ်တက်ပြီး ဆံချလေ့ရှိပါတယ်။ မိမိရဲ့ဆံတော်ကို ပုထုဇဉ်သတ္တဝါများ မတော်တဆ နင်းမိသွားရင် အပြစ်ဖြစ်မှာစိုးလို့ အဖိတ်အစဉ်မရှိအောင် ဂရုစိုက်ရိတ် ပယ်လေ့ရှိပါတယ်။ ရိတ်ပယ်ပြီး ဆံတော်များကို သိမ်းထားလေ့ရှိပြီး တပည့်ရင်းဒကာ ရင်းများထဲက စွန့်သင့်သူကို စွန့်လေ့ရှိပါတယ်။ ဆရာတော်ဘုရားကြီးဟာ မိမိရဲ့ တရားအဆင့်အတန်းကို မိမိကိုယ်တိုင် သိမြင်သည့် အလျောက် မိမိဆံတော်များကို ထိန်းသိမ်းစောင့်ရှောက်ထားလေ့ ရှိပါတယ်။
၁၉၉၉ ခုနှစ်က ဇာတိမြေ မင်းကုန်းရွာ(ကန့်ဘလူမြို့နယ်)မှာ တည်ထားခဲ့တဲ့ ]ရွှေချက်သို တံခွန်တိုင်စေတီ'မှာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ မိမိ ရဲ့ ဆံတော်များကို ဘုရား၊ ရဟန္တာတို့ရဲ့ ဓာတ်တော်များနဲ့အတူ ထည့်သွင်းဌာပနာတော်မူခဲ့ပြီး အများတို့ရဲ့ ပူဇော်ရာဖြစ်စေခဲ့တာ ကိုကြည့်ရင် ဆရာတော်ကြီးရဲ့ ဓမ္မအဆင့်အတန်းကို ခန့်မှန်းကြည်ညိုနိုင်လောက်ပါတယ်။ ၁၃၄၂ ခု သာစည်ရွှေကျောင်းကုန်းတောင်သို့ စတင် တောထွက်လာချိန်ကပင် 'မဟာစည်ကရခဲ့တဲ့ တရားရွှေ ပြားတစ်မတ်သား'လို့ တင်စားဖော်ပြခဲ့ရာ တောထွက်စ အချိန်ကပင် သောတာပန်တည်ခဲ့ပြီးပြီလို့ မှန်းဆကြည် ညိုနိုင်ပါတယ်။ တရားရွှေပြား တစ်မတ်သားမှသည် ငါးမူးသား(သကဒါဂါမ်)၊ သုံးမတ်သား (အနာဂါမ်)၊ ရဟန္တာ (တစ်ကျပ်သား) ပြည့်အောင် အဆင့်ဆင့် အားထုတ်တော်မူခဲ့ရာ ဘယ်ရွေ့ဘယ်မျှအထိ သတိအမှတ်များ စုဆောင်းပွားများခဲ့သည်ကိုတော့ ကျွန်တော်တို့ရဲ့ ပုထုဇဉ် Óဏ်သိမ်Óဏ်မွှားကလေးဖြင့် မချင့်ချိန်ကောင်း၊ မခန့် မှန်းနိုင်ကောင်းပါ။
သေချာတာကတော့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ အရိယာဝိဇ္ဇာ သူတော်ကောင်းကြီးဆိုတာပါပဲ။ ဆရာတော်ဘုရားကြီးဟာ သက်တော်ကြီးလာတဲ့အခါ ရံဖန်ရံခါ သတိမေ့လေ့ရှိတယ် ဆိုပေမယ့် မှတ်ဉာဏ်ဘယ်လောက်ကောင်းတယ်ဆိုတာ 'ဘဝကန္တာရ'ကဲ့သို့သော ကိုယ်တိုင်ရေးထေရုပ္ပတ္တိကျမ်း စာအုပ်များက သက်သေခံလျက်ရှိပါတယ်။ မဟာစည် ယောဂီပီပီ ထိုင်ရာ၊ ထရာ၊ သွားရာ၊ လာရာ၊ စားရာ စသည်ဖြင့် အမူအရာတိုင်းမှာ အမှတ်သတိကပ်ပါနေအောင် အားထုတ်တော်မူခဲ့ပါတယ်။
'ငါသည် ပိဏ္ဍိပါတ်ဓူတင်အဖြစ် ဆွမ်းခံဝတ်ကို ဖြည့်ကျင့်၏။ တစ်နေ့လျှင် တစ်ကြိမ် ဆွမ်းခံထွက်ရပြီး တစ်ကြိမ်မျှပင် စားသုံး၏။ ပြီးသော် စားကြွင်းများကိုလည်း စွန့်၊ သပိတ်ကိုလည်း ပြောင်စင်စွာ ဆေးကြောပေး ရပါသည်။' (၂၀၂၂၊ အောက်တိုဘာထုတ်၊ ထွက်ပေါက်၊ စာ-၂၇၆)
သပိတ်ကို ပြောင်စင်အောင် ဆေးကြောသကဲ့သို့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့မှာ လောင်း ထည့်လိုက်တဲ့ ကိလေသာ အညစ်အကြေးများကိုလည်း စင်ကြယ်အောင် ဆေးကြောရမယ်လို့ နှလုံးသွင်းပါတယ်။ ဆရာတော်ဘုရားကြီး အမှတ်အသားကောင်းပုံ၊ စနစ်တကျရှိပုံတွေကိုလည်း ကြည့်ပါဦး။
၁။ မုတ်ဆိတ်ကျင်စွယ်တို့ကို ငါးရက်တစ်ကြိမ်ကျ ရိတ်ပယ်ပေးနေရ၏။
၂။ လက်သည်းက ၁၀ ရက်တစ်ကြိမ်။
၃။ ဆံပင်က ၁၅ ရက်တစ်ကြိမ်။
၄။ ခြေသည်းက ရက် ၂၀ တစ်ကြိမ်။
ထိုစဉ် ငါ့၌ မုတ်ဆိတ်ကျင်စွယ် တစ်ခါရိတ် ပေးပြီးသည်နှင့် ငါးရက်မျှသာခံ၏။ ထိုအတွင်း တစ်စတစ်စ ကိုယ်တွင်းက ထိုးထွက်လာကြတော့ရာ နောက်ငါးရက်ဆို ရိတ်ပယ်ပေးရမြဲ။ သို့ပယ်ပေးရတိုင်းလည်း ကိလေသာမည်သည် 'ငယ်သည်ကော'ဟုလည်း အမှတ်မဲ့ လက်သပ်မွေးမထားနှင့်၊ မွေးထား မိခဲ့သော် တစ်စတစ်စပွား သံသရာရှည်အထိ ကြီးပွားလာတတ်၏။ တစ်ခါတည်းပဲဟုလည်း မလိုက်လျောမိစေနှင့် လိုက်လျောမိခဲ့သော် အစရှိ အနောင်နောင် ရှောင်စရာနေရာပင် မရှိလောက်အောင် ပိတ်လှောင်ခိုင်းစားနေ၏။ သို့ကြောင့် ထိုသည့်သင်သည် ဤမုတ်ဆိတ်ကျင်စွယ်များကို လက် သပ်မွေး မထားဘဲ ထွက်လာသည်နှင့် အရှည်မခံ၊ ငါး ရက်ပြည့်က ရိတ်ပယ်လှန်လိုက်သည့်ပမာ အစွဲမှနေ အတွေးဖြင့် ထွက်ပေါ်လာသော ကိလေသာများကိုလည်း ပေါ်တိုင်းမှတ်၊ မှတ်တိုင်းပြတ်တို့ဖြင့် အပြတ်ဖြတ်တောက်ခဲ့ရန် င့ါအား ရှေ့ပြေးနိမိတ်ပေပဲလား တွေးမိခဲ့သည်ချည်း။' (စာ-၂၇၇)
လက်သည်းသည်လည်း မုတ်ဆိတ်ကျင်စွယ်လိုပဲ အချိန်နဲ့စက် တဖြည်းဖြည်း ရှည်ထွက်လာ တာငါးရက်လောက်ဆို ဆွမ်းစားရာ၊ အညစ်အကြေး သုတ်သင်ရာတို့၌ လက်သည်းကြား ရေဝင်လာတတ်တယ်။ ရေဝင်လာက ဆေးကြော သန့်ရှင်းလို့ရတယ်။ ၁၀ ရက်ကျော် လာရင်တော့ လက်သည်း ကြားမှာ အဖတ်ကလေးတွေ ဝင်နေတတ်တယ်။ ဒါ့ကြောင့် ၁၀ ရက်တစ်ကြိမ် လက်သည်းလှီးရ၊ ညှပ်ရတယ်။ အမြင်အာရုံ၊ အကြားအာရုံတို့ ဖြင့် ခံစားမိပါသော် ...
'လက်သည်းကြား အသားတင်ပမာဖြစ်မည့် တာကြောင့် ယင်းတို့ကို မြင်တိုင်းမှတ်၊ ကြားတိုင်းမှတ် တို့ဖြင့် ဖြတ်တောက်ပေးနေရ၏။ သို့ဖြင့် ငါးရက်အတွင်း အဖတ်စင်၊ ၁၀ အတွင်း အရည်ပါစင်စေရမည်။ သို့မ ဟုတ် အမြင်အကြား ၁၀ ရက်ထက်ပို၍ မီးကြွင်းမထားနှင့် ပြောသလိုလို ...၊ မျက်စိဖြင့်ကြည့်မိသော် အရည်များ ဝင်လေသလား တွေးမိခဲ့၏။ နားဖြင့်ပါ ကြားသိက အရည်ဝယ်အနည်(အနယ်)ပါလေသလား တွေးမိခဲ့၏။ စင်စစ်မျက်စိ၊ နားတို့သည် ရှေ့ပြေးအရာဝင်ဖြစ်နေသော ကြောင့် ကာမမှ ရာဂသို့ ဆင်းသက်ရာ အခြေခံဖြစ်နေရာ ခြေနှစ်ခုအဖြစ်လည်း တင်စားလိုက ရသည်သာ။'
'တစ်ဖန် ငါသည် မြင်ပြီး၊ ကြားပြီးတိုင်းသွား၍ သူ့အာရုံပျံကို အနံ့ခံ၊ အရသာခံတို့ဖြင့် တုံ့ပြန်ဖို့ စီမံရာတွင် အသုံးပြုပေးရသော နှာနှင့်လျှာတို့ကိုကား ဖဝါးနှစ် ဖက်ထိပ်မှ ခြေချောင်းအစိတ် ၁၀ စိတ်(ခြေမစသည် ခြေချောင်း ၁၀ ချောင်း)ပမာ စိတ်မှာထားမိခဲ့၏။ တစ်ဖန်တစ်ဖက် အာရုံထားနှင့် ထို နား၊ လျှာများ တေ့ပေးမိ တိုင်းလည်း ငါသည် မြင်ရုံ၊ ကြားရုံရထက် ခက်ထန်သည့် အနံ့တွေ့၊ အရသာတွေ့များနှင့် တိုးမိခဲ့၏။ ယင်းတို့သည် ၁၀ ရက်ဖြင့် မပြတ်၊ ရက် ၂၀အတွင်း အပြီးဖြတ်မှ ... သည်ဘဝမှာလည်း တစ်ချီပြီးတစ်ချီ သံသရာအလည် သက်သာမည်။ နောင်နောင်ဘ၀ များစွာတို့မှာလည်း တစ်ဘဝပြီးတစ်ဘ၀ အလှည့်ချသက်သာမည်။' (၎င်း၊ စာ-၂၈၀)
ခြေသည်းလှီးတာက သံသရာခရီးအတွက် လမ်းပြရိပ် နိမိတ်ပုံဖြစ်နေသလိုပဲလို့ ဆိုပါတယ်။ ခြေ သည်းလှီး(ခြေသည်းညှပ်)တာမျိုးကို သေးငယ်တဲ့ အမှု ဆိုပြီး ပေါ့ပေါ့ဆဆ မလုပ်သင့်၊ သစ်ခေါင်းအောင်းပျား ကောင်လေးတွေ ငယ်ပေမယ့် အဆိပ်ပြင်းတာ သတိပြု ပါတဲ့၊ အစွဲတစ်ခုကို ရှုမှတ်စိတ်ဖြင့် ဖယ်ထုတ်မပစ်နိုင်ခဲ့ ရင် အစွဲတစ်ခု တစ်ဘဝနှုန်းဖြင့် သံသရာမှာ ရုန်းရပေ လိမ့်ဦးမယ်။
'ထိုစဉ် မိမိသို့ လာရောက်ထိပါးနေကြသည့် တစ်ဖက်အာရုံများကို ပထမကြည့်ပေး၊ ကြားပေး ... သည့်နောက် အနံ့ခံကြည့်၊ အရသာမြည်းကြည့်တို့ဖြင့် တုံ့ပြန်ထိတည့်ပေးကြမြဲဖြစ်ရာ ...ခြေလက်ပမာ ထို လေးဖြာတို့သည် ကိုယ်ချင်းတွေ့၏ ရှေ့ပြေး၊ ခန္ဓာ၏ အစာရှာဖွေပေးနေသူများ ဖြစ်ကြ၍ မကင်းသော်မှာ ကွာရန် သတိကြားခံပေးရမည်။' (၎င်း၊ စာ-၂၈၁)
နောက်ထပ် အရေးတကြီး သတိပေးထားတာ ကတော့ ရဟန်းဘဝရဲ့ 'ပက္ခ'အကြောင်းပါပဲ။
'ပက္ခသည် အဘို့(အဖို့)ဟူ၍ ဘာသာပြန်ရ သည်။ သို့ကြောင့် လဆန်းပက္ခဆိုလျှင် လဆန်း ၁၅ ရက်အတွင်းက အညစ်သည် နေရာဖျက်ပစ်ခဲ့ဖို့၊ လဆုတ် ပက္ခဆိုလျှင် လဆုတ် ၁၅ ရက်အတွင်းက စေတနာသည် နေရာခွာချထားခဲ့ဖို့၊ ယင်းသည် ရဟန်းတစ်ပါးအဖို့ (သို့ မဟုတ် ငါ့အဖို့) မဖြစ်မနေ ပြုကျင့်ရမြဲ ကိစ္စဖြစ်ရာ (၁၅ ကြိတ်တစ်ကြိမ် ဥပုသ်ပြုရမြဲဖြစ်ရာ)သည်သို့ မပြုမီ ရှေးဦးစွာ ရေချိုး၍ ကိုယ်သို့ ၁၅ ရက်လုံး ကပ်ငြိနေသည့် ချေးညှော်မျာကို သုတ်သင်ပစ်ရ၏။ ဆံ၊ မုတ်ဆိတ် ပယ် ၍ ၁၅ ရက်လုံး အညွန့်တက်နေသည်များကိုလည်း ရှင်းပစ်ရ၏။ သင်္ကန်းများ ဖွပ်လျှော်၍လည်း ၁၅ ရက်လုံး ပေကျံထားသည်များကို သန့်ဖြူစေရ၏။ သည်သို့ ပြင်ပ အစီအမံများ ပြုလုပ်ပြီးသည့်နောက် ညနေ နေမဝင်မီ ငါတစ်ပါးတည်းဖြစ်နေက အဓိဋ္ဌာန်ဒေသနာကြား၍ 'အဓိဋ္ဌာန်ဥပုသ်'ပြုရ၏။ တစ်ဖန် နှစ်ပါး၊ သုံးပါး စုဝေး မိပါက အချင်းချင်း ဒေသနာကြား၍ 'ဂဏဥပုသ်'ပြုရ၏။ တစ်ဖန် လေးပါးမှ အများစုဝေးမိက အချင်းချင်း ဒေသနာကြား 'သံဃာ့ဥပုသ်' ပြုရ၏။ ယင်းသည် ပက္ခအစမှနေ တစ်စစတို့၍ပို့၍ဘို့တင်ထားသော စိတ်အညစ်အကြေးများကို ပက္ခဆုံးသည်နှင့် ဘို့တုံးလုံးထားပေးခြင်းပင်။' (ထွက်ပေါက်၊ စာ-၂၈၄)
ပက္ခဆိုတာ ဖြစ်ပေါ်လာတဲ့ ကိလေသာတွေကို ၁၅ ရက်တစ်ကြိမ် ဖျက်ဆီးပစ်ခြင်းလို့ နားလည်ရပါတယ်။ ဦးခေါင်းပေါ်က ဆံပင်ရဲ့ အညစ်အကြေးတွေကို ရိတ် ပယ်ပစ်လိုက်သကဲ့သို့ တစ်ပက္ခ (၁၅ ရက်အတွင်း) ဖြစ် ပေါ်လာတဲ့ စိတ်အညစ်အကြေး ကိလေသာတွေကိုလည်း သီလ၊ သမာဓိ၊ ပညာတို့ဖြင့် အချိန်နှင့်စက် ရိတ်ဖျက်၊ ချိုးဖျက်နိုင်ခဲ့ပါလျှင် တစ်ပက္ခတက် ကိလေသာကို တစ်ပက္ခအတွင်းမှာပင် သုတ်သင်ရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှ မရှင်းနိုင်ခဲ့လျှင် ပက္ခများသာဆုံး ကိလေသာ ဗုန်းဗုန်းမကျ၊ အရွယ်သာ ဗုန်းဗုန်းကျသွားနိုင်ပါတယ်။ လူကသာအိုလာတယ် ကိလေသာက သန်စွမ်းနေတုန်း ဆိုရင် ရဟန်းဘဝရဲ့ အနှစ်သာရတွေ ဆုံးရှုံးသွားနိုင်ပါ တယ်။
ဒီနေရာမှာ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ရှေးအရှင်မြတ်တို့အကြောင်း ထပ်လောင်း၍ ပုံဆောင်ပြခဲ့ပါတယ်။ တစ်ခါက ...ကလမ္ဗဆိပ်ကမ်း အနီးမှာ ရဟန်းအပါး ၅၀ ၊ တောရဆောက်တည် သီတင်းသုံးတော်မူခဲ့ကြပါတယ်။ ငါတို့ဟာ တရားထူးရချင်လို့ တောထွက်လာတာ၊ အကြောင်းမရှိဘဲ စကားမပြောကြစတမ်း ကျင့်ကြမယ်။ ဒီနေရာမှာ ပေါ်လာတဲ့ ကိလေသာ ဒီနေရာမှာပဲ အပြီးပယ်သတ်ကြမယ်လို့ သဘောတူခဲ့ကြပါတယ်။ ဆွမ်းခံကြွရာမှာပင် စကားပြော မိမှာစိုးလို့ ရေငုံပြီး သွားကြပါတယ်။ ဆွမ်းခံကြွနေစဉ် ရှေ့ဆုံးက ကြွတဲ့ခေါင်းဆောင် မထေရ်ကြီး ဝိတက်ဆိုး ပုံမျိုး(ကိလေသာ)တစ်မျိုးမျိုးက စိတ်ကိုလာရောက်ထိုး ကျင့်နေမယ်ဆိုရင် အဲဒီမထေရ်ကြီးက ကိလေသာတန်း လန်းကြီးနဲ့ ငါဆွမ်းခံမကြွလို့ ဆင်ခြင်ပြီး ရပ်နေပါတယ်။ ရပ်နေရင်းက စိတ်မှာ ဖြစ်ပေါ်နေတဲ့ ကိလေသာတွေကို ရှုမှတ်ဖြတ်ချပါတယ်။ နောက်ပါ ရဟန်း ၄၉ ပါးလည်း ရပ်ရင်းစောင့်နေရပါတယ်။ အဲဒီမှာ ခေါင်းဆောင်ရဟန်း ကြီးက သူ့ကိုယ်သူ ဆုံးမတယ်။
'ကြည့်စမ်း ...နင့်ကြောင့် သံဃာများ ဆွမ်းခံချိန် ဖင့်ကုန်ကြပြီ၊ အများရှေ့ သည်လိုကြီး ဝိတက်(ကိ လေသာ)အနှိပ်စက်ခံနေရတာ နင်မရှက်ဘူးလား'
စိတ်ကို ပူးကပ်ညစ်ထေးစေတဲ့ ကိလေသာကို ရှက်စိတ်က မောင်းထုတ်ပစ်ပြီးမှ ဆွမ်းခံဆက်ကြွ နိုင်ခဲ့ပါတယ်။ ဒီလိုပဲ၊ အလယ်က ရဟန်းတစ်ပါး ကိလေသာ စိတ်ဖြစ်ပေါ်နေရင် ရပ်ပြီး ရှုမှတ်၊ နောက်က ရဟန်းတွေလည်း ရပ်နေရ၊
'ထိုစဉ် ထိုရဟန်းလည်း ရှေ့မထေရ်ကြီးနည်းတူ ကိုယ့်ကိုယ်ကိုယ် ဆုံးမ၊ ဝိတက်နှင့် ဖက်အိပ်နေသော ကိုယ့်စိတ်က ကိုယ့်စကားနားထောင်မှ ဆက်ကြွ၊ တစ်ဖန် နောက်ဆုံးက ရဟန်းငယ်လေး၏ စိတ်ကို ဝိတက်(ကိလေသာ) ဖမ်းစားခံထားရသော် ထိုရဟန်းငယ်လေးတစ်ပါး တည်းပင် ရပ်နေရစ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးမရ၏။ မရသော် ကိုယ့်ကိုယ်ကိုယ် ရှက်လာအောင်ပြော၍ ကယ်တင်၊ ဤရှေ့၊ လယ်၊ နောက်တို့၏ ဖြစ်စဉ်အတိုင်း ကျန်ရဟန်းများထဲက တစ်ပါးပါး ဝိတက်ဖမ်းစားခံရလျှင်လည်း ဤ ကုထုံးအတိုင်းပင် ကုကြရ၏။'
'သို့ဖြင့် ထိုရဟန်းတော် အပါး ၅၀ တို့သည် ဝါကျွတ်သည်နှင့် ငါပါ ကျွန်တော်မူကြ၏။ ဝါကျွတ်သည်နှင့် သူပါ ကျွန်တော်မူကြ၏။ (ငါစွဲ သူစွဲ မရှိတော့လို့ဆို လိုပါတယ်။) ငါရောသူပါ ကွာသည်နှင့် မာန်ကွာ၊ အတေးစဲ အတွေးများပါ စိတ်နှင့်ကွဲသွားကြလေပြီ။' (စာ-၂၈၈၊ စာ-၂၈၉)
'ကိလေသာကား အခုမလာနှင့်ဆို အခုမလာ ဘဲနေပြ၏။ သတိကို မလွန်ဆန်တက်၊ ကိလေသာကား သတိနေရာမပေးလျှင် ဘယ်တော့မှ သူမဝင်'လို့ ဆရာ တော်ကြီးက မှတ်ချက်စကား ဖြင့် အလင်းပြခဲ့ပြီး ရဟန်း တော် ၅၀ တို့ ကိလေသာစစ်ပွဲတွင် အောင်ပွဲဆင်ခဲ့ပုံ ကို ပုံဆောင်ပြခဲ့ပါ တယ်။ ကိလေသာ အရိပ်ထိုးတာနဲ့ ခေါင်းကဆံကို ရိတ်ပယ်ပစ်လိုက်သလို ရိတ်ပယ်နိုင်မယ်ဆိုရင် မဂ္ဂင်လမ်းဖြောင့်တန်းပြီး နိဗ္ဗာန်သို့ ပန်းဝင်နိုင်မယ် လို့ နားလည်ရပါတယ်။ ကိလေသာ တန်းလန်းကြီးနဲ့ လမ်းသွားနေမယ်ဆိုရင် ...
'အတိုမှ ရှည်တက်လာသော မုတ်ဆိတ်ကို ငါးရက်ဆို ရိတ်ပစ်၊ သို့မဟုတ် မုတ်ဆိတ်သာဖြတ်၍ အကြမ်းစား အနုစား ဝဋ်မြစ်များကား ဖားဖားကြီးထွားထွား ကြီးအတိုင်းပင်}ရှိလိမ့်မယ်လို့ သတိပေးတော်မူပါတယ်။
'ထို မုတ်ဆိတ်၊ ဆံ၊ ခြေသည်း၊ လက်သည်းများကား ငါသေလျှင် ဆက်တက်မလာကြတော့ပါ။ ဓာတ်ဉာဏ်၊ ဓာတ်သက်၊ ဝဋ်မြစ်မှ အတက်ပေါက်လာ ကြသော အတေးဝိတက်နှင့် စပ်ဖက်ကိလေသာများကား ငါသေတိုင်း သူဆုံးလိမ့်မည်မဟုတ်သေး'လို့လည်း လေးလေးနက်နက် သုံးသပ်ပြထားပါတယ်။ အရေးကြီးတာက ငါမသေမီ ကိလေသာသေအောင် အားထုတ်ကြဖို့ပါပဲ။ ဒီလိုအားထုတ်ရာမှာ ရဟန်းတစ်ပါးအနေနဲ့ ဆံပယ်ဆံချခေါင်းရိတ်တာ၊ လက်သည်းခြေသည်း လှီးဖြတ်တာကအစ ဥပုသ်ပြုချိန်မှာပါ ကိလေသာထိုးစစ်ကို သတိခံစစ်နဲ့ တိုက်ထုတ်ပစ်နိုင်ပါမှ ရဟန်းဘဝအရတော် လိမ့်မယ်လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက လမ်းပြစကားဆိုထားခဲ့ပါတယ်။ ။ (မောင်သွေးချွန် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )